ဓားနတ်ဆိုးတဲ့ဟေး
Vol. 10 Ch. 140
“ဒါက ကြယ်၃ပွင့် လျို့ဝှက် နည်းစနစ်ပဲ“
ဇောင်ဝူကျင်းက ချက်ချင်း တန်း သိလိုက်ပါတယ်။
မီးနဂါး လျို့ဝှက် နည်းစနစ်ကို အသုံးပြုလိုက်တဲ့ နောက်မှာတော့ ကြက်သွေးရောင် မီးတောင်ချီတွေက မီးနဂါးချီတွေ အဖြစ် ပြောင်းလဲ သွားပါတယ်။ အဲဒီ ချီပေါက်ကွဲမှုက ကောင်းကင်အထိ ထိုးတက်သွားပြီး နဂါးတစ်ကောင်ရဲ့ အငွေ့အသက်တွေပါ ထွက်ပေါ်လာတဲ့အတွက် ကြည့်ရှုနေတဲ့ အတွင်းစည်း ဂိုဏ်းသားတွေရဲ့ စိတ်နှလုံးကိုပါ တုန်လှုပ် ချောက်ချား သွားစေတယ်လေ။
လီဖူချန်းရဲ့ ချီအရှိန်အဝါ လွှမ်းမိုးမှုကို ခံလိုက်ရတဲ့ လျုဝူဟောင် ကတော့ ဖိအားကို စတင် ခံစားနေရပါပြီ။ အဲဒါက သူ့ရဲ့ ဓားသိုင်းကိုတောင် အနည်းငယ် ထိခိုက်စေလာပါတယ်။
“ဟမ့်…… ဒါက အလကား အတုအယောင်တွေဘဲ။ လျူဝူဟောင် အားမလျော့လိုက်နဲ့။ ဒီကောင်ရဲ့ တကယ့်စွမ်းရည် အစစ်အမှန်က ငါ့ကို မမီနိုင်သေးဘူး”
လျူဝူဟောင်က သူ့ကိုယ်သူ အားတင်းပြီး သတိပေးလိုက်ပါတယ်။
တချို့သော လျို့ဝှက် နည်းစနစ်တွေက ချီအရှိန်အဝါကိုဘဲ ပြောင်းလဲစေနိုင်တာလေ။ တကယ့် စွမ်းရည်တွေကိုတော့ မတိုးတက်စေလာပါဘူး။
“မင်းငါ့ကို မနိုင်ပါဘူးကွာ "
လျို့ဝှက်နည်းစနစ်ကို ထုတ်သုံးအပြီးမှာတော့ လျူဝူဟောင်ရဲ့ စွမ်းရည်တွေက ပိုပိုပြီး အားကောင်း လာပါတယ်။ သူက သူ့ရဲ့ အတွင်းတွေကို အကုန် ထုတ်လိုက်ပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါတယ်။
“မင်းကသာ ငါ့ကို မနိုင်တာဟ "
လီဖူချန်းက မီးတောင်ချော်ရည်တွေလို ပူပြင်းတဲ့ ချီစွမ်းအား တစ်ခုက သူ့ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတာကို ပြန်ခံစားနေရပါတယ်။ အဲဒါက သူ့ကို မီးတောင်တစ်ခုထဲ ရောက်နေသလို ပူလောင် စေတဲ့အတွက် အဲဒီ ချီအတွင်းအားတွေကို အပြင်ကို ထုတ်လွှတ် ပစ်ချင်စိတ်တွေ တစ်ဖွားဖွား ဖြစ်ပေါ်နေပါပြီ။
လီဖူချန်းက သူ့ဘဝမှာ အမြန်ဆုံးလို့ ဆိုရမယ့် ကြယ်ကြွေ ဓားကွက်ကို ထုတ်ဖော် အသုံးပြုလိုက်ပါတယ်။ သူ့ရဲ့ဓားချက်က မြန်လွန်းလို့ ပွဲကြည့်ပရိသတ်တွေက မြင်တောင် မမြင်လိုက်ရပါဘူး။ ထို့အတွက်ကြောင့် ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိလိုက်ကြပါဘူး။ မြေကမ္ဘာ အဆင့်ကို ရောက်နေတဲ့ အတွင်းစည်း ကြီးကြပ်ရေးမှုးတွေတောင်မှ ဓားကွက်ရဲ့ လားရာနဲ့ ဓားသွားကို မကြည့်မြင်နိုင် ကြဘူးလေ။ သူတို့သိလိုက်တာက ကောင်းကင်ကနေ ကြယ်တစ်စင်း ကြွေကျလာသလို အလင်းတန်းကြီး လီဖူချန်းလက်ထဲကနေ ထွက်ပေါ်လာတယ်ဆိုတာပါဘဲ။ ဒီအလင်းရောင်က တကယ်ကို လှပလွန်းလို့ လူတိုင်းကိုပါ မှိန်းမောသွားစေပါတယ်။
လီဖူချန်းရဲ့ ဓားက လျူဝူဟောင်ရဲ့ ပုခုံးကို ထိုးစိုက်ပြီး သွားတာတောင်မှ လျူဝူဟောင်က သူ့ကိုယ်သူ ဓားချက် ထိသွားမှန်း မသိသေးပါဘူး။
မကြာခင် သွေးတွေ စိမ့်ထွက်လာတော့မှ သူရှုံးနိမ့်သွားပြီ ဆိုတာကို သိလိုက်တာပါ။
သူ့ရဲ့ အာဏာရှင်ဆန်တဲ့ ဓားတာအို လမ်းကြောင်းကတော့ ရှုံးနိမ့် သွားခဲ့ပါပြီ။ ပြီးတော့ သူက မရှုံးနိမ့်ချင်ဆုံး လူဆီမှာမှ ရှုံးသွားတာပါ။
“ငါဘယ်လိုဖြစ်ပြီး ရှုံးနိမ့်သွားရတာလဲ“
လျူဝူဟောင်ရဲ့ မျက်လုံးတွေကို ကြည့်ရတာ လုံးဝ အသက်မဲ့ သွားခဲ့ပါပြီ။
လျူဝူဟောင်ရဲ့ အခြေအနေကို ကြည့်ုပြီး လီဖူချန်းက ခေါင်းခါ လိုက်မိပါတယ်။ ဒါက အရာရာကို လွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ သူရဲ့ ဓားတာအိုပါပဲ။ တစ်ကြိမ်လေး ရှုံးနိမ့်လိုက်တာနဲ့ စိတ်စွမ်းအင်တွေ ပြိုကွဲသွားပြီး ယုံကြည်ချက်တွေ ပျောက်ဆုံး ကုန်တာပါပဲ။ ထို့အတူ ဓားဆန္ဒကလည်း အားနည်းသွားမှာလေ။
“မင်းရဲ့ ဓားတာအိုက အရမ်း အစွန်း ရောက်လွန်းတယ်။ မင်းမကြာခင်မှာ နာလန် ပြန်ထူလာနိုင်မှာပါ” လီဖူချန်းက ခပ်တိုးတိုးလေး အားပေး လိုက်ပါတယ်။
အတွင်းစည်း ပညာသင် တပည့် နှစ်ယောက်က လျူဝူဟောင်ကို စင်ပေါ်က ဆင်းဖို့ ကူညီဖေးမ သွားပါတယ်။ ပြိုင်ပွဲ ကွင်းပြင် တစ်ခုလုံးကတော့ ချီးကျူး သြဘာပေးသံတွေနဲ့ ဆူညံနေပါပြီလေ။
“ဓားနတ်ဆိုးတဲ့ဟေး …"
“ဓားနတ်ဆိုး လီဖူချန်းတဲ့ကွ"
အတွင်းစည်း တပည့်အချို့ကတော့ လက်ခုပ် လက်ဝါး တီးပြီးကို အားပေး နေကြတာပါ။
“အာဏာရှင်ဓား အစ်ကိုလျုတောင်မှ ရှုံးသွားသေးတာလား။ ငါအိပ်မက်များ မက်နေတာလားဟ"
“ဒါက လုံးဝကို ယုတ္ထိ မရှိဘူးနော်။ ဒီလို ပြဇာတ် ဆန်တဲ့ အရာက တကယ်ကို ဖြစ်လာတာလား။ အစောပိုင်းတုန်းက လီဖူချန်းကို ရှုံ့ချခဲ့တဲ့ ငါ့ပါးစပ်ကိုဘဲ ငါပိတ်ရိုက် ပစ်ချင်တယ်။ ငါတို့က လီဖူချန်းကို ဝေဖန်ဖို့ ဘာအဆင့်မှ မရှိသေးဘူးပဲ"
“သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် နတ်ဆိုး တစ်ကောင်လို အစွမ်း ထက်နေရတာလဲ။ ငါထင်တာကတော့ လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံက ဆင့်ကဲ ပြောင်းလဲနိုင်တဲ့ အရိုး ကိုယ်ထည်ပဲ ဖြစ်ရမယ်။ ဒါကြောင့် သာမန် အရိုး တည်ဆောက်ပုံ စမ်းသပ်တဲ့ ကျောက်တုံးတွေက အဖြေမှန်ကို ထုတ်မပေးနိုင်တာ”
“ဓားနတ်ဆိုး လီဖူချန်း … ဒီနာမည်က သူနဲ့ အလိုက်ဖက်ဆုံး ပါပဲကွာ”
“ဓားနတ်ဆိုး … ဓားနတ်ဆိုး …။ ငါတို့ရဲ့ ဓားနတ်ဆိုးလေးက ဆေးပင် ၁၀၀ လျို့ဝှက် နယ်မြေမှာလည်း အခုလို မယုံနိုင်စရာ အစွမ်းပြပြီး င့ါတို့ရဲ့ မိုးပြာရောင် ဂိုဏ်းဂုဏ်ကို ဆောင်နိုင်ပါစေကွာ”
အတွင်းစည်း အကြီးအကဲ တစ်ယောက်ကတောင်မှ ဝင်ပြီး ဆုမွန်ကောင်း တောင်းပေးနေပါတယ်။
“သေချာတာပေါ့ကွ။ ဒီဓားနတ်ဆိုးလေးက ဆေးပင် ၁၀၀ လျို့ဝှက် နယ်မြေထဲမှာ တခြားဂိုဏ်းက ပါရမီရှင်တွေကိုပါ အနိုင်ယူပြီး ငါ့တို့ မိုးပြာရောင်ဂိုဏ်းကို ဂုဏ်ယူရအောင် လုပ်ပေးမှာ"
အခု အချိန်မှာတော့ လူအားလုံးက လီဖူချန်းကို ဓားနတ်ဆိုး ဆိုတဲ့ ဘွဲ့နာမည်ကို တညီတညွတ်တည်း ပေးလိုက်ကြပါပြီလေ။
လီဖူချန်းကလည်း ဒီနာမည်နဲ့ ထိုကိတန်တယ် ဆိုတာကို သူ့ကိုယ်သူ သက်သေ ပြခဲ့ပြီးပါပြီ။ အနာဂတ်မှာ သူ့ကို လှောင်ပြောင်ရှုံ့ချရဲတဲ့သူ ရှိတော့မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လည်းဆိုတော့ ဓားနတ်ဆိုးဆိုတဲ့နာမည်က မင်းအလွယ်တစ်ကူ လှောင်ပြောင်လို့ရတဲ့ အရာတစ်ခုမဟုတ်လို့ပါဘဲ။ ဒီနာမည်က အတွင်းစည်း ဂိုဏ်းတစ်ခုလုံးက ပေးထားတာပါ။ မင်းလီဖူချန်းကို စော်ကား လိုက်တာနဲ့ အတွင်းစည်း တစ်ဂိုဏ်းလုံးကို စော်ကား လိုက်တာနဲ့ အတူတူပါပဲ။
***
“အကြီးအကဲ ခေါင်ချုပ် … လီဖူချန်းက ဘယ်တုန်းက ကြယ် ၃ ပွင့် အဆင့်ရှိတဲ့ လျို့ဝှက် နည်းစနစ်ကို ရသွားတာလည်း။ ကျွန်တော်တို့ သူ့ကို စစ်မေး ကြည့်လိုက်ရမလား
“အတွင်းစည်း အကြီးအကဲ တစ်ယောက်က ဇောင်ဝူကျင်းကို မေးလိုက်ပါတယ်။
ဇောင်ဝူကျင်းက ထိုအကြီးအကဲကို လေသံမာမာဖြင့် …
“လူတိုင်းက သူတို့ကံကြမ္မာနဲ့ သူတို့လာတာ။ သူ့ဟာသူ ကြယ် ၅ ပွင့် အဆင့် လျို့ဝှက်နည်းစနစ် ရလာရင်တောင်မှ ငါတို့ အလုပ် မဟုတ်ဘူး။ ငါပြောတာ သဘောပေါက်လား"
“ဒါပေမဲ့ အကြီးအကဲ ခေါင်ချုပ် … ကြယ်၃ပွင့် အဆင့် လျို့ဝှက်နည်း စနစ်တွေက မိုးပြာရောင်ဂိုဏ်းမှာတောင် အနည်းအကျဉ်းပဲ ရှိတာလေ။ အတွင်းစည်း ဂိုဏ်းသား တစ်ယောက်ရဲ့ လက်ထဲမှာ ဒီလိုနည်းစနစ် ရှိနေတာက နှမြောဖို့ ကောင်းလွန်းပါတယ်”
“ငါလီဖူချန်းကို ရှာပြီး အကျိုးအကြောင်း မေးကြည့်လိုက်မယ်။ မင်း ဒီကိစ္စကို ဝင်ပြီး စိတ်မပူနဲ့တော့"
ဇောင်ဝူကျင်းရဲ့ အကြီးအကဲ ခေါင်ချုပ် နေရာကို လူတိုင်းက မျက်စိ ဒေါက်ထောက် ကြည့်နေကြတာပါ။ အခုတော့ လီဖူချန်းက ဇောင်ဝူကျင်း ဘက်က ဝင်ပါမယ့် အဓိက ထောက်တိုင်ကြီး တစ်ခု ဖြစ်လာပါပြီ။ ဒါကြောင့် အကြီးအကဲ တချို့က လီဖူချန်းကို စစ်မေး ချင်နေတာလေ။ ဖြစ်နိုင်မယ်ဆိုရင် သူတို့က လီဖူချန်းကို စစ်မေးရင်းနဲ့ သူတို့ဘက် ပါလာအောင် ဆွဲဆောင် ချင်ပါသေးတယ်။ လီဖူချန်း ပါသွားတဲ့ ဘက်က နောက်တစ်ခါ အတွင်းစည်း အကြီးအကဲ ခေါင်ချုပ် ရွေးချယ်တဲ့ ပွဲမှာ အရေး သာသွားနိုင်တာကို အားလုံးက ရိပ်မိစ ပြုလာပါပြီ။ ဒါပေမဲ့ ဇောင်ဝူကျင်းကလည်း ငအ မဟုတ်ပါဘူး။ အတွင်းစည်း အကြီးအကဲတွေ ဘာလိုချင်လို့ ဘယ်လို ခြေလှမ်း လှမ်းတယ်ဆိုတာကို ချက်ချင်း ရိပ်မိပါတယ်။
ပြီးတော့ ဇောင်ဝူကျင်းရဲ့ စိတ်ထဲမှာ သံသယ တစ်ခု ဝင်နေပါတယ်။
ဒီလီဖူချန်းက လုံးဝကို အရွယ်နဲ့မလိုက်အောင် ထူးချွန်နေတယ်။
ဒီကောင်လေးက တကယ်ကော သာမန် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်နိုင်ပါ့မလား။
ကြည့်ရတာ ဒီကောင်လေးက ထင်ထားတာ ထက်တောင် လျို့ဝှက်မည့် ပုံပါဘဲ။ သူ့ရဲ့ အနာဂတ်ကိုတော့ ဘယ်သူမှ ကြိုတင် ခန့်မှန်းနိုင်မှာတော့ မဟုတ်ပါဘူးလေ။
လီဖူချန်း တစ်ယောက် စင်မြင့် ၁ ကို အပိုင်စား ယူလိုက်ကတည်းက ဘယ် အတွင်းစည်း ဂိုဏ်းသားကမှ စင်မြင့် ၁ ကို ယောင်ပြီး လှည့်မကြည့် ကြတော့ဘူး။ ဟုတ်တယ်လေ။ အာဏာရှင်ဓားကိုတောင် အနိုင်ယူလိုက်တဲ့သူကို ဘယ်သူက ရူးသလို ကြောင်သလိုနဲ့ သွားစိန်ခေါ်ရဲမှာလဲ။ စင်မြင့် ၁ ကတော့ ပြိုင်ပွဲ ပြီးတဲ့ အထိ ခြောက်ကပ် နေတော့မှာပါပဲ။
“ဓားနတ်ဆိုး ဆိုတဲ့ နာမည်က သူနဲ့တကယ်ကို လိုက်ဖက်လွန်းတယ်”
ဇောင်မင်းယွီက စင်အောက်ကနေ လီဖူချန်းကို ရွှန်းရွှန်းစားစား ကြည့်နေရင်းနဲ့ ပြောလိုက်ပါတယ်။
ချန်ဖန်းဟွာကလည်း ရယ်လိုက်ပြီး …
“ဒါပေါ့ဟ။ ဒီလို နာမည်မျိုးကသာ သူနဲ့ လိုက်ဖက်တာ။ ပြီးတော့ သူက ငါ့ရဲ့ မောင်လေးလီပဲလေ။ ဒီလောက်တော့ ရှိရမှာပေါ့ "
အလှပဂေးလေး နှစ်ယောက်ကတော့ လီဖူချန်းကို ပြိုင်တူ စိတ်ဝင်စားနေသည့် ပုံပါပဲ။
ပြိုင်ပွဲကတော့ စင်မြင့် ၁ က လွဲပြီး ကျန်တဲ့ စင်မြင့် ၉ ခုစလုံးမှာ စည်ကားလျက် ရှိနေပါတယ်။
အခွင့်အရေး ၃ ခု။ အခွင့်အရေး တစ်ခုချင်းစီကကို အရမ်း တန်ဖိုး ကြီးလွန်းတယ်။ အဲဒီ အတွက်ကြောင့် အတွင်းစည်း ဂိုဏ်းသားတွေက သူတို့ နိုင်မယ်လို့ ထင်ရတဲ့သူ ရှိတဲ့ စင်မြင့်တွေကိုပဲ အာရုံထား ရှာဖွေနေကျပါတယ်။
ယုဝူရှန်းကလည်း ခေတဲ့ သူတော့ မဟုတ်ပါဘူး။ သူက ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် သူ့ဟာနဲ့ သူတော့ ပါရမီရှင် တစ်ယောက်ပါပဲ။ သူကလည်း လျူဝူဟောင် လိုပါပဲ။ ကြယ်၂ပွင့် လျို့ဝှက် နည်းစနစ်ကို လေ့ကျင့်ထားပါတယ်။ သူ့ရဲ့ မူလ စွမ်းရည်မှာ လျို့ဝှက် နည်းစနစ် ထပ်ပေါင်းလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ အရည်အချင်းက ထိပ်တန်း တစ်ယောက်လို့ သတ်မှတ်လို့ ရလာတဲ့အတွက် စင်မြင့်တစ်ခုကို အပိုင်စား ယူထားပြီးပါပြီ။
ချန်ဖန်းဟွာကတော့ အခြေအနေ သိပ်မကောင်းပါဘူး။ သူမက စင်ပေါ်ကို နှစ်ခါ တက်ပြီးပါပြီ။ တစ်ခါက ကျရှုံးပြီး ဒုတိယအကြိမ်မှာတော့ အောင်မြင် သွားပါတယ်။ ဒါပေမဲ့လည်း သူမကို အနိုင်ယူတဲ့ လူက ချက်ချင်း ပေါ်လာတဲ့အတွက် စင်ပေါ်က ပြန်ဆင်း ခဲ့ရပါတယ်။ သူမက အခုတော့ နောက်ဆုံး အခွင့်အရေး တစ်ကြိမ်ပဲ ကျန်ပါတော့တယ်။
လျူဝူဟောင်ကိုတော့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က ကုသပေးနေပါတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် လျုဝူဟောင်က လီဖူချန်းပြီးရင် အတော်ဆုံး အတွင်းစည်း တပည့် တစ်ယောက်ပင် မဟုတ်ပါလား။ အတွင်းစည်း အကြီးအကဲတွေက ဒီဒဏ်ရာကြောင့် လျူဝူဟောင် တစ်ယောက် ဆေးပင်၁၀၀ လျို့ဝှက်နယ်မြေကို ဝင်ရောက်ခွင့်ရမယ့် အခွင့်အရေး ဆုံးရှုံး သွားရတာမျိုးကို မဖြစ်စေချင်ဘူးလေ။
အကြီးအကဲတွေရဲ့ ကုသပေးမှုက တစ်ဝက်လောက် အရောက်မှာပဲ လျူဝူဟောင်က မျက်လုံးတွေ ပြန်ဖွင့်လာပါတယ်။ သူ့ရဲ့ လူတစ်ကာကို လွှမ်းမိုးနိုင်တဲ့ ချီ အရှိန်အဝါတွေက ပြန်လည် ထွက်ပေါ်လာပါပြီ။
“အကြီးအကဲ ရပါပြီ။ ဆက်မကုပါနဲ့တော့”
“မင်းကအခုမှ ၃၀ ရာခိုင်နှုန်းလောက်ပဲ ပြန်ကောင်းသေးတာ။ မင်းကိုယ်မင်း အရမ်းဖိအား မပေးပါနဲ့ "
“၃၀ ရာခိုင်နှုန်းက ဒီနလပိန်းတုန်းတွေ အတွက်တော့ ပိုတောင် ပိုနေသေးတယ်"
လျူဝူဟောင်က မတ်တတ် ရပ်လိုက်ပြီး စင်မြင့် တစ်ခုဆီကို လျှောက်လှမ်းသွားပါတယ်။
ဆေး ကုသပေးနေတဲ့ အကြီးအကဲကတော့ ပါးစပ်အဟောင်းသားဖြင့် ကျန်နေခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ဓားကတော့ အာဏာရှင်ဓား ပါပဲ။ သူက ဘယ်သူ့ကိုမှ အထင်ကြီး နေမှာ မဟုတ်ပါဘူး။
“မင်းဟာမင်း စင်ပေါ်က အလိုက်တသိ ဆင်းမှာလား။ ငါကန်ချ ရမှာလား“
လျူဝူဟောင်က စင်ပေါ်ကို တစ်လှမ်းချင်း တက်လာပြီး မေးလိုက်ပါတယ်။ သူ့ကို ကြည့်ရတာ လမ်းကိုတောင် အနိုင်နိုင် လျှောက်နေရသည့် ပုံပါပဲ။ ဒါပေမဲ့ အဲဒီ အရာက သူ့ရဲ့ အာဏာရှင် စိတ်ဓာတ်ကို တားဆီးနိုင်မည့်ပုံ မပေါ်ပါဘူး။
လျူဝူဟောင် တက်သွားတဲ့ စင်မြင့်ကတော့ ပိုင်ထောင်ရဲ့ စင်မြင့်ပါပဲ။
“မင်းက ဒဏ်ရာ ရနေတဲ့လူ။ အရင်လို အစွမ်း မရှိတော့ဘူး။ မင်းပါးစပ်ကနေ ပြောနေရုံနဲ့တော့ ငါက ဆင်းသွားပေးမှာ မဟုတ်ဘူး။ လက်တွေ့ မင်းငါ့ကို …"
ပိုင်ထောင်က စကားကိုတောင် ဆုံးအောင် မပြောလိုက်ရသေးပါဘူး။ လျူဝူဟောင်က သူ့ကို စင်ပေါ်က ကန်ချလိုက်ပါတယ်။
“ဆင်းဆို ဆင်းသွားလိုက်ပေါ့။ ဘာကို စောက်စကား များနေတာလဲ“
လျူဝူဟောင်က ရှည်ရှည်ဝေးဝေး ပြောမနေဘဲ လက်တွေ့ပဲ လုပ်ပြလိုက်ပါတယ်။
“အစ်ကိုကြီး အာဏာရှင်ဓား ဆိုပြီး နာမည်ကြီးတာ အလကား မယုတ်ဘူးဟေ့။ သူက ဒဏ်ရာ ရနေတာတောင်မှ အစ်ကိုပိုင်ကို တစ်ချက်တည်းနဲ့ စင်အောက်ကို ကန်ချလိုက်တယ်”
“နှမြောစရာဘဲကွာ။ ဓားနတ်ဆိုးလီဖူချန်းသာ ပေါ်မလာရင် ဒီဘက်နှစ်တွေရဲ့ အတော်ဆုံး အတွင်းစည်း တပည့်က အစ်ကိုလျုပဲ ဖြစ်နေမှာ"
အားလုံးက တိတ်ဆိတ်စွာနဲ့ လျူဝူဟောင်ကို ကြည့်နေကျပါတယ်။
ပိုင်ထောင်ကို စင်ပေါ်က ကန်ချပြီးတာနဲ့ လျူဝူဟောင်က လီဖူချန်းကို လှမ်းကြည့်လိုက်ပြီး …
“မင်းက ငါ့ရဲ့ စိတ်ဓာတ်ကို လွယ်လွယ်နဲ့ ရိုက်ချိုးနိုင်မယ် ထင်နေတာလား။ ငါ့ဓားတာအိုက မင်းလို မပျော့ညံ့ဘူးကွ။ ငါ့ရဲ့ အာဏာရှင် ဓားတာအိုက ဘယ်တော့မှ ပျက်သုဉ်း မသွားမဲ့ ဓားတာအိုပဲ။ ဘယ်သူမှ ငါ့ရဲ့ ဓားလမ်းစဉ်ကို မတားဆီးနိုင်ဘူး။ မင်းဆိုတဲ့ လီဖူချန်းကလည်း တားဆီးလို့ ရမှာမဟုတ်ဘူး”
“တားဆီးလို့ ရမရတော့ ငါသေချာ မသိဘူး။ ဒါပေမဲ့ ငါသိတာ တစ်ခုတော့ ရှိတယ်။ မင်းကို အစောပိုင်းတုန်းက စင်ပေါ်က ကန်ချ လိုက်တာကတော့ ငါပဲ”
လီဖူချန်းက လျူဝူဟောင်ကို လုံးဝ အလျှော့ မပေးပါဘူးလေ။
“မင်း … မင်း …“
လျူဝူဟောင်က ဘာပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတယ်။
သောက်ရမ်း ရင့်သီးလွန်းတယ်။
ဘာဖြစ်လို့ ဓားနတ်ဆိုး လီဖူချန်းက အာဏာရှင်ဓား လျုဝူဟောင် ထက်တောင် စကားပြောတာ ပိုအထက်စီး ဆန်နေပါရောလား။ တကယ်တော့ လီဖူချန်းကို နာမည်ပေးတာ မှားနေတာ။ လီဖူချန်းရဲ့ နာမည်ကမှ အာဏာရှင်ဓား ဖြစ်သင့်နေပါလား။
ဒါက အားလုံးရဲ့ အတွေးထဲမှာ ဖြစ်ပေါ်နေတဲ့ အရာပါ။
လူတစ်ယောက်ကတော့ မှတ်ချက် ချလိုက်ပါတယ်။
“လျူဝူဟောင်ရဲ့ အထက်စီးကနေ စကား ပြောတဲ့ အကျင့်က လူတိုင်းကို သိသာ ထင်ရှားစေတယ်။ တကယ့် တကယ်မှာတော့ လီဖူချန်းက လျူဝူဟောင်ထက်တောင် အထက်စီး ဆန်သေးတယ်ဟ။ ဒါပေမဲ့ လီဖူချန်းက သူ့ရဲ့ အထက်စီးဆန်မှုကို မလိုအပ်ဘဲ ထုတ်မပြထားဘူး”
“ဒီကလေးက တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတာဘဲ "
ဇောင်ဝူကျင်းက အားရပါးရ ရယ်နေပါတယ်။ ရယ်မှာ ပေါ့လေ။ သူ့ကောင် လီဖူချန်းရဲ့ စကားတွေအောက်မှာတင် လျူဝူဟောင်က ရစရာမရှိ ဖြစ်နေတာ မဟုတ်ပါလား။
နောက်ဆုံးမှာတော့ အတွင်းစည်း ထိပ်ဆုံး၁၀ယောက်က ထွက်ပေါ်လာခဲ့ပါပြီ။
ချန်ဖန်းဟွာကလည်း ကံကောင်းစွာနဲ့ ထိပ်ဆုံး၁၀ယောက် စာရင်းမှာ ပါလာခဲ့ပါတယ်။သူမ ကံကောင်းရတဲ့ အကြောင်းအရင်း ကတော့ သူမထက်သာတဲ့ အတွင်းစည်း တပည့်တွေက အခွင့်အရေး ၃ ခု ကုန်သွားလို့ပါပဲ။
ထိပ်ဆုံး ၁၀ ယောက်ကတော့ …
၁။ လီဖူချန်း
၂။ လျူဝူဟောင်
၃။ ရှောင်လီ
၄။ လူယိရှန်
၅။ ပိုင်ထောင်
၆။ ချိုကန်း
၇။ ယုဝူရှန်း
၈။ ချန်ဖန်းဟွာနဲ့ အခြား ကြယ်လေးပွင့် အရိုး တည်ဆောက်ပုံ ရှိတဲ့ တပည့် နှစ်ယောက်ပါပဲ။
အားလုံးပေါင်း ယောကျာ်းလေး ၈ ယောက်နဲ့ မိန်းကလေး ၂ ယောက်ပါ။
ဇောင်ဝူကျင်းက မတ်တတ် ရပ်ပြီး လက်ကို ဝှေ့ယမ်း လိုက်ပါတယ်။ အထူး ပြုလုပ်ထားတဲ့ တံဆိပ်တော် ၁၀ ပြားက ထွက်ပေါ်လာပါတယ်။
“ဒါက ကြယ် ၂ ပွင့် လျို့ဝှက် နည်းစနစ်ကို ကျင့်ခွင့်ပေးတဲ့ တံဆိပ်တောဘဲ။ တစ်ခါပဲ အသုံးပြုလို့ရတယ်။ မင်းတို့မှာ အချိန် ၃ လ ရှိသေးတယ်။ ဒီ ၃ လ အတွင်းမှာ ကြိုက်နှစ်သက်ရာ လျို့ဝှက် နည်းစနစ် တစ်ခုကို ယူပြီး လေ့ကျင့်ပေတော့။ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေ အတွင်းမှာ တစ်ခြားဂိုဏ်းက ပါရမီရှင်တွေလည်း ပေါ်လာလိမ့်မယ်။ မင်းတို့က သတိ မမူမရင်တော့ သူတို့က မင်းတို့ကို သတ်သွားမှာဘဲ။ မင်းတို့ထဲက သေမှာကို ကြောက်တဲ့ လူရှိရင် အခုချိန်မှာ လက်လျှော့လို့ ရသေးတယ်နော်။ ငါက နောက်ထပ် လူတစ်ယောက် ရှာလိုက်မယ် "
ဇောင်ဝူကျင်းရဲ့ စကားကို ကြားပြီးတဲ့ နောက်မှာတော့ လက်လျော့မယ့် သူ တစ်ယောက်မှ မပေါ်လာပါဘူး။
ဟာသပဲ။ ဒီလောက် ခဲခဲယဉ်းယဉ်းနဲ့ ရထားတဲ့ နေရာ တစ်နေရာကို ဘာဖြစ်လို့ သူများကို ပေးလိုက်ရမှာလဲ။ အသက် အန္တရာယ် ရှိတယ် ဆိုတာနဲ့ လက်လျှော့ လိုက်ရမှာလား။ ဒီလောကမှာ မသေနိုင်တဲ့သူ ဘယ်သူရှိလို့လဲ။
“လီဖူချန်း လူအားလုံး ပြန်သွားရင် ငါ့ကို လာတွေ့ဦး "
ဇောင်ဝူကျင်းက လီဖူချန်းကို စိတ်အာရုံနဲ့ စကားပြောပြီး လှည့်ထွက် သွားပါတော့တယ်။
***