← Chapters

လျို့ဝှက်နည်းစနစ်

Vol. 10 Ch. 139

လျို့ဝှက်နည်းစနစ်

Vol. 10 Ch. 139

ဓားဆန္ဒကို ရှောင်လီက ထုတ်ဖော်ပြပြီးတဲ့ နောက်မှာတော့ နောက်ထပ် ဘယ်သူကမှ စင်မြင့် ၁ ကို စိန်မခေါ်ရဲတော့ပါဘူး။

ဓားဆန္ဒကို အသုံးပြုနိုင်တဲ့ ရှောင်လီကို စိန်ခေါ်တယ် ဆိုတာက ရူးနေလို့ပါပဲ။

ဒီလောကမှာတော့ ဓားဆန္ဒကို နားလည် သဘောပေါက် ပြီးသွားတဲ့ သူတွေကိုသာ အစစ်အမှန် ဓားသမားတွေလို့ သတ်မှတ်နိုင်တာပါ။ မဟုတ်ရင်တော့ မင်းက ဓားသမားလို့ အခေါ်ခံဖို့ မထိုက်တန်သေးပါဘူး။

“ရှောင်လီ … မင်းရဲ့ ဓားသိုင်းကို ငါစမ်းကြည့်မယ်”

လျူဝူဟောင်က စင်မြင့် ၁ ပေါ်ကို ခုန်တက်သွားပါတယ်။

ရှောင်လီက လျူဝူဟောင်ကို ထူးဆန်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး …

“ညီလေးလျူ … ငါတို့နှစ်ယောက် တိုက်ခိုက်တာက ဘာအဓိပ္ပာယ်မှ မရှိဘူး ထင်တယ်နော်။

မင်းကလည်း ထိပ်ဆုံး ၁၀ယောက်ထဲ ဝင်မှာပဲ။ ငါကလည်း ထို့အတူပဲလေ။ ဘာလို့ အပင်ပန်းခံပြီး တိုက်ခိုက်နေမှာလဲ”

လျူဝူဟောင်က အေးစက်စက် လေသံဖြင့် …

“ဘာမှ အကျိုးမရှိတာကို ငါသိတယ်။ ဒါပေမဲ့ ဘယ်သူက အတွင်းစည်း နံပါတ်၁ တပည့်လဲ ဆိုတာကို တခြားသူတွေကို တိတိကျကျ သိစေချင်လို့ပဲ"

“ဟုတ်ပြီလေ … တိုက်ကြတာပေါ့"

ရှောင်လီက လျူဝူဟောင်ကို ကြောက်မနေပါဘူး။ သူက အကျိုးမရှိဘဲ မတိုက်ခိုက် ချင်တာပါ။

“ရွက်ကြွေဓားနဲ့ အာဏာရှင်ဓားတို့ တိုက်ကြတော့မယ်ဟေ့ "

“ဘယ်သူက အထက်စီးကနေ တိုက်နိုင်မယ်လို့ မင်းထင်လဲ"

“ရှူး … စကားမပြောနဲ့။ ပွဲကို အေးအေးဆေးဆေး ကြည့်စမ်း "

လူအားလုံးရဲ့ အာရုံကို စင်မြင့်၁က ဆွဲဆောင်လိုက်ပါပြီ။ သူတို့ရဲ့ မျက်လုံးတွေကိုတောင် မျက်တောင် တစ်ချက်မှ ခတ်မယ့်ပုံ မပေါ်တော့ပါဘူး။

“ဒီလျူဝူဟောင်က အရိုးထဲကနေ သူတစ်ပါးကို အနိုင်ယူချင်စိတ် ပါလာတာပဲ ဖြစ်ရမယ်။

လီဖူချန်းက လျူဝူဟောင်လို လူမျိုးကိုတော့ အနည်းငယ် နှစ်ခြိုက်ပါတယ်။ ဒီလို လူတွေက ယုတ်မာပြီး နောက်ကျောကနေ ဓားနဲ့ ထိုးတတ်သူတွေ မဟုတ်ပါဘူး။ မျက်နှာချင်းဆိုင် ပြောင်တိုက်ခိုက်တဲ့ သူတွေပါ။ လျူဝူဟောင်ရဲ့ အာဏာရှင် ဆန်တဲ့ အပြုအမူတွေ သူတစ်ပါးကို အားကိုးပြီး အတင်းအနိုင်ယူနေတာမျိုး မဟုတ်ပါဘူး။ ကိုယ်ပိုင်အစွမ်းအစနဲ့ ကိုယ်တတ်နိုင်လို့ အနိုင်ယူတာပါ။ တွေ့သမျှ လူတိုင်းကို အထက်စီးကနေပဲ။ မင်းက ငါ့လောက်မတော်ပါဘူး ဆိုပြီး ဆက်ဆံပါတယ်။ ဒါက အတင်း လုပ်ယူထားတာ မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ မွေးကတည်းက ဗီဇပါ။ သူက ဘယ်သူနဲ့ပဲ တွေ့တွေ့ အထက်စီးကပဲ နေမှာပါပဲ။

ဒါသည်သာ လျူဝူဟောင်ကို အာဏာရှင်ဓား ဆိုပြီး ဖြစ်လာစေတာပါ။ အဲဒါက သူ့ရဲ့ ဓားတာအိုပါဘဲ။ လျူဝူဟောင် တစ်ယောက် ရိုကျိုး နိမ့်ကျသွားပြီ ဆိုတာနဲ့ သူ့ရဲ့ ဓားတာအို လမ်းကြောင်းက လွဲပါပြီဘဲ။ ပြီးတော့ လျူဝူဟောင်ရဲ့ နောက်ထပ်ကောင်းတဲ့ အကျင့်က မတရားတာတွေ့ရင် ဝင်ပါတတ်တာပါဘဲ။ လျူဝူဟောင်နဲ့ လီဖူချန်း ပြဿနာ စဖြစ်တာကလည်း လီဖူချန်းက ယန်အိုတို့ကို ဒူးထောက်ခိုင်းထားတဲ့ အတွက် အမြင်ကပ် တာကနေ စတာပါ။

ဒါပေမဲ့ ဒီလို ဓားတာအိုမျိုးက အစွန်းသိပ်ရောက်လွန်းတဲ့အတွက် ထိန်းချုပ်နိုင်ဖို့ ခက်ပါတယ်။ မင်းက အခုတော့ သူများကိုနိုင်နေရင်တော့ သိပ်မသိသာသေးပါဘူး။ အေး မင်းစရှုံးပြီဟေ့ ဆိုတာနဲ့ ဓားတာအို လမ်းကြောင်းက ကမောက်ကမ စဖြစ်ပါပြီ။

လူတစ်ကာကို လွှမ်းမိုး အုပ်ချုပ်ချင်တဲ့ အာဏာရှင်တာအို ဆိုတာက တစ်ပွဲမှ ရှုံးလို့ကို မရပါဘူးလေ။

ထန် စင်မြင့် ၁ ပေါ်မှာတော့ ရှောင်လီနဲ့ လျူဝူဟောင်တို့ရဲ့ ဓားချင်းယှဉ်ပြိုင်မှုက စတင်နေပါပြီ။

ရှောင်လီရဲ့ ဓားသိုင်းပုံစံက မာယာအရမ်းများပြီး ဝေခွဲရခက်ပါတယ်။ ကောင်းကင်ဘုံ ၉ ခုက တိုက်ခတ်လာတဲ့ လေရူးလိုပါဘဲ။ ခန့်မှန်းလို့ မရဘူး ၊ နားလည်ဖို့လည်း ခက်ပါတယ်။

လျူဝူဟောင်ရဲ့ ဓားသိုင်းပုံစံကတော့ လုံးဝ ပြတ်ပြတ်သားသားပါပဲ။ အားလုံးကို ငါလွှမ်းမိုးချုပ်ကိုင်မယ်။ ငါ့လမ်းမှာ ရှိတဲ့သူတွေကတော့ အကုန် ဖယ်ရင် ဖယ်၊ မဖယ်ရင်တော့ ပျက်စီးစေရမယ်။

သူတို့နှစ်ယောက်ကြားက တိုက်ပွဲက ဓားသိုင်းချင်း ယှဉ်တာ ဖြစ်သလို ဓားဆန္ဒချင်း ယှဉ်တာလည်း ဖြစ်ပါတယ်။

ရလဒ်ကတော့ သိပိမကြာခင်မှာပဲ ပေါ်လာတော့မှာပါ။ ဓားဆန္ဒအား ပိုကောင်းတဲ့ လူကတော့ နိုင်မှာ အသေအချာပါဘဲ။

“လီဖူချန်း … ဘယ်သူနိုင်မယ်လို့ နင်ထင်လဲ“

ဇောင်မင်းယွီက မေးလိုက်ပါတယ်။

လီဖူချန်းက မဆိုင်းမတွပင် “လျူဝူဟောင်” လို့ ဖြေလိုက်ပါတယ်။

“မဖြစ်နိုင်ဘူး ထင်တယ်။ အစ်ကိုရှောင်ရဲ့ ဓားသိုင်းကလည်း လျော့တွက်လို့မရဘူး” ချန်ဖန်းဟွာက လီဖူချန်းရဲ့ အဖြေကို ဆန့်ကျင်ပါတယ်။

လီဖူချန်းက ရှင်းပြလိုက်ပါတယ်။

”ဓားဆန္ဒကို နားလည် သဘောပေါက်တယ် ဆိုတာက လူတစ်ယောက်ရဲ့ စိတ်စွမ်းအားနဲ့ မဆိုင်ဘူး။ ဒါပေမဲ့ ဓားဆန္ဒကို နားလည်ပြီးသွားရင်တော့ စိတ်စွမ်းအားက စကားပြောလာပြီ။ လျုဝူဟောင်ရဲ့ ဓားဆန္ဒက အာဏာရှင်ဆန်တယ်။ သူက အရာအားလုံးကို လွှမ်းမိုး ချုပ်ကိုင်ချင်နေတာ။ သူ့ရဲ့ ဓားသိုင်းနဲ့ သူ့ရဲ့ ဓားဆန္ဒက တစ်ထပ်တည်းပဲ။ လူနဲ့ ဓားနဲ့ တစ်ထပ်တည်း ဖြစ်သွားတဲ့အခါမှာ ဓားကွက်ရဲ့ အစွမ်းကို အဆုံးစွန်အထိ ထုတ်ယူ အသုံးပြုနိုင်တယ်”

လီဖူချန်း ခန့်မှန်း ထားခဲ့သလိုပါပဲ။ ရှောင်လီက ဓားကွက် ၁၀၀ ကျော်သွားတာနဲ့ စပြီး အရေး နိမ့်လာပါတော့တယ်။

“ရှောင်လီ … ငါ့ရဲ့ တိမ်ပျံဓားသိုင်းကို မြည်းကြည့်စမ်း"

လျူဝူဟောင် လက်ထဲက အနက်ရောင် သံဓားက လျှပ်ပြက်သလို လျက်မြန်လာပါတော့တယ်။ မိုးရွာခါနီး အချိန်မှာ တိမ်တိုက်တွေကြားကနေ လျှပ်စီး လက်သလိုပါဘဲ။ အဲဒီ အရှိန်အဝါက ရှောင်လီကိုပါ လွှမ်းမိုးသွားတယ်လေ။

“ပြင်းထန်လိုက်တဲ့ ဓားချက်ပါလား” ရှောင်လီက အတတ်နိုင်ဆုံး ခုခံဖို့ ကြိုးစားလိုက်ပါတယ်။

ထန် …။ ရှောင်လီက လွင့်ထွက်သွားပြီး စင်မြင့်ပေါ်ကနေတောင် ပြုတ်ကျလုနီးပါး ဖြစ်သွားပါတယ်။

ရှောင်လီက ပြန်တိုက်ဖို့ မစဉ်းစားတော့ပါဘူး။

“ညီလေးလျူ မင်းနိုင်ပါတယ်။ ငါအရှုံးပေးတယ် "

သူ့ရဲ့ ကောင်းကင်ပြို ဓားဆန္ဒက လျူဝူဟောင်ရဲ့ တိမ်ပျံဓားဆန္ဒကို မမီဘူးဆိုတာကို နားလည် လိုက်တဲ့အတွက် ရှောင်လီက အေးအေးဆေးဆေးဘဲ အရှုံးပေးလိုက်ပါတယ်။

လျုဝူဟောင်က ရှောင်လီကို ဂရုမစိုက်ဘဲ စင်အောက်က လီဖူချန်းကို စိန်ခေါ်တဲ့ အကြည့်နဲ့ ကြည့်လိုက်ပါတယ်။

လီဖူချန်းကတေ့ာ အေးအေးဆေးဆေးပါဘဲ။

“မင်းက အခုမှ တိုက်လို့ပြီးတာ။ ငါအခု မင်းကို စိန်ခေါ်လိုက်ရင် ငါအနိုင်ကျင့်သလို ဖြစ်သွားမှာပေါ့”

“ငါကအခုမှ သွေးပူရုံပဲ ရှိသေးတာ။ လာစမ်းပါဟ။ မင်းသတ္တိ ကြောင်နေရင်တော့ စင်ပေါ် မတက်လာနဲ့ပေါ့"

လျူဝူဟောင်ကလည်း အလျှော့ မပေးဘဲ စိန်ခေါ်နေပါတယ်။

“မင်းက ဒီလောက် စိန်ခေါ်နေမှတော့ ငါလာပြီကွာ "

လီဖူချန်းက ကိုယ်ဖော့ပညာ သုံးပြီး စင်မြင့် ၁ ကို ခုန်တက် သွားပါတယ်။

လျူဝူဟောင်က လက်ညှိုး တစ်ချောင်း ထောင်ပြလိုက်ပါတယ်။

“အကွက် ၁၀၀ ပဲ“

လီဖူချန်းကလည်း ပြုံးပြီး …

“အကွက် တစ်ထောင်တောင် မင်းငါ့ကို နိုင်မှာ မဟုတ်ဘူး"

သူက လျူဝူဟောင် ဘာပြောချင်တာလဲ ကို ကောင်းကောင်းကြီး နားလည်ပါတယ်။

သူ့ပြိုင်ဖက်က လီဖူချန်းကို အကွက်၁၀၀ အတွင်း အနိုင်ယူမယ်လို့ ပြောနေတာပါ။

“ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာကို။ အကွက် ၁၀၀ အတွင်းမှာပဲ မင်းကို စင်အောက် ကန်ချပစ်မယ်"

လျူဝူဟောင်က သူ့ရဲ့ ဓားကို ထုတ်ပြီး ဓားကွက် ခင်းလိုက်ပါတယ်။ သူ့ပုံစံက ဧကရာဇ်တစ်ပါး တိုင်းခန်း လှည့်လည်နေသလိုပါဘဲ။ သူက လီဖူချန်းကို လုံးဝ ညှာမယ့်ပုံ မရှိပါဘူး။

“အစ်ကိုရှောင်က မင်းရဲ့ဓားဆန္ဒကို မယှဉ်နိုင်ပေမယ့် ငါကတော့ ယှဉ်နိုင်တယ်ကွ"

လီဖူချန်းကလည်း သူရဲ့ ဓားကွက်ကို ခင်းလိုက်ပါပြီ။ ကြယ်တစ်စင်း ကြွေကျလာသလို တောက်ပနေတဲ့ ဓားချက်တွေကတော့ စတင်လာပါပြီလေ။

ထန် ထန် ထန် …။

နှစ်ယောက်စလုံးရဲ့ ဓားတွေက အလွန် လျင်မြန်စွာ လှုပ်ရှားနေကျပါတယ်။ အချိန်တိုလေး အတွင်းမှာဘဲ သူတို့က ဓားကွက် အမြောက်အမြားကို ဖလှယ်ပြီးသွားပါပြီ။

“ဒီလောက်မြန်တဲ့ ဓားချက်တွေ ။ ငါဆိုရင် သိုင်းကွက် တစ်ဝက်နဲ့တောင် ရှုံးမလားပဲ"

“အာဏာရှင်ဓား လျူဝူဟောင်။ ဓားနတ်ဆိုး လီဖူချန်း …။

ဒါကတော့ တကယ့် ဓားသမား နှစ်ယောက်ရဲ့ တိုက်ပွဲပဲ။ ငါရဲ့ နှလုံးခုန်သံတွေက စိတ်လှုပ်ရှားလွန်းလို့ ထိန်းချုပ်လို့တောင် မရတော့ဘူး။

လူအားလုံးက အသက်ရှုဖို့တောင် သတိ မရဘဲ မျက်တောင် မခတ်တမ်း ကြည့်နေပါတယ်။

လီဖူချန်းရဲ့ ဘွဲ့နာမည် ဖြစ်တဲ့ ဓားနတ်ဆိုး ဆိုတဲ့ အမည်က အတွင်းစည်း တပည့်တွေ ပေးလိုက်တဲ့ နာမည် ဖြစ်ပါတယ်။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ နဲ့ ဓားဆန္ဒကို အသုံးပြုနိုင်တဲ့သူ။ ဓားအရူး သူတော်နဲ့ ပါရမီ အတူတူပဲလို့ ချီးကျူး ခံရတဲ့သူ။ ဒီလို လူကမှ ဓားနတ်ဆိုးလို့ အမည်မတွင်ရင် ဘယ်ဖြစ်ပါ့မလဲလေ။ အတွင်းစည်း ဂိုဏ်းသားတွေကလည်း လီဖူချန်းနဲ့ ဓားနတ်ဆိုးဆိုတဲ့ နာမည်က အတော်လေး လိုက်ဖက်ညီတယ်လို့ ခံစားနေရပါတယ်။

ဒီလိုဘွဲ့နာမည်ဆိုတာက လွယ်လွယ်နဲ့ ရမှာတော့ မဟုတ်ပါဘူး။

လီဖူချန်းက ဓားနတ်ဆိုးဆိုတဲ့ အမည်နဲ့ ထိုက်တန် တာကို ပြဖို့အတွက် အနည်းဆုံးတော့ အာဏာရှင် ဓားသမားရဲ့ သိုင်းကွက် ရာချီလောက်ကိုတော့ ခံနိုင်ရည် ရှိရပါဦးမယ်။

“ဒီနှစ်ယောက်နဲ့ ယှဉ်လိုက်ရင်တော့ ငါက ဘာမှကို မဟုတ်သေးပါလား “ချန်ဖန်းဟွာက မခံချိမခံသာဖြင့် ရေရွတ်လိုက်ပါတယ်။

သူမက လီဖူချန်း တစ်ယောက် ဘယ်အဆင့်က ယနေ့အဆင့်အထိ ရောက်လာရသလဲ ဆိုတာကို အသိဆုံးပါဘဲ။

မိစ္ဆာသွေးသားရဲ မြို့မှာတုန်းက ဆိုရင် လီဖူချန်းရဲ့ စွမ်းရည်က အဆင့်၂ ထိပ်တန်း သားရဲတစ်ကောင်ကိုတောင် ယှဉ်မတိုက်နိုင်ခဲ့တဲ့ အတွက် သူမက ကူညီ ပေးခဲ့ရတယ်လေ။ အခုတော့ ဘယ်လောက်မှတောင် မကြာသေးဘဲ လီဖူချန်းက သူမကို ကျော်တက်သွားခဲ့ပါပြီ။

ဒီကိစ္စကြီးက သူမကို လုံးဝ နေမထိထိုင်မသာ ဖြစ်နေစေပါတယ်။

ဇောင်မင်းယွီကတော့ သူမ ခံစား နေရတာကို နားလည်တဲ့ပုံပါဘဲ။

“အစ်မတော်ချန် … ညီမရဲ့ အဘိုးတစ်ခါ ပြောဖူးတယ်။ ဒီကမ္ဘာကြီးက မယုံနိုင်လောက်အောင် အစွမ်းထက်တဲ့ ပါရမီရှင်တွေကို မွေးထုတ် ပေးနေတာတဲ့။ တစ်နေ့ ကျရင် မင်းဘယ်လိုမှ ယှဉ်လို့ မရတဲ့ ပါရမီရှင်တွေကို တွေ့ရလိမ့်မယ်တဲ့။ အဲဒီလို လူတွေကို ညီမရဲ့ အဘိုးကိုယ်တိုင် ငယ်တုန်းက ခဏခဏကြုံဖူးပါတယ်။ ညီမရဲ့ အဘိုးကတော့ အဲဒီလိုလူတွေကို သွားယှဉ်ဖို့ မကြိုးစားဘဲ သူတို့ မိုးပေါ်တက်သွားတာကို ဘေးကနေပဲ အားပေးနေလိုက်တယ်တဲ့။ ဒါကြောင့် မလို့ အစ်မလည်း စိတ်ဓာတ် ကျမနေပါနဲ့"

ချန်ဖန်းဟွာကို ရယ်လိုက်ပြီး

“ငါက ဘာဖြစ်လို့ စိတ်ဓာတ်ကျနေရမှာတုံးဟဲ့။ ညီမဇောင် … မင်းကငါ့ကို တော်တော် အထင်သေးနေတာပဲ။ ငါက ငါ့ရဲ့ တည်ရှိနေမှု အကြောင်းကို စဉ်းစားနေတာ။ ငါတို့ မိုးပြာရောင် ဂိုဏ်းမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာ ဟုတ်တယ်။ ဒါပေမဲ့ တစ်လောကလုံးနဲ့ ယှဉ်လိုက်ရင်တော့ ငါတို့ မိုးပြာရောင်ဂိုဏ်းက ပါရမီရှင်တွေက သာမန်ဘဲ။ တကယ်လို့ လူတစ်ယောက်က ကျင့်ကြံခြင်း လောကရဲ့ ဟိုးထိပ်ဆုံးမှာ ရပ်နေချင်တယ်ဆိုရင်တော့ မရေမတွက်နိုင်တဲ့ နယ်မြေအသီးသီးက လက်ရွေးစဉ် ပါရမီရှင်တွေနဲ့ ယှဉ်ရမှာပဲ။ ငါကတော့ ဒီလို ဖိအားမျိုးကို မလိုချင်ပါဘူး။ ဒါကြောင့် မောင်လေးလီကိုပဲ ဒီဖိအားတွေကို သယ်သွားခိုင်း    ကြတာပေါ့ဟာ"

သူတို့နှစ်ယောက် စကား ပြောနေတုန်းမှာပဲ တိုက်ပွဲကတော့ အရှိန် အမြင့်ဆုံးကို ရောက်လာခဲ့ပါပြီ။

လျူဝူဟောင်ရဲ့ အစွမ်းအစကလည်း အံ့မခန်းပါပဲ။

လီဖူချန်းက မီးနဂါး လျို့ဝှက် နည်းစနစ်ကို ထုတ်မသုံးသေး သရွေ့တော့ အနိုင်အရှုံးကလည်း ကွဲပြားသေးမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ လျုဝူဟောင်က ကျင့်ကြံခြင်း အဆင့် ၂ ဆင့် တောင်မှ သာနေတာလေ။

“လီဖူချန်း မင်းရဲ့အစွမ်းက ဒီလောက်ပဲ ရှိတယ် ဆိုရင်တော့ အရှုံးပေးဖို့ ပြင်ထားလိုက်တော့"

“နှင်းစွမ်းအား “

လျုဝူဟောင်က အနောက်ကို အနည်းငယ် ဆုတ်လိုက်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်က အခိုးအငွေ့တွေ ထွက်လာပြီး ကြောက်စရာ ကောင်းတဲ့ ချီအရှိန်အဝါတွေက ကောင်းကင်သို့ တိုင်အောင် ထိုးတက်သွားပါတယ်။ ထို့နောက်မှာတော့ လျူဝူဟောင်က အရင်ကထက် ပိုမြန်တဲ့ အရှိန်နဲ့ ချည်းကပ် လာပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။ ဓားရဲ့ ပြင်းအားကလည်း ဓားဆယ်လက်လောက် ပေါင်းပြီး တစ်ခါတည်း ခုတ်ချ လိုက်သလိုပါပဲ။

“ဒါက ကြယ်နှစ်ပွင့် အဆင့် ရှိတဲ့ နှင်းစွမ်းအား လျို့ဝှက်နည်းစနစ်ဘဲ”

“အတွင်းစည်းဂိုဏ်းထဲမှာတော့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေဘဲ ဒီလို လျို့ဝှက်နည်းစနစ်ကို လေ့ကျင့်ခွင့်ရှိတာ။ လီဖူချန်းကတော့ အန္တရာယ်များပြီဟေ့”

အတွင်းစည်း ဂိုဏ်းသားတွေထဲမှာ တော်တော်များများက ဒီပညာရပ်အကြောင်း ကြားဖူးကြပါတယ်။ သူတို့က ဒီလျို့ဝှက် နည်းစနစ် ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ ဆိုတာကို ကောင်းကောင်းကြီးသိပါတယ်။ ဒီပညာရပ်က အသုံးပြုသူရဲ့ ချီတွေကို အမြင့်ဆုံးအရှိနဲ့ တုန်ခါစေပြီး တိုက်ခိုက်နိုင်စွမ်းကို တိုးမြှင့်ပေးစေတယ်လေ။

“ညီလေးလီကတော့ ရှုံးတော့မှာပဲ “ရှောင်လီက မျက်နှာ လွှဲလိုက်ပါတယ်။

“လျူဝူဟောင် … မင်းတစ်ယောက်တည်း လျို့ဝှက် နည်းစနစ် တတ်တယ်လို့ ထင်နေတာလား။ ငါလည်း တစ်ခု တတ်ထားတယ်ကွ”

လီဖူချန်းကလည်း မီးနဂါး လျို့ဝှက် နည်းစနစ်အတိုင်း အတွင်းအားတွေကို လည်ပတ်လိုက်ပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါတွေကလည်း ပေါက်ကွဲထွက်လာပြီး ကောင်းကင်သို့ တက်သွားကာ လျုဝူဟောင်ရဲ့ ချီ အရှိန်အဝါတွေကို ဖိနှိပ်ထားလိုက်ပါတယ်။

***

All Chapters