အရင်ရောက်ရင်အရင်ရမှာပဲ ၊ အရည်အချင်းပေါ်ပဲမူတည်တယ်
Vol. 67 Ch. 945
အခန်း (၉၄၅) အရင်ရောက်ရင်အရင်ရမှာပဲ ၊ အရည်အချင်းပေါ်ပဲမူတည်တယ်
ရန်ကျောက်ကဲက သုံးပေတောင်မှလူများကို တစ်ချက်ကြည့်လိုက်ပြီးနောက် တာအိုကျောင်းတော်ကြီး၏ အဓိကဝင်ပေါက်ဆီသို့ လှည့်ထွက်သွားသည်။
“ဘိုးဘေးတွေက နောင်လာနောက်သားတွေအရိပ်ရဖို့ သစ်ပင်တွေစိုက်ပျိုးကြတယ် ၊ ဒီနေရာကို ဘယ်ဆရာသခင်က တည်ဆောက်ခဲ့မှန်းမသိပေမယ့် ရန်ကျောက်ကဲ အပြစ်ပြုမိပါပြီ”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲ တံခါးကိုတွန်းဖွင့်ပြီး တာအိုကျောင်းတော်ထဲသို့ ဝင်ရောက်သွားသည်။
တာအိုကျောင်းတော်ထဲတွင် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ရှိနေလေသည်။ သစ်ပင်က ကြီးမားခြင်းမရှိသော်လည်း အိုဟောင်းနေပြီး အခက်အလက်အရွက်များ အိုဟောင်းနေပြီ ဖြစ်သည်။
အနည်းငယ်စိမ်းလန်းနေသေးသည့်တိုင် သစ်ပင်၏ပင်စည်ကတော့ အခေါင်းပေါက်ဖြစ်နေပေပြီ။
“ရှေးဟောင်းပိုးစာပင်”
ရန်ကျောက်ကဲ ရေရွတ်ရင်း ဖြည်းညင်းစွာ ခေါင်းညိတ်လိုက်၏။
ဤသစ်ပင်က မွှေးပျံ့သောရနံရှိသည့်အရွက်များပါရှိပြီး ထူးဆန်းသော ဝိညာဉ်စွမ်းအားသစ်ပင်တစ်ပင် ဖြစ်သည်။ ကျင့်ကြံသူများ စိတ်အင်အားပြည့်ဝစေရန်အတွက် ဤသစ်ပင်အောက်တွင်ထိုင်ကာ ကျင့်ကြံလေ့ ရှိကြသည်။
ဤသစ်ပင်ကို အထက်ဘုံကမ္ဘာတွင် ရံဖန်ရံခါတွေ့ရှိနိုင်ကြောင်း မုကျန်းပြောပြသည်ကို ရန်ကျောက်ကဲ ကြားသိဖူး၏။
သို့သော် သူ့အရှေ့မှ ရှေးဟောင်းပိုးစာပင်သည် သက်တမ်း နှစ်ပေါင်းတစ်သောင်းခန့်ရှိနိုင်သည်ဟု ရန်ကျောက်ကဲက အကြမ်းဖျင်းဆုံးဖြတ်လိုက်သည်။
ဤ ကျောက်ဂူအိမ်တော်ကြီးထဲတွင်စီးဆင်းနေသည့် အချိန်ကာလက အထက်ဘုံကမ္ဘာထက် များစွာနှေးကွေးသည်။
ဤတွက်ချက်မှုအပေါ် အခြေခံ၍ ဤပိုးစာပင်သည် မဟာကပ်ဘေးကြီးမတိုင်ခင်က ဖြစ်တည်ခဲ့သောအပင်တစ်ပင် ဖြစ်နိုင်သည်။
သို့ဆိုလျှင် ဤတာအိုကျောင်းတော်ကြီးသည်လည်း မဟာကပ်ဘေးကြီးမတိုင်ခင်က တည်ရှိခဲ့သောအရာ ဖြစ်ဟန်တူသည်။
“ဒီကျောင်းတော်ပိုင်ရှင်က မဟာကပ်ဘေးကြီးကြောင့် သေဆုံးသွားတာလား ၊ ဒါမှမဟုတ် တခြားအကြောင်းရင်း ရှိသလားပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
ထို့နောက် ရန်ကျောက်ကဲ ၊ အားဟူနှင့် ပန်ပန်တို့ တာအိုကျောင်းတော် ပင်မခန်းဆောင်သို့ ဝင်ရောက်သွားသည်။ သို့သော် စန်းချင်း (၃)ပါး ရုပ်တုများကို မတွေ့ရှိရဘဲ ခန်းမထဲတွင် ဗလာကျင်းလျှက် ရှိသည်။
သူတို့ခြေလှမ်းဝင်ရောက်လိုက်သည်နှင့် သူတို့ရှေ့မှ ခန်းမက ချက်ချင်းပြောင်းလဲသွားသည်။
ရုတ်ခြည်းပင် မိုးမြေတစ်ခွင်လုံးအား အဝါရောင်သဲများဖြင့် လွှမ်းခြုံသွားသည်။
ဤနေရာသည် အရာခပ်သိမ်းကို ပြောင်းလဲနိုင်သော ကိုယ်ပိုင်ကမ္ဘာတစ်ခုပမာပင်။
မူလပိုင်ရှင်မရှိတော့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီဖြစ်သည့်တိုင် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်ရပ်များကို ပြောင်းလဲနိုင်စွမ်း ရှိနေသေးသည်။
အဝါရောင်သဲမုန်တိုင်းများက တောရိုင်းပင်လယ်ဒေသမှ မဟူရာမှော်မိစ္ဆာမြူခိုးများထက် ပိုမိုပြင်းထန်သည်။
မုန်တိုင်းထဲတွင်ရှိနေသော ကျောက်တုံးကျောက်ခဲများက သလင်းကျောက်များပမာ တောက်ပနေသည်။
ထိုသလင်းကျောက်တစ်ခုထိမိရုံဖြင့် သိုင်းသူတော်စင်တစ်ယောက် အရိုးတခြားအသားတခြား ဖြစ်သွားစေရန် လုံလောက်သည်။ သဲမုန်တိုင်းတိုက်ခတ်လာသည်နှင့် လူတစ်ယောက်၏ခန္ဓာကိုယ်အား ဇကာပေါက်ဖြစ်သွားစေနိုင်သည်။
ကြောက်စရာကောင်းသည့်အချက်မှာ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားဖြင့် တွန်းလှန်ပိတ်ဆို့လျှင်တောင်မှ လွတ်မြောက်ရန် မလွယ်ကူနိုင်ပေ။
အားဟူက...
“သခင်လေး... ဒီနေရာရဲ့မူလပိုင်ရှင်က အသက်ရှိစဉ်တုန်းက ကျင့်ကြံခြင်းအဆင့် အတော်လေး မြင့်မားမယ်ထင်တယ် ၊ သူက ဘယ်သူလဲမသိဘူး”
ရန်ကျောက်ကဲက ကောင်းကင်ဝါးမျို ကမ္ဘာမြေဖျက်ဆီး ဓားသေတ္တာကိုထုတ်ယူလိုက်သည်။ ဓားသေတ္တာကို တစ်ချက်ပုတ်လိုက်ရာ သေတ္တာပွင့်သွားပြီး အတွင်းမှ ရှေးဟောင်းကြေးဝါဓား တစ်လက် ထွက်ပေါ်လာကာ အနက်ရောင်အလင်းတန်းများ တောက်ပလာသည်။
မိစ္ဆာဓားတောင်းတျဲနှင့် ရန်ကျောက်ကဲ၏ ဓားသိုင်းပညာပေါင်းစပ်လိုက်သည့်အခါ တွင်းနက်တစ်ခု ဖြစ်တည်လာပြီး သဲမုန်တိုင်းများအားလုံးကို စုပ်ယူမျိုချလိုက်သည်။
လေပြင်းများနှင့် ရောနှောနေသော အဝါရောင်သဲများက အရပ်ရပ်သို့လွင့်ပျံသွားပြီး တွင်းနက်၏စုပ်ယူမှုကို တွန်းလှန်လျှက် ရှိသည်။
လေနှင့်သဲအချို့ကို တွင်းနက်က မျိုချပစ်လိုက်သော်လည်း သဲမုန်တိုင်းက အနက်ရောင်ဓားအလင်းတန်းကိုကျော်ဖြတ်ပြီး ရန်ကျောက်ကဲနှင့်အားဟူတို့ကို တိုက်ခိုက်နေဆဲပင်။
ရန်ကျောက်ကဲက တည်ငြိမ်နေဆဲဖြစ်ပြီး သူ့ဦးခေါင်းထက်တွင် ရွှေရောင်အလင်းတန်းများ ဖြည်းညှင်းစွာ တောက်ပလာသည်။
လေထုထဲတွင် ထူးကဲယန်စည်းတံဆိပ်မြင့်မားစွာထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများထွက်ပေါ်လာကာ သဲမုန်တိုင်းကို ပိတ်ဆို့တားဆီးလိုက်သည်။
ရန်ကျောက်ကဲက မိစ္ဆာဓားတောင်းတျဲကိုလှည့်ပတ်လိုက်ပြီး ပြင်းထန်သော အနက်ရောင်ဓားအလင်းတန်းများက ခံစစ်မှတိုက်စစ်သို့ ပြောင်းလဲသွားသည်။
အရာအားလုံးကို သုတ်သင်ပစ်နိုင်သော နတ်ဘုရားအဆုံးသတ်ဓားသိုင်းနှင့် ပေါင်းစပ်သွားပြီး မိစ္ဆာဓားတောင်းတျဲ၏ထက်ရှမှုက သဲမုန်တိုင်းများကိုထိုးခွင်းကာ အရှေ့ဆီမှလမ်းကို ထိုးခွင်းလိုက်သည်။
ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ရင်း...
“ငါ့ခန့်မှန်းချက်မမှားဘူး ဆိုရင် ဒီကျောင်းတော်ပိုင်ရှင်က အနည်းဆုံးတော့ နတ်ဘုရားတံခါးကို ဖွင့်လှစ်နိုင်ပြီဖြစ်ရမယ် ၊ ဒါပေမဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့် အတိအကျကိုတော့ ပြောဖို့ခက်တယ်”
မဟုတ်ပါက နှစ်ပေါင်းများစွာကာအောင် ဤနေရာမှ အရံအတားများက သက်ရောက်မှု ရှိနေနိုင်မည် မဟုတ်ပေ။
အားဟူ၏မျက်ဝန်းများတောက်ပသွားပြီး...
“သခင်လေး... ဒါဆိုရင် ယိုးမင်ဧကရာဇ်ဂူဗိမာန်လိုမျိုး ဒီနေရာမှာ အမတမှော်ဝင်ပစ္စည်းများ ရှိနေနိုင်မလား”
ရန်ကျောက်ကဲက ဖွင့်လှစ်ထားသောလမ်းအတိုင်းလျှောက်လှမ်းရင်း ပေါ့ပေါ့ပါးပါးပင် ဆိုသည်။
“အဖြစ်နိုင်ဘူး ၊ ဘာလို့လဲဆိုတော့ မူလပိုင်ရှင်က ဒီနေရာမှာ သေဆုံးသွားတာမဟုတ်ဘူးလေ ၊ သူက ထွက်သွားပြီး ပြန်မလာတာလား ၊ အပြင်လောကမှာ သေဆုံးသွားတာလား မသိနိုင်ဘူး”
“ပုံမှန်ဆိုရင် တန်ခိုးစွမ်းအားရှင်တွေ ခရီးထွက်ကြတဲ့အခါ ရတနာပစ္စည်းတွေကို သူတို့နဲ့အတူ ယူဆောင်သွားလေ့ရှိကြတယ်လေ”
“မိစ္ဆာဓားတောင်းတျဲကိုပြုလုပ်တဲ့ ဘိုးဘေး’ဟေး’ လိုမျိုး တစ်နေရာမှာ ရတနာပစ္စည်းတစ်ခုကို ထားခဲ့တယ်ဆိုတာ ရှားပါးဖြစ်ရပ်တစ်ခုပါပဲ”
အားဟူက ခေါင်းတစ်ချက်ကုတ်ရင်း...
“ဒါဖြင့် သခင်လေး... ထိုက်ချင်အဆက်အနွယ် ပညာရပ်တွေရှာဖွေဖို့ ဒီနေရာကိုလာချင်တာလို့ ပြောခဲ့တယ်လေ ၊ အခု မျှော်လင့်ချက်ရှိရဲ့လား”
ရန်ကျောက်ကဲက...
“အဲဒါတော့ မသိသေးဘူး ၊ ဒီနေရာအသွင်အပြင်ကိုကြည့်ရတာ လူတစ်ယောက်ထက်ပိုပြီး နေထိုင်ကြတဲ့ပုံပဲ ၊ မူလပိုင်ရှင်မှာလည်း တပည့်တွေရှိပုံရတယ် ၊ ဆိုတော့... တစ်ခုခုတော့ ရှာတွေ့ရင်လည်း တွေ့မှာပေါ့”
အားဟူက ခေါင်းညိတ်ရင်း...
“အင်း ဟုတ်တယ်”
တဖြည်းဖြည်းရှင်းလင်းသွားသော အဝါရောင်သဲများကို ရန်ကျောက်ကဲကြည့်လိုက်သည်။
အားဟူက ပြုံးရင်း...
“သခင်လေးက လမ်းရှင်းလိုက်ပြီဆိုတော့ နောက်ကလိုက်လာတဲ့ သုံးပေတောင်က လူတွေအတွက် ပိုပြီးလွယ်ကူသွားတာပေါ့”
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...
“ကိစ္စမရှိဘူး ၊ သူတို့လာပါစေပေါ့... အရင်ရောက်တဲ့သူက အရင်ရမှာပဲလေ ၊ အရည်အချင်းအပေါ်ပဲ မူတည်တယ် ၊ ပြိုင်ချင်တယ်ဆိုလည်း အစွမ်းပြရတာပေါ့ ၊ ဘာဖြစ်သလဲ”
သူစကားပြောနေစဉ် လေနှင့် သဲတို့သည် သူ့မျက်လုံးရှေ့တွင် ရုတ်တရက် ပြန့်ကျဲသွားသည်။
သို့သော် သူ့အရှေ့တွင် ထူးဆန်းသည့် မြစ်တစ်စင်းပေါ်လာသည်။ မြစ်ရေများက တဟုန်ထိုးစီးဆင်းလာပြီး ရန်ကျောက်ကဲထံသို့ ဝင်ရောက်လာသည်။
ရန်ကျောက်ကဲက ထူးကဲယန်စည်းတံဆိပ်ဖြင့် ကိုယ့်ကိုယ်ကိုယ်ကာကွယ္ထားပြီး မိစ္ဆာဓားတောင်းတျဲ၏ အနက်ရောင်ဓားအလင်းတန်းများက မြစ်ရေများကို မျိုချပစ်လိုက်သည်။
သို့ရာတွင် သူတို့ရှေ့မှမြစ်ရေက သိသိသာသာပင် ထူးခြားလွန်းသည်။
သူ့လက်ထဲမှ မိစ္ဆာဓားတောင်းတျဲသည်ပင် လေးလံလာသည်ဟု ရန်ကျောက်ကဲ ခံစားမိသည်။
ဓားက ပိုပြီးလေးလံလာသည်။
“လေးလံမြစ်ရေ...”
ရန်ကျောက်ကဲ ရုတ်တရက် သဘောပေါက်သွားသည်။
မဟာကပ်ဘေးကြီး မတိုင်ခင်က ရှန်ဟယ်မြစ်ဟုခေါ်ဆိုသော လေးလံမြစ်ဆိုသည့် မြစ်တစ်စင်း ရှိခဲ့ဖူးသည်။ မြစ်ထဲမှရေက အလွန်တရာများပြားသလို မြစ်ရေကလည်းအလွန်လေးလံသည်။ မြစ်ရေတစ်စက်သည်ပင် တန်ချိန်တစ်သောင်းအထိ အလေးချိန်ရှိသည်။
မြေပြင်သည်ပင် ရေ၏အလေးချိန်ကိုမခံနိုင်ဘဲ မြေအောက်အထိ ဖောက်ထွင်းစီးဆင်းသွားလေ့ရှိသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဆိုရိုးစကားတစ်ခွန်းရှိသည်။
“ကောင်းကင်ထက်တွင် ထျန်းဟယ်မြစ် ၊ မြေပြင်ထက်တွင် ရှန်ဟယ်မြစ်” ဟူ၍ဖြစ်၏။
ဤသည်က လေးလံမြစ်ဟုခေါ်ဆိုသော ရှန်ဟယ်မြစ်အကြောင်း ဖြစ်သည်။
ယခုတော့ ကျုန်းယွမ်ကျောင်းတော် မူလပိုင်ရှင်သည် ရှန်ဟယ်မြစ်မှ ရေအနည်းငယ်ကိုရယူကာ တန်ခိုးစွမ်းအားအသုံးပြုပြီး သူနေထိုင်ရာနေရာသို့ ရွှေ့ပြောင်းထားဟန်ရှိသည်။
“ငါ့ကိုတော့မတားနိုင်ပေမယ့် ဒါကိုချိုးဖျက်ဖို့ အချိန်တစ်ခုတော့ပေးရလိမ့်မယ်”
ရန်ကျောက်ကဲက နှုတ်ခမ်းကို တစ်ချက်ပွတ်သပ်ရင်း သူ့လက်ထဲမှ မိစ္ဆာဓားတောင်းတျဲကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ဓားအလင်းတန်းများက တဖြည်းဖြည်းစုစည်းသွားပြီး ကျဉ်းမြောင်းသည့်အလင်းတန်းတစ်ခု ဖြစ်တည်လာသည်။
ဓားအလင်းတန်းက လေးလံမြစ်ရေထက်ပင်ပိုပြီးလေးလံလာပြီးဓားသွားထိပ်ဖျားတွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
နတ်ဘုရား အဆုံးသတ် ဓားဝိညာဉ်ဖြင့်ပေါင်းစပ်ထားသော မိစ္ဆာဓားဝိညာဉ်သည် ရန်ကျောက်ကဲ၏ လမ်းကြောင်းကို ပိတ်ဆို့ထားသည့် မြစ်ရေများကို ခုတ်ပိုင်းချလိုက်သည်။
အနည်းငယ်နှေးကွေးသွားသည့်တိုင် ရန်ကျောက်ကဲအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းနိုင်ခဲ့သည်။
သို့ရာတွင် သူက မြစ်ရေကိုခုတ်ပိုင်းချလိုက်သည်နှင့် သူ့အရှေ့မှမြင်ကွင်းက ပြောင်းလဲသွားသည်။ မီးတောက်မီးလျှံများ ထွက်ပေါ်လာခြင်းပင်။
ရွှေရောင်မီးတောက်များက လှုပ်ရှားတောက်ပနေခြင်းမရှိဘဲ ထူးထူးခြားခြား ငြိမ်သက်နေကာ ပွင့်နေသော ရွှေရောင်ကြာပန်းများအလား ဖြစ်၏။
“အံ့ဖွယ်မီးလျှံရွှေကြာပန်း”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ရင်း မရပ်မနားရှေ့ဆက်လျှောက်လိုက်သည်။
သူနှင့်နီးကပ်လာသည်နှင့်အမျှ တိတ်ဆိတ်နေသော ရွှေရောင်ကြာပန်းများ ပေါက်ကွဲထွက်သွားပြီး အဆုံးမဲ့မီးလျှံများအဖြစ် ပြောင်းလဲကာ ရန်ကျောက်ကဲကို ဝါးမျိုပစ်လိုက်သည်။
ရန်ကျောက်ကဲက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ဦးခေါင်းထက်မှ ထူးကဲယန်စည်းတံဆိပ်က ရွှေရောင်မီးတောက်များဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ထူးကဲယန်စည်းတံဆိပ်က ခံစစ်အဖြစ်မဟုတ်တော့ဘဲ တိုက်စစ်အဖြစ် မြှင့်တင်လိုက်သည်။
ရွှေရောင်မီးလျှံများက ထူးကဲယန်စည်းတံဆိပ်ကို အန်မတုနိုင်ဘဲ ပေါက်ကွဲထွက်သွားပြီး အများစုက ပျက်စီးသွားကြသည်။ သို့တိုင် ကျန်ရှိသောမီးတောက်များက ရန်ကျောက်ကဲကို တိုက်ခိုက်နေဆဲပင်။
ထိုအချိန် ရန်ကျောက်ကဲလက်ထဲမှ မိစ္ဆာဓားတောင်းတျဲကလှည့်ပတ်သွားပြီး ဓားအလင်းတန်းက ရွှေရောင်မီးတောက်များအားလုံးကို ဝါးမျိုပစ်လိုက်သည်။
ရွှေရောင်မီးတောက်များနှင့်ရင်ဆိုင်နေစဉ်မှာပင် ရန်ကျောက်ကဲစိတ်ထဲ တစ်ချက်လှုပ်ရှားသွားသည်။
နောက်သို့လှည့်ကြည့်လိုက်တော့ သူ့ထံသို့ဝင်ရောက်လာသည့် တောက်ပသော နေရောင်ခြည်ကို တွေ့မြင်လိုက်ရသည်။
ခြေထောက်သုံးချောင်းပါသော ရွှေကျီးကန်းတစ်ကောင် မြင်ကွင်းထဲသို့ ဝင်ရောက်လာသည် မဟုတ်ပါလား။