ပင်လယ်ပြင်ထက်မှရွှေကျီးကန်း
Vol. 67 Ch. 943
အခန်း (၉၄၃) ပင်လယ်ပြင်ထက်မှရွှေကျီးကန်း
လင်ကူတောင်တန်းဒေသမှ ထွက်လာပြီးနောက် ရန်ကျောက်ကဲနှင့်အာဟူတို့ ပန်ပန်ကိုစီးနှင်ပြီး အရှေ့ဘက်သို့ ဆက်လက် ခရီးနှင်ခဲ့ကြသည်။ အချိန်ကြာမြင့်စွာ ခရီးနှင်ခဲ့ပြီးနောက် တောရိုင်းပင်လယ်ဒေသသို့ ရောက်ရှိလာသည်။
သူတို့ရှေ့တွင် ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးရှိနေပြီး ရေပြင်အရောင်က လှိုင်းထနေသည့် အဖြူရောင် နှင်းလွင်ပြင်တစ်ခုပမာ ထူးခြားလှသည်။
နှင်းလွင်ပြင်ပမာ ပင်လယ်ရေများကို ကြည့်ရင်း တောရိုင်းပင်လယ်ဒေသသို့ ခြေချခဲ့ပြီဖြစ်ကြောင်း ရန်ကျောက်ကဲ သိလိုက်၏။
ဤနေရာအခြေအနေက အစွန်းရောက်ရှစ်ပါးကမ္ဘာ ၊ လေနယ်မြေရှိ အနောက်ဘက်သဲကန္တာရနှင့် ရေကန်နယ်မြေမှ ပုံရိပ်ယောင်ပင်လယ်ကဲ့သို့သော နေရာမျိုး ဖြစ်သည်။
ထူးခြားသောမြေပြင် အနေအထားကြောင့် အင်အားကြီးအုပ်စုများ ခြေကုပ်ရယူပြီး သိုင်းဂိုဏ်းတစ်ခု ထူထောင်ရန် ခက်ခဲသလို ပတ်ဝန်းကျင်အနေအထားကလည်း သွာလာ၍မရလောက်အောင် ကြမ်းတမ်းလှသည်။
ထို့ကြောင့် ဤနေရာတွင် အခြေချနေထိုင်သူများမရှိကြဘဲ ဥပဒေမဲ့လှုပ်ရှားနေသည့် ရာဇဝတ်ကောင်အချို့နှင့် သိုင်းဂိုဏ်းကြီးများမှ ပြင်ပလေ့လာရေးခရီးထွက်လာသူများသာလျှင် ရှိကြသည်။
ဥပဒေမဲ့လှုပ်ရှားကြသူများကတော့ နေ့ရက်တိုင်းကို လွတ်လွတ်လပ်လပ်ဖြတ်သန်းကြသည်။ မည်သည့်နာမည်ကြီး သိုင်းဂိုဏ်းမှ တပည့်ဖြစ်ပါစေ ထိုသူများနှင့်ရင်ဆိုင်ရပါက မည်သူမည်ဝါဖြစ်သည်ဆိုသော ကျောထောက်နောက်ခံကို အသုံးပြု၍ရမည်မဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းကိုသာ အားကိုးရပေမည်။
ထိုဥပဒေမဲ့လှုပ်ရှားသူများကို သွားရောက်ထိပါးမိပါက မည်သူမည်ဝါဖြစ်ကြောင်း အရေးမစိုက်ဘဲ အရင်ဆုံး သတ်ဖြတ်ခံရမည် ဖြစ်၏။
ထိပ်တန်းသိုင်းဂိုဏ်းကြီးများမှ တပည့်များကို သတ်ဖြတ်မိလျှင်လည်း ထိုသူများက တောရိုင်းပင်လယ်ထဲတွင် ရှာမတွေ့အောင် ပုန်းအောင်းနေကြပေလိမ့်မည်။
ထို့ကြောင့် ထိုသို့သော သူများနှင့် တွေ့လျှင် လွတ်အောင်ပြေးနိုင်လျှင်ပြေး ၊ မဟုတ်ပါက သေခြင်းရှင်ခြင်းအတွက် မိုးကောင်းကင်ဆန္ဒအတိုင်းလက်ခံလိုက်ရုံသာ ရှိသည်။
အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်တွင် ကျင်းထင်တောင် တပည့်များမှလွဲပြီး ဤသူများကို သွားရောက်မထိပါးမိစေရန် လူတိုင်းသတိထားကြရမည်ပင်။
ဤနေရာက လူကောင်းလူဆိုးရောထွေးနေသည့် နေရာတစ်ခုသာ ဖြစ်သည်ဟု ယူဆထားသည့်ရန်ကျောက်ကဲကတော့ များစွာအန္တရာယ်ကြီးမားသည်ဟု မယူဆမိပေ။ သို့သော် သူရရှိထားသည့် ကျောက်ဂူအိမ်တော်သတင်း ပျံ့နှံ့သွားလျှင်တော့ အခြေအနေများက ရှုပ်ထွေးသွားနိုင်သည်။
“ဝှစ်...”
ရန်ကျောက်ကဲလက်ထဲမှ ဖူချန်နှင်တံတစ်ချက်လှုပ်ရှားသွားချန် သူ့မျက်ဝန်းများက အဝေးတစ်နေရာမှ ပင်လယ်ပြင်ဆီသို့ စူးစိုက်ကျရောက်သွားသည်။
အဖြူရောင်အလင်းတန်းတစ်ခုက သူ့မျက်လုံးရှေ့တွင် ရုတ်တရက်ထွက်ပေါ်လာပြီး တောရိုင်းပင်လယ်နက်နဲရာအတွင်းသို့ တည့်တည့်မတ်မတ် ဝင်ရောက်သွားသည်။
ရန်ကျောက်ကဲက လက်ချောင်းများဖြင့် ဖူချန်နှင်တံအကျိုးကို အသာပွတ်သပ်လိုက်ပြီး သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ထည့်သွင်းပေးလိုက်သည်။
ဖူချန်နှင်တံအကျိုး တစ်ချက်တုန်လှုပ်သွားပြီးနောက် အဖြူရောင်အလင်းတန်းက တဖြည်းဖြည်း ပြောင်းလဲသွားသည်။
အဖြူရောင်မှအစိမ်းရောင် ၊ အစိမ်းရောင်မှ ရွှေရောင်သို့ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲက လက်ချောင်းများကို အသုံးပြုကာ လေထုထဲတွင် ရိုးရှင်းသည့် အင်းသင်္ကေတတစ်ခု ရေးဆွဲလိုက်သည်။
သူတို့နှစ်ယောက်လုံး ပန်ပန်ထက်မှ ဆင်းသက်လိုက်ကြသဖြင့် ပန်ပန်က သေးငယ်သည့် ပန်ဒါရုပ်လေးပမာ ကျုံ့ဝင်သွားပြီး အားဟူက သူ့ကိုပွေ့ချီလိုက်သည်။
လေထုအလယ်တွင် လှည့်ပတ်နေသော အင်းသင်္ကေတကပိုမိုကြီးမားလာပြီး ကြီးမားသောအလင်းတန်း တစ်ခုဖြစ်တည်လာကာ ရန်ကျောက်ကဲနှင့်အားဟူကို လွှမ်းခြုံသွားသည်။
ထို့နောက် ကြီးမားသော အလင်းတန်းကို နှင်တံမှထွက်ပေါ်နေသည့် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းက လမ်းပြခေါ်ငင်သွားပြီး လျင်မြန်စွာပင် တောရိုင်းပင်လယ်ဒေသ နက်ရှိုင်းရာသို့ရောက်ရှိသွားသည်။
ရွှေရောင်အလင်းတန်းက ငါးမျှားတံပမာ ကြီးမားသည့်အလင်းတန်းကြီးက ငါးစာပမာ ဆွဲငင်ခြင်းကို ခံလိုက်ရပြီး ကြီးမားသောအလင်းတန်းကြီးက အလင်းမှုံလေးအဖြစ်ပြောင်းလဲကာ တောရိုင်းပင်လယ်ဒေသအတွင်းပိုင်းသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
သို့တိုင် တောရိုင်းပင်လယ်ဒေသတွင် ဤထူးခြားသောအလင်းရောင်ကို သတိပြုမိသူများ ရှိနေဆဲပင်။
ဤနေရာတွင်ရှိနေသူများမှာ ဥပဒေမဲ့သိုင်းသမားများနှင့် သိုင်းဂိုဏ်းကြီးများမှ လေ့လာရေးခရီးရောက်ရှိနေကြသော တပည့်များဖြစ်ကြလေရာ အလွန်တရာ သတ္တိရှိသူများ ဖြစ်ကြသည်။
ထို့ကြောင့် အလင်းတန်းကိုမြင်တော့စိတ်လှုပ်ရှားသွားပြီး နောက်မှလိုက်ရန် ကြိုးစားကြသည်။
သို့ပေသိ ရန်ကျောက်ကဲနှင့်အားဟူတို့ကလည်းအလွန်လျှင်မြန်လှသဖြင့်သူတို့ကိုခြေရာခံရန်ကြိုးစားသူများ အချိန်တိုအတွင်း နောက်တွင်ပြတ်ကျန်ခဲ့ကြသည်။
အမီလိုက်လာနိုင်သူများမှာလည်း ဤအလင်းတန်းက တောရိုင်းပင်လယ်ဒေသ နက်ရှိုင်းရာသို့ ဝင်ရောက်သွားကြောင်းတွေ့ရသည့်အခါ ဆက်လက်လိုက်ပါရဲခြင်း မရှိတော့ဘဲ တုံ့ဆိုင်းသွားကြသည်။
တောရိုင်းပင်လယ်က ပိုမိုနက်ရှိုင်းလေ ပိုမိုအန္တရယ်ကြီးမားလေပင်။
ကြီးမားသောအလင်းတန်း၏ လွှမ်းခြုံမှုခံထားရသော ရန်ကျောက်ကဲနှင့်အားဟူသည်ပင် ဖိအားများပိုမိုကြီးမားလာသည်ကို ခံစားရသည်။
သိပ်သည်းလှသော အဖြူရောင်ပင်လယ်ထဲတွင် ကျောက်စိမ်းရောင်မီးတောက်တိုင်လုံးကြီးများက ရုတ်တရက် ကောင်းကင်ထက်သို့ မြင့်တက်ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။
ရန်ကျောက်ကဲက လက်ထဲတွင် မိုးမြေပြောင်းပြန်ပုဆိန်ကိုကိုင်ဆောင်ထားပြီး ပြင်းထန်လှသော အစိမ်းရောင် မီးလျှံတိုင်လုံးကြီးများကို မရပ်မနားဖြတ်တောက်ပစ်ရင်း လမ်းရှင်းလျှက် ရှိ၏။
ဤအစိမ်းရောင်မီးလျှံတိုင်လုံးကြီးများက ‘ကောင်းကင်တောရိုင်းမီးတောက်’ များဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိလိုက်သည်။
ဤမီးလျှံများက ပူပြင်းခြင်းမရှိဘဲ ရေခဲပမာအေးစက်ပြီး အဆုံးမရှိသော ဆောင်းရာသီထက်ပင် ဆိုးရွားလှသည်။
ဤမီးလျှံများဖြင့် ခန္ဓာကိုယ်ကိုထိမိပါက ရုပ်ခန္ဓာပျက်ဆီးရုံသာမက စိတ်ဝိညာဉ်ပါလျောင်ကျွမ်းသွားပြီး ကျောက်သားပမာ အေးခဲသွားမည် ဖြစ်သည်။
အနည်းငယ်မျှ ထိမိလျှင်ပင် အသက်သေဆုံးမည် ဖြစ်၏။
နတ်ဘုရားအဆင့်သို့ဝင်ရောက်ပြီးသူများသာ ထိုအမီးလျှံများကို အရေးမစိုက်ဘဲ လျစ်လျူရှုနိုင်မည် ဖြစ်သည်။ လူသားအထွတ်ထိပ်အဆင့် သိုင်းသူတော်စင်များသည်ပင် သူတို့၏နက်နဲသောသိုင်းပညာကိုလှည့်ပတ်ပြီး ဤမီးလျှံမီးတောက်များကို ကာကွယ်ရမည် ဖြစ်သည်။
အမတကူးပြောင်းခြင်းအဆင့်အောက်ရှိသော သိုင်းကျင့်ကြံသူများအတွက် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ရှိလျှင်တောင်မှ အန္တရာယ်မကင်းနိုင်ပေ။
ကောင်းကင်တောရိုင်းမီးတောက်ဆိုသည်က ဤဒေသ၏ခြိမ်းခြောက်မှုများစွာထဲမှ တစ်ခုသာဖြစ်သဖြင့် ရန်ကျောက်ကဲကတော့ ကြောက်ရွံ့ခြင်းမရှိခဲ့ပေ။
ကောင်းကင်တောရိုင်းမီးတောက်များအပြင် အခြားသော ဆိုးရွားထူးဆန်းသည့် ဘေးအန္တရာယ်များစွာ ဤနေရာတွင် ရှိနေသည် မဟုတ်ပါလား။
ရန်ကျောက်ကဲက ခရီးဆက်လာရင်း အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင် တစ်ယောက်ထက်မက ဝိုင်းရံထားသည့် ခံစားချက်မျိုးကို ခံစားရသည်။ သူကလည်း ဤအချက်အတွက် ပြင်ဆင်ထားပြီး ဖြစ်၏။
တောရိုင်းပင်လယ်ဒေသက အလွန်ကျယ်ပြောပြီး အရှေ့တောင်နေဝန်း ကောင်းကင်ပြည်နယ်တစ်ခုလုံး၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားသည်။
ရှေ့ဆက်မည့်လမ်းကို အန္တရာယ်များစွာပိတ်ဆို့ထားသဖြင့် ရန်ကျောက်ကဲနှင့် အားဟူမှာ ခရီးမတွင်ဘဲ အလွန်နှေးကွေးစွာ သွားလာနေရသည်။
ကံကောင်းသည်မှာ သူတို့ကိုလမ်းပြပေးသည့် ဖူချန်နှင်တံရှိနေသဖြင့် ခရီးမတွင်သော်ငြားခရီးလမ်းက ဖြောင့်တန်းလျက်ရှိသည်။ ရန်ကျောက်ကဲကလည်း ရင်ဆိုင်ရသမျှ အန္တရာယ်များကို မရှောင်တိမ်းဘဲ တွန်းလှန်ရန်ကြိုးစားခဲ့သည်။
အစပိုင်းတွင်တော့ ဖူချန်နှင်တံမှလမ်းပြသည့်အလင်းရောင်အတိုင်းလိုက်ပါသွားပြီး အလွန်တရာ လျင်မြန်စွာ ခရီးနှင်နိုင်ခဲ့သည်။
သူက ပြိုင်ဘက်ကင်း ကောင်းကင်ကျမ်းစာကို အခြေခံအုတ်မြစ်ထားပြီး စက်ဝန်းသံသရာ ကောင်းကင်ကျမ်းစာ ၊ ယင်ယန်ကောင်းကင်ကျမ်းစာနှင့် ထိုက်ကျိယင်ယန် လက်ဝါးသိုင်းများကို ကျင့်ကြံထားသလို များပြားလှစွာသော သိုင်းစွမ်းအားအခြေခံများကို ပိုင်ဆိုင်ထားသဖြင့် အလွန်တရာ စွမ်းအားမြင့်မားသည်။
သို့သော် တောရိုင်းပင်လယ်အတွင်း ပိုမိုနက်ရှိုင်းစွာဝင်ရောက်လေ အန္တရာယ်များက ပိုမိုကြီးမားပြင်းထန်လေ ဖြစ်သည်။
နောက်ပိုင်းတွင် ကောင်းကင်တောရိုင်းမီးတောက်များ ပါးလျားသွားပြီး “မဟူရာမှော်မိစ္ဆာ” ဟုခေါ်သော အခြားအန္တရာယ်တစ်ခုက ပိုပြီးအဖြစ်များလာသည်။
ဤ မဟူရာမှော်မိစ္ဆာဆိုသည်က အဖြူရောင်ပင်လယ်ပြင်အတွင်းမှ မြင့်တက်ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ပင်လယ်ရေ မျက်နှာပြင်ထက်တွင် လွင့်မျောနေသည့် အနက်ရောင်မြူခိုးများသာလျှင် ဖြစ်သည်။
သို့ပေသိ မှင်ရည်ပမာနက်မှောင်နေသော အနှီအနက်ရောင် အခိုးအငွေ့များက ကောင်းကင် တောရိုင်းမီးတောက်ထက် ပိုပြီးကြောက်စရာကောင်းသည်။
ထိုအခိုးအငွေ့များမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားက အမတကူးပြောင်းခြင်း နှောင်းပိုင်းအဆင့် ၊ သိုင်းသူတော်စင် နဝမအဆင့်ကျင့်ကြံသူတစ်ယောက်၏ စွမ်းအားနှင့် ယှဉ်ပြိုင်နိုင်လုနီးပါးပင်။
မဟူရာမြူခိုးများက မှင်ရည် ထူထူပျစ်ပျစ်များပမာ ချိုးဖျက်ရန် ခက်ခဲသည်။ ယာယီချိုးဖျက်နိုင်သည်ဆို လှင်လည်း မကြာခင် ပြန်လည်ပေါင်းစည်းသွားပြီး ဆက်လက် တိုက်ခိုက်ခံရမည်မှာ အသေအချာပင်။
ယခုတော့ ဤမြူခိုးများက နေရာတိုင်းတွင် ရှိနေသည်။
ပတ်ပတ်လည်တွင် သိုင်းသူတော်စင် နဝမအဆင့် တန်ခိုးစွမ်းအားရှင်များစွာ စုပေါင်းဝိုင်းရံထားသကဲ့သို့ ဖြစ်သည်။
ရန်ကျောက်ကဲကတော့ ထိုမဟူရာမြူခိုးများကို မိုက်မဲစွာဖြင့် ထိပ်တိုက်ရင်ဆိုင်မည် မဟုတ်ပေ။
သူက စောစောက အသုံပြုထားသော ထုံးတမ်းအစီအရင်ကို ရပ်တန့်လိုက်ပြီး အရှိန်နှင့်ဦးတည်ရာကိုထိန်းချုပ်ကာ အနက်ရောင်မြူခိုးများကို ရှောင်ရှားရင်း ရှေ့ဆက်လာခဲ့သည်။
“အရှေ့တောင် နေဝန်းကောင်းကင်ပြည်နယ်က ကျင့်ကြံသူတွေမှာ အရှေ့တောင်ထိပ်တန်း အရှင်သခင်ပဲ ဒီနေရာကို လွတ်လွတ်လပ်လပ်လာလို့ရတယ်ဆိုတဲ့စကားကို မအံ့သြတော့ပါဘူး”
အားဟူက မဟူရာမြူခိုးများကိုကြည့်ရင်း လေးနက်စွာဆိုသည်။
“ဒီမြူခိုးတွေက အစွန်းရောက်ရှစ်ပါးကမ္ဘာ အနောက်ဘက်သဲကန္တာရထဲက အနက်ရောင် အိပ်မက်ဆိုးမုန်တိုင်းတွေ ထက်တောင် ကြောက်စရာကောင်းသေးတယ်”
ရန်ကျောက်ကဲက...
“ဟုတ်တယ် ၊ ဒီ မဟူရာ မှော်မိစ္ဆာမြူခိုးတွေ နည်းနည်းပါးပါးလောက် အစွန်းရောက်ရှစ်ပါး ကမ္ဘာကို ရောက်သွားရင် ကမ္ဘာတစ်ခုလုံးတောင် ပျက်သွားမှာစိုးရတယ်”
“သခင်လေး...”
အားဟူက ရန်ကျောက်ကဲကိုလှည့်ကြည့်ရင်း ခေါ်လိုက်သည်။
“သိုင်းကျင့်ကြံသူတစ်ယောက်က ဒီမဟူရာမြူခိုးတွေကို သူတို့ရဲ့ ကိုယ်ပိုင်စွမ်းအားအဖြစ် ပြောင်းလဲနိုင်အောင် သန့်စင်ပြီး ကျင့်ကြံလို့မရနိုင်ဘူးလား”
ပုံမှန်ဆိုလျှင် တုံးသလိုလို အသလိုလိုဖြင့် စပ်ဖြဲဖြဲလုပ်နေတတ်သော အားဟူ၏မျက်နှာက ယခုတော့ အလွန်တည်ကြည်လေးနက်နေသည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“ရတာပေါ့”
သူက ဆက်ပြောသည်။
“မဟာကပ်ဘေးကြီးမတိုင်ခင်က ‘လေမိစ္ဆာဓား’ဆိုတဲ့ လျှို့ဝှက်သိုင်းပညာတစ်မျိုး ရှိတယ် ၊ အဲဒီပညာက ဆိုးညစ်တဲ့မိစ္ဆာအခိုးအငွေ့တွေအားလုံးကိုသန့်စင်ပြီး ဓားစွမ်းအင်အဖြစ် ပြောင်းလဲပစ်တာပဲ ၊ မဟူရာမှော်မိစ္ဆာအခိုးအငွေ့တွေကလည်း မိစ္ဆာအခိုးအငွေ့တွေပဲလေ ၊ ဒါပေမဲ့ ဒီအခိုးအငွေ့တွေနဲ့ ကျင့်ကြံမယ်ဆိုရင်တော့ အတော်လေး ခက်ခဲမှာပဲ”
“ဒါပေမဲ့ မင်း မဟူရာမှော်မိစ္ဆာအခိုးအငွေ့တွေကို သန့်စင်ချင်တယ်ဆိုရင် အနည်းဆုံး အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်ဖြစ်မှရလိမ့်မယ်”
ထိုစကားကြားတော့ အားဟူ ဆက်စကားမပြောတော့ပေ။ အားဟူ အလေးအနက်စဉ်းစားနေကြောင်း ရန်ကျောက်ကဲ သိရှိလိုက်သည်။
အားဟူက ရန်ကျောက်ကဲရှေ့တွင် မည်မျှပင် ရိုးသားပွင့်လင်းဟန်ရှိပါစေ သိုင်းတာအိုနှင့် ပတ်သက်လျှင်တော့ အမြဲတမ်း အလေးအနက်ထားသူတစ်ယောက် ဖြစ်သည်။
သူတို့နှစ်ယောက် တောရိုင်းပင်လယ် နက်ရှိုင်းရာသို့ ဝင်ရောက်လာရင်း စကားစမြည် ပြောဆိုလာကြသည်။
အချိန်အတိုင်းအတာ တစ်ခုအထိ ရှေ့ဆက်လာပြီးနောက် သူ့အရှေ့မှ အနက်ရောင် မြူခိုးများအလယ်တွင် နေရောင်ခြည်များ လွှမ်းခြုံထားသော တိမ်တိုက်တစ်ခု ရွေ့လျားနေသည်ကို တွေ့လိုက်ရ၏။
ထိုနေရာင်ခြည်ထဲတွင် ဧရာမငှက်ကြီးတစ်ကောင်၏ အသွင်သဏ္ဌာန်ထွက်ပေါ်နေသည်။
ခြေသုံးချောင်းရွှေကျီးကန်း။