ပါရမီရှင်များ
Vol. 32 Ch. 447
မိန်းကလေးများသည် အနောက်ကမ္ဘာမြေ၏ မှော်အစီအရင်တချို့ကို တတ်မြောက်ကြပြီး အစစ်အမှန်ကောင်းကင်နန်းတော်ဆိုသည့် နေရာတစ်နေရာ ရှိမှန်း သိသော်လည်း နေရာအတိအကျမသိပေ။
အနောက်ကမ္ဘာမြေသည် ကျယ်ပြောပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် မဟာမြို့ပျက်အောက် မသေးငယ်ပေ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင်လည်း တာအိုဂိုဏ်းရှိသည့် အကြောင်းသာ သိပြီး မည်သည့်နေရာတွင် ရှိမှန်း မသိသူများ ဒုနှင့်ဒေး ဖြစ်သည်။
အနောက်ကမ္ဘာမြေသားများအတွက်လည်း အလားတူပင်။
ချင်မူမှာ အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးကို သတ်ခဲ့မိ၍ နောင်တသွားမိသည်။
အရှေ့တွင် မြို့ကြီးတစ်မြို့ ပေါ်လာသည်။ မိန်းကလေးများက ပွဲတော်အတွက် ထိုမြို့ဆီ သွားနေခြင်းဖြစ်ကြောင်း ပြောပြကြ၏။ မြို့က ဖန်ရှုမြို့ဟု ခေါ်ပြီး ငွားငွားစွင့်စွင့် ပွင့်လန်းနေကြသော ပန်းများ ပြည့်နေသည်။ အစိမ်းရောင်နွယ်ပင်များက မြို့တံတိုင်းများပေါ် ကုပ်တွယ်ထားကြ၍ နံရံများထက်တွင် ပန်းရုံကြီးများ ခြုံလွှမ်းနေသည်။ မျှော်စင်မှလည်း ခရမ်းရောင်တောက်တောက်၊ အနီရောင်တောက်တောက် ပန်းပွင့်များ တွဲလျားကြနေသည်။ အလွန်ပင် မျက်စိပသာဒ ရှိလှ၏။
မြို့အနားရောက်လာသည့်အခါ မြို့ထဲရှိ လူများ၏ မှော်အစီအရင်များကြောင့် ထိုပန်းပွင့်များက အသက်ဝင်နေသည်ကို ချင်မူ မြင်တွေ့လိုက်ရ၏။ မိန်းမလှလေးများက ပန်းပွင့်များအတွင်းမှ ထွက်လာကြပြီး သာယာနာပျော်ဖွယ် တောသီချင်းများကို နူးညံ့ညင်သာစွာ သီဆိုနေကြသည်။ အစိမ်းရောင်ဂါဝန်များ ဝတ်ဆင်ထားသော ဂမုန်းပန်းမိန်းကလေးများနှင့် အနီရောင်ပန်းပွင့်များကို သယ်ဆောင်ထားသော ပုလဲပန်းမိန်းကလေးများသည် မြင့်မားသော အဆောက်အအုံများအကြားတွင် သွားလာနေကြ၏။
ကျောက်တုံးများဖြင့် ဖွဲ့စည်းထားသည့် ဘီလူးကြီးများကလည်း ဗုံများ တီးနေပြီး ကောင်းကင်ယံတွင် အမျိုးအမည်မသိပန်းများ လွင့်မျောနေကြသည်။ ပန်းပွင့်များက လူအသွင်ဖွဲ့တည်၍ ဖီဖာများ၊ ပုလွေများ တီးမှုတ်ကာ ကျောက်ဘီလူးများအား အဖော်ပြုပေးနေကြ၏။
ချင်မူမှာ ‘တောသား မြို့ရောက်’သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဧရာမအိမ်ကြီးများက လမ်းမများထက်၌ ခြေနှစ်ချောင်းဖြင့် လျှောက်နေကြသည်။ ကောင်လေးများ၊ ကလေးမလေးများက ပြတင်းပေါက်၌ ရပ်ကာ ကျယ်လောင်စွာ ရယ်မောနေကြသည်။ အောင်လံတံခွန်များကလည်း ပြတင်းပေါက်တစ်ပေါက်နှင့် တစ်ပေါက်ကို တံတားသဖွယ် ဆက်သွယ်ကာ လေထဲတွင် ပျံ့လွင့်လှုပ်ခတ်နေကြ၏။ လှပစွာ ဝတ်စားထားသော မိန်းကလေးများက အောင်လံတံခွန်အတန်းများအပေါ်တွင် ရပ်ကာ ဟိုဟိုသည်သည် ကူးလာ၍ ချစ်သူများဖြင့် ချိန်းတွေ့နေကြသည်။
“ပန်းတောင်တန်းပွဲတော်ပဲ” ရှုန်းချီအာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “မယ်မယ် တစ်ခါတုန်းက ဒီကို ကစားဖို့ ခေါ်လာသေးတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ပန်းတောင်တန်းပွဲတော်က ဒီထက်တောင် ပိုစည်ကားသေးတယ်သိလား”
ချင်မူက သေတ္တာပေါ်ရှိ မိန်းကလေးများနှင့် လမ်းခွဲလိုက်သည်။ နဂါးချီလင်သည် ကြီးကျယ်ခမ်းနားသော လမ်းမကြီးအတိုင်း သူတို့ကို သယ်ဆောင်သွား၏။ အနောက်ကမ္ဘာမြေမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ကမ္ဘာခြားနေသကဲ့သို့ ထူးခြားပြီး စည်ပင်တိုးတက်ပေသည်။
သူတို့ မြို့ထဲ ဝင်လိုက်သည့်အခါ မိန်းကလေးများက မွှေးရနံ့အိတ်များကို ချင်မူ့ဆီသို့ ပစ်ပေးကြသည်။ တစ်ယောက်ဆိုလျှင် အောင်လံတံခွန်တန်းပေါ် နင်း၍ သူ့လက်ကို ရဲတင်းစွာ လှမ်းဆွဲပြီး အိမ်ဘီလူးကြီးထဲ ခေါ်သည်။
ချင်မူ သူမလက်အား လွှတ်လိုက်သည့်အခါ မိန်းကလေးက အိမ်ထဲ ပြန်ဝင်သွားပြီး ချောမောသောကောင်လေး နောက်တစ်ယောက်ကို ရှာရန် ထွက်သွား၏။
အနောက်ကမ္ဘာမြေသို့ ဝင်လျှင်ချင်း တွေ့ခဲ့ရသည့် အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးက ရိုင်းစိုင်းကြမ်းကြုတ်သဖြင့် အနောက်ကမ္ဘာမြေ၏ မိန်းမသားများအပေါ် ချင်မူ နှစ်သက်မှုမရှိပေ။ သို့ရာတွင် ဖန်ရှုမြို့သို့ ရောက်လာသည့်အခါ ဒေသခံယဉ်ကျေးမှုများနှင့် ဓလေ့ထုံးတမ်းများအား သူ စိတ်ဝင်စားလာမိသည်။
ပန်းတောင်တန်းပွဲတော်မှာ တစ်နှစ်မှ တစ်ကြိမ်သာ ကျင်းပ၍ အလွန်စည်ကားသိုက်မြိုက်၏။
ချင်မူ အိမ်ဘီလူးကြီးများ၊ အဆောက်အအုံဘီလူးကြီးများကြားမှ ဖြတ်လာရင်း မြို့လယ်သို့ ရောက်လာသည်။ မြို့လယ်က များစွာတိတ်ဆိတ်ပြီး လူသူရှင်းနေသည်။
“ဒီမှာ နေတဲ့ လူတစ်ယောက်က ဖန်ရှုမြို့ရဲ့ မြေပိုင်ရှင်ဖြစ်ရမယ်။ သူ့ဆီက ဒါမှမဟုတ် တစ်ယောက်ယောက်ဆီက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သတင်း ရလောက်ကောင်းပါရဲ့”
ထိုအခိုက်အတန့်တွင် အစိမ်းရောင်နွယ်တစ်ပင်က လျင်မြန်စွာ ကြီးထွားလာပြီး ချင်မူ့မျက်နှာအရှေ့သို့ လွင့်မျောလာသည်။ နွယ်၏ထိပ်ဖျားရှိ ဧရာမပန်းဖူးကြီး ရုတ်တရက် ပွင့်အာကျလာ၏။ ပန်းရောင်ရှိသော မိန်းကလေးတစ်ယောက်က ပန်းပွင့်ထဲမှ ထွက်လာကာ ချိုချိုသာသာ ပြုံးပြသည်။ “ရှင်က သခင်လေးချင်လား”
ချင်မူက ခေါင်းညိတ်ပြသည်။
ထိုမိန်းကလေးက ပန်းပွင့်ထဲမှ လမ်းလျှောက်ထွက်လာသော်လည်း ပန်းဝတ်ဆံက သူမနောက်ကျောနှင့် ဆက်နေသည်။ သူမက ပြုံးလိုက်၏။ “သခင်လေး ကျွန်မသခင်က သခင်လေးကို ဖိတ်ခိုင်းလိုက်ပါတယ်။ ကျေးဇူးပြုပြီး လိုက်ခဲ့ပါ”
“ဒီမှာ ငါ့ကို သိတဲ့လူ ရှိတယ်လား” ချင်မူ အံ့ဩနေပြီး နဂါးချီလင်ပေါ်မှ ဆင်းလိုက်သည်။ “မိန်းကလေး၊ ရှေ့က သွားပါ”
မိန်းကလေးလည်း မြေကြီးပေါ် ဆင်းသက်လိုက်ပြီး သူတို့ကို အလွန်ခမ်းနားထည်ဝါသော စံအိမ်ကြီးတစ်လုံးဆီသို့ ခေါ်သွားသည်။ စံအိမ်၏အရှေ့ရှိ ကျောက်ခြင်္သေ့ကြီးနှစ်ကောင်က ထလာပြီး ချင်မူနှင့်နဂါးချီကို လှည့်ပတ်ကြည့်ရှုပြီးနောက် ကျောက်စင်မြင့်ပေါ်၌ ပြန်ထိုင်ကြသည်။
ချင်မူ မိန်းကလေးနောက်မှ အိမ်ထဲ ဝင်လိုက်သည့်အခါ ဟိုဟိုသည်သည် သွားလာနေသော ယောက်ျားလေးများ၊ မိန်းကလေးများအား တွေ့မြင်ရသည်။ အများစုက ပန်းပွင့်များ၊ မြက်များ၊ သစ်ပင်များနှင့် ကျောက်စိမ်းများမှ လူယောင်ဖန်ဆင်းထားသူများ ဖြစ်ကြ၏။ မဟူရာရွှေနှင့် မဟူရာကြေးမှ ဖွဲ့တည်လာသည့် လူအသွင်ဝိညာဉ်တချို့ပင် ရှိနေသည်။
“ဒီစံအိမ်က အနောက်ကမ္ဘာမြေရဲ့အပြင်အဆင် မဟုတ်ဘူး။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပြင်အဆင်နဲ့တူတယ်... ခဏနေပါဦး ဒီမဟူရာရွှေနဲ့ မဟူရာကြေးတွေက...”
ချင်မူမှာ အစားအစာများကို သယ်လျက် လမ်းလျှောက်လာသော ဒယ်အိုးတစ်လုံးကို မြင်လိုက်၍ အနည်းငယ် မှင်သက်သွားမိသည်။ ဒယ်အိုးက မီးလူတစ်ယောက်၏ ခေါင်းပေါ် ခုန်တက်ကာ အစာများ ချက်နေ၏။
“ဒီဒယ်အိုးကြီးက ဝိညာဉ်လက်နက်တစ်လက်ပဲ။ ဝိညာဉ်လက်နက်တွေတောင်မှ လူအသွင်ဝိညာဉ် ဖွဲ့နိုင်တယ်လား”
ချင်မူမှာ အရာအားလုံး ရှင်းလင်းသွားသလို ခံစားလိုက်ရသည်။ သူ့ခြေလှမ်းများ နှေးကွေးလာပြီး ယောင်တောင်တောင် ဝင်သွားမိသည်။
ပြုပြင်ပြောင်းလဲရေးအတွက် ဖြတ်လမ်းတစ်နည်းအား သူ ခံစားလိုက်မိသည်။ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော အယူအဆကို ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ယူဆောင်သွားလျှင် ပြောင်းလဲမှုနောက်တစ်ကြိမ် ဖြစ်ပွားလိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်သိုင်းပညာရှင်၏ ဝိညာဉ်လက်နက်များတွင် ဝိညာဉ်ဖွဲ့တည်နိုင်လျှင် လူတိုင်း၏သိုင်းစွမ်းရည်က ကြောက်မက်ဖွယ်ရာ မြင့်တက်သွားမည်။ ထိုမျှသာမက စနစ်နှစ်ခုကို ပေါင်းစည်းလိုက်ခြင်းဖြင့် ပိုမိုများပြားသော မှော်အစီအရင်များနှင့် ကောင်းကင်နတ်သိုင်းများ ပေါ်ပေါက်လာပြီး ပို၍ပင် တိုးတက်သွားနိုင်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ကောင်းကင်နတ်သိုင်းပညာရှင်များ၏ ဝိညာဉ်လက်နက်များက ဝိညာဉ်လက်နက်စစ်စစ် မဟုတ်ပေ။ ဝိညာဉ်က ကောင်းကင်ရတနာထဲတွင် မွေးဖွားလာပြီး အားဖြည့်နေရုံသာ ရှိသည်။ သို့သော် အနောက်ကမ္ဘာမြေ၏ အယူအဆကို ဖမ်းဆုပ်မိလိုက်လျှင် အမှန်တကယ် သိမြင်ခံစားမှုရှိသော ဝိညာဉ်လက်နက်များ ဖြစ်လာနိုင်၏။
‘ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းတွေက တိုက်စစ်အားမှာ အရေးပါတယ်။ ထူးဆန်းတဲ့ကျင့်စဉ်တွေ ၊ သိုင်းကွက်တွေ မျိုးစုံရှိတယ်။ အနောက်ကမ္ဘာမြေရဲ့ မှော်အစီအရင်တွေက တိုက်စစ်အားမှာ နိမ့်ကျသလို၊ ခံစစ်အားမှာလည်း အင်အားနည်းတယ်။ ဒါပေမဲ့ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ နည်းလမ်းနဲ့ ဝိညာဉ်လက်နက်တွေကို တကယ့် ဝိညာဉ်လက်နက် ဖြစ်လာစေနိုင်တယ်။ ဆိုတော့ ဒီလိုစနစ်နှစ်မျိုးက တစ်ခုကိုတစ်ခု ဖြည့်စွက်ပေးနိုင်သွားလိမ့်မယ်။ ပြဿနာက အနောက်ကမ္ဘာမြေရဲ့ ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုတဲ့ မှော်အစီအရင်တွေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ သိုင်းကွက်တွေကို ဘယ်လိုပေါင်းစည်းရမလဲ ဆိုတာပဲ။ ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကောင်းကင်နတ်သိုင်းပညာရှင်တွေ ဝိညာဉ်လက်နက်ထဲက ဝိညာဉ်တွေကို နှိုးနိုင်အောင် ဘယ်လိုလုပ်ရမလဲ’
သူ စဉ်းစားခန်းဖွင့်နေသည့်အချိန် ရယ်သံတစ်သံ ကြားလိုက်ရသည်။ အသံပိုင်ရှင်က ပြောလိုက်၏။ “ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ချင် အဝေးက လာတာအောင် မကြိုဆိုမိတာ စိတ်မကွက်ပါနဲ့”
‘ယောက်ျားတစ်ယောက်ပါလား’
ချင်မူ ဇဝေဇဝါ ဖြစ်သွားမိသည်။ ဖန်ရှုမြို့က အတိုင်းထက်အလွန် စည်းကားသိုက်မြိုက်သော မြို့တော်ဖြစ်ချေရာ မြေပိုင်ရှင်က အမျိုးသမီးတစ်ဦးဖြစ်သင့်သည် မဟုတ်ပါ၏လော။ အဘယ်သို့ပြု၍ ယောက်ျားတစ်ယောက်က မြင့်မားသောရာထူးကို ရနေသနည်း။
သူ အသံလာရာသို့ ကြည့်လိုက်သည့်အခါ အခြွေအရံများဖြင့် လာနေသော ခပ်ချောချောလူငယ်တစ်ယောက်အား တွေ့လိုက်ရသည်။ လူငယ်အား တစ်နေရာတွင် မြင်ဖူးသကဲ့သို့ သူ ခံစားရသော်လည်း မည်သည့်နေရာတွင် မြင်ခဲ့ဖူးမှန်း မသိပေ။
နဂါးချီလင်က ရုတ်တရက် စိတ်လှုပ်ရှားလာပြီး ခပ်တိုးတိုး ကပ်ပြောသည်။ “ဂိုဏ်းသခင်၊ သူက ဂိုဏ်းချုပ်နဲ့ ဆင်တယ် မထင်ဘူးလား”
ချင်မူ မှင်သက်သွား၏။ အမှန်တကယ်ပင် ဤလူငယ်သည် ဂိုဏ်းချုပ်နှင့် ဆင်တူနေ၍ လူငယ်ကို သူ ခင်မင်သွားမိသည်။ “ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ ဂိုဏ်းသခင်ချင်မူ မြေပိုင်ရှင်ကို ဂါဝရပြုပါတယ်”
လူငယ်က ပြန်နှုတ်ဆက်ပြီး သူ ဂါဝရပြုသောပုံစံမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပုံစံမျိုး ဖြစ်သည်။ “ဂိုဏ်းသခင်ချင်၊ ကယ်ခဲ ဂါဝရပြုပါတယ်။ မကြာသေးမီက ဂိုဏ်းသခင်ချင်ရဲ့ ပုံတူ အနောက်ကမ္ဘာမြေတစ်ခွင်လုံးမှာ ပျံ့နှံ့လာခဲ့လို့ ဂိုဏ်းသခင်ချင်ရဲ့ နာမည် ဟိုးလေတကျော်ကျော် ဖြစ်သွားတာနဲ့ လူငယ်ပါရမီရှင်တွေက ဂိုဏ်းသခင်ကို တွေ့ချင်နေကြပါတယ်။ ဟိုဘက်ကြွပါ ဂိုဏ်းသခင်ချင်”
ချင်မူ့မျက်နှာ မည်းမှောင်သွားသည်။ ဧကရာဇ်အတိုင်ပင်ခံနှင့် ရှုန်းရှီယွီကို ရှေ့ပြေးအဖြစ် စေလွှတ်ခဲ့ကာ သူကမူ ရှုန်းချီအာကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်အတိုင်ပင်ခံက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ပါရမီရှင်ဖြစ်ပြီး ရှုန်းရှီယွီက နန်းကျသခင်မဟောင်းဖြစ်သည့်အတွက် သူတို့နှစ်ယောက်၏ ဂုဏ်သတင်းက သူ့ထက်ပိုမိုကျော်ကြား၏။ အနောက်ကမ္ဘာမြေက သူတို့နှစ်ယောက်ကိုသာ အာရုံရောက်နေသည့်အခါ သူနှင့် ရှုန်းချီအာကို မည်သူမျှသတိမထားမိဘဲ အန္တရာယ်ကင်းမည်ဟု ထင်မြင်မိခဲ့သည်။
သူ လာရောက်ရသည့် ရည်ရွယ်ချက်ကလည်း အနောက်ကမ္ဘာမြေ၏ ဓလေ့ထုံးတမ်းများဖြင့် ရင်းနှီးကျွမ်းဝင်ရန် ဖြစ်သည်။ နောက်တစ်ချိန်တွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက ဤနေရာကို သေချာပေါက် သိမ်းပိုက်လိမ့်မည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ ပန်းတိုင်က ဆွေးနွေးခြင်းဖြင့် ချဉ်းကပ်ရန် ဖြစ်သည်။ စစ်ဖြစ်စရာမလိုဘဲ အစစ်အမှန်ကောင်းကင်နန်းတော်ကို ထာဝရငြိမ်းချမ်းရေးအင်ပါယာဆီ အညံ့ခံခိုင်းနိုင်လျှင် ပျက်စီးထိခိုက်မှုများအား များစွာ လျှော့ချနိုင်ပေမည်။
သို့သော် ပန်ကုန်းစုန်၏ ဂြိုဟ်မွှေမှုကြောင့် သူ အနောက်ကမ္ဘာမြေသို့ ရောက်လာသည်ကို တစ်ကမ္ဘာလုံး သိသွားကြပြီး သူ့ကို အလိုရှိသည့်ကြေညာချက်များ အနောက်ကမ္ဘာမြေ၏ အမြို့မြို့အနယ်နယ်တိုင်းတွင် ပလူပျံနေမည်ဟု ချင်မူ မထင်ထားခဲ့ပေ။
“နောင်တော်ကယ်ခဲက ယဉ်ကျေးလွန်းနေပါပြီ”
ချင်မူ သူနှင့်အတူ လျှောက်သွားသည့်အခါ ကယ်ခဲ၏ပတ်ဝန်းကျင်ရှိ ယောက်ျား၊ မိန်းမများမှာ မခေကြကြောင်း မြင်လိုက်ရသည်။ သူတို့အားလုံးက သူ့ကို ရန်စောင်ကာ ကြည့်နေကြပြီး တိုက်ခိုက်ချင်နေကြ၏။ မြေပိုင်ရှင်ကယ်ခဲကြောင့်သာ တန်းမတိုက်ခိုက်ကြခြင်း ဖြစ်ပေသည်။
ချင်မူ ကယ်ခဲကို ကြည့်ကာ မယုံသင်္ကာ ဖြစ်နေမိသည်။ ဤလူငယ်သည် လူငယ်ဂိုဏ်းချုပ်နှင့် အလွန်တူပြီး စံအိမ်ကလည်း အနောက်ကမ္ဘာမြေ၏ လုံးဝန်းသောတည်ဆောက်ပုံမျိုး မရှိဘဲ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အပြင်အဆင်မျိုး ရှိနေသည်။ ကယ်ခဲ၏ ဂါဝရပြုပုံကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အပြုအမူနှင့် တူချေရာ ဂိုဏ်းချုပ် အလည်သွား၍ လက်ထပ်တုန်းက မွေးလာသည့် သား ဖြစ်နေမည်လော။
‘မဟုတ်သေးဘူး။ သူ့ကြည့်ရတာ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်လောက်ပဲ ရှိသေးပုံရတယ်။ ဂိုဏ်းချုပ်က နည်းနည်းပွေတတ်ပေမယ့် အရိုးဆွေးလောက်အောင် အိုနေပြီလေ၊ ဘယ်လိုလုပ်ပြီး အနောက်ကမ္ဘာမြေမှာ လက်ထပ်နေဦးမှာလဲ။ ပြီးတော့ ဂိုဏ်းချုပ်ကလည်း လူငယ်ပုံစံရှိတယ်။ ဒါကြောင့် ကယ်ခဲလည်း မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာထဲက ဖန်ဆင်းပညာတွေကို ကျင့်ထားပြီး နုပျိုအောင် လုပ်ထားတာပဲ ဖြစ်မယ်”
ကယ်ခဲက အားလုံးကို ခပ်မြင့်မြင့် အဆောက်အဦတစ်ခုသို့ ခေါ်သွားသည်။ ထိုနေရာတွင် အနယ်နယ်အရပ်ရပ်မှ ဆိုက်ရောက်နေသော ယာဉ်များ ရှိနေ၏။ လာရောက်ကြသူများ၏ အဆင့်အတန်းက တော်ရုံမဟုတ်နိုင်ပေ။ တချို့က ရှေးဟောင်းသစ်ပင်တစ်ပင်ကို ရစ်သိုင်းလျက်ရှိသည့် တိမ်တိုက်များအား စီးနင်းလာသည်။ ထိုတိမ်တိုက်များအပေါ်တွင် ဆန်းကြယ်သားရဲများနှင့် တောင်အသေးလေးတစ်လုံးပင် ရှိနေသည်။
စံအိမ်ထဲ ဝင်ရောက်လာသူများက အတော်လေး ထင်ပေါ်ကျော်ကြားသူများသာ ဖြစ်နိုင်လိမ့်မည်။ သူတို့အားလုံးက ငယ်ရွယ်ကြပြီး ပန်းတောင်တန်းပွဲတော်သို့ တက်ရောက်ကြသည့် အရေးကြီးပုဂ္ဂိုလ်များလည်း ဖြစ်လောက်သည်။ မည်သူက ပန်းတောင်တန်းပွဲတော်အတွက် လက်တွဲဖော်အဖြစ် အဘိုးအို၊ အဘွားအိုများကို ရွေးချယ်လိမ့်မည်နည်း။
ကယ်ခဲက သူတို့ကို ထိုင်ခုံများ၌ ထိုင်စေလိုက်၍ ချင်မူလည်း သံသယများကို မြိုသိပ်ကာ ထိုင်ချလိုက်သည်။ ကယ်ခဲ လက်ခုပ်တီးလိုက်သည့်အခါ အစေခံတစ်ယောက်က ပန်းချီကားလိပ်တစ်ခုကို သယ်လာ၏။
လူငယ်က ပန်းချီကားကို ဖြန့်ချလိုက်ပြီး ရေးဆွဲထားသည်မှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်အပြင် တခြားလူမဟုတ်ပေ။ ထို့နောက် သူက ပြုံးလျက် ပြောလိုက်သည်။ “အစစ်အမှန်ကောင်းကင်နန်းတော်က ဂိုဏ်းသခင်ချင်ရဲ့ ပန်းချီကို လှမ်းပို့ပြီး ဂိုဏ်းသခင်က မဟာမြို့ပျက်သား ဝရမ်းပြေးတစ်ယောက်လို့ ပြောပါတယ်။ ဒီလောက်ရဲတင်းတဲ့ ဂိုဏ်းသခင်ချင် ကျွန်တော့်ရဲ့ ဖန်ရှုမြို့တော်ထဲ ဝင်လာပါ့မလား သိချင်ခဲ့ပေမယ့် အမှန်တကယ် ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဂိုဏ်းသခင်ချင်မှာ သူများနဲ့မတူတဲ့ အစွမ်းအစတွေ ရှိသလို အင်မတန်လည်း သတ္တိကောင်းပါပေတယ်။ ဒါကြောင့် ကျွန်တော်တို့ အနောက်ကမ္ဘာမြေရဲ့ လက်ရွေးစင်တွေကို တစ်ချက်လောက် ကြည့်လှည့်ပါ။ ကျွန်တော်တို့ ဖန်ရှုမြို့ရဲ့ အမျိုးသမီးသူရဲကောင်းကတော့ နောက်ခံအင်အား တောင့်တင်းတဲ့ ယွီကျင့်ဖန်း ဖြစ်ပါတယ်။ အစ်မတော်ယွီရဲ့ မျိုးရိုးက ဘာကြောင့် ယွီဖြစ်နေတာလဲဆိုရင် သူ့ဘိုးဘေးက အနောက်ကမ္ဘာမြေယွီမိသားစုရဲ့ အနွှယ်ဖြစ်လို့ပါ။ ဂိုဏ်းသခင် ယွီမိသားစုကို သိလောက်ပါတယ် ဟုတ်တယ်မလား”
ချင်မူ ခေါင်းညိတ်ကာ ပြောလိုက်သည်။ “လက်ရှိ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ နန်းဆောင်သခင်မက ယွီမိသားစုက မဟုတ်လား”
ကယ်ခဲက ပြုံးကာ ပြော၏။ “အစ်မတော်ယွီက မဟာလယ်ခင်းတစ်သောင်း၊ တောင်တန်းဆယ့်ရှစ်ခု ပိုင်ဆိုင်ထားပြီး ယွီမိသားစုရဲ့ ဆက်ခံသူပါ။ သူ့ရဲ့ သိုင်းအဆင့်က ခုနစ်စင်ကြယ်အဆင့် ဖြစ်ပါတယ်”
ချင်မူက ပြုံးရွှင်စွာဖြင့် ယွီကျင့်ဖန်းအား ခေါင်းညိတ်ပြလိုက်သည်။
သူမကလည်း ခပ်ရေးရေး ပြန်ပြုံးပြ၏။
ကယ်ခဲက ဆက်ပြောသည်။ “အနောက်ကမ္ဘာမြေမှာ အမျိုးသားခေါင်းဆောင်တွေလည်း ရှိပါတယ်။ ဒါကတော့ အနောက်ကမ္ဘာမြေရဲ့ ကောင်းကင်စီရင်စုဂိုဏ်းက သခင်လေး ယွဲ့ချင်းရှန်းပါ။ ကောင်းကင်စီရင်စုဂိုဏ်းကို ယောက်ျားသားတွေ ဦးဆောင်ပြီး သူတို့ကျင့်ကြံကြတဲ့ပုံစံက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ အတူတူပါပဲ။ သူတို့က အနောက်ကမ္ဘာမြေမှာ အတော်လေး ကျော်ကြားပါတယ်။ ယွဲ့ချင်းရှန်းရဲ့ သိုင်းအဆင့်က အရပ်ခြောက်မျက်နှာအဆင့်ပါ”
ချင်မူ သူ့ကို နှုတ်ဆက်လိုက်သည်။
ယွဲ့ချင်းရှန်းက ဘဝင်မြင့်စွာဖြင့် ပြောလာသည်။ “ငါက အရပ်ခြောက်မျက်နှာအဆင့်ဆိုပေမယ့် ငါ့ကောင်းကင်စီရင်စုဂိုဏ်းရဲ့ ကောင်းကင်နတ်သိုင်းတွေနဲ့ မှော်အစီအရင်တွေရဲ့ ဇစ်မြစ်က ရှေးကျတယ်။ နတ်ဘုရားတွေကိုယ်တိုင် ပေးအပ်ခဲ့တာ”
ချင်မူ စိတ်ဝင်စားသွား၍ ပြုံးလျက် မေးလိုက်မိသည်။ “နတ်ဘုရားကျင့်စဉ်တွေကို ကျွန်တော် အတော်များများ မြင်ခဲ့ဖူးတယ်။ တကယ် မဆိုးဘူး”
“အခု ဒီအမျိုးသမီးကတော့ ထူးခြားပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဖန်ရှုမြို့ကတော့ မဟုတ်ဘူး။ အစစ်အမှန်ကောင်းကင်နန်းတော်က အစ်မတော်တင့်ဖန်းပါ” ကယ်ခဲက ပြောလိုက်သည်။
ချင်မူ ထိုအမျိုးသမီးအား ကြည့်လိုက်သည့်အခါ သူမက တောက်ပြောင်ထည်ဝါသော အဝတ်အစားများဖြင့် လာနေသည်ကို မြင်လိုက်ရသည်။ သူမရုပ်သွင်မှာ ထူးကဲစွာ လှပနေ၍ သူ ချီးကျူးလိုက်မိသည်။ “ပန်းတွေ ဝေဆာနေတဲ့ ပန်းခြံတဲ့လား... အစ်မတော်တင့်ဖန်းက နာမည်က အတော်ကောင်းတာပဲ”
တင့်ဖုန်းက ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ နန်းတွင်းအကြီးအကဲတွေက ရှင့်ကို တရားစီရင်ဖို့ ခေါ်ခိုင်းလိုက်လို့သာ ကျွန်မ လာရတာပါ။ ကျွန်မက ရှင့်ကို ရန်လိုတဲ့သူ မဟုတ်ပါဘူး သက်ညှာပေးပါ”
ထို့နောက် ကယ်ခဲက ကျန်ရှိသူများနှင့် မိတ်ဆက်ပေးပြီး သူတို့အားလုံးက နောက်ခံတောင့်ကြလေသည်။
ချင်မူ တစ်ယောက်ချင်းစီကို ပြုံးပြလိုက်သည်။ ထိုလူများ၏ သိုင်းအဆင့်က မြင့်မားသည့်အပြင် လူငယ်မျိုးဆက်တွင် အတော်လေး အထင်ကြီးစရာကောင်းသူများ ဖြစ်ကြ၏။
မိတ်ဆက်ပြီးသည့်အခါ ချင်မူက ပြုံး၍ မေးလိုက်သည်။ “နောင်တော်ကယ်ခဲက အားလုံးနဲ့ မိတ်ဆက်ပေးပြီပြီပဲ။ နောင်တော့်ကိုလည်း မိတ်မဆက်ပေးတော့ဘူးလား”
ကယ်ခဲက တဟားဟား ရယ်ကာ ပြော၏။ “ကျွန်တော်က ဒီနေရာရဲ့ မြေပိုင်ရှင်တစ်ယောက်ရယ်ပါ။ ဖန်ရှုမြို့က ကျွန်တော့်မိဘတွေ အမွေပေးခဲ့တဲ့ နေရာဆိုတော့ ဘာမှထွေထွေထူးထူး ပြောပြစရာမရှိပါဘူး။ ဂိုဏ်းသခင်ချင်၊ ဒီလက်ရွေးစင်အားလုံးက ဂိုဏ်းသခင်ချင်ကို ရှင်းပစ်ချင်ကြတယ်ဆိုရင် ဘယ်လိုတုံ့ပြန်မလဲ”
ချင်မူက သူတို့အားလုံးကို မျက်လုံးဝေ့ကြည့်လိုက်ပြီး ရိုးသားစွာ ပြောလိုက်၏။ “နောင်တော်တို့၊ အစ်မတော်တို့ ကြည့်ရတာ ပါရမီရှိတဲ့လူတွေပါ။ ဘာကြောင့် သေဖို့ လာကြတာလဲ”