← Chapters

ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေသို့အဝင်

Vol. 11 Ch. 143

ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေသို့အဝင်

Vol. 11 Ch. 143

အတွင်းစည်းပင်မခန်းဆောင် …

ဇောင်ဝူကျင်းကတော့ ထုံးစံအတိုင်း အလယ်မှာ ရပ်နေပြီး ဘေးတစ်ဖင် တစ်ချက်မှာတော့ သူနဲ့ ချီအရှိန်အဝါ သိပ်မကွာတဲ့ အတွင်းစည်း အကြီးအကဲတွေ ခြံရံလျက် ရှိနေပါတယ်။

သိပ်မကြာခင်မှာတော့ ရွေးချယ်ခြင်း ခံထားရတဲ့ အတွင်းစည်း တပည့် ၁၀ ယောက်ဟာ တစ်ယောက်ပြီး တစ်ယောက် ပေါ်လာပါတယ်။ အားလုံးစုံသွားတဲ့ အချိန်မှာတော့ ဇောင်ဝူကျင်းက စပြီး သြဝါဒ ချွေပါတော့တယ်။

“ဒီနေ့ဟာ ငါတို့တွေ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေကို သွားတဲ့ ခရီးကို စတင်မှာဖြစ်တယ်။ ဒါပေမဲ့ မသွားခင်မှာ မင်းတို့အတွက် ရတနာဓားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ပေးအပ်ဖို့ အစီအစဉ်ကို အရင်စလိုက်မယ်”

သူ့ရဲ့ စကားဆုံးသွားတာနဲ့ အတွင်းစည်း ကြီးကြပ်ရေးမှူး ၁၀ ယောက်ဟာ ရတနာဓား တစ်လက်စီရယ် သားရဲသားရေနဲ့ ချုပ်ထားတဲ့ အိတ်တစ်လုံးစီရယ်ကို ကိုင်ပြီး ထွက်လာခဲ့ပါတယ်။

ရတနာဓားကို ရပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ဓားကို ဆွဲထုတ် ကြည့်လိုက်ပါတယ်။

“ရွှစ်”

အေးစက်နေတဲ့ ဓားအငွေ့အသက်တွေက ထွက်ပေါ် လာခဲ့ပါတယ်။ ဓားသွားရဲ့ ထက်မြက်ပုံ ကတော့ ဆံချည် တစ်မျှင်တင်ပြီး မှုတ်လိုက်ရင်တောင် ပြတ်ထွက်သွားတဲ့ အထိပါဘဲ။

“ဒါက ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ နက်ရွှေမှော်ဓားပဲ"

လီဖူချန်းက အံ့သြသွားပါတယ်။

နက်ရွှေမှော်ဓားတွေဟာ တိုက်ရိုက် တပည့်တွေအတွက် သီးသန့် သွန်းလုပ်ပေးထားတဲ့ ဓားဖြစ်ပါတယ်။ ဒီဓားတွေက သတ္တုရိုင်းတွေကိုတောင် တိုဟူးတစ်တုံး လှီးလိုက်သလို လှီးနိုင်တဲ့ အစွမ်းရှိတယ်လို့ ကြားဖူးပါသေးတယ်။ တကယ်လို့သာ အဝါရောင် အဆင့်ရှိတဲ့ သာမန် ဓားတစ်လက်က နက်ရွှေမှော်ဓားနဲ့ ထိပ်တိုက် ရင်ဆိုင်မိရင် အပိုင်းပိုင်း ကျိုးပြတ်သွားနိုင်တဲ့ အထိကို အစွမ်းထက်တယ်လေ။ လီဖူချန်း လက်ရှိကိုင်နေတဲ့ အနက်ရောင် သံသေဓားတောင်မှ ဒီနက်ရွှေမှော်ဓားနဲ့ ထိပ်တိုက် ရင်ဆိုင်မိရင် အခြေအနေ မကောင်းလှပါဘူး။

“ဒီနက်ရွှေမှော် ဓားတစ်လက်ကို ရွှေပြားတစ်သိန်း တန်ဖိုးရှိတယ်။ အပြင်လောကမှာ ဆိုရင် ဒီလိုဓားမျိုးကို ဝယ်ယူနိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သလောက်ဘဲ”

လီဖူချန်းက ဂိုဏ်းတော်ရဲ့ စေတနာကို လုံးဝ လေးစားသွားမိတယ်လေ။

ထို့နောက်မှာတော့ သူ့ရဲ့ အကြည့်တွေကို သားရဲ သားရေအိတ်ဘက်ကို ပြောင်းလိုက်ပါတယ်။

“ဒါက ဟင်းလင်းပြင်သားရဲ သားရေနဲ့လုပ်ထားတဲ့ သိုလှောင်အိတ် ဆိုတာပဲ ဖြစ်ရမယ်။ ဒီအိတ်ရဲ့ တန်ဖိုးကတော့ နက်ရွှေမှော်ဓားရဲ့ တန်ဖိုးထက်တောင် အများကြီး ကျော်သွားပြီပဲ”

ဟင်းလင်းပြင် သားရဲကောင်တွေဟာ အဆင့် ၄ မိစ္ဆာသားရဲတွေပါ။ သူတို့က မျိုချလိုက်တဲ့ အရာမှန်သမျှကို သိမ်းဆည်းထားနိုငိတဲ့ အစွမ်းရှိပါတယ်။ သူတို့ရဲ့ သားရေနဲ့ ချုပ်ထားတဲ့ ဒီအိတ်လေးဟာ အရာဝတ္ထု တော်တော်များများကို သိမ်းဆည်း ထားနိုင်တယ်လေ။

“မင်းတို့ရဲ့ ချီအတွင်းအားတွေကို ဒီအိတ်ထဲကို ပို့လိုက်ရင် ဒီအိတ်က ပွင့်လာလိမ့်မယ်။ တစ်ချက်လောက် စမ်းကြည့်လိုက်ကျ”

ဇောင်ဝူကျင်းရဲ့ ဘေးနားမှာ ရပ်နေတဲ့ အကြီးအကဲ တစ်ယောက်က နည်းလမ်းကို ပြောပြလိုက်ပါတယ်။

အကြီးအကဲရဲ့ စကားအတိုင်း ချီအတွင်းအားတွေကို သိုလှောင်အိတ်တွေထဲ ပို့ဆောင်လိုက်တဲ့ အခါမှာတော့ သိုလှောင်အိတ်တွေဟာ အလိုအလျောက် ပွင့်လာကြပါတယ်။

လီဖူချန်းက အထဲကို ကြည့်လိုက်တဲ့ အခါမှာတော့ ဒီလက်တစ်ဝါးသာသာ အိတ်လေးဟာ တစ်မီတာလောက် ကျယ်ဝန်းနေတာကို သိလိုက်ရပါတယ်။

“တကယ့် ပဉ္စလက် အတတ်ပါလား”

ရွေးချယ်ခံထားရတဲ့ အတွင်းစည်း တပည့်တွေဟာ သိုလှောင်အိတ်တွေကို ပထမဆုံး မြင်ဖူးတာ ဖြစ်တဲ့အတွက် အတော်လေး အံ့သြနေကျပါတယ်။

“ဒီလောကကြီးဟာ အလွန်ကျယ်ပြောပြီး ထူးခြားဆန်းကျယ်တဲ့ အရာတွေနဲ့ ပြည့်နှက်နေတာပဲ။ ငါ့ရဲ့စိတ်တွေကို ဘောင်ခတ်မထားဘဲ ဖွင့်ထားနိုင်မှ တော်ကာကျလိမ့်မယ်”

လီဖူချန်းက အံ့သြနေတဲ့ သူ့ရဲ့ အမူအရာတွေကို ပြန်ထိန်းလိုက်ပါတယ်။

ဇောင်ဝူကျင်းက”ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေက ဝင်သွားပြီးတာနဲ့ အထဲမှာ တစ်ပတ်တိတိ ပိတ်မိနေလိမ့်မယ်။ အဲသည် တစ်ပတ်အတွင်းမှာ  မင်းတို့က ရနိုင်သလောက် ဆေးပင်တွေနဲ့ သတ္တရိုင်းတွေကို ရှာခဲ့ကြ။ မလိုအပ်ဘဲနဲတော့ တခြားလူတွေကို မသတ်မိစေနဲ့။ ဒါပေမဲ့ တစ်ဖက်က လူတွေက စည်းကျော်လာရင်တော့ သတ်သာ သတ်ပစ်လိုက်။ ကျန်တာ ငါရှင်းပေးမယ်။ ငါတို့ မိုးပြာရောင် ဂိုဏ်းသားတွေက ပြဿနာကို စပြီး ရှာတဲ့လူတွေတော့ မဟုတ်ဘူး။ အေး ဒါပေမဲ့ တခြားလူတွေ ပြဿနာ လာရှာတာကိုလည်း ငြိမ်ခံနေမှာ မဟုတ်ဘူး ဆိုတာကို ပြလိုက်ကျ။ ဖြစ်နိုင်မယ် ဆိုရင် အထဲကို ရောက်တာနဲ့ ဂိုဏ်းသားတွေကို ရှာပြီး အမြန်အဖွဲ့ဖွဲ့လိုက်။ တခြားလူတွေ လာသတ်တာကို ငြိမ်ခံမနေရစေနဲ့”

“ဟုတ်ကဲ့ပါ အကြီးအကဲခေါင်ချုပ်”

အတွင်းစည်းတပည့် ဆယ်ယောက်စလုံးက ခေါင်းညိတ်လိုက်ပါတယ်။

ဇောင်ဝူကျင်းက ဆက်ပြီး သတိပေးပါတယ်။

“တခြားဂိုဏ်းက တပည့်တွေရဲ့ အန္တရာယ်အပြင် မင်းတို့ သတိထားရမှာက ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ ကျက်စားနေတဲ့ မိစ္ဆာသားရဲတွေဘဲ။ ဒီမိစ္ဆာသားရဲတွေက ဘယ်လိုလုပ်ပြီး ဒီနယ်မြေထဲကို ရောက်နေတာလည်း ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး။ အရင်တစ်ခါက ဆိုရင် အဆင့် ၃ မိစ္ဆာ သားရဲကြီးတစ်ကောင် ပေါ်လာပြီး ရှိသမျှ ဂိုဏ်းသားတွေကို တိုက်ခိုက် သွားသေးတယ်”

သူ့ရဲ့ အမှာစကားတွေကို ပြောပြီးသွားတဲ့ နောက်မှာတော့ ဇောင်ဝူကျင်းက လက်ကို ဝှေ့ယမ်းလိုက်ပြီး …

“ငါနဲ့လိုက်ခဲ့” ဟုပြောကာ အတွင်းစည်း ပင်မခန်းဆောင်ရဲ့ အပြင်ကို ထွက်ခွာ သွားပါတော့တယ်။

ပင်မခန်းဆောင်ရဲ့ အပြင်ကို အရောက်မှာတော့ ဇောင်ဝူကျင်းက သူ့ရဲ့ဘေးနားမှာ ရှိနေတဲ့ အကြီးအကဲ တစ်ယောက်ကို လှည့်ပြီး စကားဆိုလိုက်ပါတယ်။

“အကြီးအကဲလျန် … ကျေးဇူးပြုပြီးတော့ ခင်ဗျားရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလေးတွေကို ခေါ်ထုတ် လိုက်ပါတော့လား”

အကြီးအကဲလျန်က ခေါင်းတစ်ချက် ညိတ်ပြီး လေချွန်သံ အရှည်ကြီး တစ်ခုကို လုပ်လိုက်ပါတယ်။

ရွှီ …

သိပ်မကြာခင်မှာပဲ လေဓာတ်ကို အထူးပြုတဲ့ မိစ္ဆာသားရဲကြီး နှစ်ကောင်က တောင်တန်းတွေဘက်ကနေ ပျံသန်း လာကြပါတယ်။

အား …

ဂရား …  ဝေါင်း …

“အကြီးကြီးပဲဟ”

လီဖူချန်းတို့အဖွဲ့က ပျံသန်းလာတဲ့ သားရဲကြီးတွေကို ကြည့်ရင်းနဲ့ မျက်လုံးပြူး နေကြပါတယ်။

မိစ္ဆာသားရဲကြီး တစ်ကောင်ကတော့ ငှက်အနွယ်ဝင်ထဲက ဖြစ်ပုံပါဘဲ။ ခန္ဓာကိုယ် တစ်ခုလုံးကို ရွှေရောင် ငှက်မွေးတွေက ဖုံးအုပ်ထားပြီး ငှက်တောင်မွေး တစ်ချောင်းစီကိုက မီတာ အနည်းငယ်လောက် ရှည်လျားပါတယ်။ သူ့ရဲ့ တောင်ပံတွေကို ဖြန့်ကြက်လိုက်မယ် ဆိုရင်တော့ မီတာ ၂၀ မက ရှည်တာကို တွေ့ရမှာပါ။

တခြား မိစ္ဆာသားရဲကြီး တစ်ကောင်ကတော့ ကျားတစ်ကောင်ကို တောင်ပံ တပ်ထား ပေးသလိုပါဘဲ။ ဒါပေမဲ့ အမြီးရဲ့ ထိပ်မှာတော့ ငှက်တစ်ကောင်ရဲ့ ပုံလို ဖြစ်ပေါ်နေပါတယ်။ ဒီအကောင်ကြီးကလည်း တောင်ပံဖြန့်လိုက်ရင် မီတာ ၂၀ မက ရှည်တယ်လေ။

အဆင့် ၄ အနိမ့်စားသားရဲ ရွှေမွှေးငှက်။

အဆင့် ၄ အနိမ့်စားသားရဲ့ တောင်ပံပါကျား ။

အချက်အလက်တွေ အရဆိုရင်တော့ ဒီကောင်ကြီးတွေက မိစ္ဆာသားရဲလို့ ခေါ်လို့ မရတော့ပါဘူး။ စိတ်ဝိညာဉ်သားရဲတွေလို့သာ ခေါ်ဆို ထိုက်ပါတယ်။

စိတ်ဝိညာဉ်သားရဲတွေ ဆိုတာ ယဉ်ပါးအောင် လေ့ကျင့်ပေးထားတဲ့ သားရဲတွေပါ။ သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ မိစ္ဆာဓာတ်တွေ မရှိတော့ပါဘူး။ စိတ်ဝိညာဉ်ချီတွေပဲ ကျန်နေတော့တာလေ။

“ဒီအကြီးအကဲလျန်က သားရဲတွေကို ထိန်းချုပ်နိုင်တဲ့ ထိပ်သီးပညာရှင် ဖြစ်ရမယ်။"

ဒီသားရဲကြီး နှစ်ကောင်ထံကနေ ထွက်ပေါ်နေတဲ့ စိတ်ဝိညာဉ်ချီတွေကြောင့် လီဖူချန်းနဲ့ အခြားလူတွေဟာ အသက်ရှူဖို့တောင် ခက်ခဲလာပါတယ်။

အဆင့်၄အနိမ့်စား စိတ်ဝိညာဉ်သားရဲတွေဟာ ကောင်းကင်နယ်ပယ်က အဆင့်နိမ့် ပညာရှင်တွေနဲ့ ညီမျှပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အရှိန်အဝါ ဖိအားတွေက ပိုပြီးတော့ သိပ်သည်းတယ်လေ။ ဒီသားရဲကြီးတွေက တိုက်ခိုက်ရေး အတတ်ပညာတွေ မတတ်လို့သာပေါ့။ မဟုတ်လို့ကတော့ ကောင်းကင်နယ်ပယ် အလယ်အလတ်လောက်က ပညာရှင်တွေတောင် ဒီစိတ်ဝိညာဉ် အဆင့်နိမ့်သားရဲတွေကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ရွှေမွှေးငှက်နဲ့ တောင်ပံပါကျားတို့ မြေပြင်ပေါ်ကို ဆင်းသက်လာတဲ့ အခါမှာတော့ ဇောင်ဝူကျင်းက ”အားလုံး တက်ကြ”ဟု အမိန့်ပေးလိုက်ပါတယ်။

ဒီရွှေမွှေးငှက်နဲ့ တောင်ပံပါ ကျားတို့ရဲ့ ကျောပြင်ပေါ်မှာတော့ လူအတော်များများ တက်စီးလို့ရတဲ့အထိ နေရာလွတ်တွေ ရှိနေပါတယ်လေ။

လီဖူချန်းက တောင်ပံပါကျားရဲ့ အပေါ်ကို တက်လိုက်ပါတယ်။ ဒီပေါ်မှာတော့ ဇောင်ဝူကျင်း၊ ချန်ဖန်းဟွာ၊ အခြားသော အတွင်းစည်း တပည့် ၃ ယောက်နဲ့ အတွင်းစည်း အကြီးအကဲ ၄ ယောက် ရှိနေပါတယ်။

ကျန်တဲ့ လူတွေကတော့ ရွှေမွှေးငှက်ရဲ့ အပေါ်မှာပေါ့။

“သွားစို့” အကြီးအကဲလျန်ရဲ့ အော်ဟစ် အမိန့်ပေးသံက ထွက်ပေါ်လာပါတယ်။

ရွှေမွှေးငှက်နဲ့ တောင်ပံပါကျားတို့ဟာ အရှိန်ယူလိုက်ပြီး ကောင်းကင်ယံကို ပျံတက် သွားပါတော့တယ်။ မျက်စိတစ်မှိတ် အတွင်းမှာဘဲ သူတို့ဟာ တောင်တွေ တိမ်တိုက်တွေကို ကျော်လွန်ပြီး ပျံသန်းခဲ့တယ်လေ။

***

မဟာမိတ် တောင်တန်းနယ်မြေဟာ   ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ နယ်နိမိတ်တွေနဲ့ ထိစပ်လျက် ရှိနေတာပေါ့။ ဒီထိစပ်လျက်ရှိတဲ့ ဂိုဏ်းကြီး လေးဂိုဏ်းကတော့ မိုးပြာရောင်ဂိုဏ်း၊ ကောင်းကင် နတ်ဆိုးဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေဂိုဏ်းတို့ပဲ ဖြစ်ပါတယ်။

ဒီမဟာမိတ် တောင်တန်းရဲ့ အလည်တည့်တည့်မှာတော့ ရေကန်ကျယ်ကြီး တစ်ခုရှိနေပါတယ်။ အဲသည် ရေကန်ကိုတော့ ဆေးပင် ၁၀၀ ရေကန်လို့ ခေါ်ဝေါ်ကျပါတယ်။

ရေကန် အနီးတစ်ဝိုက်မှာတော့ ဂိုဏ်း ၂ ဂိုဏ်းက ကြိုပြီးရောက်နှင့် နေကျပုံပါပဲ။ ဂိုဏ်းတစ်ဂိုဏ်းစီမှာ အတွင်းစည်း တပည့် ၁၀ ယောက်နဲ့ အတွင်းစည်း အကြီးအကဲ ၁၀ ယောက် စုစုပေါင်းလူ ၂၀ ပါလာပါတယ်။

ကြိုပြီး ရောက်နှင့်နေတဲ့ ဂိုဏ်းတွေကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေဂိုဏ်းတို့ပါပဲ။

ခရမ်းရောင် ဆေဘာဂိုဏ်း အဖွဲ့ဝင်တွေရဲ့ ကျောပေါ်မှာတော့ ကြီးမားလှတဲ့ ဓားပြားကြီးတွေကို သယ်ပိုး ထားကြပါတယ်။ ဒီဓားပြားကြီးတွေက အင်မတန်မှ လေးလံပုံ ရပါတယ်။ ဓားပြားကြီးတွေရဲ့ ကိုယ်ထည်မှာတော့ အကွင်းလေး ၉ ကွင်း ရှိပြီး ဓားနှောင့်ကိုတော့ ကျားတစ်ကောင်ရဲ့ ဦးခေါင်းပုံသဏ္ဌာန် ထွင်းထုထားပါတယ်။ သူတို့အားလုံးကို ကြည့်ရတာ ရက်စက် ကြမ်းကြုတ်မဲ့ ပုံတွေပါပဲ။

စိတ်ဝိညာဉ်ဂိုဏ်းက လူတွေကတော့ မီးခိုးရောင် ဝတ်ရုံရှည်ကြီးတွေကို ဝတ်ဆင်ထားပြီး သူတို့ရဲ့ အငွေ့အသက်တွေက အရမ်းကို လျှို့ဝှက်ဆန်းကြယ် နေပါတယ်။ သူတို့က အချိန်မရွေး ပျောက်ကွယ်သွားပြီး မင်းရဲ့ အနားကိုကပ်ကာ ပြုစားနိုင်တယ်လေ။ ဒီဂိုဏ်းက လူတွေဟာ လုပ်ကြံသတ်ဖြတ်ရာမှာ အတော်လေး ထူးချွန်မည့် ပုံပါဘဲ။

ဒီဂိုဏ်းနှစ်ဂိုဏ်းလုံးရဲ့ တပည့်တွေက တစ်ဖက်နဲ့တစ်ဖက် အကဲခတ် လေ့လာနေကြပါတယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ လူသတ်ချင်သည့် အရိပ်အငွေ့တွေ ရစ်သိုင်းလျက်နဲ့ပါ။

အား …

ဂရား …

ထိုအခိုက်မှာပင် ကောင်းကင်ယံမှ သားရဲ အော်သံကြီး နှစ်ခုက စူးရှစွာ ထွက်ပေါ်လာပါတယ်။

“မိုးပြာရောင် ဂိုဏ်းကလူတွေ ရောက်လာပြီ"

အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် ခရမ်းရောင် ဆေဘာဂိုဏ်းမှ အကြီးအကဲ တစ်ယောက်က ကောင်းကင်ကို မော့ကြည့်ပြီး ရေရွတ်လိုက်ပါတယ်။ သူ့ရဲ့ နောက်ကျောမှာတော့ လူတစ်ရပ်စာမျှ ရှိတဲ့ ဓားပြားကြီးကို ဓားအိမ်ပါပဲ လွယ်ထားတယ်လေ။ သူ့ကိုကြည့်ရတာ ဘယ်သူ့ကိုမှ မကြောက်မရွံ့ မရှိသည့် ပုံပါဘဲ။ သူ့ကိုယ်က ထွက်နေတဲ့ အရှိန်အဝါတွေကလည်း သတ္တိနှင့် သွေးဆိုတာကို ကောင်းကောင်းကြီး ရှင်းပြနေပါတယ်။

သိပ်မကြာခင်မှာပဲ ရွှေမွေးငှက်နဲ့ တောင်ပံပါကျားတို့ဟာ ဆေးပင် ၁၀၀ ရေကန်ကို ဆင်းသက်လာပါပြီ။

“အားလုံးဘဲ ဆင်းကြစို့” ဇောင်ဝူကျင်းက အမိန့်ပေးလိုက်ပါတယ်။

ဖတ် …  ဖတ် …  ဖတ် …

မိုးပြာရောင်ဂိုဏ်းရဲ့ လူ ၂၀ ဟာ ညင်သာစွာနဲ့ ရေကန် မျက်နှာပြင်ပေါ်မှာ ရပ်နေပါတယ်။

အကြီးအကဲလျန်က သူ့ရဲ့ သားရဲတွေကို အစာရှာထွက်ဖို့ လက်ဟန်ပြပြီး ခွင့်ပြုလိုက်တယ်လေ။

“ဇောင်ဝူကျင်း …  မတွေ့ရတာ ကြာပြီဘဲ”

ခရမ်းရောင် ဆေဘာဂိုဏ်းက အကြီးအကဲခေါင်ချုပ်က အားရပါးရ ရယ်ပြီး ဇောင်ဝူကျင်းကို နှုတ်ဆက်လိုက်တဲ့ အခါမှာတော့ ကြောက်စရာကောင်းလှတဲ့ ဆေဘာချီတွေက ထွက်ပေါ်လာပြီး ဇောင်ဝူကျင်းကို ဖိနှိပ် လိုက်ပါတယ်လေ။

“ဟီဆန်းဟူ …  မင်းက အခုချိန်အထိ လူမှုရေး မသိတတ်သေးပါလား”

ဇောင်ဝူကျင်းထံ ကနေလည်း အလွန်ထက်မြက်တဲ့ ဓားချီတွေက ထွက်ပေါ်လာပြီး ဆေဘာချီတွေကို တိုက်ခိုက် ပစ်လိုက်ပါတယ်။

“ဝုန်း … ဝုန်း … ဝုန်း …"

အကြီးအကဲ နှစ်ယောက်ရဲ့ လက်ရည်စမ်းမှုကြောင့် ကန်ရေပြင်ထက်မှာတော့ ပေါက်ကွဲမှုတွေ အဆက်မပြတ် ဖြစ်ပေါ်လာတယ်လေ။

“ကောင်းကင် နတ်ဆိုးဂိုဏ်းလည်း ရောက်လာပြီပဲ”

ကြောက်စရာကောင်းတဲ့ စုန်းမတစ်ဦး အသွင်ရှိတဲ့ ဝိညာဉ်ကဝေဂိုဏ်းက အဘွားအို တစ်ဦးက ကောင်းကင်ကို မေ့ာကြည့်ပြီး စကားတစ်ခွန်း ဆိုလိုက်ပါတယ်။

ကောင်းကင်ရဲ့ ဟိုးအဝေး တစ်နေရာမှာတော့ တောင်ပံလေးခုပါတဲ့ အနက်ရောင် စိတ်ဝိညာဉ်သားရဲကြီး တစ်ကောင်က ဒီဆေးပင် ၁၀၀ ရေကန်ကို ဦးတည် ပျံသန်း လာနေပါတယ်။

ဒီအနက်ရောင် စိတ်ဝိညာဉ် သားရဲကြီးက ရွှေမွေးငှက်နဲ့ တောင်ပံပါ ကျားတို့ထက်တောင် ကြီးနေပါသေးတယ်။ အနည်းဆုံးတော့ ဒီကောင်ကြီးက အတောင်ပံ ဖြန့်လိုက်ရင် မီတာ ၃၀ မက ရှိပါတယ်။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင် ကောင်းကင်ယံမှာ အနက်ရောင် တိမ်ထုကြီးတစ်ခု ရွေ့လျား နေသလိုပါဘဲ။

***

All Chapters