အခန်း (၃၄၆)
Vol. 24 Ch. 346
လင်းရီနှင့် ကျန်သူများမှာ လူအုပ်ကြီး၏ စောင့်ကြည့်နေကြသည့် မျက်လုံးများအောက်တွင် မက်ထရိုပိုလစ်မှ ထွက်လာခဲ့ကြ၏။
"ဆောတီးပဲကွာ..ပျော်ရအောင် ခေါ်လိုက်တယ်ဆိုပေမယ့် ဒီလိုတွေ ဖြစ်သွားလိမ့်မယ်လို့တောင် ထင်မထားဘူး...မင်းတို့ကောင်တွေကို နောက်မှ သပ်သပ် ပြန်ခေါ်လိုက်တော့မယ်..."
"ရပါတယ်ဟ...ညီကိုတွေပဲ...အသေးမွှားလေးပါ..."
ချင်းဟန် လက်ဝှေ့ယမ်းရင်း ပြောလိုက်ပြီး လင်းရီတို့ ထွက်ခွာသွားသည်ကို တိတ်တဆိတ် စောင့်ကြည့်လိုက်သည်။ ထို့နောက် လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်တို့ဘက် လှည့်ကာ "မင်းတို့ နောက်လေးငါးရက်လောက်အထိ သေချာလေး အာရုံစိုက်ထား..သက်ကျားအိုကြီး ၀မ်က ဒီနယ်တစ်ဝိုက်မှာ တော့ သူ့ဩဇာတွေက ကျန်နေသေးတုန်းပဲ...အာရုံစူးစိုက်ထားကြ...ပြီးတော့ ဘာပြဿနာမှ မဖြစ်စေနဲ့..."
"နားလည်ပါပြီ အစ်ကိုကြီးချင်း..."
ချင်းဟန်နောက်လှည့်ပြီး ယောင်တုန်းလိုင်နှင့် လျိုချန်းတို့ကို ကြည့်ကာ "မက်ထရိုပိုလစ်ကို နောက်နှစ်ရက်သုံးရက်လောက်အထိ ပိတ်ထားလိုက်ဦး..တကယ်လို့ ၀မ်မာဇီက သူ့လူတွေ ထပ်လွှတ်လာခဲ့မယ်ဆိုရင် မင်းတို့ပဲ အများကြီး ဆုံးရှုံးရမှာ...လင်းကြီးနဲ့ ငါနဲ့ကလည်း တစ်ချိန်လုံး ကာကွယ်ပေးမနေနိုင်ဘူး..."
မည်သည့်ဘက်က နစ်နာသည်ဖြစ်စေ နှစ်ဖက်စလုံးမှ အလျှော့ပေးလိမ့်မည်မဟုတ်ကြောင်း ချင်းဟန်နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စ၌ ပါ၀င်ပတ်သက်နေကြသူများမှာ ကိုင်တွယ်ရန် ခက်ခဲကြခြင်းကြောင့်ပင်။ ခွန်အားအရဆိုလျှင်လည်း နှစ်ဖက်လုံးမှ သာတူညီမျှ ရှိနေလေသည်။ ထို့ကြောင့် နှစ်ဖက်စီမှ တစ်ဖက်ကို အပြည့်အ၀ ချေမှုန်းနိုင်ရန် ခက်ခဲလိမ့်မည်ဖြစ်သောကြောင့် သူတို့ဘက်မှ ဆုံးရှုံးမှုကို နည်းနိုင်သမျှနည်းအောင် အကျဉ်းချုံ့ရပေမည်။
"ခုလိုသတိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေးချင်း..ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ သိပါပြီ..."
"ကောင်းပြီ..ဒါဆို ဒီလောက်ပဲ..ငါတို့ သွားတော့မယ်..."
မက်ထရိုပိုလစ်ရှိ ကိစ္စများကို စီစဉ်ပြီးနောက် ချင်းဟန်နှင့် သူငယ်ချင်းတို့တစ်သိုက် ကားကိုယ်စီ မောင်းထွက်ကာ နောက်ထပ်ပါတီလုပ်ရမည့် နေရာကို လိုက်ရှာကြတော့လေသည်။
.....
မက်ထရိုပိုလစ်မှ ထွက်ခွာလာခဲ့ပြီးနောက် လင်းရီတို့ ကိုယ်စီ လူစုခွဲကြကာ ညီအစ်မနှစ်ယောက်နှင့်အတူအိမ်သို့ ပြန်လာခဲ့ကြ၏။
"ခဲအို..ခုနတုန်းကလေ... နင်က အရမ်း...ဆွဲဆောင်မှုရှိတာပဲနော်..."၀မ်လု စိတ်အားထက်သန်စွာဖြင့် ဆိုလိုက်ပြီး "တီဗွီရှိုးတွေထဲက အတိုင်းပဲ...လုလုသာ မင်းသမီးဖြစ်လာလို့ကတော့ ခဲအိုကို မာဖီးယားဘော့စ်နေရာမှာ သရုပ်ဆောင်ခိုင်းဖို့ ဒါရိုက်တာကို ပြောပေးမယ်...ခဲအိုလိုမျိုး ခန့်ညားပြီး ခပ်ချေချေစတိုင်နဲ့သာဆိုရင် စခရင်ပေါ် ရောက်တာနဲ့ကို ၀က်၀က်ကွဲ အောင်မြင်သွားတော့မှာ..."
"နင့် အစ်ကိုကြီးလင်းကို အကြံဆိုးကြီးတွေ သွားပေးမနေနဲ့..."၀မ်ရင်း ပြောလိုက်ပြီး "သူအနုပညာလုပ်ပြီး ရတဲ့ပိုက်ဆံက သူ့ကား၀ယ်ဖို့တောင် လောက်မှာမဟုတ်ဘူး..."
"အွန်း အဲ့တာကတော့ အမှန်ပဲ..."၀မ်လုပြောလိုက်ပြီး "ခဲအိုရဲ့ ခွန်အားနဲ့သာဆိုရင် သူများ ပေးစာကမ်းစာကို လက်ခံမှာ မဟုတ်လောက်ဘူး..."
လင်းရီ ပြုံးရုံသာ ပြုံးလိုက်ပြီး ဘာမျှ ပြန်မပြောချေ။
"ကောင်းပြီ...အစ်မရင်းတို့လည်း အိမ်ပြန်ရောက်ပြီဆိုတော့ ကျွန်တော်လည်း ပြန်တော့မယ်..."
"ဟင်..ပြန်တော့မလို့လား..၁၂ တောင်ထိုးနေပြီကို ဒီမှာပဲ ညအိပ်သွားလိုက်တော့လေ..."၀မ်ရင်း ပြောလိုက်ပြီး "အစ်မရင်းက လုလုနဲ့ အိပ်လည်း အဆင်ပြေတယ်..."
"မမ...နင်ဘာတွေ လျှောက်ပြောနာ...တကယ်လို့ လုလုနဲ့ လာအိပ်မယ်ဆို ခဲအိုက ဒီမှာ ညအိပ်ပြီးတော့ ဘာလုပ်ရတော့မှာလဲ...."
"တယ်...ဒီကလေးမကတော့ ဘာပေါက်တတ်ကရတွေ လျှောက်ပြောနေတာ..."၀မ်ရင်း ဆူငေါက်လိုက်၏။
လုလုမှာ သူမ၏ ညီမလေးပင်။ ညီမဖြစ်သူမှ ထိုစကားများပြောလာသည့် အချိန်တွင်တော့ အစ်မဖြစ်သူမှ အနည်းငယ် ရှက်ရွံ့မိရလေသည်။
"ပေါက်တတ်ကရတွေ..."၀မ်လု မေးမြန်းလိုက်ပြီး "ဒီလိုဆိုရင်ကော..လုလု ဟိုတယ်မှာ သွားအိပ်လိုက်မယ်လေ...မမနဲ့ ခဲအိုက အိမ်မှာ အတူနေကြပေါ့..အားလုံးက အရွယ်ရောက်ပြီးသားတွေချည်းကိုပဲ...လုလုလည်း နားလည်ပေးတတ်ပါတယ်...."
"ငါ့ဖင်ကြီးကိုပဲ နားလည်ပေးနေလိုက်လေ..သွား...အပေါ်တက်ပြီး အိပ်ရာ၀င်တော့..."
လင်းရီ ပြုံးလိုက်ပြီး "ရပြီ..အစ်မရင်းတို့နှစ်ယောက်လုံး သွားအိပ်ကြတော့ ..ကျွန်တော့်အိမ်က ဒီနဲ့ လည်း သိပ်မဝေးဘူးရယ်...အိမ်ပဲ ပြန်အိပ်လိုက်တော့မယ်...."
"ကောင်းပြီလေ...အဲ့တာဆိုလည်း သေချာဂရုစိုက်မောင်းဦးနော်..."
"အင်း...သဘောပေါက်ပါတယ်.."
"ခဲအို တာ့တာ...."
လင်းရီကို လိုက်ပို့ပြီးနောက် နှစ်ယောက်သား အပေါ်ထပ်သို့တက်လာခဲ့ကြသည်။ ၀မ်ရင်းမှ အ၀တ်စားလဲပြီး ခြေလက်ဆေးကြောရင်း "လုလု...ငါနင့်ကို ပြောလိုက်မယ်နော်..နင်လင်းရီကို ခဲအိုဆိုပြီး ထပ်မခေါ်နဲ့တော့ .."
"ဟမ်..ဘာလို့လဲ..သူက မမရဲ့ အိမ်မှာတောင်မှ နေနေပြီမဟုတ်လား...အဲ့တာတောင်မှ လုလုရဲ့ ခဲအိုဖြစ်ပြီလို့ သတ်မှတ်လို့ မရသေးဘူးပေါ့...."
"ငါက သူ့ထက် အသက်လည်း ကြီးတယ်..ပြီးတော့ ကွာရှင်းထားတဲ့ မိန်းမတစ်ယောက်...မမက သူနဲ့ ထိုက်တန်တယ်လို့ ထင်လား...."
၀မ်လု နှုတ်ခမ်းလေးများ ကော့တက်လာခဲ့ပြီး "အစ်ကိုကြီးလင်းက အရမ်းအံ့ဩဖို့ကောင်းတာတော့ အမှန်ပဲ..."
လင်းရီမှာ ရုပ်ရည်နှင့်ပတ်သက်လာလျှင်တော့ လုံး၀ ပြောစရာမရှိပေ။ ထို့ပြင် ကျိကျိတက်လည်း ချမ်းသာသေး၏။ အရေးကြီးဆုံးကတော့ တာ၀န်ယူမှု တာ၀န်ခံမှုပင်။ အစ်ကိုကြီးလင်းကဲ့သို့ ပုဂ္ဂိုလ်မျိုးမှာ လုံး၀ ချွတ်ယွင်းချက်မရှိသည့် အမျိုးသားတစ်ယောက်ဖြစ်၏။
အခြားတစ်ဖက်တွင်တော့ သူမ၏ အစ်မရင်းမှာ ရုပ်ရည်ပြေပြစ်လှပသော်လည်း အချို့နေရာတွင်တော့ ချွတ်ယွင်းချက်များ ရှိနေလေသည်။
သူမ ပြောသကဲ့သို့ ၀မ်ရင်းမှာ ကွာရှင်းထားသည့် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ယခုလို စဉ်းစားပါက သူမ၏ အစ်မနှင့်တွဲ၍ မသင့်တော်ချေ။
"ဟမ်...မမ...နင်တို့ နှစ်ယောက်က ဟိုလိုဆက်ဆံရေးမျိုးလို့တော့ လာမပြောနဲ့နော်..."၀မ်လု စပ်စုသည့် မျက်နှာထားလေးဖြင့် မေးလိုက်၏။
"ကောင်မစုတ်လေး..မေးခွန်းတွေ အများကြီး မမေးရဘူး...သွား .. မြန်မြန် ရေသွားချိုးပြီး အိပ်ရာ၀င်တော့..."
"ခစ်ခစ်..သိသားပဲ.."၀မ်လု ပြုံးရွှင်စွာဖြင့် ဆိုလိုက်ပြီး "အစ်ကိုကြီးလင်းက အရမ်းတော်တာနော်..အဲ့လို ဆက်ဆံရေးမျိုးဆိုရင်တောင်မှ လုလုက သဘောတူတယ်သိလား..."
"ချူး ချူး မြန်မြန် ရေသွားချိုးတော့...လူကြီးတွေကိစ္စ ကို ကလေးတွေ ၀င်မပါနဲ့... "
"ဟုတ်ကဲ့ပါ.."
.....
ကျိုးဟိုင်မြို့ ပထမဆေးရုံ။
ကျန်းအောက်၏ လက်အောက်ငယ်သားများမှာ ခွဲစိတ်ခန်း ပြင်ပ၌ အသီးသီး ထိုင်စောင့်နေကြ၏။
သို့သော်လည်း လီနင်ဘောင်းဘီနှင့် အဖြူရောင်ကုတ်ကို ၀တ်ဆင်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်မှာ ဘေးရှိ ခုံတန်းရှည်ပေါ်တွင် ထိုင်နေလေသည်။
ထိုသက်လတ်ပိုင်းလူ၏ သွင်ပြင်သဏ္ဌာန်မှာတော့လွန်စွာ ကြောက်မက်ဖွယ်ကောင်းလှ၏။ မျက်နှာထက်တွင် ၀က်ခြံများ၊ အဖုအထစ်များအပြင် အမာရွတ်တို့နှင့် ပြည့်နှက်နေလေသည်။ မြင်သူတကာမှ ကြည့်ပြီးသည်နှင့် တံတွေးထွေးချင်လောက်အောင်ကို ကြည့်ရဆိုးလွန်းလှ၏။
ထိုလူ၏ နာမည်ကတော့ ၀မ်ပင်းပင်။ ယခင်ကတော့ ဆိပ်ကမ်း၌ ကွန်တိန်နာအလုပ်သမားလေးတစ်ယောက် ဖြစ်၏။
သို့သော်လည်း နောက်ဆုံးတွင်တော့ သူ၏ ဇွတ်တရွတ်နိုင်မှုတို့ကြောင့် သူဌေး၏ အသိအမှတ်ပြုခြင်းကို ခံရကာ ဆိပ်ကမ်းတစ်ခုလုံးက်ု တာ၀န်ယူပေးရသည့် လုံခြုံရေးခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
သူလုပ်ကိုင်သည့် အလုပ်ကြောင့် ၀မ်ပင်းမှာ တဖြည်းဖြည်းနှင့် အဆက်သွယ်ကွန်ရက်တို့ ကျယ်ပြန့်လာခဲ့ပြီး ကျိုးဟိုင်တွင် သူ၏နာမည်နှင့် စီးပွားရေးတစ်ခုကို တည်ထောင်နိုင်သည်အထိ တိုးတက်လာခဲ့၏။
အနှစ်နှစ်ဆယ် ကြာပြီးသည့် နောက်တွင်တော့ ၀မ်ပင်းမှာ ကျိုးဟိုင် မြေအောက်လောက၏ နံပါတ်တစ်ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့ပြီး သူ့ကိုမြင်သည့်သူတိူင်းကတော့ အစ်ကို၀မ်ဟု ခေါ်ဆိုကြသည်။
သိူ့သော်လည်း သူ၏ နောက်ကွယ်တွင်တော့ ၀မ်မာဇီဟုသာ ခေါ်ဆိုကြလေသည်။
( 王麻子 - ကျောက်ပေါက်မာရှိသောသူ)
၀မ်မာဇီ၏ ဘေးတွင်တော့ အသားမည်းမည်းနှင့် လူတစ်ယောက် ရပ်နေသည်။ သူ၏အရပ်မှာ ၁.၉ မီတာကျော် မြင့်မားပြီး မေးစေ့တစ်ဝိုက်တွင်လည်း မုတ်ဆိတ် ကျင်စွယ်တို့ ထူထဲနေကာ လေတိုက်တိုင်းယိမ်းနွဲ့နေတော့၏။
ထိုလူ၏ နာမည်မှာတော့ ရန်ပေါင်ဖြစ်ပြီး သူလည်း ကျန်းအောက်ကဲ့သို့ ၀မ်မာဇီ၏ ညာလက်ရုံးတစ်ဦးပင်။
သိူ့သော်လည်း ခွန်အားအရာတွင်တော့ ကျန်းအောက်ထက် သာလွန်ပြီး ကျန်အောက်ထက်လည်း ပို၍ ဇွတ်တရွတ်နိုင်လွန်းလေသည်။
"ဘော့စ် ကျုပ် ညီကိုတွေကို သေချာလေး မေးပြီးသွားပြီ...ကျန်းအောက်ကို ဒီလိုဖြစ်အောင် လုပ်လိုက်တဲ့သူက လင်းရီ....သူ့ပုံစံကြည့်ရသလောက်တော့ မိသားစုကြီး တစ်ခုရဲ့ ဆက်ခံသူပုံစံမျိုးပဲ..ပြီးတော့ ချင်းဟန်နဲ့လည်း ညီကိုတော်ထားသေးတယ်..."
ရန်ပေါင်မှပြောလိုက်သည်။
"အဲ့ကောင် ပြဿနာ တက်တဲ့ အချိန်မှာ ချင်းဟန်ကပါ ထွက်ပြီးတော့ ကူညီပေးတယ်တဲ့လား...."၀မ်မာဇီ၏ ဘီလူးသဖွယ် မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာအပြုံးတစ်ခု ဖြစ်ပေါ်လာပြီး "ချင်းဟန်က ဉာဏ်ကောင်းတဲ့လူပဲ..တကယ်လို့ သူကသာ သာမန် သူငယ်ချင်းဆိုလို့ကတော့ ငါတို့ကိစ္စကို လာ၀င်ရှုပ်မှာ မဟုတ်ဘူး..ဒီတော့ သူတို့ ဆက်ဆံရေးက သာမန်တော့ မဖြစ်လောက်ဘူး..."
ညစာစားပွဲတစ်ခုတွင် ၀မ်ပင်း ချင်းဟန်နှင့် တစ်ခါဆုံဖူးပြီး သူ့အကြောင်း နည်းနည်း နားလည်သည်။
ချင်းဟန်မှာ အခြား ဒုတိယမျိုးဆက် သခင်လေးများကဲ့သို့ ကာမဂုဏ်စည်းစိမ်၌ ပျော်မွေ့နေသူ တစ်ဦး မဟုတ်ပေ။
သူ့တွင် အရာရာကို နှိုင်းဆ ဆင်ခြင်နိုင်သည့် အသိဉာဏ်ရှိ၏။
"ကျုပ်တို့ ချင်းမိသားစုကို စကားသွား ပြောသင့်လား..."
ရန်းပေါင် မေးလိုက်သည်။
"မလိုသေးဘူး..ဒါက ချင်းဟန်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲ..ငါတို့ သူ့မိသားစုကို ပါ၀င်ခိုင်းစရာ အကြောင်းမရှိသေးဘူး..."၀မ်ပင်းပြောလိုက်ပြီး "ငါတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းလို့ ရတယ်..."
"ဒါပေမယ့် ကျွန်တော် စဉ်းစားထားရသလောက်ဆိုရင် ဒီလင်းရီက ချင်းဟန်ရဲ့ ညီကိုတဖြစ်လဲ...ပြီးတော့ သူ့ရဲ့ အရည်အချင်းတွေက တကယ်ကိုမဆိုးတာ....အမှောင်ထဲမှာ ကျွန်တော်တို့ မသိသေးတဲ့ ဝှက်ဖဲတွေ ကိုင်ရင် ကိုင်ထားနိုင်လောက်တယ်..ကျွန်တော်တို့ ပိုပြီး သတိမထားသင့်ဘူးလားဘော့စ်.."
"သတိထားရမယ်ဆိုတာက ဘာကိုပြောချင်တာ..."၀မ်ပင်း ဖျော့တော့စွာ ဆိုလိုက်သည်။
"ကျုပ်တို့ သူ့ကို တိုက်ရိုက်ကြီး တိုက်ခိုက်ဖို့ အဆင်မပြေလောက်ဘူး..."ရန်းပေါင် ပြောလိုက်ပြီး "ပြီးတော့ သူ့ဘေးနားမှာ မိန်းကလေးတွေက အများကြီးရှိတယ် ..ဆိုတော့ ကျုပ်တို့ အဲ့ဒီမိန်းကလေးတွေကို အရင်တိုက်ခိုက်ကြရင်ကော...."
"အားပေါင် ..မင်း ငါ့ဘေးမှာ နေလာတာ ခုနစ်နှစ် ရှစ်နှစ်လောက်တော့ ရှိနေပြီမလား..."၀မ်ပင်း သက်ပြင်းချလိုက်ပြီး "ငါတို့ ဒီလို အနေအထားထိတောင် ရောက်လာနေပြီကို ပြဿနာ ဖြေရှင်းဖို့ အဲ့လို ညစ်ပတ်တဲ့ နည်းလမ်းတွေ သုံးနေကြတုန်းလားဟ ..ဒီလိုသာ ဆက်လုပ်နေလို့ကတော့ ငါတို့ ဘာမှ ပေါက်ပေါက်မြောက်မြောက် ဖြစ်မှာ မဟုတ်ဘူးကွ..."
"ဘော့စ်ပဲ ကျုပ်ကို ဘယ်လိုပဲလုပ်လုပ် ရလဒ်ကောင်းရင်ရပြီလို့ သင်ထားပေးထားတာ မဟုတ်လား..."
"ငါအဲ့လို သင်ပေးတယ်ဆိုတာကလည်း ငါတို့ ကျိုးဟိုင်မှာ ကောင်းကောင်း အခြေမကျသေးလို့လေကွာ..ခု အခြေနေတွေက ကွဲပြားသွားပြီ...ငါတို့ ကစားပွဲကို အရင်လိုပဲ ဆက်ကစားနေလို့ကတော့ ကမ္ဘာကြီးထဲကို ၀င်ဆံ့နိုင်မှာ မဟုတ်တော့ဘူး...."၀မ်ပင်း လက်ထဲတွင် ဗုဒ္ဓပုတီးစေ့ကို ကိုင်ထားပြီး ဖြည်းညင်းစွာဖြင့် "တစ်ယောက်ယောက် က မင်းကို တစ်ချက်ထိုးရင် မင်းက နှစ်ချက် ပြန်ထိုးမယ်...ဒါကို လက်စားချေတယ်လို့ ခေါ်တယ်..."
"တစ်ယောက်ယောက်က မင်းကို အမှောက်သိပ်လိုက်တယ်...မင်းကလည်း ပေါက်ပြားယူပြီး အဲ့ကောင်ကို ဘိုးဘေးတွေရဲ့ အုတ်ဂူထဲအရောက် ပစ်ထည့်ပေးလိုက်မယ်ဆိုရင် ဒါကကျ စည်းမျဉ်းချိုးဖောက်တာ ဖြစ်သွားပြီ...ဗီလိန်တွေ ဆိုတာ အဲ့လိုပဲ လုပ်တာကွ...မင်းခု နားလည်ပြီလား..."
"ဟုတ်ကဲ့..နားလည်ပါပြီဘော့စ်...."ရန်းပေါင်ပြောလိုက်ပြီး "ကျုပ် ခုပဲ အဲ့ကောင်ကို သွားစုံစမ်းလိုက်မယ်...ကျုပ်တို့ သူ့နားကနေ ဖြေရှင်းချက်တစ်ခုလောက်တော့ ရမှ ဖြစ်မှာ...."
"အဲ့လောက်ကြီးလည်းအလျင်မလိုသေးနဲ့ဦး..ခု ကုမ္ပဏီက ကျောက်မိသားစုနဲ့ လေလံပေးတဲ့ ပရောဂျက်ရှိထားတယ်...တကယ်လို့ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့ရင် ကုမ္ပဏီရဲ့ ဂုဏ်သတင်းတွေကို ထိခိုက်လာနိုင်တယ်..အဲ့ခါကျ လေလံရလဒ်ကိုလည်း သက်ရောက်မှု ရှိသွားနိုင်တယ်....နောက်လ၀က်လောက်နေရင် ဒီလေလံကို ပိတ်လိုက်တော့မှာ..အဲ့ခါကျမှ လှုပ်ရှားလည်း နောက်မကျသေးပါဘူးကွာ..."