ဖူချန်နှင်တံအခြားတစ်ဝက်
Vol. 67 Ch. 941
အခန်း (၉၄၁) ဖူချန်နှင်တံအခြားတစ်ဝက်
ထိုက်ချင်အဆက်အနွယ်နှင့် စန့်ချင်အဆက်အနွယ်တို့၏ အမြင့်ဆုံးအဆင့်သိုင်းပညာကို မရယူနိုင်ပါက ရန်ကျောက်ကဲတွင် ရွေးချယ်စရာ (၂)ခုသာ ရှိသည်။
သူ၏ယခင်ကျင့်ကြံခြင်းကိုစွန့်လွှတ်ပြီး မတူညီသောလမ်းကြောင်းတစ်ခု ရွေးချယ်ရမည် ၊ သို့မဟုတ် နတ်ဘုရားသိမြင်ခြင်း နှောင်းပိုင်းအဆင့်တွင် ဤအတိုင်းသာရှိနေပြီး ကျင့်ကြံခြင်းရှေ့မဆက်ဘဲ နေရမည်။
စန်းချင်း (၃)ပါး တပြိုင်တည်း ကျင့်ကြံခြင်းသည် ရန်ကျောက်ကဲကို ကျင့်ကြံခြင်းအဆင့်တူ ညီသူများအလယ် မောက်မာစွာရပ်တည်စေနိုင်သော်လည်း ရှေ့သို့တက်လှမ်းရန် အခက်အခဲမှာလည်း ပိုမိုတိုးမြင့်လာသည်။
ရန်ကျောက်ကဲက လက်ထဲမှဖူချန်နှင်တံကို သိမ်းဆည်းပြီးနောက် မတ်တတ်ရပ်လိုက်ပြီး သူ၏အိမ်တော်မှ ထွက်ခွာလာခဲ့သည်။
ဖခင်ဖြစ်သူ ရန်တိ တံခါးပိတ်ကျင့်ကြံနေသည်မှာ (၂)နှစ်ရှိပြီဖြစ်သည့်တိုင် ထွက်ခွာလာခြင်း မရှိသေးပေ။ တောင်ပေါ်ပြန်ရောက် ကတည်းက ရန်တိက တံခါးပိတ်ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။
ရန်ကျောက်ကဲက မိုးထိတောင်ထွတ်သို့သွားပြီး ယွမ်ကျန်းဖုန်း ၊ ဖန်ကျွင်းနှင့် ဝါဒတောင်အရေးကိစ္စများဆောင်ရွက်နေသော အခြားအကြီးအကဲများကိုတွေ့ဆုံကာ ခရီးထွက်ရန် ခွင့်ပန်လိုက်သည်။
ထို့နောက် အားဟူနှင့်အတူ ပန်ပန်ကိုစီးနှင်ပြီး တောင်ပေါ်မှ ထွက်ခွာလာခဲ့သည်။
လောလောဆယ်တွင် ရှောင်အိုက်သည်လည်း တံခါးပိတ်ကျင့်ကြံနေသည်ပင်။
သူမက စိတ်အာရုံစူးစိုက်မှုမရှိဘဲ ခပ်ချောချောကောင်လေးများကို အမြဲတမ်း ငမ်းငမ်းတက် ဖြစ်တတ်သည့်တိုင် သူမ၏ကျင့်ကြံခြင်းကတော့ လျော့နည်းသွားခြင်း မရှိခဲ့ပေ။
သူမကိုယ်တိုင်က အလွန်ထက်မြက်သည့်ပါရမီရှင်တစ်ယောက်ဖြစ်သလို ဝါဒတောင်မှ ကျယ်ပြန့်သော သိုင်းပညာအခြေခံများနှင့် ရန်ကျောက်ကဲထံမှ ကြွယ်ဝသောရင်းမြစ်ပစ္စည်းပံ့ပိုးမှုများကို ရရှိခဲ့သည်။
ထို့ကြောင့် သူမ၏ကျင့်ကြံခြင်းက နိမ့်ပါးခြင်းမရှိရုံသာမက ထင်ရှားကျော်ကြားသောအဆက်အနွယ်များမှ သခင်လေးများ ၊ သခင်မလေးများကိုပင် မျက်နှာဖြတ်ရိုက် အရှက်ခွဲနိုင်စွမ်း ရှိသည်။
ပြီးတော့ ဝါဒတောင်မှ သိုင်းသူတော်စင်အဆင့်အောက်ကျင့်ကြံသူများတွင် သူမက အစီအရင်ပညာ အမြင့်မားဆုံး ဖြစ်ရုံသာမက သူမက အစီအရင်ပညာတွင် ရန်ကျောက်ကဲကိုပင် အမီလိုက်နိုင်သူဖြစ်၏။
ကံကောင်းသည်မှာ ရှောင်အိုက်က ဝါဒတောင်မှာပင်နေထိုင်ပြီး ပြင်ပလောကသို့ ထွက်ခွာခြင်းသိပ်မရှိခြင်းပင်။ မဟုတ်ပါက သူမသည်လည်း အားဟူကဲ့သို့ပင် လူအများကို အံ့အားသင့်စေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ဤမိန်းကလေးက ရန်ကျောက်ကဲနှင့် ရန်တိရှေ့တွင် သူမကိုယ်သူမ အစေခံဟု ခံယူထားသောကြောင့် ဖြစ်သည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့က ရှောင်အိုက်ကို ရွှယ်ချူးချင်၏တပည့်အဖြစ် သတ်မှတ်ထားသော်လည်း သူမကိုယ်တိုင်ကတော့ ထိုသို့မတွေးဘဲ အစေခံအဖြစ်သာ တွေးခဲ့သည်။
ထို့ကြောင့် အမတလက်ဖွဲ့နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်လည်းဖြစ် ၊ အစီအရင်ပညာကျွမ်းကျင်သူလည်းဖြစ်သော ရှောင်အိုက်က ရန်ကျောက်ကဲကို ‘သခင်လေး’ ဟု ခေါ်ပြီး ဂိုဏ်းတွင်းမှ ချောမောလှပသော တပည့်လူငယ်များအားလုံးကို လိုက်ငမ်းတတ်သော ထိုကလေးမအတွက် ဝါဒတောင်မှလူများအားလုံးမှာ စကားမပြောနိုင်အောင်ပင် ဖြစ်ရသည်။
ရှောင်အိုက်က ကျင့်ကြံခြင်းတစ်ဆို့မှုကိုချိုဖြတ်ရန်အတွက် ယခု တံခါးပိတ်ကျင့်ကြံနေလေသည်။ သူမ အောင်မြင်ခဲ့ပါက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဖြစ်လာပေမည်။
ထို့ပြင် သူမက ကြောက်မက်ဖွယ်ရာ ကောင်းလောက်အောင် အလွန်အသက်ငယ်သည့် သေခြင်းတရားကို ကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်လာပေမည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အထက်ဘုံကမ္ဘာသို့ပါလာသော တပည့်များအတွက်တော့ ရန်တိနှင့် ရန်ကျောက်ကဲတို့ ကျင့်ကြံခြင်းအဆင့်လျှင်မြန်စွာမြင့်တက်မှုနှင့် အသားကျနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အတွက် အဆင်ပြေလေသည်။
သို့သော် မကြာသေးမီနှစ်များအတွင်း အထက်ဘုံကမ္ဘာမှ ဝါဒတောင်သို့ဝင်ရောက်လာသည့် တပည့်အနည်းငယ်ကတော့ အတော်လေးစိတ်တုန်လှုပ်ခဲ့ကြရသည်။
တစ်ယောက် နှစ်ယောက်ဆိုသည်က လက်ခံနိုင်သေးသည်။ သို့သော် ဝါဒတောင်တွင် မိုးကောင်းကင်ကို အန်တုနိုင်သော ပါရမီရှင်များ အဘယ်ကြောင့် ဤမျှများပြားစွာရှိနေရပါသနည်း။
ဤသည်က အမှန်တကယ် အောက်ဘုံကမ္ဘာမှ ထွက်ပေါ်လာသော သိုင်းဂိုဏ်းတစ်ခု ဟုတ်ပါရဲ့လား။
ဝါဒတောင်ဟူသော ခမ်းနားသည့်အမည်ကိုကြားသိပြီးနောက် ဝါဒတောင်သို့ ဝင်ရောက်လာသည့် တပည့်များစွာသည် ဤအချက်ကိုများစွာအံ့အားသင့်နေကြဆဲ ဖြစ်သည်။
သို့ပေသိ ကနဦး အံ့အားသင့်မှုပြီးဆုံးသည့်နောက် ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်းနှင့် ယုံကြည်ခြင်းများကို သူတို့အားလုံး ခံစားလာရသည်။
ဤသို့သောသိုင်းဂိုဏ်းတစ်ခုသို့ ဝင်ရောက်နိုင်ခြင်းက သူတို့၏အနာဂတ် ပြတ်ပြတ်သားသား သိသိသာသာ တောက်ပနေမည် ဖြစ်သည်။
ရန်ကျောက်ကဲ ၊ ယွမ်ကျန်းဖုန်းနှင့် အခြားသူများသည်လည်း ဂိုဏ်းသားအသစ်များလက်ခံရသည်ကို ပျော်ရွှင်နေခဲ့ကြသည်။
လောလောဆယ်တွင် ဝါဒတောင်က တရားဝင်တောင်တံခါးဖွင့်ကာ တပည့်များ စတင်စုဆောင်းခြင်းမရှိသေးပေ။ အကယ်၍ ထိုသို့သောနေ့မျိုးရောက်ရှိလာလျှင် ဝါဒတောင်သည် အမှန်တကယ် တက်ကြွရှင်သန်နေမည်မှာ သေချာပေသည်။
“အဖေ ဒါမှမဟုတ် ငါကိုယ်တိုင် အမတကူးပြောင်းခြင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်တော့ အနည်းနဲ့အများ တောင်တံခါးဖွင့်ပြီး တပည့်တွေလက်ခံနိုင်တော့မှာပါ”
အရှိန်ဖြင့်ပြေးလွှားနေသော ပန်ပန်၏ကျောပြင်ထက်တွင် ထိုင်ရင်း ရန်ကျောက်ကဲ တွေးလိုက်သည်။
ကျိုးနေသောဖူချန်နှင်တံကို မည်သည့်နေရာတွင်တွေ့ခဲ့သနည်းဟု ရှီကျွင်းကို မေးမြန်းပြီးသည့်နောက် သူက အရှေ့ဘက်သို့ ခရီးဆက်ရန် ဆုံးဖြတ်လိုက်သည်။
ပန်ပန်က ကြီးမားပြင်းထန်သော တန်ခိုးစွမ်းအား ၊ လျှင်မြန်သောအရှိန်အဟုန်ဖြင့် ထူးခြားသောစွမ်းရည်များစွာကို ပိုင်ဆိုင်ထားလေရာ မိုင်ပေါင်းများစွာကို တစ်ခဏအတွင်း ဖြတ်ကျော်နိုင်စွမ်းရှိ၏။
ခရီးသွားနေရင်း ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်ရောက်လာသည်။
သူ့လက်ထဲတွင်ရှိနေသည့် ကျိုးနေသောဖူချန်နှင်တံကို အကဲခတ်ရင်း...
“ငါ့မှာ ဒီနှင်တံတစ်ဝက်ရှိတယ် ၊ ဒါဆိုရင်... အခြားတစ်ဝက်က ဘယ်ရောက်နေလဲ ၊ လုံးဝ ဖျက်ဆီးခံလိုက်ရပြီလား ၊ ဒါမှမဟုတ် နဂိုအတိုင်းရှိနေသေးသလား”
အခြားတစ်ဝက်က နဂိုအတိုင်းရှိနေသေးသည်ဆိုလျှင် မည်သူ့လက်ထဲတွင် ရှိနေမည်လဲ။ ဒီတစ်ခေါက် ကျောက်ဂူအိမ်တော်ကို လိုက်လံရှာဖွေခြင်းက အခက်အခဲရှိလာနိုင်ပါသလား။
ရှီကျွင်း ဖူချန်နှင်တံအကျိုးကို တွေ့သည့်နေရာသို့ရောက်တော့ ရန်ကျောက်ကဲက ပန်ပန်ကို ရပ်နားရန် စေခိုင်းလိုက်သည်။
ချိုင့်ဝှမ်းများစွာအလယ်တွင် နေရောင်ခြည်က ဖြာကျနေသော်လည်း ထူးခြားစွာ ထွက်ပေါ်နေသည့် အဖြူရောင် အလင်းတန်းတစ်ခုကို တွေ့မြင်နိုင်သည်။
ရန်ကျောက်ကဲက ကျိုးနေသည့် ဖူချန်နှင်တံကို ကိုင်မြှောက်လိုက်သည်။
နှင်တံက အဖြူရောင်အလင်းတန်းနှင့် ထိတွေ့လိုက်သည်နှင့် ၎င်း၏မျက်နှာပြင်ထက်မှအလင်းရောင်က ပိုမိုကြီးထွားလာသည်။
ထို့နောက် အဖြူရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး အဝေးတစ်နေရာသို့ ပျံ့နှံ့သွားသည်။
သို့သော် ဤအဖြူရောင်အလင်းတန်းသည် ထင်ယောင်ထင်မှားဖြစ်ပြီး ထိတွေ့မရသောအရာတစ်ခုပင်။ ထက်ပိုင်းကျိုးနေသည့် ဖူချန်နှင်တံကို ကိုင်ဆောင်ထားသူသာ ဤအဖြူရောင်အလင်းတန်းကို တွေ့မြင်နိုင်ပေမည်။
ယခု ရန်ကျောက်ကဲလက်ထဲတွင် နှင်တံရှိနေသဖြင့် အားဟူနှင့်ပန်ပန်တို့က ထိုအလင်းတန်းကို တွေ့မြင်နိုင်မည် မဟုတ်ပေ။
“ခရီးဆက်ကြရအောင်”
ရန်ကျောက်ကဲက ဖူချန်နှင်တံအကျိုးကို အားဟူထံပေးလိုက်တော့ အားဟူက ရယ်မောရင်း လက်ခံယူလိုက်သည်။ ထို့နောက် ရန်ကျောက်ကဲက ပန်ပန်၏ဦးခေါင်းကို တစ်ချက်ပုတ်ရင်း ခရီးဆက်ရန် ပြင်ဆင်သည်။
ပျင်းရိပျင်းတွဲဖြစ်နေသောပန်ပန်က ထိုင်ရာမှထလိုက်ပြီး အရှိန်အဟုန်ဖြင့် နောက်တစ်ကြိမ် ခရီးစတင်လိုက်သည်။
ယခုတစ်ခေါက် သွားရောက်ရသည့်အကွာအဝေးက ယခင်ကထက်ပိုမိုလေရာ ပန်ပန်က နှေးကွေးခြင်းမရှိသော်လည်း ထိုနေရာသို့ရောက်ရှိရန် အချိန်တစ်ခုလိုအပ်သည်။
သူတို့သွားမည့်မနေရာက အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်ထဲမှာပင်ဖြစ်သော်လည်း ကျိုးနေသည့်ဖူချန်ကို ခွဲခြမ်း စိတ်ဖြာကြည့်လိုက်တော့ သူတို့သွားရမည့်နေရာက အလွန်တရာအလှမ်းဝေးနေသေးသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အရှေ့ဘက်စွန်းတွင် တောရိုင်းပင်လယ်ဒေသ တည်ရှိလေသည်။
ထိုတောရိုင်းပင်လယ်ဒေသက နာမည်နှင့်လိုက်လျောညီထွေစွာ ရှေးခေတ်အချိန်အခါကတည်းက လူသူအရောက်အပေါက် မရှိသောဒေသတစ်ခု ဖြစ်၏။
ထိုဒေသပိုင်နက်နယ်မြေက ကျူတောပင်လယ်ဒေသနှင့် ဆည်းဆာကျွန်းစုထက် များစွာကျယ်ပြန့်သည်။ အရွယ်အစားအရဆိုရလျှင် အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ သုံးပုံတစ်ပုံခန့် ရှိနိုင်သည်။
ထိုနယ်မြေထဲတွင် အန္တရာယ်များစွာရှိနေပြီး လူအများ အထဲသို့ဝင်ရောက်ရန် တွန့်ဆုတ်ကြသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တစ်ခုလုံးတွင် အရှေ့တောင်ထိတ်တန်းအရှင်သခင်ချောင်ကျယ်မှလွဲပြီး မည်သူမျ ထိုနေရာသို့ စိတ်ထင်တိုင်းမသွားရောက်ရဲကြပေ။
ဤသည်က တကယ့်ကိုနားလည်နိုင်သည့်အခြေအနေသာပင်။
ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာသည် ကာလန်ရှည်ကြာတည်ရှိခဲ့သော ကမ္ဘာတစ်ခုဖြစ်ပြီး လူပေါင်းများစွာလည်းနေထိုင်ကြသည်ဖြစ်ရာ ထိုတောရိုင်းဒေသတွင် ရတနာပစ္စည်းများရှိလျှင်ပင် ရှေးယခင်ကတည်းက အခြားသူများက ရယူသွားကြပေလိမ့်မည်။
ကျူတောပင်လယ်ဒေသရှိ သဘာဝပသာဒနယ်မြေတွင် ဘိုးဘေး’ဟေး’ ချန်ထားခဲ့သော ဇာမဏီအရိုးနှင့် မိစ္ဆာဓားတောင်းတျဲရှိနေသည့်ကိစ္စမျိုးကတော့ အလွန်တရာရှားပါးဖြစ်ရပ်ပင်။
သဘာဝပသာဒနယ်မြေက တစ်နှစ်ပတ်လုံး အဆုံးမဲ့သံလိုက်မုန်တိုင်းများဖြင့် ပြည့်နက်နေလေရာ ထိုနေရာသို့ ဝင်ရောက်ရှာဖွေရန်မှာ မဖြစ်နိုင်ပေ။
“အရင်တုန်းက... ယွင်ရှန်းခရီးထွက်ဖို့ရွေးချယ်ထားတဲ့ဒေသထဲမှာ တောရိုင်း ပင်လယ်ဒေသလည်းပါတယ်”
ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။
“အခု သူဘယ်ရောက်နေလဲ သိချင်လိုက်တာ”
သူတို့ဦးတည်ရာက တောရိုင်းပင်လယ်ဒေသဖြစ်သည်နှင့် ရန်ကျောက်ကဲ ရုတ်တရက် အဘယ့်ကြောင့် ဝမ်းနည်းဆွေးမြေ့ဟန်ဖြစ်သွားရသည်ကို အားဟူနားလည်လိုက်သည်။
သူက ရန်ကျောက်ကဲပုံစံကိုအတုခိုးကာ သက်ပြင်းတစ်ချက်ချလိုက်ပြီ အဆုံးသတ်မှာတော့ မည်သည့်စကားမှမဆိုဘဲ ခေါင်းကိုသာတွင်တွင်ကုတ်လိုက်သည်။
ရန်ကျောက်ကဲက သူ့လက်ထဲမှ ဖူချန်နှင်တံကို ပြန်လည်အာရုံစိုက်လိုက်ပြီး လျင်မြန်စွာပင်ပြန်လည်တည်ငြိမ်သွား၏။
ကျူတောပင်လယ်ဒေသက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အနောက်ဘက်စွန်းတွင် ရှိသည်။ တောရိုင်းပင်လယ်ဒေသကတော့ အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်၏ အရှေ့ဘက်စွန်းတွင် တည်ရှိသည်။
ရန်ကျောက်ကဲတို့အုပ်စု အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ်တစ်ခွင် ဖြတ်သန်းခရီးနှင်ခဲ့သည်။
ကံကောင်းသည်မှာ ဖူချန်နှင်တံ၏ညွှန်ပြချက်အရ ကျောက်ဂူအိမ်တော်သည် အပြည့်အဝဖွင့်ရန် အချိန်တစ်ခု လိုအပ်နေသေးသည်။
ထို့ကြောင့် ရန်ကျောက်ကဲတွင် အချိန်အလုံအလောက် ရှိနေသေးသည်။
သို့သော် ရန်ကျောက်ကဲက အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်အတွင်းမှ လင်ကူတောင်တန်းကို ဖြတ်ကျော်စဉ်တွင် ကျိုးနေသည့်ဖူချန်နှင်တံက ဆတ်ခနဲ ထူးဆန်းစွာတုန်လှုပ်သွားသည်ကို အာရုံခံလိုက်မိလေ၏။