← Chapters

နှင်းဖြူပင်လယ်ရေပြင်၏နက်ရှိုင်းရာ

Vol. 67 Ch. 944

နှင်းဖြူပင်လယ်ရေပြင်၏နက်ရှိုင်းရာ

Vol. 67 Ch. 944

အခန်း (၉၄၄) နှင်းဖြူပင်လယ်ရေပြင်၏နက်ရှိုင်းရာ

ခြေသုံးချောင်းရွှေကျီးကန်းကို မဟာနေမင်းရွှေကျီးကန်းဟုလည်း လူသိများကြသည်။ သူက ဒဏ္ဍာရီထဲမှ မိုးကောင်းကင်၏သားတော်ဖြစ်ပြီး မီးစွမ်းအားအနှစ်သာရ ပါဝင်သည့် မူလဝိညာဉ်ကို ပိုင်ဆိုင်သည်။

သူ၏တည်ရှိမှုက ဇာမဏီငှက် ၊ နဂါးအစစ် ၊ ချီလင် ၊ ခွန်ဖိန်ငှက်များဖြင့် ကောင်းကောင်းယှဉ်ပြိုင်နိုင်၏။

မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ရွှေကျီးကန်းနှင့်ဆက်စပ်နေသည့် မီးကျီးကန်းများကို တွေ့ခဲ့ရဖူးသည်။ သို့သော် သူတို့က ရွှေကျီးကန်းမှအမှန်တကယ် ဆင်းသက်လာသူများ မဟုတ်ကြပေ။

သွေးနှောများစွာရောစပ်ပြီးမသန့်စင်ကြသည့်တိုင် မီးကျီးကန်းများက ပင်လယ်ကို ဆူပွက်ကာ ကောင်းကင်ကို လောင်ကျွမ်းစေနိုင်စွမ်း ရှိကြသည်။

သို့သော် ခြေသုံးချောင်းရွှေကျီးကန်းနှင့် နှိုင်းယှဉ်ပါက များစွာအဆင့်အတန်းနိမ့်ကျနေသေးသည်။

သွေးသန့်စင်သော အပြည့်အဝအရွယ်ရောက်ပြီးသား ခြေသုံးချောင်းရွှေကျီးကန်းဆိုလျှင် နေ့ချင်းညချင်း ထိပ်တန်းအဆင့် ရောက်အောင်ကျင့်ကြံနိုင်ပြီး မဟာနေမင်းအဖြစ်လည်း ပြောင်းလဲနိုင်စွမ်း ရှိသည်။ ထို မဟာနေမင်းက လူ့လောကတွင် ထွန်းလင်းနေသည့် တကယ့်နေမင်းအစစ်နှင့် နှိုင်းယှဉ်နိုင်စွမ်း ရှိ၏။

ရန်ကျောက်ကဲက ခြေသုံး‌ချောင်းရွှေကျီးကန်းကို အလွန်စိတ်ဝင်စားနေသည်။ အဘယ်ကြောင့်ဆိုသော် မဟာကပ်ဘေးကြီးပြီး ဆုံးသည့်နောက် ဤဒဏ္ဍာရီလာသားရဲက မျိုးသုဉ်းပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်ပင်။

နဂါးမျိုးနွယ်မှာလည်း ပျက်သုဉ်းလုနီးပါးဖြစ်နေသည့်တိုင် မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ဆက်လက်ရှင်သန်နိုင်သေးသည်။ သို့သော် ရွှေကျီးကန်း၏သတင်းကတော့ အစအနပင် ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ယခု သူတို့ရှေ့မှ ရွှေကျီးကန်းပုံရိပ်က တကယ့် ရွှေကျီးကန်းအစစ်မဟုတ်ပေ။

အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် ၊ ကျောက်စိမ်းလွင်ပြင်ဒေသမှ “သုံးပေတောင်”။

သုံးပေတောင် အမွေဆက်ခံသော လျှို့ဝှက်သိုင်းပညာက ‘ရွှေကျီးကန်းမီးလျှံကျမ်းစာ’ တွင် မဟာနေမင်း၏တန်ခိုးစွမ်းအားနှင့် ရွှေကျီးကန်း၏ စွမ်းအားအနှစ်သာရများ ပါဝင်နေသည်။

ဤထူးခြားသောသိုင်းပညာက မဟာကပ်ဘေးကြီးမတိုင်ခင်က အဓိကစွမ်းအားစုတစ်ခုဖြစ်သော ‘ရွှေကျီးကန်းတောင်ကြား’ မှဆင်းသက်လာသည့် ပညာရပ်ဖြစ်၏။

မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် သုံးပေတောင်ကို တည်ထောင်သူဘိုးဘေးက ရွှေကျီးကန်းမီးလျှံကျမ်းစာ အပိုင်းအစကို အမှတ်မထင် ရရှိခဲ့ပြီး သိုင်းပညာအခြေခံအုတ်မြစ် အဖြစ်တည်ဆောက်ကာ သုံးပေတောင်ကို တည်ထောင်ခဲ့သည်။

နောက်ပိုင်းမှာတော့ သုံးပေတောင်က ကျောက်စိမ်းလွင်ပြင်ဒေသတွင် အင်အားကြီးမားသော သိုင်းဂိုဏ်းတစ်ခုဖြစ်လာပြီး အရှေ့တောင်နေဝန်းကောင်းကင်ပြည်နယ် တစ်ခွင်တွင် ကျော်ကြားလာခဲ့သည်။

ယခု ရန်ကျောက်ကဲရှေ့တွင် ရှိနေသည့် နေရောင်ခြည်များဝန်းရံထားသော ခြေသုံးချောင်းရွှေကျီးကန်း ပုံရိပ်မှာ မဟူရာ မှော်မိစ္ဆာမြူခိုးများအလယ်ဆက်လက်ရွေ့လျားနေပြီး မှင်ရည်ပမာနက်စေးသော အခိုးအငွေ့များကို ရှောင်ရှားလျက်ရှိ၏။

“အိုး သူတို့မှာလည်း ဝှက်ဖဲတွေရှိနေတာပဲ”

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း တွေးလိုက်သည်။

မဟူရာမှော်မိစ္ဆာမြူခိုးများ ဝန်းရံထားသဖြင့် သိုင်းသူတော်စင် နဝမအဆင့် ကျင့်ကြံသူများစွာ ဝိုင်းဝန်းတိုက်ခိုက်ခံနေရသည့်ပမာ ဖြစ်သည်။

အမတကူးပြောင်းခြင်း အဆင့်ရှိသော သိုင်းသူတော်စင်များပင် ဤမြူခိုးများနှင့်ထိမိပါက ဒဏ်ရာရလျှင်ရ ၊ မဟုတ်လျှင် သေဆုံးသည်အထိ ဖြစ်နိုင်၏။

မဟူရာမှော်မိစ္ဆာက အလွန်သိပ်သည်းလေရာ ဖြတ်သန်းသွားလာရန် မလွယ်ကူပေ။

သို့ပေသိ ရွှေရောင်တိမ်တိုက်က လျင်မြန်မှုမရှိသည့်တိုင် အနက်ရောင်မြူခိုးများအလယ်တွင် အန္တရာယ်ကင်းစွာ သွားလာနိုင်နေသည်။

ခြေသုံးချောင်းတောင်သခင်က အမတကူးပြောင်းခြင်းအလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်ဟု ရန်ကျောက်ကဲ သတင်းရထားသည်။

သုံးပေတောင်အနေဖြင့် အလွန်နက်နဲ သိမ်မွေ့သောပညာရပ်ဖြစ်သည့် ရွှေကျီးကန်းမီးလျှံကျမ်းစာကို ပိုင်ဆိုင်ထားသည့်တိုင် မဟူရာမှော်မိစ္ဆာအခိုးအငွေ့များနှင့်ရင်ဆိုင်ရသည့်အခါ သေဆုံးပျက်ဆီးနိုင်ခြေ (၉၀)ရာနှုန်းခန့် ရှိနေသေးသည်။

ရန်ကျောက်ကဲကတော့ သူ့အရှေ့မှ ရွှေကျီးကန်းပုံရိပ်ကို စိတ်ဝင်စားစွာကြည့်နေသည်။ ထိုအရာက ဖြည်းညင်းစွာ ‌ရွေ့လျားနေသည့်တိုင် ရှေ့သို့ဆက်သွားနေဆဲပင်။

ဖိအားများစွာရှိသည့်တိုင် ခံနိုင်ရည်ရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် ရန်ကျောက်ကဲက ပိုပြီးစိတ်ဝင်စားနေမိသည်။

သူကတော့ သုံးပေတောင်မှလူများထက် ပိုမိုလျင်မြန်လေရာ တဖြည်းဖြည်းအမီ လိုက်လာနိုင်ခဲ့သည်။

သို့ရာတွင် သူတို့နှစ်ဦးလုံး၏ ဦးတည်ရာပန်းတိုင်ဖြစ်သော ဖူချန်နှင်တံအကျိုး၏ လမ်းညွှန်ရာနေရာသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

ရွှေကျီးကန်းပုံရိပ်က တစ်စုံတစ်ယောက် သူတို့နောက်မှလိုက်လာသည်ကို သတိပြုမိသော်လည်း ရပ်တန့်သွားခြင်းမရှိဘဲ ရုတ်တရက် ပင်လယ်ရေအောက်သို့ ထိုးဆင်းလိုက်သည်။

မဟူရာမှော်မိစ္ဆာများကို ရှောင်ရှားရင်း ရွှေကျီးကန်းက ပင်လယ်ရေအောက်ထဲသို့ ဆင်းသက်လာသည်။

တောရိုင်းပင်လယ်ဒေသ၏ နှင်းဖြူပမာပင်လယ်ရေက အလွန်တရာအန္တရာယ်ကြီးမားသည်။

လူသားအထွတ်ထိပ်အဆင့်အောက် သိုင်းကျင့်ကြံသူများ ခြေချမိပါက အရိုးတခြား အသားတခြားဖြစ်ကာ ချက်ချင်းပင် သွေးအိုင်အဖြစ်ပြောင်းလဲသွားနိုင်သည်။

ထို့ကြောင့် တောရိုင်းပင်လယ်ဒေသသို့ လာရောက်ကြသူများမှာ မဟူရာမှော်မိစ္ဆာမြူခိုးများနှင့် ကောင်းကင်တောရိုင်း မီးတောက်များထက် ပင်လယ်ရေထဲပြုတ်မကျစေရန် ပိုပြီး သတိထားကြရ၏။

သို့သော်...

ယခုအချိန်မှာတော့ တောရိုင်းပင်လယ်မျက်နှာပြင်ထက်တွင် ရေဝဲဂယက်ကြီးတစ်ခုထွက်ပေါ်လာပြီး ထိုရေဝဲဂယက်ကြီး အလယ်ဗဟိုက ပင်လယ်အောက်ခြေဆီသို့ ဦးတည်သွားသည်။

ပင်လယ်အောက်ခြေနေရာတွင် အမှောင်ထုဖုံးလွှမ်းနေပြီး မည်သည့်အရာကိုမှ သဲကွဲစွာမမြင်ရသဖြင့် မည်သို့သောအရာများ ဖြစ်ပျက်နေသည်လည်း စူးစမ်းရန် ခက်ခဲသည်။

ရန်ကျောက်ကဲ သေသေချာချာ လေ့လာလိုက်သည့်အခါ သူ့လက်ထဲတွင်ရှိနေသော ဖူချန်နှင်တံတစ်ဝက်မှ ထွက်ပေါ်နေသော ရွှေရောင်အလင်းတန်းသည် ရေဝဲဂယက်အောက်ခြေဗဟိုချက် အမှောင်ထုဆီသို့ ညွှန်ပြနေကြောင်း တွေ့လိုက်ရ၏။

ရွှေကျီးကန်းပုံရိပ်မှလည်း ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ရေဝဲဂယက်အောက်ခြေသို့ ညွှန်ပြနေသည်ကို ရှင်းရှင်းလင်းလင်းတွေ့မြင်ရသည်။

ရွှေကျီးကန်းက အတောင်ပံတစ်ချက်ခတ်လိုက်ရာ ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ရေဝဲဂယက်အလယ်ဟေို အမှောင်ထုထဲသို့ လျင်မြန်စွာပင် ဆင်းသက်ပျောက်ကွယ်သွားသည်။

ရန်ကျောက်ကဲသည်လည်း ပင်လယ်ရေအောက်ကြမ်းပြင် အမှောင်ထုထဲသို့ တိတ်ဆိတ်စွာပင် ဆင်းသက်သွား၏။

အမှောင်ထုထဲသို့ကျရောက်သွားသည်နှင့် တံခါးပေါက်တစ်ခုအတွင်းလှမ်းဝင်ကာ အခြားကမ္ဘာသို့ ဝင်ရောက်သွားသည့်အလား ပတ်ဝန်းကျင်အချိန်နှင့်နေရာ ပြောင်းလဲသွားသည်ကို အာရုံခံလိုက်မိသည်။

“ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုကိုရှာဖွေတုန်းက ခံစားချက်မျိုးပဲ...”

အတွေးနှင့်အတူ ရန်ကျောက်ကဲက သူ့ကိုယ်သူတည်ငြိမ်စေလိုက်ပြီး အားဟူ ၊ ပန်ပန်တို့နှင့်အတူ အမှောင်ထုကို ဖြတ်ကျော်သွားသည်။

သူတို့ရှေ့တွင် အလင်းရောင်ပြန်ပေါ်လာသည့်အခါ အတော်လေး ယိုယွင်းပျက်ဆီးနေသည့် မြင်ကွင်းတစ်ခုက သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာ၏။

သူတို့ရောက်ရှိလာသော ကမ္ဘာတွင် ဝိညာဉ်စွမ်းအားများ ပျောက်ကွယ်သွားခြင်း မရှိသေးသော်လည်း ဖရိုဖရဲဖြစ်နေပြီး ရှုပ်ထွေးလျှက် နားလည်ရန်ခက်ခဲသောအခြေအနေတွင် ရှိနေသည်။

ဤကမ္ဘာက ကြီးမားသည်မဟုတ်ပေ။

ကျောက်ဂူတစ်ခုအဖြစ်တည်ဆောက်ထားသော ယိုးမင်ဧကရာဇ်ဂူဗိမာန်နှင့် တည်ဆောက်ပုံချင်း အနည်းငယ်ဆင်တူသည်။

သူ့အရှေ့မှမြင်ကွင်းကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်ပြီး အချိန်၏တိုက်စားမှုအောက်တွင် အရင်ကနှင့်တူတော့ဘဲ ဟောင်းနွမ်းဆွေးမြေ့လျှက် ရှိသည်။

ဤအသွင်အပြင်ကိုကြည့်ရသည်မှာ ဤကျောင်းတော် အဆက်အနွယ်များသည် ရှေးယခင်ကပင် ပြိုလဲသွားပြီဖြစ်ကြောင်း သေချာစေနိုင်၏။

အဆက်အနွယ်များပျက်ဆီးသွားပြီး အချိန်အတိုင်းအတာ တစ်ခုကြာအောင် မည်သူမှ ပြန်လည်ရောက်ရှိလာခြင်း မရှိကြတော့ပေ။

ဤနေရာကိုတွေ့တော့ တစ်ချိန်ကရောက်ရှိခဲ့ဖူးသည့် လွတ်လပ်သမားတော်’ဟယ်’ ၏ နေရာနှင့်တူသည်ဟုပင် ရန်ကျောက်ကဲ သံသယဝင်ခဲ့သည်။

ထိုနေရာက မဟာကပ်ဘေးကြီးမတိုင်ခင်ကတည်းက တည်ရှိခဲ့သောနေရာဖြစ်ပြီး မဟာကပ်ဘေးကြီးကျရောက်သည့်တိုင် ပျက်ဆီးသွားခြင်းမရှိဘဲ ကျန်ရှိနေခဲ့ပေသည်။

ရန်ကျောက်ကဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တော့ သုံးပေတောင်မှလူများ၏ သဲလွန်စကိုမတွေ့ရပေ။ ထိုသူများက ဤကမ္ဘာငယ်၏ တခြားနေရာသို့ ရောက်ရှိသွားဟန်တူသည်။

အဝေးတွင် မြင့်မားသည့် တောင်တန်းများရှိနေပြီး တောင်ထွတ်များထက်တွင် တိမ်ဖြူများလွှမ်းခြုံနေသည်။ ဤသည်က အလွန်သာမန်ဆန်သောမြင်ကွင်းဖြစ်ပြီး ဤနေရာ၏ နောက်ခံသမိုင်းကို ပြောပြရန် ခက်ခဲသည်။

အဖြူရောင်မြူခိုးများကြားတွင် တာအိုကျောင်းတော်တစ်ခု တည်ရှိနေလေသည်။

ရန်ကျောက်ကဲက တာအိုကျောင်းတော်ရှိရာသို့ လမ်းလျှောက်သွားလိုက်သည်။

လမ်းလျှောက်သွားရင်း ဤနေရာ၏ ထူးခြားမှုတစ်ခုကို အာရုံခံလိုက်မိသည်။ အဖြူရောင်မြူခိုးများအလယ်တွင် လမ်းလျှောက်သွားသည့်အခါ ပတ်ဝန်းကျင် အချိန်နှင့်နေရာက အနည်းငယ် ထူးဆန်းသလို ခံစားရ၏။

မြူခိုးများကြားလျှောက်လှမ်းနေချိန် တာအိုကျောင်းတော်နှင့် နီးကပ်လာပုံမပေါ်ဘဲ ဝင်္ကဘာထဲ မျက်စိလည်နေသည့်အလားပင်။

ရန်ကျောက်ကဲ ခေါင်းတစ်ချက်ခါယမ်းလိုက်စဉ် သွေးနီရောင်ဓားအလင်းတန်းတစ်ခုက ရန်ကျောက်ကဲ မျက်ဝန်းများထဲ တောက်ပလာသည်။

ဗလာနယ်အာကာသကို ချိုးဖျက်နိုင်စွမ်းရှိသည့် နတ်ဘုရား ထောင်ချောက်ဓားသိုင်း၏ ထက်ရှမှုအောက်တွင် သူ့အရှေ့မှ မြူခိုးများ ဖြည်းဖြည်းချင်း ပြန့်ကျဲသွားသည်။

သူတို့ရှေ့မှလမ်းက ချက်ချင်းပင် အတားအဆီးမရှိချောမွေ့သွားလေရာ ရန်ကျောက်ကဲက တောင်များအလယ်မှ တာအိုကျောင်းတော်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလိုက်သည်။

ရန်ကျောက်ကဲ ငြိမ်သက်စွာမတ်တတ်ရပ်ရင်း တာအိုကျောင်းတော်ရှေ့တွင် ပြုတ်ကျပျက်ဆီးနေသော ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။

သူက တန်ခိုးစွမ်းအားအသုံးပြုပြီး ဆိုင်းဘုတ်ထက်မှ ဖုံမှုံ့များကိုဖယ်ရှားလိုက်သည့်အခါ ရေးသားထားသော စာလုံးသုံးလုံးကိုတွေ့ရသည်။

“ကျုန်းယွမ်ကျောင်းတော်”

“အထင်ကြီးစရာပါပဲ...”

ရန်ကျောက်ကဲ ရေရွတ်လိုက်သည်။

ဤနေရာက မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ဆောက်ခဲ့ခြင်းလား ၊ မဟာကပ်ဘေးကြီးမတိုင်ခင်ကပင် သီးသန့်နေထိုင်လိုသည့် အင်အားစုတစ်ခုက တည်ဆောက်ခဲ့ခြင်းလား။

မဟာကပ်ဘေးကြီးမတိုင်ခင်ကဆိုလျှင် စကြာဝဠာတစ်ခုလုံးတွင်တည်ရှိသော တန်ခိုးကြီးအင်အားစုများ အားလုံးအကြောင်းကို ကောင်းကင်ဘုံနန်းတော်တွင် မှတ်တမ်းတင်ထားသည်။

တစ်ခုတည်းသောချွင်းချက်မှ စန်းချင်း (၃)ပါး၏ အမွေအနှစ်များ ဖြစ်သည်။

ဤအမွေအနှစ်အများစုက ကောင်းကင်ဘုံနန်းတော်တွင် မှတ်တမ်းတင်ထားသည်မှန်သော်လည်း နှစ်ပေါင်းများစွာ ကြာလာသည့်အခါ အကိုင်းအခက်များပမာ မူကွဲများက များပြားလာပြီး မှတ်တမ်း တင်နိုင်ခြင်း မရှိတော့ဘဲ ကျန်ရစ်ခဲ့သည့် အရာများ ရှိနေနိုင်သည်။

ရန်ကျောက်ကဲက ခဏမျှလမ်းဆက်လျှောက်သွားချိန် သူ့စိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။

လှမ်းကြည့်လိုက်တော့ စောစောကမြူခိုးများဖုံးလွှမ်းနေသောနေရာတွင် ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ရ၏။

ထိုသူများက သုံးပေတောင်မှအုပ်စုဖြစ်သည်။

သုံးပေတောင်မှလူများ၏မြန်နှုန်းက ရန်ကျောက်ကဲ၏ နတ်ဘုရား ထောင်ချောက်ဓားသိုင်းကို မယှဉ်နိုင်သဖြင့် ရန်ကျောက်ကဲက သူတို့ထက်အရင် ဤနေရာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

သုံးပေတောင်မှလူများ တာအိုကျောင်းတော်ရှိရာသို့ လှမ်းမျှော်ကြည့်လိုက်သည့်အခါ တာအိုကျောင်းတော်အနီးတွင် မတ်တတ်ရပ်နေသည့် ရန်ကျောက်ကဲနှင့် အားဟူကို တွေ့လိုက်ရသည်။

သူတို့အားလုံး မျက်နှာပျက်သွားကြသည်။

စိတ်မကောင်းစရာမှာ တာအိုကျောင်းတော်မှာ သူတို့နှင့်ဝေးကွာပုံမရသော်လည်း အဖြူရောင်မြူခိုးများအောက်မှာတော့ ကမ္ဘာခြားနေသည့်အလားပင်။

All Chapters