အခန်း(၃၅၀)
Vol. 24 Ch. 350
"ကျွန်မ ရှင့်ကို လမ်းကြုံခေါ်တင်ဖို့ဆိုတာကတော့ ပြဿနာ မရှိဘူး....ဒါပေမယ့် ရှင့်ရဲ့ ရိသဲ့သဲ့ အမူအရာက ကျွန်မကို မကောင်းတဲ့ ခံစားချက်တွေ ပေးနေသလိုပဲ... ကြည့်လို့ကို မရဘူး"
နေကာမျက်မှန်နှင့် အမျိုးသမီးမှ ပြောလိုက်သည်။
"အဲ့တာဆိုလည်း မျက်လုံးမှိတ်မောင်းပေါ့"
"ဒါနဲ့ ရှင်က ဘယ်သွားမှာ..."
"မြို့ထဲရောက်ရင်ကို အဆင်ပြေပြီ..."
ထိုသို့ ပြောပြီးနောက် လင်းရီ ခရီးသည်ခိုင်ခုံပေါ်၌ ၀င်ထိုင်လိုက်၏။ နေကာမျက်မှန်နှင့် အမျိုးသမီးမှာ ဘာမျှ မပြောချေ။ သို့သော် ကားစက်လည်း မနှိုးပေ။ ထိုအစား Cisco အနီးရှိ လမ်ဘေးတစ်နေရာတွင် ကားထိုးရပ်လိုက်သည်။
"အလှလေး...ဘာလို့ ဆက်မမောင်းတော့တာလဲဟ"
"ကျွန်မ ဒီနားတစ်ဝိုက်ကို လျှောက်ကြည့်ချင်သေးလို့..ဘာလဲ..ရှင်က လောနေတာလား...."
"ဒီလို အမင်္ဂလာပဲ ရှိတဲ့ နေရာကြီးကို မိန်းကလေးက ဘာလုပ်ဖို့ကြည့်မှာ..."လင်းရီ နေကာမျက်မှန်နှင့် အမျိုးသမီးကို ကြည့်လိုက်ပြီး "ဒီလာပြီး ရင်းနှီးမြုပ်နှံချင်လို့လား...အဲ့လိုလည်း ဟုတ်မယ့်ပုံမပေါ်ပါဘူး...."
"ဘာလို့ မပေါ်တာ..."အမျိုးသမီးမှ စိတ်၀င်တစားဖြင့် လင်းရီကို ကြည့်လိုက်သည်။
"လာပြီး ရင်းနှီးမြုပ်နှံတဲ့သူက အော်ဒီမောင်းပြီ ဘယ်လာမှာ...ဒါကြီးက လုံး၀ ရုပ်ပေါက်လွန်းတယ်.."
"ကျွန်မက မထင်မရှား နေတာကော မဖြစ်နိုင်ဘူးလား..."အမျိုးသမီးမှ ညင်သာသည့် အပြုံးလေးဖြင့် မေးလိုက်၏။
"ဒါတွေ မိန်းကလေး နားမလည်ပါဘူး..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မိန်းကလေးသာ တကယ်ကြီး ရင်းနှီးမြုပ်နှံဖို့ လာခဲ့တယ်ဆိုရင် သေချာပေါက် အရူးလို့ အထင်ခံရမှာပဲ...အဲ့လိုနဲ့ နောက်ဆုံးကျတော့ နှစ်ဦးနှစ်ဖက် ဘယ်လိုမှ သဘောတူညီချက် ရမှာ မဟုတ်ဘူး...တကယ်လို့ အောင်မြင်ချင်တယ်ဆိုရင်တော့ ဟားမက်စ်လေး ဘာလေး ၀တ်သွားပေါ့...အဲ့လိုဆိုရင်တော့ နည်းနည်းပါးပါး မျှော်လင့်လို့ရသေးတယ်..."
"ရှင်က ကျွန်မကို လာပြီး ဝေဖန်ပြနေတာလား...."
"မိန်းကလေးက ကြင်နာတတ်ပြီး ကျုပ်ကို အလကားပေးစီးတယ်ဆိုတော့ အကြံပေးခကိုတော့ ထည့်တွက်မနေတော့ပါဘူးလေ..."
"ဒီမှာ ဒီမှာ.. ခုအော်ဒီမောင်းနေတဲ့သူက ကျွန်မပါနော်...အဲ့တာကို ရှင့်လို အလကား လမ်းကြုံလိုက်စီးတဲ့သူကများ လာပြီး ဝေဖန်အကြံပေးနေတယ်ပေါ့လေ...."
"အဲ့လို မပြောစမ်းပါနဲ့....မြစ်ရေက ရှေ့အရပ်ကို အနှစ်သုံးဆယ်၊ အနောက်အရပ်ကို အနှစ်သုံးဆယ် စီးဆင်းတယ်...အမှန်တော့ ကျုပ်က သောက်ရမ်းချမ်းသာတာ....ချမ်းသာလွန်းလို့ စံအိမ်တော်ကြီးတွေ ၊ စူပါကားကြီးတွေ ဆိုတာမှ မရေမတွက်နိုင်လောက်အောင်ပဲ..... မိန်းကလေး ပြောလိုက်တဲ့ စကားလုံးတွေက ကျုပ်ကို အရမ်းပဲ ၀မ်းနည်းစေတယ်..."
"ရှင့်မှာ စံအိမ်တွေ ပြိုင်ကားတွေ ရှိနေတာတောင်မှ သူများကားနဲ့ လမ်းကြုံလိုက်စီးနေတုန်းပေါ့လေ ... "
"ဘာလို့လဲဆိုတော့ ကျုပ်က မိန်းကလေးထက် ပိုပြီး မထက်မရှား နေချင်လို့လေ... "
"ကောင်းပြီ ..ပေါက်တတ်ကရတွေ ပြောမနေနဲ့တော့ ..."အမျိုးသမီးမှ ပြုံးလိုက်ပြီး "ရှင့်ရဲ့ အဲ့ဒီစကားလုံးတွေကို ရိုမန်တစ်ဆန်ချင်နေတဲ့ ကောင်မလေးတွေ အတွက် သိမ်းထားလိုက်...."
"မိန်းကလေး..မင်းပြောလိုက်တဲ့ အဓိပ္ပာယ်က ကျုပ်ကို မကောင်းတဲ့ကောင်ဆိုပြီး သွယ်ဝိုက်ပြောနေသလိုပဲ...ရုပ်ချောတာနဲ့ပဲ မကောင်းတဲ့ကောင်ထင်နေတယ် ဆိုရင်တော့...မိန်းကလေး နည်းနည်းတော့ များသွားပြီ..."
(မကောင်းတဲ့ကောင် = ပလေးဘွိုင်း)
"အဲ့လိုဆိုရင်တော့ ရှင့်လို ရုပ်ချောတဲ့သူက မကောင်းတဲ့ကောင် မဟုတ်တာ နှမြောစရာပဲ...ဒါပေမယ့် ကံမကောင်းတာက ကျွန်မတို့ကို ကာကွယ်ပေးမယ့် အမျိုးသမီးအခွင့်အရေး ဥပဒေက ရှိနေပြီးသား...ဒီဆောင်းကတော့ ရှင့်အတွက် မေးခိုက်အောင် ချမ်းမယ့် ဆောင်းဖြစ်တော့မယ်တူတယ် "
'ငါငိုးပဲ'
လင်းရီ စိတ်ထဲမှတစ်ဆင့် ကျိန်ဆဲလိုက်၏။
ဒီက ဘာညာလုပ်မယ်လို့တောင် မပြောရသေးဘူး..ဥပဒေအကြောင်းက စပြောနေပြီ...
ငါ့ဘက်က စတောင်မတိုက်ရသေးဘူး..နံရံစည်းတံတိုင်းတွေက ကြိုခတ်နေပြီပေါ့လေ...
"ရှင်က ဒီကို ဘာလာလုပ်တာ..."
"ကျုပ်လား...ကျုပ်ကလည်း ရက်းနှီးမြုပ်နှံတဲ့သူပဲလေ...."
"ဒါပေမယ့် ရှင့်ပုံစံကြည့်ရတာ ရင်းနှီးမြုပ်နှံတဲ့သူပုံစံနဲ့လည်း မတူဘူးနော်..."
"ဘာလို့တုန်းဟ..."
"ရှင့်မှာက ကားလည်း မရှိဘူး...ပြီးတော့ ရင်းနှီး မြုပ်နှံတဲ့သူနဲ့လည်း မတူဘူးဆိုတော့ ဘယ်သူက ရှင်နဲ့ စကားပြောချင်မှာ...."
"ဟားဟား...."
"မိန်းကလေး...ကျုပ်စကားတွေ ယူသုံးတယ်ဆိုရင်လည်း စီအာဒီလေးတော့ ပေးသင့်တယ်နော...."
"ဒီလိုပါပဲ..."အမျိုးသမီးမှ ဆံပင်ကို နောက်သို့ သပ်ရင်း ဆိုလိုက်ပြီး "ရှင်က ဒီကို အလုပ်လာလျှောက်တာလား..."
"ဟုတ်တယ်...ကျုပ် ဒီနားတစ်ဝိုက် ရလိုရငြား လျှောက်ပတ်ကြည့်နေတာ...."
ဤအမျိုးသမီးမှာ မရိုးရှင်းဟု ခံစားနေရသောကြောင့် လင်းရီ သူ၏ ဇစ်မြစ်ကို မထုတ်ဖော်ခဲ့ပေ။
"ရှင် ဘယ်စက်ရုံတွေမှာ အလုပ်သွားလျှောက်ခဲ့တာ..."
"Cisco နဲ့ Sci-tech..."
"ရှင်က Sci-tech မှာ သွားလျှောက်ခဲ့သေးတယ်ပေါ့..."အမျိူသမီးမှ စိတ်၀င်တစားဖြင့် နေကာမျက်မှန်လေးပင့်လိုက်သည်။
"အင်း..ဒါပေမယ့် Sci-techကတော့ အခွံပဲ ကျန်တော့တာပါကွာ..သူတို့ရဲ့ စက်ပစ္စည်းတွေကော..ကုန်လှောင်ရုံတွေကော အကုန်အကုန်ပဲ.. Ciscoလက်ထဲကို ရောက်သွားပြီ. မရောက်တာ ဆိုလို့ .ကန်သင်းနဲ့ အိမ်သာတွေပဲ ကျန်တော့တယ်..."
"အဲ့ Sci-tech က လူတွေက ရူးသွားကြတာလား..ဒါကြီးက စက်ရုံတစ်ခုကို လက်လွှဲပေးလိုက်တာနဲ့ အတူတူပဲ မဟုတ်လား.."
"ဘယ်သိမှာ..ကျုပ်က ဒီတိုင်း မကောင်းတဲ့ကောင်လေ..အဲ့လို ကိစ္စတွေကို စိတ်မ၀င်စားဘူး..."လင်းရီပခုံးတွန့်၍ ပြောလိုက်သည်။
"အဲ့တာဆို ရှင်မြင်ခဲ့တာတွေ ကျွန်မကို ပြောပြလို့ရမလား..."
"ကျုပ် အမြင်ရဆိုရင်တော့ သူတို့ရဲ့ စက်ရုံအခြေနေက ဒီလိုတွေ ဖြစ်နေတာတောင် Sci-tech ရဲ့ ဒါရိုက်တာက Ciscoထက် ပိုသာတယ်လို့ မြင်တယ်..."
"ဘာလို့လဲ...ဘာကို အခြေခံပြီးတော့မှလဲ...."
"Sci-tech စက်ရုံဒါရိုက်တာရဲ့ အတွင်းရေးမှူးမလေးက အရမ်းချောတာ...လုံး၀ကို ဖြူစင်ရိုးသားပြီး အင်နိုးစန့်ဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူပုံစံလေး...တစ်ဖက် Ciscoရဲ့ အတွင်းရေးမှူးကျတော့ ကွဲပြားသွားပြီ...သူကျတော့ ရေချိုးခန်းတွေမှာ လိုက်ဖလစ်နေတဲ့ ကြက်မကြီးလိုပဲ....အဲ့မှာတင် ဘယ်သူက အသာလဲဆိုတာ အထင်အရှားကြီးကို..."
လင်းရီ အာပေါင်အာရင်းသန်သန်ဖြင့် ဝေဖန်ထောက်ပြလိုက်၏။
နေကာမျက်မှန် ၀တ်ဆင်ထားသည့် အမျိုးသမီးမှာတော့ သူမနားထင်ကို ပွတ်သပ်မိလိုက်သည်။
လင်းရီမှာ စက်မှုဇုန်တစ်ဝိုက်သို့ ရောက်ဖူးသည်ဟု ဆိုနေသောကြောင့် အခြေနေတစ်ချို့လောက်တော့ နားလည်လိမ့်မည်လို့ ထင်မှတ်ထားခဲ့၏။ သို့သော်လည်း သည်ပုပ်ထဲကသည်ပဲ ဖြစ်နေလိမ့်မည်လို့တော့ ထင်မထားခဲ့ချေ။ အကယ်၍ သူမသာ ကြိုသိပါက လင်းရီကို ကားပေါ်သို့ အတက်ပင် ခံလိမ့်မည် မဟုတ်။ သို့တိုင်အောင် သူမ ဘာမျှ မရလိုက်ဘူးလို့တော့ မဆိုလိုချေ။ လင်းရီ၏ စကားလုံးများမှတစ်ဆင့် ကုမ္ပဏီနှစ်ခု၏ ယေဘုယျအခြေနေကို မှန်းဆတွေးတောနိုင်လေသည်။ ထို့ကြောင့် တွန့်ဆုတ်စွာဖြင့် လင်းရီကို တင်ခေါ်သွားလိုက်၏။
"ရှင်က ဘယ်ကိုသွားမှာ..."
"ထွေထူးကြီးတွေ ခေါ်သွားမနေနဲ့..ကျုပ်မြို့ထဲရောက်တာနဲ့ ဆင်းပြီး တက္ကစီငှားလိုက်မယ်..."လင်းရီ ပြောလိုက်ပြီး "ဒါမှမဟုတ် မိန်းကလေးသွားမယ့်နေရာကို အရင်သွားလိုက်လေ...ကျုပ် အဲ့ရောက်မှ ဆင်းပြီး ကားငှားလိုက်မယ်..."
"ထားပါ..ပို့မယ့်ပို့..ကျွန်မကပဲ ရောက်အောင် ပို့ပေးလိုက်မယ်...."
"အဲ့တာဆို သတင်းစာတိုက်နားလေး ပို့ပေး"
"အွန်း....ကျွန်မ အဲ့နေရာ ဘယ်မှာ ရှိလဲဆိုတာ သိတယ်.. "
ခရီးစဉ်တစ်လျှောက်လင်းရီ ၀မ်ရန်ကို အမိန့်များတောက်လျှောက်ပေးနေပြီး အထူးသဖြင့်တော့ ချောင်ရှန့်ယွီကို သေချာလေး စောင့်ကြည့်ထားရန်ပင်။ သူ၏ အကြံအစည်မှာတော့ လုံး၀ မပြောင်းလဲချေ။ အကယ်၍ တစ်ဖက်မှ တစ်ခုခု ဖြစ်မလာပါက သူ့ဘက်မှ တိုက်ရိုက် သွားတိုက်ခိုက်မည်။
လင်းရီ ၀မ်ရန်ကို ကန်သင်းနှင့် အိမ်သာများကိုပါ သေချာလေး စောင့်ကြည့်ထားရန် ပြောပြထား၏။ ထို နှစ်ခုမှာ အနာဂတ်၌ လင်းရီအတွက် အများကြီး အသုံး၀င်သည့်အရာမေား ဖြစ်လာပေမည်။ ၀မ်ရန်ကို သူ၏ အစီအစဉ်များအကြောင်း ရှင်းပြပြီးနောက် ကျီချင်းရန်မှ ဖုန်းခေါ်ဆိုလာခဲ့၏။ အရေးကြီးသည့် ဖုန်းခေါ်ဆိုမှုတော့ မဟုတ်ပေ။ စားပြီးပြီလား၊ ပင်ပန်းနေပြီလား၊ ဘာညာကွိကွ ပြောပြီးနောက် သူမ ဖုန်းချသွားခဲ့၏။
မခေါ်စဖူးသည့် ရှောင်ထျန်လည်း ပိုကာဆော့ရန်ဖုန်းခေါ်လာခဲ့သည်။သို့သော်လည်း လင်းရီ တုန့်ဆိုင်းခြင်းမရှိ ငြင်းဆန်လိုက်၏။
နေကာမျက်မှန်နှင့် အမျိူသမီးမှာတော့ ကားမောင်းရင်း လင်းရီ ကောင်မလေး တစ်ယောက်ပြီး တစ်ယောက်နှင့် ဖုန်းပြောလိုက် စာပို့လိုက်လုပ်နေသည်ကို ပြုံးပြီးကြည့်နေလေသည်။
အနှီ လင်းရီ၏ စော်ကြူးသည့် စကေးတို့မှာတော့ အမှန်ပင် ဩချရလောက်၏။
" ဒါနဲ့ ရှင်က ဘာအလုပ်လုပ်လဲ..."အမျိုးသမီးမှ မေးလိုက်သည်။
"ကျုပ် ငွေကြေးလေးတစ်ချို့ရဖို့ Didi ဆွဲပါတယ်ခင်ဗျ..."
"မဆိုးပါဘူး..အနည်းဆုံးတော့ လွတ်လပ်တာပေါ့..ဒီမှာ အလုပ်လုပ်တာထက်စာရင် တော်ပါသေးတယ်..."
"မကောင်းပါဘူး.. တစ်ချိန်လုံး Didi မောင်းနေရတာကြီးက အရမ်းပျင်းဖို့ကောင်းတယ်...စက်ရုံအလုပ်ကတောင်မှ ပိုပြီး သက်တောင့်သက်သာ ရှိဦးမယ်..ပြီးတော့ ဦးနှောက်လည်း သုံးစရာ မလိုဘူးလေ..အားရင် ဒါရိုက်တာရဲ့ အတွင်းရေးမှူးမလေးကို သွားကြူးလို့လည်းရသေးတယ်....Didi မောင်းရတဲ့ အခြေနေကြီးနဲ့ မရနိုင်တဲ့ ဘ၀တွေပေါ့လေ...."
"လူတိုင်းမှာ ရွေးချယ်ခွင့်ကိုယ်စီ ရှိကြတာပဲမဟုတ်လား..ရှင်လုပ်နေတာလည်း မှားမှ မမှားတာ..."
"အတိအကျပဲ.."လင်းရီ ပြုံးလိုက်ပြီး "လူဖြစ်လာတယ်ဆိုတာ ပျော်ရွှင်စွာ နေထိုင်ဖို့ပဲလေ"
နေကာမျက်မှန်နှင့် အမျိုးသမီးကတော့ ပြုံး၍ ခေါင်းညိမ့်လိုက်ပြီး ဘာမျှ ဆက်မပြောချေ။
တစ်ခဏမျှကြာပြီးနောက် သူမ ရှေ့ရှိ အဆောက်အအုံကို လက်ညိုးညွှန်ပြရင်း
"ရောက်ပြီ..."
"နည်းနည်းဝေးဝေးလေး မောင်းပေးလို့မရဘူးလား...ရှေ့မှာ လူအုပ်ကြီး ရှိနေလို့...."
အမျိုးသမီးမှ ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သည့် အချိန်တွင်တော့ အမြင်ဖမ်းစားနိုင်လွန်းသည့် လွိုင်ကန် အနီရောင်လေးကို မြင်တွေ့သွားခဲ့သည်။
ဝိုင်းအုံနေကြသည့် လူအုပ်ကြီးမှာလည်း ထိုကားကို အဝေးမှ စူးစမ်းကြည့်နေကြ၏။။
"ကားကြီးက လွိုင်ကန် ၇ ကြီးထင်တာပဲ..."
"ဟုတ်တယ်...လွိုင်ကန်ပဲလေ.."
"ရှင်ကော သွားကြည့်မလို့လား...."
"သွားကြည့်မယ်...."လင်းရီ တခဏမျှ ကေကာင်အမ်သွားပြီး "အင်း...အဲ့လိုပြောလည်း ရတယ်...."
နေကာမျက်မှန်နှင့်အမျိုးသမီးမှာ ကားကို ရှေ့ဆက် မောင်းနှင်လိုက်ပြီး လွိုင်ကန်အနောက်နား၌ ထိုးရပ်ပေးလိုက်၏။
"သာမန်ပါပဲ...ကျွန်မလို အမျိုးသမီးကတောင် ဒီလိုကားမျိုးကြိုက်နေတယ်ဆိုမှတော့ ရှင်တို့လို အမျိုးသားတွေဆိုရင်တော့ ပိုဆိုးပေါ့...."
"မိန်းကလေး..မင်း ကြိုက်တယ်ဆို ကျုပ်နဲ့အတူ လိုက်ထိုင်လို့ရတယ်နော...ဘာပြဿနာမှ မရှိဘူး..."
"ရှင်က ဖောက်၀င်မလို့လား...ကျွန်မတို့မှာ ရှင့်ကို အပြစ်ပေးလို့ရတဲ့ ဥပဒေတွေ ရှိတယ်ဆိုတာ မမေ့နဲ့နော်..."
လင်းရီ လွိုင်ကန်ကားသော့များ ထုတ်လိုက်ပြီး "ကားက ကျုပ်ဟာလေ...ဥပဒေက ဒါကိုတော့ အရေးယူလို့မရဘူး... "