သေတ္တာပေါ်က အနောက်ကမ္ဘာမြေသူလေးများ
Vol. 32 Ch. 446
သစ်ပင်အပေါ်ရှိ မိန်းမသည် အနက်ရောင်အင်္ကျီနှင့် အနက်ရောင်ခါးဝတ်ကို တွဲဖက်ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင်မူ ငွေထည်များအား လှပစွာ ဆင်ယင်ထားသည်။ ဆည်းလည်းများ တွဲလောင်းကျနေသော ငွေလက်ကောက်ဆယ်ကွင်းကျော်ကိုလည်း လက်ကောက်ဝတ်တွင် ဝတ်ထား၏။ သူမ၏ပုံပန်းသွင်ပြင်မှာ ရှိန်စဖွယ်ကောင်းပေသည်။ မကြာခင် လူအုပ်ကြားထဲမှ လူတစ်ယောက် ထွက်လာပြီး သူမလက်ထဲရှိ ပန်းချီကားကို ယူကာ ကြော်ညာဘုတ်ပြားအပေါ်တွင် ချိတ်ဆွဲလိုက်သည်။
အစစ်အမှန်နန်းတော်မှ အမျိုးသမီးက သူတို့အားလုံးကို အပေါ်စီးမှ ကြည့်ကာ ပြောလိုက်သည်။ “မဟာမြို့ပျက်သား ဒီဝရမ်းပြေးက အင်မတန် အရေးပါတယ်။ ရက်ပိုင်းလောက်နေရင် မီးကန္တာရကနေ ရောက်လာလိမ့်မယ်။ ဒါကြောင့် သတိထားကြပါ။ သူ့ကို မြင်ရင် သူ သတိထားမိသွားအောင် ရုတ်ရုတ်သဲသဲ မလုပ်ကြနဲ့”
ရှုန်းချီအာက ကလေးပီပီ သွားစပ်စုချင်နေ၍ ချင်မူမှာ သူမ ပျောက်မသွားအောင် လက်သေးသေးလေးအား ဆွဲထားရသည်။
ကြော်ညာဘုတ်ပြားအရှေ့၌ လူများစုပြုံနေကြသဖြင့် တိုးမရပေ။ သို့သော် ရှုန်းချီအာက ချင်မူ့ကို ဆွဲရင်း ရှေ့ဆုံးအထိ ရောက်အောင် တိုးသွားသေး၏။ ချင်မူ ပန်းချီကားကို မော့ကြည့်လိုက်သည့်အခါ ပုံတူအပေါ်၌ ဤသို့ရေးထားသည် - မဟာမြို့ပျက်၏ ဝရမ်းပြေး ချင်မူ။
ရှုန်းချီအာကတော့ အံ့ဩဝမ်းသာနေသည်။ “ဖက်တီးနဂါး၊ နင်လည်း အစ်ကိုတော့်ဘေးမှာ ပါတယ်။ ငါတစ်ယောက်ပဲ မပါတာ”
ပတ်ဝန်းကျင်မှာ လွန်ခဲ့သောတခဏအထိ ကျွတ်ကျွတ်ညံနေခဲ့သော်လည်း ရုတ်ခြည်းပင် တိတ်ဆိတ်ငြိမ်ကျသွား၏။ သူတို့အားလုံး ချင်မူ့ဆီသို့ ကြည့်လိုက်ကြသည်။
ချင်မူက ပြုံးရယ်လျက် ကြော်ညာဘုတ်ပြားကို ကြည့်ကာ မည်သည်ကိုမှ သတိမပြုမိသကဲ့သို့ ရှိနေသည်။ “ဒါ ပန်ကုန်းစုန် ကိုယ်တိုင် ဆွဲထားတဲ့ လက်ရာပဲ။ ရှင်းအန်ကို ငါ့ပုံတူ ဆွဲပေးခဲ့တာလည်း သူပဲ။ သူ့စုတ်ချက်တွေကို ငါ မှတ်မိတယ်”
ဝှစ်
သူ့ပတ်ပတ်လည်တွင် မည်သူမျှမရှိတော့ပေ။ လူအုပ်ကြီးက သူနှင့်ဝေးရာသို့ လူစုခွဲလိုက်ကြသည်။
ချင်မူက ဂရုမစိုက်ဘဲ ဆက်ပြုံးနေသည်။ “မှော်ဆရာသခင်က အပေါင်းအသင်းပေါတာပဲ။ အပြေးလည်း မြန်လွန်းတော့ ငါ မသတ်နိုင်သေးတယ် ဆိုးတယ်”
“မဟာမြို့ပျက်ရဲ့ ဝရမ်းပြေး သေပေတော့”
သူ့အနောက်မှ ဒေါသတကြီး အော်ဟစ်သံ ထွက်လာပြီး သစ်ပင်လူက သူ့ကို နင်းချရန် ဧရာမခြေထောက်ကြီးအား မြှောက်လိုက်သည်။ သစ်ပင်လူသည် အလွန်လေးလံသည့်အပြင် အင်အားလည်း ကြီးမား၏။ သစ်ပင်များက အရေအတွက်များပြားသလို တန်ဖိုးလည်း မမြင့်မားသဖြင့် အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းပညာရှင်များက သစ်ပင်များဖြင့် သွားလာတတ်ကြပြီး တိုက်ပွဲတွင် လက်နက်အဖြစ်လည်း အသုံးပြုတတ်ကြသည်။
သို့သော် အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီး ရွေးချယ်ထားသည့် သစ်ပင်လူက မျိုးကွဲတစ်မျိုးဖြစ်သည်။ ဤသစ်ပင်လူ၏ အကိုင်းအခက်များ၊ ပင်စည်နှင့် သစ်ရွက်များသည် သွေးကဲ့သို့ နီစွေးနေပြီး ရုပ်သွင်ကို ကြည့်ခြင်းအားဖြင့် တိုက်ပွဲများစွာ ဖြတ်ကျော်ခဲ့ဖူးသကဲ့သို့ ရှိန်လောက်ဖွယ်ရာ အငွေ့အသက် ရှိနေ၏။
ချင်မူ လက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်သည့်အခါ သစ်ပင်လူ၏ ကိုယ်ထဲမှ အစိမ်းရောင်မီးလုံးတစ်လုံး ပျံထွက်လာပြီး သစ်ပင်လူမှာ တောင့်တင်းသွားသည်။ ချင်မူက သစ်ပင်၏ဝိညာဉ်ကို နုတ်လိုက်ခြင်းဖြစ်သည်။ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ကို အမျိုးသမီးများကဲ့သို့ ကျွမ်းကျင်စွာ မတတ်မြောက်သော်လည်း သူ အားစိုက်ထည့်ကာ လေ့ကျင့်ခဲ့သေး၏။
အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးက အံ့အားသင့်သွားပြီး သူမခေါင်းပေါ်ရှိ ငွေထည်အဆင်တန်ဆာများက ရုတ်တရက် မြောက်တက်လာကာ ငွေရောင်ဖုန့်ဟွမ်ငှက်အသွင် ဖွဲ့၍ ချင်မူ့ဆီ တရှိန်ထိုး ပြေးဝင်လာသည်။ သူမလက်မောင်းပေါ်ရှိ ငွေလက်ကောက်များကလည်း သူ့ခေါင်းအား ပိုင်းဖြတ်ရန် ပျံထွက်လာကြသည်။
မီးတောက်မီးလျှံများက ချင်မူ့ပတ်ပတ်လည်တွင် တဟုန်းဟုန်း တောက်လာပြီး ငွေဖုန့်ဟွမ်ငှက်နှင့် ငွေလက်ကောက်များမှာ သူ့အနားပင် မရောက်ခင် အရည်ပျော်ကုန်၏။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးက အခြေအနေမဟန်သည်ကို မြင်လျှင် တမုဟုတ်ချင်း လှည့်ပြေးသည်။ သူမအဝတ်စများက တဖတ်ဖတ် လှုပ်လာပြီး သူမအား လေပေါ် ပင့်မပေးလိုက်သည်။ ပျံသန်းခြင်းမှော်အစီအရင်များကိုပင် သုံးစရာမလိုပေ။
“ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်က တကယ် ထူးခြားတာပဲ။ အဝတ်စတွေကို အသုံးချပြီးတောင် ပျံလို့ရတယ်” ချင်မူ တလေးတစား စုပ်သပ်လိုက်မိသည်။ “ကြည့်ရတာ ငါ ဒီကျင့်စဉ်ကို အထင်သေးမိခဲ့တယ်ထင်တယ်”
အမျိုသမီးမှာ အင့်ခနဲ ညည်းတွားကာ ကောင်းကင်ထက်မှ ပြုတ်ကျလာသည်။
“ပြဿနာတက်ပြီဟေး” လူအုပ်ကြီးမှာ အော်ဟစ်ရင်း ထွက်ပြေးသွားကြသည်။ “နိမ့်ကျတဲ့ယောက်ျားတစ်ယောက်က သခင်မတစ်ယောက်ကို သတ်ဖို့ လုပ်နေပြီ”
ချင်မူ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ လမ်းတစ်လမ်းလုံး ပြောင်ရှင်းနေသည်ကို မြင်လိုက်ရသည်။ အိမ်အားလုံးက တံခါးများ၊ ပြတင်းပေါက်များ ပိတ်ထားကြပြီး လူရိပ်ပင် မတွေ့ရပေ။ နဂါးချီလင်နှင့် ရှုန်းချီအာသာ သူ့နောက်တွင် ရပ်လျက် ကျန်ခဲ့ပြီး အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးက မြေကြီးပေါ်တွင် လဲလျက် ရှိနေသည်။ သူမက ကောင်းကင်ယံမှ ပြုတ်ကျသွားသဖြင့် မှင်သက်နေ၏။
“အစစ်အမှန်ကောင်းကင်နန်းတော်ဆီ ဘယ်လိုသွားရမလဲ သိလား” ချင်မူက ဖော်ရွေသောအမူအရာဖြင့် မေးလိုက်သည်။ ထိုအချိန်တွင် အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးက ဆတ်ခနဲ လှည့်လာပြီး သူမခေါင်းပေါ်ရှိ ဆံထိုးများက ဓားများသဖွယ် သူ့မျက်လုံးဆီသို့ ပြေးဝင်လာသည်။ အမျိုးသမီးက ကပျာကယာ ထ၍ လမ်းဘေးရှိ အိမ်တစ်အိမ်သို့ ပြေးသွားကာ ချိတ်ဆွဲထားသော နတ်ဘုရားရုပ်တုအား ဖြုတ်ချလိုက်သည်။
ဝုန်း
အိမ်က မတ်တပ်ထရပ်ပြီး ဘီလူးကြီးအသွင် ပြောင်းသွားသည်။ အခန်းငယ်လေးနှစ်ခန်းက ချင်မူ့အား ရိုက်ချလိုက်သော လက်သီးများ ဖြစ်လာ၏။
ချင်မူ့မျက်လုံးအနားသို့ ရောက်သည့်အခါ ဆံထိုးများမှာ တုံ့ခနဲ ရပ်သွားသည်။ ချင်မူ့သူငယ်အိမ်တွင် ဝင်္ကပါအမှတ်အသားများ လည်ပတ်လာပြီးနောက် ဆံထိုးများမှာ ငွေရည်များအဖြစ် တစက်စက် အရည်ပျော်ကျသွားတော့သည်။
ချင်မူ ခေါင်းမော့လိုက်သည့်အချိန်တွင် သူ့မျက်ဝန်းများမှ ကြယ်ရောင်များ ဖြာထွက်လာပြီး အိမ်ဘီလူးကြီးအား ဖောက်ထွင်းကြည့်လိုက်သည်။ တုပ်တုပ်မှမလှုပ်ရဲဘဲ တုန်ရီနေသော မိသားစုတစ်စုကို ပြတင်းပေါက်မှတစ်ဆင့် သူ မြင်လိုက်ရ၏။
“ဒီနတ်ဘုရားရုပ်တုတွေက အသုံးမတည့်မှန်း ငါ သိသားပဲ” သူ့မျက်လုံးများမှ အလင်းတန်းများက အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးအပေါ်သို့ ကျရောက်သွားပြီး သူက မှင်သေသေ ပြောလိုက်သည်။ “ကောင်းကင်နတ်သိုင်းပညာရှင်ဖြစ်ပြီး ခင်ဗျားက သာမန်လူတွေကို ဂရုမစိုက်ဘူး။ ကျုပ် ခင်ဗျားကို သိပ်ရွံတယ်”
အလင်းတန်းနှစ်တန်းက တစတစ တို၍ သူ့မျက်လုံးများထဲသို့ ပြန်ဝင်သွားသည်။ လည်နေသော ဝင်္ကပါများ ပျောက်ကွယ်သွားပြီး ကြယ်များလည်း ဖြည်းဖြည်းချင်း မှိန်ကျသွားသည်။
အိမ်ဘီလူးကြီးက ဝုန်းခနဲ လဲကျကာ ခပ်ဝိုင်းဝိုင်း အိမ်ငယ်တစ်လုံးအသွင် ပြန်ပြောင်းသွားသည်။
ချင်မူက လှည့်ထွက်လာပြီး အမျိုးသမီးမှာ ခေါင်းမိုးအပေါ်တွင် ကျောက်ရုပ်သဖွယ် ကျန်ခဲ့သည်။ သူမ မလှုပ်ရဲပေ။
ချင်မူ ရှုန်းချီအာကို ချီ၍ နဂါးချီလင်၏ ကျောပေါ်သို့ တင်ပေးနေသည့်အချိန် တံခါးပွင့်သံ ထွက်လာသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးမှာ ထိတ်လန့်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။ “တံခါး မဖွင့်နဲ့...”
ကျွီ
တံခါးက ဖြည်းညင်းစွာ ပွင့်လာနေ၍ အမျိုးသမီးက အော်ဟစ်လိုက်သည်။ “တံခါး မဖွင့်....”
သူမ၏ချီစွမ်းအင်မှာ ခန္ဓာကိုယ်ကို မထိန်းပေးထားနိုင်တော့သည့်အတွက် သူမလည်ပင်းနှင့် ခါးအပေါ်တွင် သွေးအစင်းကြောင်းများ ပေါ်လာသည်။ ထို့နောက် အသားနှစ်တုံးက သူမခါးပေါ်မှ လျှောကျသွားပြီး လမ်းမပေါ်သို့ ဘုတ်ခနဲ ကျလာသည်။ ခြေနှစ်ချောင်းလည်း လျှောကျလာ၏။
“ဂိုဏ်းသခင်က တကယ် သဘောထားကြီးတာပဲ” မြို့လေး၏အပြင်တွင် နဂါးချီလင်က တလေးတစား ချီးကျူးနေသည်။ “အဲဒီမိန်းမက ဒီလောက်ရိုင်းပျတာတောင် ဂိုဏ်းသခင်က...”
သူ ထိုသို့ပြောလိုက်သည့်အချိန်မှာပဲ အနောက်မှ အမျိုးသမီး၏အော်သံကို ကြားလိုက်သဖြင့် ခေါင်းလှည့်ကြည့်လိုက်မိသည်။ ထိုအချိန်မှာ သူမ၏အသားတုံးများ မြေကြီးပေါ် ပြုတ်ကျသွားသည့်အချိန် ဖြစ်၏။ နဂါးချီလင် ကြက်သီးတဖြန်းဖြန်း ထသွားတော့သည်။
ချင်မူက သက်ပြင်းချသည်။ “ငါက သဘောထားမကြီးပါဘူး။ ကောင်းကင်နတ်သိုင်းပညာရှင်ဆိုတာ သာမန်လူတစ်ယောက်ကို မထိရဘူး။ အဲ့ဒါ တားမြစ်ချက်ပဲ။ ငါတို့အားလုံးက လူသားတွေလေ၊ ပိုအားကောင်းတာနဲ့ သူများရဲ့အသက်ကို မဆင်မခြင် ယူရကြေးလား။ ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ မဟာမြို့ပျက်မှာတုန်းကဆို ကောင်းကင်နတ်သိုင်းပညာရှင်တွေကြားက တိုက်ပွဲဟာ အင်မတန် သန့်ရှင်းတယ်။ ပန်ကုန်းစုန်နဲ့ ငါ တိုက်ခိုက်တုန်းကတောင် မြို့ပြင်မှာ တိုက်ခိုက်ခဲ့တာ။ အဘွားစစ် နယ်စပ်နဂါးမြို့ဘုရင်နဲ့ တိုက်ခိုက်တုန်းကလည်း မြို့သူမြို့သားတွေ မထိခိုက်အောင် ကောင်းကင်ထက်မှာ တိုက်ခိုက်ခဲ့တယ်”
နဂါးချီလင် ပါးစပ်ပိတ်ပြီး ဆက်မပြောတော့ပေ။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးအား အသေမသတ်ခဲ့၍ ချင်မူ၏ သဘောထားကြီးမှုကို သူ ချီးကျူးရန် စိတ်ကူးနေခဲ့သော်လည်း သူမ အမှန်တကယ် အသတ်ခံရလိမ့်မည်ဟု မထင်ခဲ့ပေ။ ချင်မူ၏ သဘောထားကြီးမှုသည် သာမန်လူများအတွက်သာ ဖြစ်၏။
ချင်မူမှာ ငယ်ရွယ်စဉ်ကတည်းက ဒုက္ခိတဘိုးဘွားကျေးရွာမှ အဘိုးအဘွားကိုးယောက်၏ ဆုံးမပဲ့ပြင်မှုကို ခံယူခဲ့ရပြီး သူတို့၏စကားလုံးများနှင့် ဥပမာများကို သင်ယူခဲ့၏။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ဆိုသည့် ရာထူးကို ပခုံးတွင် ထမ်းတင်ထားရသော်လည်း အမှားနှင့် အမှန်ကို ရှင်းရှင်းလင်းလင်း ခွဲခြားတတ်လေသည်။
ထိုအရည်အချင်းတစ်ခုတည်းနှင့်တင် ထင်ရှားကျော်ကြားသော ဂိုဏ်းများမှ သမတ်သမတ်လမ်းစဉ်လျှောက်သူများထက် သူက သာနေပြီဖြစ်သည်။
“ချီအာ အစစ်အမှန်ကောင်းကင်နန်းတော် ဘယ်ဘက်မှာ ရှိလဲ သိတယ်မလား” ချင်မူ မေးလိုက်မိသည်။
ရှုန်းချီအာက ခေါင်းယမ်းပြသည်။ “မယ်မယ်က လိုက်ဖမ်းတာ မခံရအောင် ချောင်ကြိုချောင်ကြားကနေ ဖြတ်လာခဲ့တာ။ ညီမလေး လမ်းမမှတ်မိဘူး”
ချင်မူ တစ်ယောက်တည်း ရေရွတ်နေပြီးနောက် ပြောလိုက်သည်။ “ဖက်တီးနဂါး၊ လမ်းမကြီးအတိုင်း သွားကြစို့။ မြို့ကြီးတစ်မြို့ရောက်ရင် မေးကြည့်ရမယ်။ အဲဒီက လူတွေကတော့ အစစ်အမှန်ကောင်းကင်နန်းတော် ဘယ်မှာရှိလဲ သိလောက်မှာပါ”
နဂါးချီလင်က လမ်းမကြီးအတိုင်း လျှောက်ရင်း ဆယ်မိုင်ကျော် ရောက်လာသည်။ တဖြည်းဖြည်း လမ်းသွားလမ်းလာများ များပြားလာ၏။ လမ်းမကြီးက အလွန်ကျယ်ပြီး ပြန့်ပြူးညီညာနေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ လမ်းများထက် ကောင်းမွန်၏။
လမ်းဘေးရှိ မြစ်သည်လည်း ကြမ်းပြင်ကိုပင် မြင်ရသည်အထိ ကြည်လင်နေသည်။ ငါးများ၊ လိပ်များနှင့် မြွေများ ကူးခတ်သွားလာနေသည်ကို မြင်တွေ့ရပြီး ၎င်းတို့က သေးသေးမွှားမွှားများ မဟုတ်ကြပေ။ မြစ်ပြင်တစ်လျှောက် အသော့ပြေးနေကြသော ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် သိုင်းသမားများလည်း ရှိကြသည်။ အများစုက မိန်းမများဖြစ်သော်လည်း ယောက်ျားသားများလည်း ပါသည်။
ထိုလူတို့ ကျင့်ထားသည့် ကျင့်စဉ်မှာလည်း ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော လမ်းစဉ်ဖြစ်လိမ့်မည်။ ယောက်ျားမိန်းမတချို့က မြစ်ပြင်ထက်၌ ရပ်ကာ ဆင့်ခေါ်စကား ဆိုလိုက်သည့်အခါ လှိုင်းလုံးများ မြောက်ကြွလာပြီး သူတို့အား ခေါ်ဆောင်သွားတတ်လေသည်။
လမ်းထက်မှ ဖြတ်သွားကြသူများလည်း ရှိကြသည်။ အများစုက သစ်ပင်လူများကို စီး၍ အမြန်သွားနေကြသည်။ နွယ်လူများလည်း ရှိသော်ငြား အမြန်နှုန်းက သစ်ပင်လူများလောက် မမြန်ပေ။
ကောင်းကင်နတ်သိုင်းပညာရှင်တချို့က ပျံသန်းနိုင်သော သားရဲမျိုးစုံကို စီးပြီး ကောင်းကင်ယံတွင် သွားလာနေကြသည်။ မိန်းကလေးတချို့က တောင်ကြားထဲမှ ပြေးထွက်လာကာ တောင်အသေးလေးများကို လှန်မြောက်၍ လမ်းမကြီးဆီသို့ မြန်မြန်လာနေကြသည်။
ထိုမိန်းကလေးများကို သယ်ဆောင်နေသည်မှာ ဆယ်ပေကျော်ကြီးမားသော ဧရာမသေတ္တာကြီးတစ်လုံး ဖြစ်သည်။ သေတ္တာကြီးက ခြေလှမ်းကြဲကြဲများဖြင့် လျင်မြန်စွာ ပြေးလာနေ၏။
အနီးနားရှိ ရွာတစ်ရွာမှလည်း မိန်းကလေးတချို့ အပြေးထွက်လာသည်။ သူတို့ စီးထားသည်မှာ သစ်သားလှေတစ်စင်း ဖြစ်၏။ ၎င်းက ခြေထောက်နှစ်ချောင်းဖြင့် ပြေးလွှားနေသည်။
ချင်မူ မှင်သက်သွားသည်။ သေတ္တာနှင့် သစ်သားလှေက ဝိညာဉ်ဖွဲ့တည်ကာ နဂါးချီလင်လို ပြေးလွှားနိုင်သည်တဲ့လော။ မည်မျှထူးဆန်းလိုက်သနည်း။
‘အပြောကျယ်တဲ့ ဒီလောကကြီးမှာ ဘယ်အရာမဆို ရှိနေနိုင်တာပဲ။ တခြားနေရာက ကောင်းကင်နတ်သိုင်းနဲ့ မှော်အစီအရင်တွေကိုလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ သုံးလို့ရတယ်။ ဒီမှော်အစီအရင်မျိုးသာ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ရောက်လာရင် ဝမ်းသာစရာမကောင်းပေဘူးလား”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး သူ့ဘာသာ တွေးမိလိုက်သည်။ ‘ဒါပေမဲ့ ဝရုန်းသုန်းကားတွေ ဖြစ်မှာ သေချာတယ်။ အင်အားကြီးတဲ့ကောင်တွေ တောင်တွေ စီးပြီး ကြွားလုံးထုတ်မှာ မြင်ယောင်ပါသေးတယ်’
သေတ္တာကြီးကို စီးနေသည့် မိန်းကလေးများက နဂါးချီလင်ကို မြင်လျှင် စပ်စုချင်လာကြသည်။ သေတ္တာကြီးသည် ဆယ်ချောင်းကျော်သော ခြေထောက်များဖြင့် ပြေးလာ၏။ ၎င်းမှာ အလွန်ကြီးမားပြီး အလျားနှင့်အနံက ကိုက်များစွာ ရှည်လျားသည်။ သေတ္တာအပေါ်တွင် တိမ်ဆုပ်များလို ပိုးချည်ဖင်ခုများအား ခင်းထားသည်။ မိန်းကလေးများက ဖင်ခုများအပေါ်တွင် ထိုင်ကာ ချင်မူနှင့် နဂါးချီလင်ကို စပ်စပ်စုစု ကြည့်နေကြသည်။
ခေါင်းဆောင်ဖြစ်ဟန်တူသည့် မိန်းကလေးက မှော်စွမ်းအင်ဖြင့် သေတ္တာကို ထိန်းချုပ်ကာ ရှေ့သို့ စေစားနေခြင်းဖြစ်၏။
သူမ ပြုံးလိုက်သည့်အခါ ငွေချည်ပန်းဖွားများအောက်ရှိ မျက်လုံးဝိုင်းဝိုင်းလေးများက လခြမ်းကွေးလေးသဖွယ် ကွေးတက်သွားတတ်ပြီး အလွန်လှ၏။ သူမက တခစ်ခစ်ရယ်လျက် အနောက်ကမ္ဘာမြေ၏ ဒေသသံဝဲနေသော အသံဖြင့် လှမ်းစကားပြောသည်။ “အငယ်လေး ၊ နင့်ဝက်ကြီးက ပြေးတာ မြန်တယ်နော်။ ဘယ်က ရလာတာလဲ”
ချင်မူ ကြောင်သွားသော်လည်း အငယ်လေးဆိုသည်မှာ မောင်လေးဖြစ်မည်ဟု သဘောပေါက်လိုက်၏။ သူက ပြုံးကာ ပြောလိုက်သည်။ “ဒီကောင်ကြီးက နဂါးနဲ့ ချီလင် မျိုးစပ်ထားတဲ့ နဂါးချီလင်တစ်ကောင်ပါ”
ရှုန်းချီအာက နဂါးချီလင်၏ အမွှေးထဲမှ သူမ၏ခေါင်းသေးသေးလေးကို ပြူထွက်လာပြီး စပ်စပ်စုစု ကြည့်နေသည်။ မိန်းကလေးများမှာ ကလေးမလေးကို မြင်လျှင် အသည်းယားသွားပြီး ပွေ့ဖက်နမ်းရှုံ့ချင်လာကြ၏။ ချင်မူမှာ မတတ်နိုင်တော့ဘဲ နဂါးချီလင်အား သူတို့ဘေးနား သွားခိုင်းလိုက်သည်။ ရှုန်းချီအာကို ချီ၍ သေတ္တာအပေါ် တင်ပေးလိုက်ရသည်။
မိန်းကလေးများနှင့် သူ စကားပြောကြည့်သည့်အခါ သူတို့ အံ့အားသင့်နေကြသည့် အကြောင်းရင်းမှာ ရှုန်းချီအာကို သူနှင့်အတူ ခေါ်လာ၍ဖြစ်ကြောင်း သိလိုက်ရ၏။ အနောက်ကမ္ဘာမြေ၏ ဓလေ့ထုံးတမ်းက သူ ရင်းနှီးထားသည်နှင့် မတူပေ။ ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် အလည်အပတ်လက်ထပ်ပွဲမှတစ်ဆင့် အကြင်လင်မယားမြောက်၍ ကလေးမွေးလာလျှင် သားယောက်ျားလေးဖြစ်ပါက လင်ယောက်ျားဘက်မှ ခေါ်သွားရသည်။ မိန်းကလေးကိုသာ ဇနီးသည်က ပျိုးထောင်ပေးလေသည်။
ဤထုံးတမ်းအစဉ်အလာကြောင့် အနောက်ကမ္ဘာမြေတွင် ထူးဆန်းသောအခြေအနေတစ်ရပ် ဖြစ်ပေါ်လာသည်။ မိသားစုများမှာ ယောက်ျားချည်းတစ်စု၊ မိန်းမချည်းတစ်စု ဖြစ်နေတတ်သည်။ ရွာများလည်း မိန်းမများသာ ရှိသည့်ရွာ၊ ယောက်ျားများသာ ရှိသည့်ရွာဟူ၍ ကွဲနေ၏။
မိန်းကလေးများက ချင်မူ ရှုန်းချီအာအား ခေါ်လာသည်ကို မြင်လျှင် သူ့သမီးဟု တွေးထင်သွားကြသည်။ သို့သော် ချင်မူက ထိုမျှအသက်မကြီးသေးသည့်အပြင် နေလုံးကြီးလို တောက်ပနေသော ကလေးကြီးနှင့် တူနေ၍ သူတို့ အံ့အားသင့်မိကြခြင်း ဖြစ်လေသည်။
“မမလေးတို့ ကျွန်တော် တစ်ခုလောက် မေးလို့ရမလား” ချင်မူမှာ ဤနေရာ၏ ဓလေ့ထုံးတမ်းများကြောင့် ဇဝေဇဝါ ဖြစ်မိ၍ သွေးတိုးစမ်းကြည့်လိုက်သည်။ “ကျွန်တော်တစ်ခါက မိန်းကလေးတစ်ယောက်နဲ့ ဆုံခဲ့တယ်ဗျ။ သူက ကျွန်တော့်ကို အိမ်အလည်လာဖို့ ဖိတ်ခဲ့ပေမယ့် အရှေ့တံခါးက မဝင်ဘဲ ပြတင်းပေါက်ကနေ ခုန်ကျော်လာပါလို့ ပြောခဲ့တယ်။ အဲဒါ ဘာအဓိပ္ပါယ်လဲ”
မိန်းကလေးအားလုံး တခစ်ခစ် ရယ်လိုက်ကြပြီး ခေါင်းဆောင်မိန်းကလေး၏ မျက်လုံးများက လခြမ်းကွေးလေးသဖွယ် ကွေးညွတ်သွားပြန်သည်။ “အငယ်လေးက ကလေးမဟုတ်တော့ဘူးပဲ။ မိန်းကလေးတစ်ယောက်က ပြတင်းပေါက်ကနေ ဝင်လာပါလို့ ပြောတယ်ဆိုတာ ဟင်္သာငှက်မောင်နှံ လည်ချင်းရစ်ပတ်ပြီး ပွတ်သပ်သလို ရင်ချင်းအပ် ပွေ့ဖက်နမ်းရှုံ့ချင်တယ်လို့ ကွယ်ဝိုက်ပြီး ပြောတာပါ”
ချင်မူ ခေါင်းတဗြင်းဗြင်း ကုပ်လိုက်မိသည်။ “ဟင်္သာငှက်မောင်နှံ လည်ချင်းရစ်ပတ်တယ်ဆိုတာ ဘာကြီးလဲ”
ခေါင်းဆောင်နေရာရှိ မိန်းကလေးက နဂါးချီလင်၏ ခေါင်းပေါ် ခုန်တက်လာကာ ပြုံးလိုက်သည်။ “မလှုပ်နဲ့နော်” ထိုသို့ပြောပြီးသောအခါ သူမသည် သူ့ဆီသို့ မှီကာ သူ့လက်များကို ဆွဲယူ၍ သူမရင်သားအပေါ် တင်လိုက်သည်။ သူမမျက်နှာလေးက သူ့မျက်နှာနားသို့ တိုးကပ်လာပြီး သူမမေးစေ့လေးအား သူ့ပခုံးပေါ် တင်လိုက်သည်။ ထို့နောက် မျက်နှာလေးဖြင့် သူ့မျက်နှာကို ပွတ်သပ်ပြီး သူမ၏နားရွက်လေးက သူနားရွက်ကို လာထိသွားသည်။ အလွန်နူးညံ့ပြီး နှစ်သက်ဖွယ်ကောင်းသည့် ခံစားချက်ကို ချင်မူ ခံစားလိုက်ရသည်။
ချင်မူမှာ မျက်နှာနီရဲလာပြီး မည်သည်ကိုမှ မစဉ်းစားနိုင်တော့ပေ။ သူ ခံစားရသမျှမှာ မွေးပျံ့လှသော မိန်းကလေး၏ ကိုယ်သင်းနံ့လေးသာ ဖြစ်ချေ၏။
သူမက တခစ်ခစ် ရယ်လျက် သေတ္တာပေါ် ပြန်ခုန်သွားသည်။ ကျန်မိန်းကလေးများမှာ ငေးငိုင်လျက်ကျန်ခဲ့သော သူ့အမူအရာကို မြင်လျှင် ကျယ်လောင်စွာ ရယ်ကြလေသည်။
“မမကြီး၊ ရင်ခုန်သွားလို့လား။ သူ့ကို အလည်လာ လက်ထပ်ဖို့ ခေါ်လိုက်ပါ့လား” မိန်းကလေးတစ်ယောက်က စပင် စလိုက်သေးသည်။
ခေါင်းဆောင်မိန်းကလေးက ချင်မူ့ကို တစ်ချက်ကြည့်သည်။ သူမရင်ခုန်သံများ အတန်ငယ် မြန်နေမိသော်လည်း မဝံ့မရဲ ပြောလိုက်၏။ “သူ စိတ်ပါလား စိတ်မပါလားမှ မသိတာ...”
မိန်းကလေးများက သူမကို မြှောက်ပေးလိုက်၍ သူမက မွှေးရနံ့အိတ်တစ်အိတ် ထုတ်ပြီး တခစ်ခစ် ရယ်ကာ ချင်မူ့ကို လှမ်းပစ်ပေးသည်။ “အငယ်လေး၊ ဒီနေ့ည ငါ့ပြတင်းပေါက်ကနေ ခုန်ဝင်လာခဲ့နော်။ ငါ နင့်ကို ဟင်္သာငှက်တွေ ဘယ်လိုလည်ချင်းရစ်ပတ်ကြလဲ သင်ပေးမယ်”
အနောက်ကမ္ဘာမြေ၏ မိန်းမသားများသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မိန်းမသားများထက် ရဲတင်းပြီး ပြတ်သား၏။ ချင်မူမှာ လိုက်မမှီတော့သဖြင့် ကပျာကယာ စကားလမ်းကြောင်း လွှဲလိုက်မိသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ကို ဘယ်လိုသွားရမလဲ မမလေးတို့ သိလား”