ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်
Vol. 67 Ch. 946
အခန်း (၉၄၆) ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်
ခြေသုံးချောင်းရွှေကျီးကန်းထွက်ပေါ်လာပြီး နေမင်းက တောက်ပစွာထွန်းလင်းလာသည်။
ဧရာမငှက်ကြီး၏မျက်လုံးများက ရန်ကျောက်ကဲ၏ဦးခေါင်းထက်မှ ထူးကဲယန်စည်းတံဆိပ်ကို စူးစိုက်ကြည့်နေသည်။
မိုးအောက်မြေပြင်တစ်ခွင်တွင် ပါရမီရှင်များအလွန်များပြားသည်။ ပြီးတော့ အဆက်အနွယ် တစ်ခုတည်းသည်ပင် တူညီသည့်သိုင်းပညာတစ်ရပ်တည်းကို သင်ယူလေ့လာခြင်း မရှိကြပေ။
ဤသို့သောအခြေအနေမျိုးတွင် ပညာရပ်တစ်ခုနှင့်တစ်ခုကြား မူကွဲများစွာထွက်ပေါ်လာသည်မှာ မဆန်းပေ။
ထို့ပြင် သိုင်းပညာမူကွဲများစွာကို ကျင့်ကြံကြသူများအနေဖြင့် အချင်းချင်းသဘောထားကွဲလွဲပြီး ဆက်ဆံရေး မကောင်းမွန်သည်များ ဖြစ်ပေါ်လာသည်။
အဓိကကြယ်စင် (၉)လုံးတွင် နေကြယ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ နေမင်းသည် ကောင်းကင်ယံတွင် အတွေ့ရအများဆုံးနှင့် အတောက်ပဆုံးဖြစ်လေရာ လူအတော်များများက နေမင်း၏စွမ်းအားကို လေ့လာကြသည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ဟောက်ယန်နန်းတော် ၊ ရွှေကျီးကန်းတောင်ကြား ၊ ယိုးမင်ဂမ္ဘီရဂိုဏ်းများ အားလုံးသည်ပင် နေမင်း၏တန်ခိုးစွမ်းအားနှင့်ပတ်သက်ပြီး လေ့လာခဲ့ကြသည်။
ယိုးမင်ဂမ္ဘီရဂိုဏ်းကတော့ နေမင်း၏တောက်ပမှုနှင့် လမင်း၏သိမ်မွေ့မှုကို အဓိကထားပြီး နက်နဲသောအလင်းရောင်သဘောတရားများကို လေ့လာသည်။ နေကြယ်ကိုစူးစမ်းလေ့လာခြင်းထက် အလင်းရောင်၏စစ်မှန်သော အဓိပ္ပါယ်ကို ဖော်ထုတ်ရန် ကြိုးစားခဲ့ကြသည်။
ရွှေကျီးကန်းမီးလျှံကျမ်းစာကိုပိုင်ဆိုင်သော ရွှေကျီးကန်းတောင်ကြားက နေမင်း၏လောင်ကျွမ်းမှု ၊ ပြင်းထန်မှု ၊ ကြောက်မက်ဖွယ်ရာကောင်းမှုနှင့် ကမ္ဘာမြေကို ဖျက်ဆီးခြင်းဆီသို့ ဦးတည်လေ့လာသည်။
ထိုကျမ်းစာ၏ သိုင်းပညာအနှစ်သာရတွင် ယန်စွမ်းအားကိုဖော်ထုတ်ရန် ကြိုးစားရုံသာမက မီးဒြပ်စင်၏ စွမ်းအင်လည်း ပါဝင်သည်။
ယှဉ်ပြောရလျှင် နေမင်းတစ်ခုတည်း၏ စစ်မှန်သောစွမ်းအားကို အဖြောင့်တန်းဆုံးလေ့လာသူကတော့ ဟောက်ယန်နန်းတော် ဖြစ်၏။ သူတို့က ဟောက်ရန်ကျမ်းစာကို အခြေခံထားရှိပြီး မဟာနေမင်းကျမ်းဂန်ကို ပိုမိုနက်ရှိုင်းစွာ အာရုံစူးစိုက်သည်။
မဟာကပ်ဘေးကြီးမတိုင်ခင်က ရွှေကျီးကန်းတောင်ကြားနှင့် ဟောက်ယန်နန်းတော်၏ ဆက်ဆံရေးက သဟဇာတမဖြစ်ခဲ့ကြသလို တစ်ယောက်နှင့်တစ်ယောက်လည်း အသိအမှတ်မပြုခဲ့ကြပေ။
သို့သော် ယခု သုံးပေတောင်ကတော့ ရွှေကျီးကန်းတောင်ကြား၏ ပညာအမွေကိုဆက်ခံထားသည့်တိုင် မဟာနေမင်းကျမ်းဂန်ကိုလည်း အလွန်လိုချင်မက်မောသည်။
အဘယ်ကြောင့်ဆိုသော် ရွှေကျီးကန်းမီးလျှံကျမ်းစာကို ပြီးပြည့်စုံလာစေရန် သူတို့အားကူညီပေးခဲ့သည့် အထွတ်ထိပ်ပုဂ္ဂိုလ်ကြီးတစ်ယောက် ပြောခဲ့ဖူးသောစကားတစ်ခွန်း ရှိသောကြောင့်ပင်။
“ဟောက်ယန်ကျမ်းစာသာမက မဟာနေမင်းကျမ်းဂန်နဲ့ ထူးကဲယန်ဖန်ဆင်းခြင်းကျမ်းစာတွေက အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲလို့ နေဝန်းထက်ယံအရှင်သခင်က ပြောခဲ့ဖူးတယ်”
ထိုခဏတွင် ရန်ကျောက်ကဲ၏ ဦးခေါင်းထက်မှ ထူးကဲယန်စည်းတံဆိပ်ကိုတွေ့မြင်သည့်အခါ သုံးပေတောင်မှလူများအားလုံး မျက်နှာအမူအရာ ပြောင်းလဲသွားကြသည်။
“ဂိုဏ်းချုပ်... အရင်တုန်းကသခင်လေးရဲ့လမ်းပြမှုနဲ့ဆိုရင် ဒီကျောက်ဂူအိမ်တော်မှာ ကပ်ဘေး (၃)ခုကိုခံစစ်အဖြစ် ကာကွယ်ထားတယ် ၊ အခု ကျွန်တော်တို့ရှေ့က ရွှေရောင်မီးလျှံကြာပန်းတွေက တတိယကပ်ဘေးပဲ”
လူတစ်ယောက်က ခေါင်းဆောင်အဘိုးအိုအား အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။
“တခြားခံစစ်ဘာမှမရှိတော့ဘူး ၊ ဒီမီးလျှံကြာပန်းတွေကိုချိုးဖျက်ပြီးရင် တာအိုကျောင်းတော်ထဲကို ဝင်လို့ရပြီ”
ခေါင်းဆောင်လာသည့်အဘိုးအိုက လက်ရှိ သုံးပေတောင်သခင်ဖြစ်သည်။ သူ၏အသားအရေက ရွှေရောင်ဖျော့ဖျော့ရှိပြီး မုတ်ဆိတ်မွှေးရှည်များပိုင်ဆိုင်ထားသည်။
သူက အဝေးတစ်နေရာမှ ရန်ကျောက်ကဲကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေရင်း မည်သည့်စကားမှမဆိုပေ။
သူ့ဘေးမှလူက ဆက်ပြောသည်။
“ဒီလူငယ်က ဝါဒတောင်က ရန်ကျောက်ကဲပဲ ၊ ကောလဟလတွေအရတော့ သူက အရမ်းတန်ခိုးစွမ်းအားမြင့်မားတဲ့ ပါရမီရှင်တဲ့ ၊ အခု ကြည့်ရတာ တကယ်မှန်တာပဲ”
"ပိုကြောက်စရာကောင်းတာက သူ့မှာထူးကဲယန်စည်းတံဆိပ်ရှိနေတယ် ၊ ပြီးတော့ သူ့လက်ထဲကဓားကလည်း ထူးကဲယန်စည်းတံဆိပ်လောက်မကောင်းပေမယ့် ထိပ်တန်းအဆင့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုပဲ”
ထိုစကားကိုကြားတော့ အဘိုးအိုက ....
“ဒီဓားက ငါတို့ဂိုဏ်းက ရွှေကျီးကန်းကောင်းကင်ဓားထက်တောင် ပိုပြီးစွမ်းအားမြင့်တယ်”
ရောက်နေကြသည့် သုံးပေတောင်မှသိုင်းသမားများ မျက်မှောင်ကြုတ်လိုက်ကြသည်။
ဘေးနားမှလူက ခေါင်းတစ်ချက်ညိတ်ရင်း ဆက်ပြောသည်။
“ကျွန်တော်တို့ ဝိညာဉ်အလံတွေယူလာပေမယ့် တောရိုင်းပင်လယ်ကိုဖြတ်ဖို့ အများကြီးသုံးခဲ့ရတယ် ၊ တခြားသူကို မြှောက်ပင့်ပြီး ကိုယ့်ကိုယ်ကိုယ် သိက္ခာကျအောင်လုပ်နေတာမဟုတ်ပေမယ့် ကျွန်တော်တို့ ရန်ကျောက်ကဲကို ယှဉ်နိုင်ပါ့မလား”
ထိုစကားကိုကြားတော့ သုံးပေတောင်မှလူများ စိတ်မသက်မသာ ခံစားလိုက်ကြရသည်။
ရန်ကျောက်ကဲက အတားအဆီးများကို တစ်ချက်မတွန့်ဘဲ ဖြတ်ကျော်နေသည်ကိုကြည့်ရင်း သူတို့အားလုံး၏စိတ်ထဲတွင် စကားလုံးတစ်လုံးထွက်ပေါ်လာသည်။
“အကြောက်တရား”
လူတစ်ယောက်က မကျေမနပ်ဖြင့်...
“ဒါဖြင့် ငါတို့ဘာလုပ်ရမလဲ ၊ ဒီအတိုင်း လှည့်ပြန်သွားရမှာလား”
သို့သော် ထိုလူ၏အမူအရာက လျင်မြန်စွာ ပြောင်းလဲသွားသည်။
“ခဏလေး... မင်းလုပ်ချင်တာက...”
ပထမဆုံးစကားပြောသော သုံးပေတောင်မှသိုင်းသမားက...
“မြောက်ဖေးတောင်ထွတ်က ကြာပန်းနီဒေဝီ’ဖုထင်’ နဲ့ ရန်ကျောက်ကဲက အရမ်းရင်းနှီးတယ်လို့ သတင်းတွေထွက်နေတော့... အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒုတိယသခင်လေးက အတော် မကျေမနပ်ဖြစ်နေတာ”
“ဒီတော့ ငါတို့ ရန်ကျောက်ကဲကို ရှင်းပစ်လိုက်ရင် ဒုတိယသခင်လေးအတွက် ခလုတ်ကသင်းတစ်ခု ရှင်းပြီးသား ဖြစ်သွားမယ် ၊ ဒီနေရာက ရတနာပစ္စည်းတွေအပြင် ထူးကဲယန်စည်းတံဆိပ် ၊ မဟာနေမင်းကျမ်းဂန်တွေကိုပါ ရသွားနိုင်တယ် ၊ တစ်ချက်ခုတ် လေးချက်ပြတ်ပေါ့ကွာ”
ထိုစကားကြားတော့ သုံးပေတောင်မှ သိုင်းသမားများအားလုံး တိတ်ဆိတ်သွားကြသည်။
လူတစ်ယောက်က ဖြည်းညင်းစွာဖြင့်...
“မပြေနိုင်တဲ့ရန်ငြိုးတွေဖြစ်ကုန်မှာ စိုးမိတယ်”
သုံးပေတောင်မှလူများက ရန်ငြိုးဖွဲ့ရမည်ကို မကြောက်ရွံသလို သနားညှာတာတတ်သူများလည်း မဟုတ်ပေ။ ထို့ကြောင့် မိုးကြိုးသံတောင်ထွတ်မှ ‘ရှ’ အိမ်တော်ကိုပင် သုတ်သင်ရှင်းလင်းပစ်ခဲ့သည် မဟုတ်ပါလား။
သို့ပေသိ ရန်ကျောက်ကဲ၏ တန်ခိုးစွမ်းအားကို တွေ့မြင်ပြီးနောက်ပိုင်း သူတို့အားလုံး တွန့်ဆုတ်လျက် ရှိကြသည်။
ကျားကိုအနိုင်မယူနိုင်ပါက ကျားက ကိုယ့်ကိုဒဏ်ရာရအောင် ပြန်လုပ်သွားနိုင်ပေသည်။
"ကိစ္စမရှိဘူး"
အချိန်အတန်ကြာအောင် စကားမပြောဘဲ တိတ်ဆိတ်နေသည့် သုံးပေတောင်သခင် အဘိုးအိုက စကားဆိုလိုက်သည်။
“အရင်က စီစဉ်ထားတဲ့ အရန်အစီအစဉ်အတိုင်း လုပ်လိုက်ကြတာပေါ့”
ထို့နောက် အဘိုးအို၏လက်ထဲတွင် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။ ဓားသွားထက်တွင် ခြေသုံးချောင်းရှိသော ရွှေရောင်ကျီးကန်းပုံသဏ္ဌန်ရှိနေပြီး တောက်ပသောအလင်းတန်းများ ထွက်ပေါ်နေသည်။
အခြားတစ်ဖက်ရှိ သုံးပေတောင်မှသိုင်းသမားလက်ထဲမှာတော့ တောက်ပသည့် အဝါရောင် အမိန့်ပေးအလံတစ်ခု ကိုင်ထားသည်။
သူက အမိန့်ပေးအလံကို ဝှေ့ယမ်းလိုက်ရာ ကျီးကန်းအော်သံတစ်သံထွက်ပေါ်လာသည်။
ထိုကျီးကန်းအော်သံက သာမန်ကျီးကန်းအော်သံကဲ့သို့ ခြောက်သွေ့ကြမ်းတမ်းခြင်း မရှိဘဲ လျှို့ဝှက်ဆန်းကြယ်ပြီး လှပသည်။ ထိုအသံက နေရောင်ခြည်ပမာ တက်ကြွမှုအပြည့်ရှိနေသည်။
ထိုအလံမှထွက်ပေါ်လာသော နေရောင်ခြည်မီးလျှံများက ထူးကဲယန်စည်းတံဆိပ်အလားပင် စွမ်းအားကြီးမားလွန်းလှ၏။
ထိုအရာထွက်ပေါ်လာကတည်းက ရန်ကျောက်ကဲကလည်း ချက်ချင်း အာရုံခံလိုက်မိသည်။
သေသေချာချာ ကြည့်လိုက်တော့ ကျီးကန်းအော်သံနှင့်အတူ ရွှေရောင်ကျီးကန်း ပုံရိပ်တစ်ခုပေါ်လာသည်ကို တွေ့ရ၏။ နေရောင်ကဲ့သို့တောက်ပနေသော ကျီးကန်းမျက်လုံးနှစ်လုံးက ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။
“ရွှေရောင်ကျီးကန်းအမျက်တရားဝိညာဉ်ကို ချိတ်ပိတ်ထားတဲ့ ဝိညာဉ်အလံပဲ”
ရန်ကျောက်ကဲ သဘောပေါက်သွားသည်။
“ဒီရွှေကျီးကန်းက အသက်ရှင်နေတုန်းကဆိုရင် အတော်လေး အစွမ်းကြီးနိုင်တယ် ၊ မဟူရာမှော်မိစ္ဆာမြူခိုးတွေကို ဖြတ်ကျော်ပြီး တောရိုင်းပင်လယ်ထဲကို ဝင်ရောက်နိုင်တာ မအံ့သြတော့ပါဘူး”
သို့သော် ဤနည်းလမ်းဖြင့် ရွှေကျီးကန်း အကြွင်းအကျန်ဝိညာဉ်ကို အသက်သွင်းနေသရွေ့ ဝိညာဉ်စွမ်းအားက တဖြည်းဖြည်း ကုန်ဆုံးသွားမည် ဖြစ်သည်။ နောက်ဆုံးတွင် ဝိညာဉ်စွမ်းအားပျက်စီးသွားပြီး ဘယ်တော့မှသုံးမရအောင် ပျောက်ကွယ်သွားပေလိမ့်မည်။
အမှန်တော့ ဤဝိညာဉ်အလံက သုံးပေတောင်၏ အဖိုးအတန်ဆုံး ရတနာပစ္စည်းဖြစ်သည်။ ဂိုဏ်းရှိလူတိုင်းက ၎င်းကို အလွန်မြတ်နိုးကြပြီး အလွယ်တကူ အသုံးမပြုနိုင်ပေ။
ယခု သုံးပေတောင်က ကျုန်းယွမ်ကျောင်းတော်ကိုရှာဖွေရန်အတွက် ဤအလံကို အများအပြားအသုံးပြုခဲ့သည်ဟု ဆိုနိုင်သည်။
ဝိညာဉ်အလံကို ဝှေ့ယမ်းလိုက်သည်နှင့် ရွှေကျီးကန်း၏ အကြွင်းအကျန်ဝိညာဉ်ထါက်ပေါ်လာပြီး ရန်ကျောက်ကဲထံသို့ အရှိန်အဟုန်ပြင်းစွာဖြင့် ဝင်ရောက်လာသည်။
သုံးပေတောင်သခင်အဘိုးအိုက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ရှည်လျားသော ဓားတစ်လက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ရန်ကျောက်ကဲ၏ ဦးခေါင်းကို ခုတ်ပိုင်းချလိုက်သည်။
ဓားအလင်းတန်းက ရွှေရောင်ကျီးကန်း အကြွင်းအကျန် ဝိညာဉ်နှင့် ပေါင်းစပ်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးတောက်မီးလျှံများ လွှမ်းခြုံသွားသည်။
ကွမ်းမင်ဂိုဏ်းချုပ်လော့ကျီးထောင်တွင် နေလစကြာဆိုသော အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုရှိသည်။ သို့သော် သူ့အရှေ့မှ ရွှေကျီးကန်းနှင့် နှိုင်းယှဉ်လိုက်လျှင် နေမင်းကြီးနှင့် ဖယောင်းတိုင်ပမာ နေလစကြာက အလွန်တရာမှေးမှိန်သွားသည်။
ဤသို့သောတိုက်ခိုက်မှုနှင့်ရင်ဆိုင်ရသည့်အခါ သိုင်းသူတော်စင် နဝမအဆင့်ရှိသူသည်ပင် ထိပ်တိုက်ရင်ဆိုင်ဝံ့ခြင်း မရှိဘဲ အစွန်းတစ်ဖက်သို့ ခဏမျှ ရှောင်တိမ်းလိုက်ရမည် ဖြစ်၏။
ရန်ကျောက်ကဲစိတ်ထဲတွင် ဟောက်ယန်အရှင်သခင် ဖေးဟွာ၏ တန်ခိုးစွမ်းအားအငွေ့အသက်ကိုပင် အနည်းငယ် ခံစားလိုက်ရသည်။
“ဒီလို ပြတ်ပြတ်သားသားတိုက်လိုက်တာ ပိုကောင်းပါတယ်”
ရန်ကျောက်ကဲမှာ ရွှေရောင်မီးလျှံကြာပန်းများနှင့် ရွှေကျီးကန်းအလယ်တွင် ပိတ်မိနေခဲ့သည်။
နှစ်ဖက်ညှပ်တိုက်ခိုက်ခံရသည့်တိုင် ရန်ကျောက်ကဲက ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။
ထူးကဲယန်စည်းတံဆိပ်က ရန်ကျောက်ကဲလက်ဖဝါးထက် ကျဆင်းလာချိန် မိစ္ဆာဓားတောင်းတျဲက လေထုထဲတွင် စက်ဝိုင်းအသွင် လှည့်ပတ်သွားသည်။
ဓားအလင်းတန်းလှည့်ပတ်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်အလင်းတန်းများ လွှမ်းခြုံသွားသည်။
ထိုအနက်ရောင်အလင်းတန်းများအလယ်တွင် အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာလေသည်။