← Chapters

အခြားဂိုဏ်းမှ ပါရမီရှင်များ

Vol. 11 Ch. 144

အခြားဂိုဏ်းမှ ပါရမီရှင်များ

Vol. 11 Ch. 144

အဆင့် ၄ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်သားရဲ - တောင်ပံလေးခု ကောင်းကင်နတ်ဆိုးသားရဲ …။

ဒီစိတ်ဝိညာဉ်သားရဲက ကောင်းကင်နတ်ဆိုးဂိုဏ်း ပညာရှင်တွေ အထူးနည်းဖြင့် မျိူးစပ်ကာ သားဖောက်ခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ မူလဇာစ်မြစ်ကတော့ တောင်ပံလေးခု မြေမိစ္ဆာသားရဲ အဆင့်ပဲ ရှိတာပါ။

ဒီတောင်ပံလေးခု ကောင်းကင်နတ်ဆိုး သားရဲကြီးဟာ ပုံမှန်အားဖြင့် အမြဲရန်လိုပြီး တိုက်ခိုက်ချင်စိတ်တွေ ပြည့်နှက်နေတဲ့ သားရဲမျိုးပါ။ ဒီကောင်ကြီးတွေက အဆင့် ၄ အလယ်အလတ် စိတ်ဝိညာဉ်သားရဲတွေ ဖြစ်ပေမဲ့ အဆင့် ၄ အဆင့်မြင့် စိတ်ဝိညာဉ် သားရဲတွေကိုတောင် ပြန်တိုက်ခိုက်နိုင်ပါတယ်။ ဒဏ်ရာရလေလေ ပိုပိုပြီး ကြမ်းတမ်းစွာ တိုက်ခိုက်နိုင်လေလေ ဖြစ်တဲ့ သားရဲကောင်ကြီးပါ။

တောင်ပံလေးခု စိတ်ဝိညာဉ်သားရဲကြီးက မြေပြင်နှင့် အတော် နီးကပ် လာချိန်မှာတော့ …

“ဆင်းကြစို့”

အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အကြီးအကဲတစ်ဦးက ဦးဆောင်ကာ မြေပြင်ပေါ်ကို ခုန်ချလာပါတယ်။ သူ့ရဲ့နောက်က လိုက်ပါ ခုန်ဆင်းလာတဲ့ သူတွေကတော့ လူ ၂၀ ကျော် ရှိပါတယ်။

အတွင်းစည်း အကြီးအကဲ ၁၃ ယောက်နဲ့ အတွင်းစည်း တပည့် ၁၃ ယောက်ပါ။

ဒီကောင်းကင် နတ်ဆိုးဂိုဏ်းက လူတွေက တခြားဂိုဏ်းထက် နေရာ ၃ နေရာ ပိုပြီး ရထားတာပါလား။

“အဲဒါသူမပဲ”

လီဖူချန်းက အဲသည်အနက်ရောင် အုပ်စုထဲမှာ ပါလာတဲ့ အလှပဂေးလေး တစ်ယောက်ကို သတိပြုမိ လိုက်ပါတယ်။ ထိုအနက်ရောင် မိန်းမပျိုက အခုဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ကိုတောင် ရောက်ရှိလို့ နေပါပြီ။ သူမရဲ့ ခန္ဓာကိုယ်ကနေ တစ်မူထူးခြားတဲ့ အငွေ့အသက်တွေကို ပေးစွမ်းလို့ နေပါသေးတယ်။ သူမရဲ့ အကြည့်တစ်ချက်ကကို မင်းကို ဓားပါးလေးတွေနဲ့ လှီးဖြတ်လိုက်သလို ခံစားသွားရ စေနိုင်ပါတယ်။

“ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့အတိုင်း တကယ် အစွမ်းထက်လှပါလား။ ငါတို့ မတွေ့တာတောင်မှ လအနည်းငယ်ပဲ ရှိသေးတယ်။ ဒီကောင်မလေးက ကျင့်ကြံခြင်း အဆင့်တစ်ဆင့် တက်သွားပြန်ပြီ”လီဖူချန်းက တစ်ယောက်တည်း တွေးနေမိပါတယ်။

လီဖူချန်းက ရန်ချင်းဟူက ကြည့်နေစဉ်မှာပဲ ရန်ချင်းဟူကလည်း လီဖူချန်းကို လိုက်ရှာ နေပါတယ်လေ။

မိန်းမတို့ရဲ့ ဆဌမအာရုံလို့ ခေါ်ရမှာလား ဒါမှမဟုတ် မိန်းမတို့ရဲ့ အလိုအလျောက် ဖြစ်ပေါ်လာတဲ့ အသိစိတ်လို့ ခေါ်ရမှာလား မသိတဲ့ စိတ်တစ်ခုက လီဖူချန်းတစ်ယောက် ဒီနေ့မှာ မိုးပြာရောင် ဂိုဏ်းနဲ့အတူ ပါလာလိမ့်မယ်လို့ သူမကို ပြောနေတယ်လေ။

သိပ်ကြာကြာတော့ မရှာလိုက်ရပါဘူး။ ရန်ချင်းဟူက လီဖူချန်းကို တွေ့လိုက်ရပါတယ်။

သူတို့ရဲ့ မျက်လုံးချင်းဆုံ အတွေ့မှာတော့ တစ်ယောက်ရဲ့ အကြည့်က သင်တုန်းဓားလို ထက်မြက်ပြီး ရန်လိုနေကာ နောက်တစ်ယောက် ကတော့ တည်ငြိမ်နေတဲ့ ကန်ရေပြင်လို ငြိမ်သက်နေပါတယ်။

“နင်က ဘာမှမဖြစ်ခဲ့သလိုတောင် နေနေနိုင်တယ်ပေါ့လေ”

ရန်ချင်းဟူက အေးစက်စက် တစ်ချက် ရယ်လိုက်ပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

“ညီမချင်းဟူ …  မိုးပြာရောင်ဂိုဏ်းမှာ ညီမသိတဲ့ သူတစ်ယောက်ယောက် ပါနေလို့လား”

ရန်ချင်းဟူရဲ့ ဘေးမှာ ရပ်နေတဲ့ လူငယ်တစ်ယောက်က မေးလိုက်ပါတယ်။ ထိုလူငယ်ရဲ့ မျက်နှာက နှင်းပွင့်တွေလို ဖြူဖွေးစွတ်နေပြီး အသက် ၂၀ လောက်ဟု ထင်ရပါတယ်။

ထိုလူငယ်က ရန်ချင်းဟူကို တစ်ဖက်သတ် လိုက်ကြိုက်နေတဲ့ ယီမင်ရှု ဖြစ်ပါတယ်။

ရန်ချင်းဟူက ခေါင်းခါလိုက်ပြီး …

“နင်နဲ့ဘာမှ မဆိုင်ဘူး” လို့ ပြန်ဖြေလိုက်ပါတယ်။

ရန်ချင်းဟူက သူမရဲ့ ပြဿနာကို သူမကိုယ်တိုင် ဖြေရှင်းနိုင်စွမ်း ရှိပါတယ်။ ပြီးတော့ လီဖူချန်းထက်စာရင် ဒီလီဝူရှုကို သူမက ပိုပြီး မကြိုက်နှစ်သက်ပါဘူး။

“ညီမချင်းဟူရဲ့ ကိစ္စက အစ်ကို့ရဲ့ ကိစ္စပဲပေါ့။ ကြည့်ရတာ မိုးပြာရောင်ဂိုဏ်းက တစ်ယောက်ယောက်က ညီမကို ရန်စထားတယ် ထင်တယ်။ စိတ်မပူပါနဲ့ …  အစ်ကိုလီက ဒီကောင်တွေ အားလုံးကိုသတ်ပြီး သူတို့ရဲ့ ခေါင်းတွေကို ညီမဆီ ယူလာခဲ့မယ်"

လီဝူရှုက နှုတ်ခမ်းကို လျှာဖြင့် တစ်ချက် သပ်လိုက်ပြီး သွေးဆာနေတဲ့ အကြည့်တွေနဲ့ မိုးပြာရောင် ဂိုဏ်းဘက်ကို ကြည့်လိုက်ပါတယ်။

ရန်ချင်းဟူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး …

“နင်ငါ့ကိစ္စထဲ ဝင်မရှုပ်စမ်းနဲ့”

လီဝူရှုကတော့ သူမရဲ့စကားကို အလေးထားပုံ မရပါဘူး။

“ညီမချင်းဟူ …  အစ်ကိုက ဝင်ရှုပ်တာ မဟုတ်ဘူး။ ညီမက အစ်ကိုရဲ့ ဇနီးလောင်းလေ။ တစ်ချိန်ကျရင် အစ်ကို့ဇနီး ဖြစ်လာမှာ"

“လီဝူရှု …  ငါနောက်တစ်ခါ ထပ်ပြောမယ်။ ငါကနင့်ကို လက်ထပ်မှာ မဟုတ်ဘူး။ အခုလည်း လက်မထပ်ဘူး။ နောင်လည်း လက်မထပ်ဘူး"

လီဝူရှုကတော့ ရန်ချင်းဟူကို ကလေးတစ်ယောက်သဖွယ် ကြည့်လိုက်ပြီး …

”လာပြန်ပြီလား ဒီစကားက။ ညီမ ဘယ်လောက်ပြောပြော အစ်ကိုကတော့ ချစ်လို့ ပြောတယ်ပဲ မှတ်ပါတယ်”

ရန်ချင်းဟူ ကတော့ ဒီတဏှာရူးကို ဆက်ပြီး ပြောမနေတော့ပါဘူး။

“ဝေရီပိုင် …  မင်းတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ဒီတစ်ခါ ရောက်တာ စောလှချည်လား”

စိတ်ဝိညာဉ် ကဝေဂိုဏ်းက အကြီးအကဲခေါင်ချုပ်က လှမ်းနှုတ်ဆက် လိုက်ပါတယ်။

ဝေရီပိုင် ဆိုတာက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အကြီးအကဲခေါင်ချုပ်ပဲ ဖြစ်ပါတယ်။ သူက စိတ်ဝိညာဉ် ကဝေဂိုဏ်းရဲ့ နှုတ်ဆက်သံကို မကြားဟန် ပြုလိုက်ပြီး ဂိုဏ်းသုံးဂိုဏ်းစလုံးကို လှမ်းအကဲခတ် လိုက်ပါတယ်။

“ကြည့်ရတာ မင်းတို့ သုံးဂိုဏ်းစလုံးက အမှိုက်ကောင်တွေပဲ ခေါ်လာကျတာပဲ။ ကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်တွေ … ဒီအမှိုက်တွေကို တွေ့တာနဲ့ သတ်ပစ်ကျ။ လုံးဝ အရှင်မထားနဲ့"

“ဟုတ်ကဲ့ပါ အကြီးအကဲခေါင်ချုပ်”

သူ့ရဲ့အမိန့်ကို ကြားလိုက်တာနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ တပည့်တွေက သတ်ဖြတ်ခြင်း အငွေ့အသက်တွေကို ဖော်ထုတ်လိုက်ကျပါတယ်။ သူတို့ရဲ့ မျက်လုံးကလည်း အစာရှာထွက်လာတဲ့ သားရဲကောင်ကြီး တစ်ကောင် အတိုင်းပါပဲ။

“ဘာကြီးလဲဟ။ ဒီကောင်တွေက မိစ္ဆာဂိုဏ်းလား”

လီဖူချန်းက တစ်ချက် တွေးလိုက်မိပါတယ်။

“ဟမ့် …  တခြားဂိုဏ်းတွေ ကတော့ မင်းတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းကို ကြောက်ရင်ကြောက်မယ်။ ငါတို့ ခရမ်းရောင် ဆေဘာဂိုဏ်းကတော့ မင်းတို့ကို လုံးဝ မကြောက်ဘူးကွ။ ခရမ်းရောင် ဆေဘာဂိုဏ်းသားတွေ နားထောင်ကြစမ်း။ ဒီကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေကို တွေ့တာနဲ့ အမြန်သတ်ပစ်ကြ” ဟီဆန်းဟူကလည်း အမိန့် ပေးလိုက်ပါတယ်။

ဝိညာဉ်ကဝေဂိုဏ်းက အဘွားကြီးကတော့ သူမကို လျစ်လျူရှုသွားတဲ့ ဝေရီပိုင်ကြောင့် သိပ်ပြီး မျက်နှာပန်း မလှတော့ပါဘူး။ ဒါပေမဲ့လည်း ဝိညာဉ်ကဝေဂိုဏ်း ဒီလိုအဖြစ်မျိုးနဲ့ မစိမ်းလှပါဘူးလေ။ ပြီးတော့ ဝိညာဉ်ကဝေဂိုဏ်း ဆိုတာ ပေါ်ပေါ်ထင်ထင် မလှုပ်ရှားဘဲ အမှောင်ထုထဲက လုပ်ကြံ သတ်ဖြတ်ကြသူတွေ မဟုတ်ပါလား။ သူမကလည်း အနောက်ကို လှည့်ပြီး သူမရဲ့ ဂိုဏ်းသားတွေကို တီးတိုး မှာကြားနေပါတယ်။

“မင်းတို့ တွေ့ပြီမဟုတ်လား။ ဒါက ဂိုဏ်းတစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်းကြားက ဆက်ဆံရေးပဲ”

ဇောင်ဝူကျင်းက လီဖူချန်းတို့ကို ပြောလိုက်ပါတယ်။ ဆက်ပြီးတော့ သူက ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ သိသင့် သိထိုက်တာတွေနဲ့ ဂိုဏ်းတွေ အကြားက ရန်စကိုပါ ရှင်းလင်း ပြောကြားပါတယ်။

သူရဲ့ မှာကြားချက်တွေကို ကြားအပြီးမှာတော့ မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ မျက်နှာပေါ်မှာ အမျိုးမျိုးသော ခံစားမှုတွေ ဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ စိတ်လှုပ်ရှားလာပြီး တချို့ကတော့ ကြောက်လန့် လာကြပါတယ်။ တချို့ကတော့ သူတို့ရဲ့ အရည်အသွေးကို သံသယ ဝင်လာကြပါတယ်။

လီဖူချန်းကတော့ မူလပုံစံအတိုင်း အေးအေးဆေးဆေးပါဘဲ။ ဇောင်ဝူကျင်းရဲ့ ရှင်းပြမှုတွေက သူ့အပေါ် ဘာမှ မသက်ရောက် စေခဲ့ဘူးလေ။

“ကဲမကြာခင်မှာပဲ အချိန်ကျတော့မှာ ဆိုတော့ ငါက မင်းတို့ကို တခြားဂိုဏ်းက ပါရမီရှင်တွေ အကြောင်းကို ပြောပြတော့မယ်။ မင်းတို့ ငါပြောတဲ့ လူတွေနဲ့တွေ့ရင် သတိကြီးကြီးထားကျ။"

“သရဲခေါင်းနဲ့ ဆေဘာကို လွယ်ထားတဲ့ ဂိုဏ်းသားက  ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အတွင်းစည်း နံပါတ် ၁ ဓားသမားပဲ။ သူ့နာမည်က ရူးနေတဲ့ ဆေဘာဓား သောင်းဟိုင်လို့ ခေါ်တယ်။ သူရဲ့ ရူးသွပ်နေသလို တိုက်ခိုက်တတ်တဲ့ ဆေဘာဓားသိုင်းက နာမည်ကြီးပဲ။  မင်းက တကယ်လို့ သူ့ကိုတွေ့ရင် အမြန်ဆုံး ပြေးဖို့ ကြိုးစားပေတော့။ သူက သွေးတွေကို မြင်ရင် ပိုပြီး ရူးသွပ်သွားတတ်တဲ့ သဘာဝရှိတယ်။ သူက တစ်ခါတုန်းက ဂိုဏ်းသားအချင်းချင်း သတ်ဖြတ်မိလို့ အကျဉ်းထောင်တောင် ကျခဲ့ဖူးသေးတယ်။ အကျဉ်းထောင်ကနေ ပြန်လွှတ် လာလာချင်းမှာတောင်  အခြားဂိုဏ်းသား တစ်ယောက်ကို ဒုက္ခိတဖြစ်အောင် တိုက်ခိုက် ပစ်လိုက်သေးတာ။  အဲဒါကြောင့်   ခရမ်းရောင် ဆေဘာဂိုဏ်းက သူ့ကို နောက်ထပ်တစ်နှစ် ထပ်ဖမ်းချုပ် ထားရသေးတယ်။ ဒီကောင်က သာမန်မြေကမ္ဘာ အဆင့် ၁ က ပညာရှင်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်နိုင်တယ်။ မင်းတို့သူ့ကို မြင်တာနဲ့ ဝေးဝေးကသာ ရှောင်ပေတော့”

မိုးပြာရောင် ဂိုဏ်းသား အားလုံးက ဇောင်ဝူကျင်း ညွှန်ပြနေတဲ့ နေရာကို ကြည့်လိုက်ကျပါတယ်။ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ လူစုထဲမှာတော့ ဆံပင်တွေ ရှုပ်ပွနေပြီး မျက်တွင်းတွေ ချိုင့်ဝင်နေတဲ့ အသက် ၂၀ ကျော် လူငယ်တစ်ယောက် ရှိနေပါတယ်။ သူ့ရဲ့ပုံကို ကြည့်ရတာ တစ်ခုခုကို ရေတွက်နေသည့် ပုံပါပဲ။ တစ်ချက် တစ်ချက်မှာ သူ့ကို တစ်စုံတစ်ယောက်က တစ်ခုခု ပြောလိုက်သည့် အလား ခေါင်းထောင်ပြီး ကြည့်နေတတ်ပါသေးတယ်။

အထူးသဖြင့် သူ့ရဲ့မျက်လုံးတွေပေါ့ …

သူ့ရဲ့ မျက်လုံးတွေက လုံးဝကို ခံစားချက် ကင်းမဲ့နေပြီး မင်းကို အဆုံးအစမဲ့တဲ့ တွင်းနက်ကြီးထဲ ပြုတ်ကျသွားသည့် အလား ခံစားစေရပါတယ်။ ဒီမျက်လုံးတွေက ကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်တွေရဲ့ မျက်လုံးတွေထက်ကို ကြောက်စရာ ကောင်းလွန်းပါတယ်။

“ကြောက်စရာ ကောင်းလိုက်တဲ့ မျက်လုံးတွေပါလား”

ချန်ဖန်းဟွာက မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်သေးသည့် အတွက် ထိုမျက်လုံးတွေကို ကြည့်မိလိုက်တာနဲ့ တဆတ်ဆတ် တုန်ယင်သွားပါတယ်။

“အစ်မတော်ချန် …  သူ့မျက်လုံးတွေကို သွားမကြည့်နဲ့”

လီဖူချန်းက ညင်သာနူးညံ့တဲ့ အသံနဲ့ သူမကို သတိပေးလိုက်ပါတယ်။

လူတစ်ယောက်ရဲ့ ယုံကြည်မှု ပြိုကွဲသွားရင် စွမ်းရည်တွေကလည်း ယုတ်လျော့ သွားမှာပါ။ သေချာတာကတော့ ဒီအရူးဆေဘာ သောင်းဟိုင်ရဲ့ မျက်လုံးတွေက တိုက်ပွဲ မစခင်မှာဘဲ တစ်ဖက်လူရဲ့ ယုံကြည်မှုကို ယုတ်လျော့ သွားစေနိုင်ပါတယ်။ ဒီသောင်းဟိုင်ကို ကြည့်ရတာ ရင်ဆိုင်ဖို့ လွယ်ကူတဲ့ သူတစ်ယောက်တော့ မဖြစ်နိုင်ပါဘူး။

ချန်ဖန်းဟွာက လီဖူချန်းရဲ့ သတိပေးစကားကို ကြားလိုက်တာနဲ့ အလျင်အမြန်ပဲ ခေါင်းငုံ့လိုက်ပါတယ်။

ဇောင်ဝူကျင်းက လီဖူချန်းကို ခေါင်းတစ်ချက် ညိတ်ပြီး အသိအမှတ် ပြုလိုက်ပါတယ်။ အခုသူခေါ်လာတဲ့ မိုးပြာရောင် ဂိုဏ်းသားတွေထဲမှာ တည်တည်ငြိမ်ငြိမ် ရှိနေတာဆိုလို့ လီဖူချန်း တစ်ယောက်ပဲ ရှိနေတယ်လေ။

လီဖူချန်းက အရူးဆေဘာ သောင်းဟိုင်ကို တည်ငြိမ်စွာ အကဲခတ်နေပြီး သောင်းဟိုင်ရဲ့ မျက်လုံးတွေက သူ့အပေါ်ကို ဘာမှ သက်ရောက်မှု ရှိတဲ့ပုံ မပေါ်ပါဘူး။ လီဖူချန်းရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ယုံကြည်မှု အပြည့်ရှိပုံ ကတော့ တကယ့် ထိပ်တန်းပါပဲ။

ဒီလိုလူမျိုးက သာလျှင် အခက်အခဲ အကျပ်အတည်းတွေ ကြားကနေ တည်တည်ငြိမ်ငြိမ် ကျော်လွှားနိုင်မှာပါ။

တစ်ခါတစ်ရံမှာတော့ ဒီလို သွေးအေးပြီး တည်ငြိမ်တယ်ဆိုတာက ကြောက်စရာ ကောင်းလှတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။

လျူဝူဟောင်၊ ရှောင်လီနဲ့ ယုဝူရှန်းတို့ကတော့ ကြောက်ရွံ့နေပုံ မပေါ်ပေမဲ့ အနည်းနဲ့ အများတော့ စိတ်ခံစားမှုတွေ ထွက်ပေါ် လာပါသေးတယ်။ သူတို့က လီဖူချန်းနဲ့ ယှဉ်လိုက်ရင်တော့ တည်ငြိမ်ဖို့ အများကြီး လိုပါသေးတယ်လေ။

“အရူးဆေဘာ သောင်းဟိုင်ရဲ့ ဘေးနားမှာ ရပ်နေတဲ့ သူကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နံပါတ် ၂ အတွင်းစည်း တပည့်လင်းဟောင်ပဲ။ သူ့ကိုလည်း မင်းတို့ သတိထားရမယ်။ ခရမ်းရောင် ဂိုဏ်းတစ်ခုလုံးမှာ   သူက အရူးဆေဘာ သောင်းဟိုင်နဲ့ ဓားချင်းယှဉ်ပြီး ဒဏ်ရာမရတဲ့ တစ်ဦးတည်းသော သူပဲ”

ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ သတိထားသင့်တဲ့ သူတွေကို ပြောပြပြီးတဲ့ နောက်မှာတော့ ဇောင်ဝူကျင်းက ဝိညာဉ်ကဝေဂိုဏ်းက သတိထားရမဲ့ သူတွေကို ထပ်ပြောပြနေပါတယ်။

“ဝိညာဉ်ကဝေဂိုဏ်းက တပည့်တွေကတော့ လျှို့ဝှက်သတ်ဖြတ်တဲ့ နေရာမှာ ဆရာတစ်ဆူပဲ။ သူတို့မှာ မင်းတို့ မထင်မှတ်ထားတဲ့ သတ်ဖြတ်နည်းတွေ အများကြီးရှိတယ်။ သူတို့ရဲ့ အတွင်းစည်း နံပါတ် ၁ တပည့်ကတော့ မှင်စာသခင်လေး ရှောင်းဟူပဲ။ သူက အရင်တုန်းက မြေကမ္ဘာအဆင့်၃မှာ ရှိတဲ့ ပညာရှင်ကိုတောင် လုပ်ကြံ သတ်ဖြတ်ဖူးတယ်။ သူ့အနား မကပ်မိစေနဲ့။ သူနဲ့ ဝေးနိုင်သမျှသာ ဝေးအောင်နေ။ သူ့ရဲ့ တည်ရှိနေမှုကိုလည်း မမေ့ပစ်လိုက်နဲ့။ မဟုတ်လို့ကတော့ မင်းတို့ကို သတ်လို့ သတ်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး"

“သူ့ဘေးမှာ ရပ်နေတဲ့ မိန်းမပျိုကတော့ ကဝေမယ်ရဲ့ဟွာလို့ ခေါ်တယ်။ သူက စိတ်ညှို့တဲ့ အတတ်မှာ ဆရာတစ်ဆူပဲ။ သူမရဲ့ မျက်လုံးတွေကို မကြည့်မိစေနဲ့။ သူမရဲ့ ခန္ဓာကိုယ် ဘယ်အစိတ်အပိုင်းကိုမှလည်း သွားမထိမိစေနဲ့။ တချို့အပိုင်းတွေမှာ သူမက အရူးဆေဘာ သောင်းဟိုင်နဲ့ မှင်စာသခင်လေး ရှောင်းဟူထက်ကို ကြောက်စရာ ကောင်းတယ်။ သူမကိုလည်း ဝေးဝေးက ရှောင်တာ အကောင်းဆုံးပဲ"

“တတိယ သတိထားရမဲ့ သူက သူငယ်တော် ရှောင်မိုပဲ။ သူက သူ့ခန္ဓာကိုယ်ကို လိုသလို ကွေးညွှတ်လို့ ရတယ်။ သူက လူလား တစ္ဆေလား ဆိုတာကိုတောင် ခွဲခြားလို့မရတဲ့ သူမျိုးပဲ။ သူ့ရဲ့ စွမ်းရည် တိတိကျကျကိုတော့ ဘယ်သူမှ မသိကျဘူး။ ရှောင်းဟူနဲ့ ရဲ့ဟွာတောင်မှ သူနဲ့ ထိပ်တိုက် မတွေ့လိုကြဘူး ဆိုတော့ သူကလည်း ခေမဲ့သူတော့ မဟုတ်ဘူး”

ဇောင်ဝူကျင်းက ဆက်ပြီးတော့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေ အကြောင်း ပြောမည့်ဟန် ပြင်နေတုန်းမှာပဲ လီဖူချန်းက ကြားဖြတ် စကားပြောလိုက်ပါတယ်။

“အကြီးအကဲ …  ကျွန်တော် စကားတစ်ခွန်း ပြောပါရစေ။"

“ဘာပြောမလို့လဲ လီဖူချန်း …  ပြောကြည့်လေ”

ဇောင်ဝူကျင်းက လီဖူချန်းကို ပြောခွင့်ပြုလိုက်ပါတယ်။

တခြား အကြီးအကဲတွေ ကတော့ ဒီကောင်လေး အလိုက် မသိတတ်ရန်ကော ဟူသည့် အကြည့်မျိုးဖြင့် ဝိုင်းကြည့် နေကြပါတယ်။

***

All Chapters