ဓားဆန္ဒတဲ့လား
Vol. 10 Ch. 138
"ကြည့်ကြစမ်းဟေ့။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ပဲ ရှိသေးတဲ့ ကလေးတစ်ကောင်က စမ်းသပ်မှုမှာ ဝင်ပါမလို့တဲ့"
"ဒီကောင်ကတော့ ကိုယ့်အဆင့်တောင် ကိုယ်မသိဘဲ စင်ပေါ် ဘာတက်လုပ်တာတုံး။ မင်းက သွေးနီ သတ္တုရိုင်းတုံးကို ခြစ်ရာတောင် ထင်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
"ငါကြားတာတော့ ဒီကောင်က အစ်ကိုအာဏာရှင်ဓားနဲ့ ပြသနာတက်သေးတယ်တဲ့။ ဒါကြောင့် ဒီကောင်က သွေးရူးသွေးတမ်း လျှောက်လုပ်နေတာ ဖြစ်ရမယ်”
“သေချာတာပေါ့ကွာ။ အစ်ကို အာဏာရှင် ဓားက လက်တစ်ချက် ဝှေ့လိုက်တာနဲ့ ဒီကောင်က ခွေးပြေးဝက်ပြေး ပြေးရမှာပဲ"
“ဒီကောင့်ကို ကြိုးစားခွင့် အရင် ပေးလိုက်ပါဦးကွာ။ ပြီးတော့မှ ငါတို့ ဝိုင်းဟားရင်လည်း နောက်မကျသေးပါဘူး"
အတွင်းစည်း ဂိုဏ်းသားတွေရဲ့ အချစ်တော်ကြီး လီဖူချန်းတစ်ယောက် စင်ပေါ်တက်သွားတာနဲ့ လူအားလုံးကတော့ ဝိုင်းပြီး ထောပနာ ပြုနေကျပါပြီ။
ချန်ဖန်းဟွာတောင်မှ ဒီတစ်ခါတော့ လီဖူချန်းကို သိပ်ပြီး မျှော်လင့်မထားပါဘူးလေ။
လီဖူချန်းက သွေးနီသတ္တုရိုင်းတုံးကြီးကိုတော့ တစ်လက်မနက်တဲ့ ဓားရာထင်အောင် လုပ်ရင် လုပ်နိုင်ပါလိမ့်မယ်။ အာဏာရှင်ဓား လျူဝူဟောင်ကိုတော့ နိုင်ဖို့ မဖြစ်နိုင်ပါဘူး။
တကယ့်ပြိုင်ပွဲကျရင် လျူဝူဟောင်က လီဖူချန်းကို ပြင်းပြင်းထန်ထန်ကို တိုက်ခိုက်ပါလိမ့်မယ်။
လီဖူချန်းက သွေးနီသတ္တုရိုင်းတုံးကြီးရဲ့ အရှေ့မှာရပ်ပြီး မျက်နှာပြင်ကို သေသေချာချာ လေ့လာလိုက်ပါတယ်။
စမ်းသပ်ချက်ကို ဝင်ရောက် ဖြေဆိုတဲ့သူ ၃ထောင်ကျော်ရဲ့ ဓားချက်တွေကို ခံစား အပြီးမှာတော့ သွေးနီ သတ္တုရိုင်းတုံးကြီးရဲ့ မျက်နှာပြင်ညာ ဓားရာတွေ၊ ခြစ်ရာတွေနဲ့ ပြည့်နှက်လို့နေပါတယ်။
ငါက သွေးနီ သတ္တုရိုင်းတုံးနဲ့တော့ တစ်ခါမှ ဓား မစမ်းဖူးသေးဘူး။ ငါ မီးနဂါး လျို့ဝှက်နည်းစနစ်ကို မသုံးဘဲနဲ့ ဒီသွေးနီ သတ္တုရိုင်းတုံးကို ဘယ်လောက် နက်အောင် လုပ်နိုင်မလဲ ဆိုတာ စမ်းကြည့်ရမှာဘဲ"
လီဖူချန်းက သူ့ရဲ့ကိုယ်ပိုင် အစွမ်းအစ အကုန် ထုတ်လိုက်ရင် ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို စမ်းသပ် ကြည့်ချင်နေတယ်လေ။
လီဖူချန်းက အနောက်ကို ခြေလှမ်းတစ်ဝက်လောက် ဆုတ်ပြီး တိုက်ခိုက်ဖို့ အကောင်းဆုံး အကွာအဝေးမှာ ရပ်လိုက်ပါတယ်။ ထို့နောက်မှာတော့ စတင် လှုပ်ရှား လိုက်ပါတော့တယ်။
ဘယ်သူ တစ်ဦးတစ်ယောက်ကမှ လီဖူချန်း ဓားဆွဲထုတ်ပြီး ခုတ်လိုက်တာကို မမြင်လိုက်ပါဘူး။
သူတို့က လီဖူချန်းရဲ့ ညာဘက်လက် လှုပ်သွားတာကိုပဲ မြင်လိုက်ရပါတယ်။ ကြယ်ပျံတစ်စင်း ကြွေကျ လာသလို အလင်းတန်းကြီး တစ်ခုက သွေးနီ သတ္တုရိုင်းတုံးကြီး အပေါ်ကို ကျရောက် သွားပါတယ်။ အဲဒီ အလင်းရောင်နဲ့ အတူ ထွက်ပေါ်လာတဲ့ ဓားဆန္ဒကလည်း သူတို့ရဲ့ အသည်းနှလုံးကို လှီးဖြတ်သွားသလား လို့တောင် ခံစား လိုက်ရတယ်လေ။
ရွှမ်း …
သွေးနီ သတ္တုရိုင်းတုံးကြီး ပေါ်မှာတော့ လက်နှစ်ချောင်းစာလောက် ရှိတဲ့ ဓားရာကြီး တစ်ခု ပေါ်လာပါတယ်။
“ဒါက ဓားဆန္ဒပဲ"
ချန်ဖန်းဟွာက ပါးစပ် အဟောင်းသားဖြင့် လီဖူချန်းကို ငေးမော ကြည့်နေပါတယ်။ သူမရဲ့ ပါးစပ်ကို ပြန်ပိတ်ဖို့တောင် သတိမရတော့ပါဘူး။
“ကြောက်စရာကောင်းလိုက်တဲ့ ဓားဆန္ဒ“ ရှောင်လီရဲ့ မျက်လုံးထောင့်စွန်းက တဆတ်ဆတ် တုန်လာပါတယ်။
တကယ်လို့ လျူဝူဟောင်ရဲ့ တိမ်ပျံဓားဆန္ဒကို လွှမ်းမိုးနိုင်စွမ်းနဲ့ ရပ်တန့်လို့ မရတဲ့ အရာအဖြစ် တင်စားမယ်ဆိုရင် လီဖူချန်းရဲ့ ဓားဆန္ဒကိုတော့ အမြန်နှုန်းနဲ့ ကာကွယ်ဖို့ မရတဲ့ အရာအဖြစ် တင်စားရပါမယ်။
ပိုင်ထောင်နဲ့ လူယိရှန်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်မိလိုက်ကျပါတယ်။ သူတို့က ဒီမျိုးဆက်သစ် လူငယ်လေးရဲ့ ဓားစွမ်းရည်ကို ကြည့်ပြီးတဲ့နောက်မှာတော့ ဘာပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။
“ဒီကောင်လေးက လူကော ဟုတ်သေးရဲ့လား "
စင်အောက်က လူတွေ အကုန်လုံးကလည်း လီဖူချန်းကို သို့လောသို့လောနှင့် ကြည့်နေကျပါတယ်။ အစောပိုင်းက လှောင်ပြောင်မိတဲ့ ပါးစပ်တွေကိုတောင် ပစ်ရိုက် လိုက်ချင်ပါတော့တယ်လေ။
“စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ နဲ့ ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တယ်။ သူက ဂိုဏ်းတူ အစ်ကိုကြီး ဓားအရူး သူတော် ငယ်စဉ်တုန်းကနဲ့ ပါရမီ အတူတူပဲဟ “
“ဘယ် ခွေးသူတောင်းစားက အစောပိုင်းတုန်းက ငါ့ညီလေး လီဖူချန်းကို သွားပုတ်လေလွင့် ပြောနေတာလဲကွ။ ငါ ဝူချောင်က ငါ့ဂိုဏ်းတူ ညီလေးကို စော်ကားတဲ့ ကောင်တွေကို ဒီအတိုင်း ကြည့်နေမှာ မဟုတ်ဘူးကွ”
အခြေအနေကို နားလည်တဲ့ အတွင်းစည်း ဂိုဏ်းသား တစ်ယောက်ကတော့ အသံကောင်း ဝင်ဟစ်နေပါပြီ။
“လီဖူချန်းရဲ့ ဓားတာအိုကတော့ အစ်ကိုကြီး ဓားအရူးသူတော်ထက် လုံးဝမနိမ့်ကျဘူးဟေ့။ ဒီကောင်လေးကို ဓားမိစ္ဆာလို့ ခေါ်ကြရအောင်”
“မင်းအမေလင်ကို ဓားမိစ္ဆာပါလား။ ငါတို့ အစ်ကိုကြီးလီက မိစ္ဆာထက် အစွမ်းထက်တယ်ကွ။ ဒီနေ့ကစပြီး အစ်ကိုကြီးလီကို ဓားနတ်ဆိုးလို့ အမည်ပေးရအောင်။ ထောက်ခံသလားဟေ့ "
“ထောက်ခံပါတယ်။ ထောက်ခံပါတယ်”
စင်အောက်မှာတော့ အခြေအနေက ရုတ်ချည်း ဆိုသလို ပြောင်းလဲ သွားပြီး လီဖူချန်းရဲ့ အမာခံ ပရိသတ်တွေ ပေါ်လာပါတယ်။
လီဖူချန်းက သူ့ရဲ့ ဓားဆန္ဒကို ထုတ်ပြ ပြီးသွားတဲ့ နောက်မှာတော့ ဘယ် တစ်ဦးတစ်ယောက်ကမှ လီဖူချန်းကို မလှောင်ပြောင် ရဲတော့ပါဘူးလေ။
သူတို့က လီဖူချန်းကို လှောင်ပြောင်ဖို့ အဆင့် မမီသေးပါဘူး။ တကယ်လို့ မင်းက လီဖူချန်းကို လှောင်ပြောင်ချင်ရင် ဓားဆန္ဒကို အသုံးပြုနိုင်အောင် အရင် ကြိုးစားလိုက်ပါဦး။
အေး မင်းက အဆင့်မမီဘဲ လှောင်ပြောင်နေမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အမာခံ ပရိသတ်တွေက မင်းကို ဝိုင်းပြီး ဆွမ်းကြီး လောင်းကြမှာပါ။
“စိတ်ဝင်စားစရာပဲ။ မင်းက ငါ့ကို ပြဿနာ ရှာရဲတာကို ငါ မအံ့သြတော့ပါဘူး။ မင်းက ဓားဆန္ဒကိုတောင် နားလည်ထားတာကိုး။ ငါက မင်းကို နည်းနည်း အထင်သေး မိသွားတာပဲ။ ဒါပေမဲ့ မင်းမှာ ဓားဆန္ဒ ရှိသလို ငါ့မှာလည်း ရှိတာဘဲ။ ပြီးတော့ ငါက မင်းထက် အဆင့်နှစ်ဆင့်သာ နေသေးတယ်” လျူဝူဟောင်က တစ်ယောက်တည်း ရေရွတ် ပြောလိုက်ပါတယ်။
"သေလိုက်စမ်းပါတော့လား "
ယုဝူရှန်းက လျူဝူဟောင်ထက်ကို ပိုပြီး ခံစားရခက်နေပါတယ်။သူ့ရဲ့ ဆန်းကြယ် အဆင့်နိမ့်ဓားသိုင်းက အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပေမယ့် တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်ဖို့တော့ တော်တော်လေး လိုပါသေးတယ်။
လီဖူချန်းက သူ့ထက် နောက်တစ်ခါ သာသွားပြန်ပါပြီ။
အတွင်းစည်းကြီးကြပ်ရေးမှုးက လီဖူချန်းရဲ့ ဓားရာ အတိမ်အနက်ကို တိုင်းတာပြီးသွားတဲ့ အခါမှာတော့ …
“၂.၉လက် လက်မ” အသံ တုန်တုန်ယင်ယင်ဖြင့် ကြေညာ လိုက်ပါတယ်။
လျူဝူဟောင်ရဲ့ ၂.၈လက်မဆိုတဲ့ စံချိန်ကို လီဖူချန်းက ၂.၉ လက်မနဲ့ ကျော်ဖြတ် သွားတယ်လေ။
ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးကတော့ အပ်ကျသံတောင် မကြားရအောင် တိတ်ဆိတ် သွားပါတော့တယ်။
“မောင်လေးလီ … နင်ဘယ်လို လုပ်လိုက်တာလဲ“
လီဖူချန်းတစ်ယောက် စင်ပေါ်က ဆင်းလာတာနဲ့ ချန်ဖန်းဟွာက အလျင်အမြန် မေးလိုက်တယ်လေ။
ဇောင်မင်းယွီကလည်း အဖြေကို စောင့်ဆိုင်းနေပါတယ်။
လီဖူချန်းရဲ့ အတွင်းအား ကျင့်စဉ်က လျူဝူဟောင်ထက် ကောင်းနေတယ် ဆိုရင်မှ ဒီရလဒ်က လုံးဝ မဖြစ်နိုင်ဘူးဆိုတာကို အားလုံးက သိထားကျတယ်လေ။
လီဖူချန်းက အေးအေးဆေးဆေးဘဲ ပြန်ဖြေလိုက်ပါတယ်။
“ဓားဆန္ဒကို အသုံးပြုနိုင်အောင် အရင် ကြိုးစားလိုက်။ အဲဒီ အချိန်ကျရင် သူ့အလိုလို သိလာလိမ့်မယ်”
ဓားဆန္ဒကို နားမလည်သေး ဘဲနဲ့တော့ ဓားဆန္ဒတွေမှာလည်း အဆင့်အသီးသီး ရှိတယ်ဆိုတာကို ရှင်းပြလို့ မရပါဘူး။
တကယ်လို့သာ သူ့ရဲ့ဓားဆန္ဒကို နားလည်သဘောပေါက်မှုက လျူဝူဟောင်လောက်ပဲ ရှိနေမယ်ဆိုရင် လီဖူချန်းက ၂လက်မထက် ပိုပြီး စွမ်းဆောင်ပြနိုင်မှာမဟုတ်ပါဘူး။
အခုတော့ လီဖူချန်းရဲ့ ကြယ်ပျံဓားဆန္ဒက လျူဝူဟောင်ထက် ပိုလေးနက်သလို ပိုပြီး ထူးခြား ဆန်းကြယ်ပါသေးတယ်။
လီဖူချန်းရဲ့ အမြင်မှာတော့ လျူဝူဟောင်ရဲ့ ဓားဆန္ဒက စိတ်ကြိုက် ထုတ်လိုက် သိမ်းလိုက် လုပ်လို့ရတဲ့ အဆင့်ကို မရောက်သေးပါဘူး။
သူကတော့ ဓားဆန္ဒကို စိတ်ကြိုက် လုပ်ယူနိုင်နေပါပြီလေ။
ပြီးတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားကလည်း လျူဝူရှန်းထက် သာနေပါသေးတယ်။
၄၀၀၀၀ ကီလိုဂရမ် အပြင်အား ဆိုတာက မိုးပြာရောင် ဂိုဏ်း တစ်ခုလုံးမှာတောင် ထိပ်တန်းအဆင့် ရှိပါတယ်။
လီဖူချန်း သိသလောက်ဆိုရင် မိုးပြာရောင်ဂိုဏ်းရဲ့ အကောင်းဆုံး အပြင်အား ကျင့်စဉ်က ဆန်းကြယ် အဆင့်မြင့် အဆင့်ထိပဲ ရှိတာပါ။ ဒီမိုင်တစ်သိန်း ပတ်လည်မှာတော့ ကောင်းကင်နတ်ဆိုး (ထျန်းရှ) ဂိုဏ်း တစ်ခုတည်းသာလျှင် ဆန်းကြယ် အထွတ်အထိပ် ခန္ဓာကိုယ် ကျင့်စဉ်ကို ပိုင်ဆိုင်ပါတယ်။ မိုးပြာရောင်ဂိုဏ်းပဲ ဖြစ်ဖြစ်၊ ခရမ်းရောင် ဆေဘာဂိုဏ်းပဲဖြစ်ဖြစ် ဒါမှမဟုတ် တခြား ဘယ်ဂိုဏ်းပဲ ဖြစ်ဖြစ် ဒီလိုဆန်းကြယ် အထွတ်အထိပ် အဆင့် ကျမ်းကို မပိုင်ဆိုင်ထားပါဘူး။
“ဓားဆန္ဒကို နားလည် အသုံးပြုဖို့ ဆိုတာ နင်ပြောသလောက် လွယ်နေတာမှ မဟုတ်တာ” ချန်ဖန်းဟွာက ခေါင်းခါလိုက်ပါတယ်။
ပုံမှန်အားဖြင့်ဆိုရင် ကြယ် ၄ ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေတောင် မြေကမ္ဘာ အဆင့်ကို ရောက်ပြီးမှ ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တာလေ။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်နဲ့ ဓားဆန္ဒကို အသုံးပြုနိုင်တဲ့ သူတွေကတော့ လက်ချိုးကို ရေလို့ ရပါတယ်။
“နင်က တကယ့်ကို နတ်ဆိုးတစ်ကောင်ပဲ” ဇောင်မင်းယွီကတော့ အားပါးတရ ချီးကျူးလိုက်ပါတယ်။
***
မနက်ခင်း တစ်ခင်းလုံးကို ကျော်လွန်ပြီးသွားတဲ့ အခါမှာတော လက်တွေ့ စမ်းသပ်မှုက ပြီးသွားပါပြီ။
ဝင်ရောက် စမ်းသပ်သူ အယောက် ၄ ထောင် ကျော်မှာ ၅၂ ယောက်သာလျှင် အဆင့်မီပါတယ်။
ဒါက လူအယောက် ၈၀ မှာ ၁ ယောက်ပဲ အဆင့်မီတယ်ဆိုတဲ့ သဘောပါဘဲ။
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကတော့ မွန်းလွှဲပိုင်းမှ စတင်မှာ ဖြစ်တဲ့အတွက် အတွင်းစည်း ဂိုဏ်သားတွေကို နေ့လယ်စာ စားဖို့ အချိန်ပေးလိုက်ပါတယ်။
ညနေ၃နာရီမှာတော့ ပြိုင်ပွဲကွင်းပြင်မှာ လူတွေ ပြန်စည်ကား နေကျပါပြီ။
အတွင်းစည်း အကြီးအကဲ ခေါင်ချုပ် ဇောင်ဝူကျင်းက ကြေညာလိုက်ပါတယ်။
"အဆင့်သတ်မှတ်ချက် ပြိုင်ပွဲ အတွက်ကိုတော့ နောက်ဆုံး ကျန်တဲ့လူကို ရွေးချယ်တဲ့ ပုံစံ စီစဉ်ထားပါတယ်။ အခုဒီမှာ စင်မြင့် ၁၀ခု ရှိတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ သူတွေက နှစ်သက်ရာ စင်မြင့်ပေါ်မှာ တက်ပြီး နေရာယူထားနိုင်တယ်။ ပြီးရင် စိန်ခေါ်သူတွေက မင်းတို့ကို စိန်ခေါ်လိမ့်မယ်”
“ဒါပေမဲ့ စည်းကမ်း တစ်ခုတော့ ရှိတယ်။ လူတစ်ယောက်ကို ရှုံးနိမ့်ခွင့် ၃ ခါပဲ ရှိတယ်။ စင်မြင့်ပေါ်ကနေ ၃ခါ ဆင်းရပြီ ဆိုရင်တော့ အဲဒီလူက ပြိုင်ပွဲက ထွက်ခွာ ရလိမ့်မယ် "
“ပြီးတော့ စင်မြင့်ပေါ်မှာ နေရာ ယူထားတဲ့ သူတွေက ၁၀ ပွဲ ဆက်တိုက် နိုင်သွားပြီ ဆိုရင်တော့ သူတို့ကို ထိပ်ဆုံး ၁၀ယောက် စာရင်းထဲ ထည့်ပေးလိုက်မယ်။ သူတို့က ဆက်ပြီး စိန်ခေါ်တာကို လက်ခံစရာ မလိုတော့ဘူး”
“ကဲဟုတ်ပြီ။ ပြိုင်ပွဲစမယ်”
ကြော်ငြာပြီးတာနဲ့ ဇောင်ဝူကျင်းက သူ့ထိုင်ခုံမှာ သူပြန်ထိုင် လိုက်ပါတော့တယ်။
“ငါ့ကို စင်မြင့် ၁ ရဲ့ အိမ်ရှင် ဖြစ်ခွင့် ပေးလိုက်ပါ။ "
ရှောင်လီက စင်မြင့် ၁ ပေါ်မှာ နေရာ ယူလိုက်ပါတယ်။
“ငါက စင်မြင့် ၂"
“ငါက စင့်မြင့် ၃"
အတွင်းစည်း တပည့် ၅၂ ယောက်ထဲက ၁၀ယောက်က စင်မြင့် ကိုယ်စီမှာ နေရာ ယူထားလိုက်ပါတယ်။
လျူဝူဟောင်နဲ့ လီဖူချန်းကတော့ ဘယ်စင်မြင့်ကိုမှ မယူထားပါဘူး။
သူတို့ နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး တိုက်ခိုက်ဖို့ကို တာစူနေပါတယ်။
“ရှောင်လီ … ငါချိုကန်းကို မင်းနဲ့ တိုက်ခွင့်ပေးပါ"
လူရိပ်တစ်ရိပ်က စင်မြင့် ၁ ပေါ်ကို ခုန်တက်သွားပါတယ်။
ချိုကန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အထွတ်အထိပ်က ဖြစ်သလို ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လည်း ဖြစ်ပါတယ်။
လက်တွေ့ စမ်းသပ်မှုတုန်းကတော့ သူ့ရဲ့ ရလဒ်က ၁.၉ ဖြစ်တဲ့ အတွက် ပိုင်ထောင်တို့ လူယိရှန်တို့နဲ့ သိပ်မကွာလှပါဘူး။
“ချိုကန်း … မင်းက ငါ့ရဲ့ ပြိုင်ဖက် မဟုတ်ဘူး။ မင်းရဲ့ အခွင့်အရေး တစ်ခုကို မဖြုန်းတီးချင်စမ်းပါနဲ့“
ရှောင်လီက အတည်ပေါက်ကြီး ပြောနေပါတယ်။
ချိုကန်းက ဂရုမစိုက်ပါဘူး။
”အဲဒါကို ငါဂရုမစိုက်ဘူး။ ရော့ ငါ့ဓားချက် မြည်းကြည့်"
“အဲလောက်ထိဖြစ်နေမှတော့ ချိုကန်း … မင်းကိုငါ ဒီနေ့ ကောင်းကင်ပြိုင် ဓားသိုင်းရဲ့ ဓားဆန္ဒကို ပြရသေးတာပေါ့” ရှောင်လီက သူ့ရဲ့ဓားကွက်ကို ထုတ်လိုက်ပါတယ်။
သူ့ရဲ့ဓားက ဓားအိမ်ထဲက ထွက်လာတာနဲ့ ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးကို ထိတ်လန့် သွားစေပါတယ်။
သင်တုန်းဓား တစ်လက်လို ပါးလျတဲ့ ကောင်းကင်ပြို ဓားကွက်က ရှောင်လီရဲ့ လက်ထဲမှာတော့ ကိုယ်ပိုင်အသိစိတ် ရှိလာသလိုပါပဲ။ ဘယ်ဟာက ဓားရိပ်အစစ်လည်း အတုလည်းဆိုတာတောင် မခွဲခြားနိုင်ဘဲနဲ့ ချိုကန်းက စင်အောက်ကို ပြုတ်ကျသွားပါတယ်။
ချိုကန်းက သွေးတစ်လုတ်အန်လိုက်ပြီး ပြန်ထလာပါတယ်။ သူ့ရဲ့ မျက်နှာမှာတော့ ကြောက်ရွံ့မှုတွေက ထိန်းမရ သိမ်းမရ ပေါ်နေပြီး …
“မင်း … မင်းကလည်း ဓားဆန္ဒကို အသုံးပြုနိုင်တာလား "
ရှောင်လီကတော့ ဘာမှ ပြန်မပြောဘဲ ရယ်မောနေပါတယ်။
“အို ဘုရားသခင် အစ်ကို ရှောင်လီကလည်း ဓားဆန္ဒကို အသုံးပြုနိုင်တယ်ဟ"
“ဒါကြောင်မို့ ရှေးလူကြီးတွေက ပြောကျတာပေါ့။
'တောင်တစ်တောင်ထက် မြင့်တဲ့ နောက်ထပ် တောင်တစ်တောင်ဆိုတာ အမြဲ ရှိတယ်တဲ့'
အစောပိုင်းတုန်းက အာဏာရှင်ဓား နဲ့ လီဖူချန်းဘဲ ဓားဆန္ဒသုံးနိုင်တယ်ထင်ထားတာ။ အခုတော့ အစ်ကိုရှောင်လီကပါ ဓားဆန္ဒကို အသုံးပြုနေပြီ။ ဒီနေ့ပြိုင်ပွဲကတော့ ပွဲကြီး ပွဲကောင်းပဲဟေ့”
ပွဲကြည့် ပရိသတ်တွေက စိတ်အား တက်ကြွစွာ အားပေးနေပါတယ်။
“ငါထင်ထားတဲ့ အတိုင်းဘဲ"
လီဖူချန်းက ခေါင်းညိတ်လိုက်ပါတယ်။ ရှောင်လီက တကယ်ဘဲ အစွမ်းအစကို လျိုထားတာပါလား။
ကောင်းကင်ပြို ဓားဆန္ဒက မာယာ အရမ်း များလွန်းပါတယ်။ ဒီဓားဆန္ဒကို နားလည် သဘောပေါက်ဖို့ အခက်ဆုံး ဓားဆန္ဒတွေထဲက တစ်ခုပါဘဲ။
“မဆိုးဘူး။ ဒီကလေးက သင်ရကျိုး နပ်တာပဲ"
ဇောင်ဝူကျင်းက ခေါင်းတညိတ်ညိတ်နဲ့ ပြုံးပြီး ရှောင်လီကို ကြည့်နေပါတယ်။
***