← Chapters

လျှို့ဝှက်နည်းစနစ်

Vol. 11 Ch. 141

လျှို့ဝှက်နည်းစနစ်

Vol. 11 Ch. 141

"မင်းအသုံးပြုသွားတဲ့ လျှို့ဝှက် နည်းစနစ်က ကြယ်၃ပွင့်လျှို့ဝှက်နာ်းစနစ် မဟုတ်လား"

လီဖူချန်းက ဇောင်ဝူကျင်းဆီကို ရောက်တာနဲ့ တစ်ပြိုက်နက် မေးခွန်း တစ်ခုနဲ့ စပြီး အမေးခံလိုက် ရပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး …

“ဟုတ်ပါတယ် ခင်ဗျာ”

ဇောင်ဝူကျင်းက ရှည်ရှည်ဝေးဝေး ပြောမနေဘဲ တစ်ခါတည်း လိုရင်းကို ပြောလိုက်ပါတယ်။

“မင်းမှာ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမတစ်ခုက ဂိုဏ်းတော်ကို ဒီနည်းစနစ်ကို မပေးအပ်ဘဲ ငြင်းဆိုတာ။ ဒုတိယ တစ်ခုကတော့ ဂိုဏ်းတော်ကို နည်းစနစ် ပေးအပ်တာ။ ဂိုဏ်းတော်ကို လျှို့ဝှက်နည်းစနစ် ပေးအပ်ရင် ထောက်ပံ့ရေးရမှတ် အများကြီး ပြန်ပေးမယ်။ မင်းဘယ်ဟာကို ရွေးမလဲ”

“ဒုတိယ”လီဖူချန်းက မဆိုင်းမတွပင် ပြန်ဖြေလိုက်ပါတယ်။ သူ့လို ထောက်ပံ့ရေး ရမှတ်ကို လိုအပ်နေတဲ့သူ အတွက်ကတော့ ဒါကြီးက 'ရေငတ်တုန်း ရေတွင်းထဲကျ’ဆိုသလိုပါဘဲ။

ကျန်းကလန်က လူတွေကတော့ မီးနဂါး လျှို့ဝှက်နည်းစနစ်ကို လေ့ကျင့်ဖို့အတွက် ကျောက်စိမ်း ဗုဒ္ဓရုပ်ပွားတော်ကို လိုအပ်ပါတယ်။ ဒါပေမဲ့ လီဖူချန်းလို နည်းစနစ်ကို အောင်မြင်ပြီးသား လူအတွက်ကတော့ စာရွပ်ပေါ်မှာ ချရေးလိုက်ရုံပါပဲ။

“မင်းရွေးချယ်တာ ကောင်းတယ်”ဇောင်ဝူကျင်းက လီဖူချန်းကို စိတ်လိုလက်ပါ ချီးကျူး လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက”လျှို့ဝှက်နည်းစနစ် တစ်ခုကို ဂိုဏ်းတော်ကို ပေးအပ်ရင် ဂိုဏ်းတော်က ပြန်ပေးအပ်တဲ့ ပမာဏက လျှို့ဝှက် နည်းစနစ်တွေကို လဲလှယ်တဲ့အခါ ပေးရတဲ့ ထောက်ပံ့ရေး ရမှတ်တွေနဲ့တော့ မတူဘူးနော်။ ကြယ်တစ်ပွင့် လျှို့ဝှက် နည်းစနစ်အတွက် လိုအပ်တဲ့ ထောက်ပံ့ရေးရမှတ်က ၅၀၀၀ ရှိတယ်။ ကြယ်နှစ်ပွင့် လျှို့ဝှက် နည်းစနစ် ဆိုရင်တော့ ၅၀၀၀၀။ ကြယ်သုံးပွင့် လျှို့ဝှက်နည်းစနစ် ဆိုရင်တော့ ၅၀၀၀၀ အထိပေါ့လေ။ ဒါပေမဲ့ ဂိုဏ်းတော်ကို ပေးအပ်တဲ့ အခါမှာတော့ ထောက်ပံ့ရေး ရမှတ်တွေက နှစ်လလောက် တက်သွားတယ်။ အဲဒီ အဓိပ္ပာယ်ကတော့ ဒီကြယ်၃ပွင့် လျှို့ဝှက် နည်းစနစ်အတွက် မင်းပြန်ရမဲ့ ထောက်ပံ့ရေးရမှတ်က တစ်သန်းတိတိ ဖြစ်တယ်ဆိုတာဘဲ။ ဘယ်လိုလည်း မင်းကျေနပ်ရဲ့လား"

"ဝိုး … ထောက်ပံ့ရေးရမှတ် တစ်သန်းတောင်မှလား”

လီဖူချန်းက မျက်ခုံးတောင် ပင့်မိသွားပါတယ်။

အမှတ်တစ်သန်း ဆိုတာ လုံးဝကို သူမျှော်လင့်ထားတာထက်ကို ပိုလွန် နေပါတယ်လေ။ ကြည့်ရတာ ကျန်းကလန်အပေါ် ကျေးဇူးကြွေး တက်သွားပြီ ထင်ပါရဲ့။

မိုးပြာရောင်ဂိုဏ်းမှာ ကတော့ သိတဲ့အတိုင်းပဲ ထောက်ပံ့ရေး ရမှတ်တွေကို အရမ်း လိုအပ်တယ်လေ။ လီဖူချန်းလိုချင်တဲ့ အဆင့်မြင့် အတွင်းအား ပညာရပ် အတွက်ဆိုရင် ပေးရမဲ့ ထောက်ပံ့ရေး ရမှတ်တွေက နည်းနည်းနောနောမှ မဟုတ်ဘူး ဆိုတာကို သူသိထားပါတယ်။

ဆန်းကြယ် အဆင့်မြင့် အတွင်းအား ပညာရပ် တစ်ခုက အနည်းဆုံးတော့ ထောက်ပံ့ရေးရမှတ် ၂ သိန်းအောက် မလျော့ပါဘူး။ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ပညာရပ်ဆိုရင် ထောက်ပံ့ရေးရမှတ် တစ်သန်းတောင် လိုအပ်တာလေ။ ဂိုဏ်းတော်ရဲ့ အဓိက အတွင်းအား ကျင့်စဉ်ဖြစ်တဲ့ အစစ်အမှန် မိုးပြာရောင် ရေစက် အတွင်းအားပညာနဲ့ အစစ်အမှန် ငရဲမီး ပညာရပ်ဆိုရင် ၁.၅ သန်းလောက်ကို ပေးရတာပါ။

ဒါတောင် လီဖူချန်း လိုချင်နေတဲ့ အဆင့်မြင့် ဓားသိုင်းကျမ်းတွေကို ထည့်မတွက်ရသေးပါဘူး။

လီဖူချန်းရဲ့ အခုလက်ရှိ အဆင့်နဲ့ ဆိုရင်တော့ အဝါရောင် အဆင့်နိမ့် ဓားသိုင်းတွေက သူ့ရဲ့ ဓားတာအိုကို မဖွံ့ဖြိုး စေနိုင်တော့ဘူးလေ။ မတူညီတဲ့ အဝါရောင် အဆင့်နိမ့် ဓားသိုင်း ၁၀၀ က ဓားပညာ အခြေခိုင်ဖို့ပါဘဲ။

အခု သူလိုအပ်တာက အဝါရောင် အလယ်အလတ် အဆင့်ရှိတဲ့ ဓားသိုင်း စာအုပ်တွေပါပဲ။ များလေလေ ကောင်းလေပေါ့။ အဲဒါတွေ ပြီးရင်တော့ အဝါရောင် အဆင့်မြင့်တန်းက ဓားသိုင်းတွေနဲ့ အဝါရောင် အထွတ်အထိပ် အဆင့်က ဓားသိုင်းတွေပေါ့။ အဲဒီအဆင့်တွေ အတွက်လည်း ထောက်ပံ့ရေး ရမှတ်တွေ အများကြီး လိုပါသေးတယ်။

ဒါတောင် နောက်ထပ် အသက်ကယ် ပစ္စည်းတွေ၊ ချပ်ဝတ်တန်ဆာတွေ၊ ဆေးဝါးတွေ ကျန်နေပါသေးတယ်။

“ဟူး …”

တွေးရင်းနဲ့ လီဖူချန်းတစ်ယောက် ခေါင်းတောင် ကိုက်လာပါတယ်။ ဂိုဏ်းတော်ထဲမှာတော့ အရာရာဟာ ထောက်ပံ့ရေး ရမှတ်ပါပဲ။ ထောက်ပံ့ရေးရမှတ် မရှိလို့ကတော့ အရာရာက လီဖူချန်းအတွက် ခဲယဉ်းနေမှာပါ။

ဒီထောက်ပံ့ရေး ရမှတ်အတွက် ငါးမျှားဖို့ကိုလည်း လီဖူချန်းက စိတ်မဝင်စားတော့ ပါဘူးလေ။ ဘာဖြစ်လို့လည်း ဆိုတော့ ငါးမျှားနေရတာက သူ့ရဲ့ ကျင့်ကြံခြင်းအချိန် တော်တော်များများကို ဖြုန်းတီး ပစ်နေသလို ခံစားနေရလို့ပါဘဲ။

“ကျန်းကလန် …  တစ်နေ့အကြောင်း တိုက်ဆိုင်လို့ ခင်ဗျားတို့ဆီ ရောက်လာခဲ့မယ် ဆိုရင်   ဒီကျေးဇူးကို ဆပ်ပါဦးမယ်”

လီဖူချန်းက ကျန်းကလန်ကို ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်လိုက်မိပါတယ်။

***

နောက်တစ်နေ့မှာတော့ လီဖူချန်းကို ခေါင်းကိုမော့ ရင်ကိုကော့ကာ သိုင်းကျမ်းခန်းမထဲကို ဝင်လာခဲ့ပါတယ်။

ဘာဖြစ်လို့လည်း ဆိုတော့ သူ့မှာ ထောက်ပံ့ရေးရမှတ် တစ်သန်း ရှိတဲ့အပြင် အထူး တံဆိပ်တော်လည်း ရှိနေသည် မဟုတ်ပါလား။

လျှို့ဝှက် နည်းစနစ် တွေကလည်း ဒီသိုင်းကျမ်းဆောင်မှာ သိမ်းဆည်း ထားတာပါဘဲ။ ဒါပေမဲ့ နည်းနည်းလေးတော့ ပိုပြီးတော့ လျှို့ဝှက်တာပေ့ါလေ။

လီဖူချန်းက လျှို့ဝှက်အခန်းရှေ့ကို ရောက်လာတဲ့ အခါမှာတော့ ရှောင်လီ၊ လျူဝူဟောင်နဲ့ အခြားသူတွေတော့ ရောက်နှင့် နေကျပါပြီ။

သူတို့အားလုံးက နှစ်သက်ရာ လျှို့ဝှက် နည်းစနစ်တွေကို ရွေးနှင့် နေပြီးသားတောင် ဖြစ်နေပြီလေ။

လီဖူချန်းကို မြင်တော့ လျူဝူဟောင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး မသိဟန်ဆောင်လိုက်ပါတယ်။

လီဖူလျန်းကလည်း သောက်ဂရုကို မစိုက်ပါဘူး။ သူက လျှို့ဝှက် နည်းစနစ်တွေ ထားထားတဲ့ စင်ဘက်ကိုပဲ ဦးတည်လိုက်ပါတယ်။

နတ်ဘုရားတို့ရဲ့ ခြေလှမ်းသိုင်း - အောင်မြင်စွာ လေ့ကျင့်ပြီးသွားတဲ့ အချိန်ကျရင် အသုံးပြုသူရဲ့ တည်နေရာ ရွှေ့ပြောင်းတာကို ပိုမြန်အောင် လုပ်ဆောင်ပေးနိုင်တယ်။ လေနက္ခက်တာရာက ခြေထောက် ရွေ့လျားတာတွေကို ကူညီလာလိမ့်မယ်။

“ဒီလျှို့ဝှက် နည်းစနစ်က မဆိုးဘူးဘဲ။ ငါထွက်ပြေးတဲ့ အခါကျရင် ဒီနည်းစနစ်က လုံးဝ အထောက်အကူ ပြုမှာဘဲ”

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားပါတယ်။

အရိပ်မဲ့ခြေလှမ်းက ဆိုးတော့ မဆိုးပါဘူး။ဒါပေမဲ့ အဲဒီပညာရပ်က ခြေလှမ်းသိုင်း သက်သက်ဘဲလေ။ ခရီးဝေးတွေ ဘာတွေ သွားမယ်ဆိုရင် ဒီနတ်ဘုရား ခြေလှမ်းသိုင်းနဲ့ ဘယ်ယှဉ်နိုင်ပါ့မလဲ။

'သွေးဖောက်ခွဲခြင်း နည်းစနစ် - အသုံးပြုသူရဲ့ ချီအတွင်းအားတွေနဲ့ သွေးတွေကို အားဖြည့်ပေးပြီး အဘက်ဘက်က စွမ်းရည်တွေကို တိုးတက် လာစေနိုင်တယ်။ အထူးသဖြင့် အလျင်'

‘လျှို့ဝှက် အမှတ်အသား နည်းစနစ် - လေ့ကျင့်ထားသူရဲ့ ခန္ဓာကိုယ်ပေါ်မှာ လျှို့ဝှက် အမှတ်အသားလေး တစ်ခု ရှိလာလိမ့်မယ်။ ထိုအမှတ်အသားကို အသုံးပြုလိုက်တာနဲ့ ခံနိုင်ရည်ပိုင်းနဲ့ ချီပေါက်ကွဲနှုန်းဘက်မှာ အဆမတန် တိုးတက်လာမယ်။'

'နေကြာပန်း ဓားချီအတွင်းအား - နေကြာပန်းပင် တစ်ပင်က အသုံးပြုသူရဲ့ စိတ်ဝိညာဉ် နယ်ပယ်ထဲမှာ ရှိနေလိမ့်မယ်။ အဲသည် နေကြာပင်က ဓားချီတွေကို သန့်စင်ပေးပြီး အရေးကြီးတဲ့ အချိန်တွေမှာ ထုတ်ယူ အသုံးပြုခွင့်ပေးတယ်။'

***

စုစုပေါင်း ကြယ်နှစ်ပွင့် လျှို့ဝှက်နည်းစနစ် ၂၇မျိုးရဲ့ မာတိကာ အညွှန်းကို ဖတ်ရှုပြီးတဲ့ နောက်မှာတော့ လီဖူချန်းက နတ်ဘုရားတို့ရဲ့ ခြေလှမ်း နည်းစနစ်ကိုပဲ ရွေးလိုက်ပါတော့တယ်။

ဘာဖြစ်လို့လည်း ဆိုတော့ ဒီနည်းစနစ်က သူ့ထက် အစွမ်းထက်တဲ့ လူတွေနဲ့ တွေ့ရင် ထွက်ပြေးနိုင်လို့ပါပဲ။

ရှေးလူကြီးတွေ ပြောသလို သူရဲကောင်းက သူ့ထက် စွမ်းအားကြီးတဲ့သူကို ထွက်မပြေးဘဲ အသေခံချတာတို့ ဘာတို့ဆိုတာ လီဖူချန်း အတွက်တော့ မဟုတ်ပါဘူး။ မနိုင်တဲ့သူကို အသေခံချတယ် ဆိုတာ တကယ့် နလပိန်းတုံးတွေပါ။

သူက ကျင့်ကြံခြင်း လောကမှာ ထိပ်ဆုံးအထိ လှမ်းတက်ဖို့ ရည်ရွယ်ထားတဲ့အတွက် 'နိုင်ရင် ချ၊ မနိုင်ရင်ပြေး‘ ဆိုတဲ့ ဗျူဟာကိုဘဲ အသုံးပြုမှာပါ။ တစ်ခါတလေမှာ ထွက်ပြေးလို့ ရနိုင်ရဲ့သားနဲ့ ဘာလို့ အသေခံပြီး ချနေမှာလည်းလေ။

ပြီးတော့ ဒီလောကကြီးက အင်မတန်မှ ကျယ်ပြော လှပါတယ်။ ဒီလို လောကကြီးမှာ အမြန်နှုန်းနဲ့ သွားလာနိုင်ခြင်းက ကောင်းတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။ ထွက်ပြေးလို့လည်း အသုံးဝင်တယ်။ ခရီးသွားရင်လည်း အသုံးဝင်တယ်။ ဂိုဏ်းရဲ့တာဝန်တွေ ထမ်းဆောင်တဲ့ အခါမှာလည်း မြန်မြန်ဆန်ဆန် အဆုံးသတ်နိုင်မယ်။ ဒီနတ်ဘုရား ခြေလှမ်းက တကယ်ကိုပဲ အသုံးဝင်မှာပါ။

သူ့မှာကြယ် ၃ ပွင့် မီးနဂါးလျှို့ဝှက် နည်းစနစ်လည်း ရှိနေပြီ ဆိုတော့ တခြားစွမ်းရည် တိုးတက်စေတဲ့ နည်းစနစ်တွေက အပိုတွေလို ဖြစ်နေတာကလည်း တစ်ကြောင်းပေါ့လေ။

လျှို့ဝှက်နည်းစနစ်ကို ရွေးယူပြီး နောက်မှာတော့ လီဖူချန်းက အဝါရောင် အလယ်အလတ်အဆင့် ဓားသိုင်း ၃၀ ကိုလည်း ယူလာခဲ့သေးပါတယ်။

ဂိုဏ်းတော်က ပေးထားတဲ့ သူ့ရဲ့ ကိုယ်ပိုင်ခြံဝင်းကို ပြန်အရောက်မှာတော့ လီဖူချန်းက အချိန်ဆွဲ မနေတော့ဘဲ သူ့ရဲ့ နတ်ဘုရားခြေလှမ်း နည်းစနစ်ကို စတင် လေ့လာပါတော့တယ်။

ဒီနတ်ဘုရား ခြေလှမ်း နည်းစနစ်ကလည်း မီးနဂါးလျှို့ဝှက် နည်းစနစ်လိုပါပဲ။ အတွင်းအားတွေကို သတ်မှတ်ထားတဲ့ သွေးကြော ဆုံမှတ်တွေထဲကို လည်ပတ်စီးဆင်း ပေးရတာပါဘဲ။ မတူတာ တစ်ခုကတော့ ဒီနည်းစနစ်က ခြေထောက်မှာ ရှိတဲ့ သွေးကြော ဆုံမှတ်တွေကို အဓိက ထားပါတယ်။

ဒီနတ်ဘုရားတို့ရဲ့ ခြေလှမ်း ပညာရပ်ကတော့ အဆင့် ၂ ဆင့်ပဲ ရှိပါတယ်။

ပထမအဆင့်ကို အောင်မြင်သွားရင်တော့ လေထုရဲ့ ဖိအားကို အသုံးချနိုင်လာမှာပါ။

ဒုတိယအဆင့်ကို အောင်မြင်သွားရင်တော့ အံ့သြဖွယ် ကောင်းလှတဲ့ နတ်ဘုရား လေထုကို အသုံးပြုပြီး အရိပ်တစ်ရိပ်သဖွယ် ပြောင်းလဲသွားနိုင်မှာပါ။

ဒီလိုနည်းစနစ်ကို အတွေ့အကြုံ ရှိပြီးသား ဖြစ်နေတဲ့ လီဖူချန်းရဲ့ လေ့ကျင့်မှုနှုန်းက မယုံနိုင်စရာ ကောင်းလောက်အောင် လျင်မြန်လွန်း လှပါတယ်။ သုံးရက်လောက် လေ့ကျင့်လိုက်တာနဲ့ပဲ သူက နတ်ဘုရားတို့ရဲ့ ခြေလှမ်းနည်းစနစ် ပထမအဆင့်ကို အောင်မြင် သွားပါတော့တယ်။

***

သူ့ရဲ့ ခြံဝင်းထဲက တစ်နေရာမှာတော့ လီဖူချန်းက ရွေ့လျား သွားလာနေပါတယ်။

သူ့ရဲ့ လှုပ်ရှားမှုတွေက လုံးဝကို ညင်သာ တိတ်ဆိတ်လွန်း လှပါတယ်။ ကိုယ်တိုင် မျက်လုံးနဲ့သာ မမြင်ရဘူးဆိုရင် လီဖူချန်းရဲ့ တည်နေရာ ရွှေ့ပြောင်းနေတာကို လုံးဝရိပ်မိနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းက သူ့ရဲ့တည်ရှိမှု အရှိန်အဝါကို လုံးဝ ဖျောက်ပစ်ထားနိုင်လို့ပါဘဲ။

တစ်ခဏ အကြာမှာတော့ လီဖူချန်းက လေထဲကို ခုန်တက်လိုက်ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အတော်မြင့်မြင့်ကို မြှောက်တက်သွားပြီး လေရူးတွေနဲ့အတူ လေဟုန်စီးဝဲပျံ နေပါတော့တယ်။ ဒီလေဟုန်စီးနေတဲ့ အမြန်နှုန်းက အတော်လေး မြန်နေတဲ့အတွက် လီဖူချန်းအတွက် သွားလိုတဲ့ နေရာကို ဦးတည်ချက်ထားဖို့က အတော်လေးကို ခက်ခဲနေပါတယ်။

“အား … အရမ်းကို မြန်နေတယ်ကွာ။ ဒီအမြန်နှုန်းကို အသားကျအောင် ငါလုပ်ရဦးမယ်။ ဒီနည်းစနစ်ကြီးက အရိပ်မဲ့ ခြေလှမ်းထက် သာနေတယ် ဆိုကိုတော့ ငါလက်ခံရမှာပဲ"

လီဖူချန်းက နောင်ဖြစ်လာမဲ့ အရာတွေကိုလည်း ကြိုတွေး နေရပါသေးတယ်။ နတ်ဘုရားတို့ ခြေလှမ်းရဲ့ ပထမအဆင့်ကတောင် ဒီလောက်မြန်နေတာ။ ဒုတိယအဆင့်ကျရင် သေချာပေါက် ပထမအဆင့်ကထက်ကို နှစ်ဆလောက် မြန်လာမှာပါဘဲ။

ဒီအမြန်နှုန်းဆိုတဲ့ အရာကြီးကို လီဖူချန်းက တွေးရင်းတွေးရင်းနဲ့ သဘောကျ လာပါတော့တယ်။ သူ့ထက် အဆင့်မြင့်တဲ့ မြေကမ္ဘာ အဆင့်ပညာရှင် ဆိုရင်လည်း ဘာအရေးလည်း အနည်းဆုံးတော့ ထိပ်ပုတ်၊ ခေါင်းပုတ်လုပ်ပြီး ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလား။

***

All Chapters