အများနဲ့မတူတစ်မူ
Vol. 11 Ch. 145
( note : : ထျန်းရှဂိုဏ်း= ကောင်းကင်နတ်ဆိုးဂိုဏ်း)
“ကျွန်တော်တို့က ဒီကောင်တွေကို ဒီလောက်ကြီး စိုးရိမ်နေစရာ မလိုဘူးလို့ ကျွန်တော် ထင်ပါတယ်။ သူတို့ကို ကျွန်တော်တို့က ဘုရင်တစ်ပါးလို ဆက်ဆံပြီး တွေးကြောက်နေစရာလည်း မလိုပါဘူး။ ကျွန်တော်တို့ကိုလည်း လမ်းဘေးကနေ ကောက်ပြီး ခေါ်လာခဲ့တာမှ မဟုတ်တာ။ ကျွန်တော်တို့ကလည်း မိုးပြာရောင်ဂိုဏ်းရဲ့ လက်ရွေးစင်တွေပါပဲ။ မိုးပြာရောင် ဂိုဏ်းသားတွေဟာ ဓားတာအို လမ်းစဉ်ကို ကျင့်ကြံနေတဲ့ သူတွေ။ ကျွန်တော်တို့ဟာ ဘယ်သူ့ကိုမှ ကြောက်ရွံ့နေမှာ မဟုတ်ဘူး။ တကယ်လို့ ကျွန်တော်တို့ရဲ့ လမ်းမှာ နတ်ဘုရားတစ်ပါး လာပိတ်ရပ်နေရင် အဲဒီနတ်ဘုရားကို သတ်ပစ်မယ်။ တကယ်လို့ ကျွန်တော်တို့ရဲ့လမ်းမှာ ပစ္စေကဗုဒ္ဓါတွေ လာပိတ်နေရင် အဲဒီပစ္စေက ဗုဒ္ဓါကိုပါ သတ်ပစ်မယ်။ ဒါက ဓားတာအိုကို လျှောက်လမ်းတဲ့ သူတွေရဲ့ ဓားတရားပဲ။ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ကြောက်ရွံ့မှုတွေ ရှိနေမယ် ဆိုရင် ကျွန်တော်တို့က နောက်ပိုင်း လမ်းစဉ်တွေကို ဘယ်လိုစိတ်နဲ့ လျှောက်လမ်းနိုင်မှာလဲ”
လီဖူချန်းက သူပြောချင်တာကို ထုတ်ပြောလိုက်ပါတယ်။
“မင်းပြောချင်တာက ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ တွေ့သမျှသူတွေကို သတ်ပစ်ရမယ်လို့ ဆိုလိုတာလား”
အတွင်းစည်း အကြီးအကဲ တစ်ယောက်က မေးခွန်းပြန်ထုတ် လိုက်ပါတယ်။
လီဖူချန်းက တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေပါတယ်။
“အကြီးအကဲ မေးသလို ဟုတ်လည်း ဟုတ်တယ်။ ဟုတ်လည်း မဟုတ်ဘူး။ အဓိက ပြောချင်တာက အခြေအနေပဲ။ တစ်ဖက်က လူတွေက ကျွန်တော်တို့ကို သတ်ဖို့ လုပ်နေတာကို ကြောက်ရွံ့စွာနဲ့ ရင်ဆိုင်လို့ ဖြစ်ပါ့မလား။ လုံးဝရင်ဆိုင်လို့ မဖြစ်နိုင်ဘူး။ အကြောက်တရားက ဖုံးလွှမ်းနေတဲ့အတွက် ကျွန်တော်တို့ရဲ့ ဓားတွေက ထက်မြက်သင့်သလောက် ထက်မြက်နိုင်တော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့က ဒီအကြောက်တရားကို မောင်းထုတ်ပစ်မှရမယ်။ ဒီကောင်တွေရဲ့ ခန္ဓာကိုယ်ထဲကို ဓားထိုးသွင်းလိုက်ရင် ထွက်လာတဲ့ အရည်တွေကလည်း အနီရောင် သွေးတွေပဲ။ ဒီကောင်တွေရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်ရင် သူတို့လည်း သေတာပဲ။ သူတို့မှာ အသွေးအသားနဲ့ ကျွန်တော်တို့မှာလည်း အသွေးအသားနဲ့။ ဒါကို ကျွန်တော်တို့က သူတို့ကို မြင်တာနဲ့ ဘာလို့ ရှောင်ပုန်း နေရမှာလဲ။ ကျွန်တော်တို့ မိုးပြာရောင် ဂိုဏ်းသားတွေက သူတို့ကို မယှဉ်နိုင်စရာ ဘာအကြောင်းမှ ရှိမနေဘူး”
အစောပိုင်းတုန်းက ဇောင်ဝူကျင်းရဲ့ အကြံပေးချက်တွေက မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ ရင်ထဲကို အကြောက်တရားတစ်ခု မွေးဖွား ပေးခဲ့ပါတယ်။ ဒီအကြောက်တရားကို မိုးပြာရောင် ဂိုဏ်းသားတွေက အနည်းနဲ့အများတော့ ခံစားနေရပါပြီ။ ပါရမီရှင်တွေ ဖြစ်တဲ့ အရူးဆေဘာ သောင်းဟိုင်တို့ကို မပြောနဲ့။ သူတို့နဲ့ လက်ရည်ချင်းတူတဲ့ ဂိုဏ်းသားတွေနဲ့ တွေ့ရင်တောင် နှလုံးသားထဲမှာ အကြောက်တရားက ရှိနေတဲ့အတွက် မိုးပြာရောင် ဂိုဏ်းသားတွေဟာ အသတ်ခံလိုက်ရ နိုင်ပါတယ်။
“မင်းပြောသွားတာတွေ ကောင်းတယ်"
ဇောင်ဝူကျင်းက လီဖူချန်းကို အပြစ်မတင်ပဲ ချီးကျူးလိုက်ပါတယ်။
သူက တစ်ဖက်သူတွေရဲ့ ဂုဏ်သတင်းကိုပဲ ပြောကြားခဲ့ပြီး မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ ဂုဏ်သတင်းကိုတော့ မေ့သွားခဲ့တယ်လေ။ သူခေါ်လာတဲ့ သူတွေကလည်း အတွင်းစည်းဂိုဏ်းရဲ့ အတော်ဆုံး ဓားသမားတွေ မဟုတ်ပါလား။
သူက ဒီလက်ရွေးစင်တွေ ဆေးမျိုး ၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ သေသွားမှာကို အစိုးရိမ်လွန်ကဲ သွားခဲ့တာပါ။ ကြည့်ရတာ သူ့ရဲ့ အစိုးရိမ် လွန်မှုတွေက အကြောက်တရားကို ဖန်တီး ပေးမိသွားတယ်နဲ့ တူပါရဲ့။
တကယ့် ဓားသမားတွေ ဆိုတာ အရာရာကို အကြောက်အလန့်ကင်းတဲ့ နှလုံးသားကို လိုအပ်ပါတယ်။
တကယ်လို့ နှလုံးသားထဲမှာ အကြောက်တရား ဆိုတဲ့ ဆူးငြောင့်တစ်ခု စူးနေမယ် ဆိုရင် အဲသည်ဓားသမားက ဘယ်လိုလုပ်ပြီး ရှေ့ဆက်နိုင်တော့မည်နည်း။
“ဒီအဘိုးကြီးက အသက်ကြီးလာတော့ နည်းနည်း အစိုးရိမ် လွန်းတာပဲ။ ငါအစောပိုင်းက ပြောခဲ့တာတွေကို မေ့ပစ်လိုက်တော့။ ငါပြောပြထားတဲ့ လူတွေကိုတွေ့ရင် နည်းနည်းသာ ဂရုစိုက်လိုက်။ တကယ်လို့ တိုက်ခိုက်ရမယ် ဆိုရင်လည်း နောက်တွန့် မနေနဲ့တော့။ ဓားဆိုတာက သွေးနဲ့ဆေးမှ ပိုထက်တာ။ ဓားဆိုတာ လူသတ်လက်နက်ပဲ။ ပြဿနာလာရှာတဲ့ လူတွေကို အကုန်သတ်ပစ်။ ငါတို့ရဲ့ ဓားတွေကိုသာ ဒီကောင်တွေ ကြောက်ရွံ့ နေစေရမယ်။ မိုးပြာရောင်ဂိုဏ်းရဲ့ ဓားပညာဆိုတာ ဘာလည်းဆိုတာကို ကောင်းကောင်းကြီး ပြလိုက်စမ်းဟေ့”
လီဖူချန်းနဲ့ ဇောင်ဝူကျင်းရဲ့ ပြောစကားတွေက မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ မီးခဲပြာဖုံးနေတဲ့ ရဲစွမ်းသတ္တိတွေကို ပြန်ပြီး လောင်စာ ထည့်ပေးလိုက် သလိုပါဘဲ။ သူတို့ရဲ့ မျက်လုံးတွေထဲမှာ တိုက်ပွဲကို ဆာလောင်စိတ်တွေနဲ့ ပြည့်နှက်လို့ လာနေပါပြီ။ သူတိုရဲ့ ထက်မြက်တဲ့ အသွင်သဏ္ဌာန်တွေနဲ့ စွမ်းအင် အရှိန်အဝါ တွေကလည်း ပြန်လည် ထွက်ပေါ်လာပါတယ်။ သူတို့သည်လည်း လက်ရွေးစင် ဂိုဏ်းသားများ ဖြစ်သည် မဟုတ်ပါလော။ လူသားအချင်းချင်း အဘယ်ကြောင့် ကြောက်ရွံ့နေရမည်နည်း။
လျူဝူဟောင်က လီဖူချန်းကို စူးစူးစိုက်စိုက် ကြည့်နေပါတယ်။ သူက အစောပိုင်းတုန်းက လီဖူချန်းကို မှုမစရာ မလိုဘူးလို့ ထင်နေခဲ့တာလေ။ အခုအဖြစ်အပျက် ပြီးနောက်မှာတော့ လီဖူချန်းက တကယ် ကြောက်စရာ ကောင်းလောက်တယ်လို့ သူက တွေးထင်နေခဲ့ပါပြီ။ ဒီလိုသွေးအေးပြီး ဘာကိုမှ မကြောက်ရွံ့တတ်သူက အရူးဆေဘာသောင်းဟိုင် ဒါမှမဟုတ် မှင်စာသခင်လေး ရှောင်ဟူထက်ကို ကြောက်စရာ ကောင်းမယ်ဆိုတာ လုံးဝကို သိသာနေလွန်းပါတယ်။
ထို့နောက်မှာတော့ ဇောင်ဝူကျင်းက သူ့ရဲ့အကြည့်တွေကို ကောင်းကင် နတ်ဆိုးဂိုဏ်းကို ရွှေ့လိုက်ပြီး ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေ အကြောင်းကို ပြောပြပါတယ်။
“ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အတော်ဆုံး အတွင်းစည်း တပည့်ကတော့ သွေးမိစ္ဆာ လီဝူရှုပဲ။ သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ရဲ့ သားလည်း ဖြစ်တယ်။ သူက ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်တဲ့ သွေးမိစ္ဆာ အရိုးတည်ဆောက်ပုံ ပိုင်ရှင်။ သူ့ရဲ့ အရိုးတည်ဆောက်ပုံက တခြား ကြယ်ငါးပွင့် အရိုးတည်ဆောက်ပုံတွေနဲ့ အများကြီး ပိုကောင်းမွန်တယ်။ ဒီအရိုး တည်ဆောက်ပုံရဲ့ ထူးခြားချက်က လူပိုပြီး သတ်လေလေ မိစ္ဆာဓာတ်အားက ပိုပြီးကောင်းလာ လေလေပဲ။ မိစ္ဆာဓာတ်အား ကောင်းလာလေလေ သူ့ရဲ့ပါရမီတွေ ကျင့်ကြံမှုနှုန်းတွေက ပိုပြီးကောင်းလာ လေလေပဲ။ ကောလာဟလတွေ အရတော့ သူက သူနဲ့အဆင့်တူတဲ့ လူအယောက် ၁၀၀၀ ကျော်ကို သတ်ပြီးပြီလို့ ဆိုတယ်။
“သူက လူအယောက် ၁၀၀၀ ကျော် သတ်ထားတယ်။"
အစောပိုင်းတုန်းက စိတ်ဓာတ်တွေ ပြန်တက်ကြွလာတဲ့ မိုးပြာရောင် ဂိုဏ်းသားတွေဟာ လီဝူရှုရဲ့ သတင်းတွေကြောင့် မျက်နှာအနည်းငယ် ပျက်သွားခဲ့ပါတယ်။
သူတို့သတ်ခဲ့တဲ့ လူအရေအတွက် ဆယ်ဂဏန်းမျှသာ ရှိသည်လေ။
“ဒီကောင်က သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင်လား”
ရေလှိုင်းဖြူဓား ပိုင်ထောင်က မနေနိုင်ဘဲ မေးလိုက်မိပါတယ်။
ဇောင်ဝူကျင်းက ဆက်ရှင်းပြပါတယ်။
“လီဝူရှုရဲ့ ညာဘက် ၃ မီတာလောက်မှာ ရပ်နေတဲ့သူကတော့ မိစ္ဆာနက် လန်ဝူချန်းတဲ့။ သူ့ဘေးမှာ ရပ်နေတဲ့ သူကတော့ မိစ္ဆာဖြူ ကောင်းချူ။ သူတို့ကို လူတွေက ဖြူနက်မိစ္ဆာနှစ်ပါးလို့ ခေါ်ကျတယ်။ သူတို့က နှစ်ယောက်ပေါင်းပြီး တိုက်ခိုက်တဲ့ နေရာမှာ အတော်လေး ထူးချွန်တယ်။ သူတို့ တစ်ယောက်ချင်းကတောင်မှ မြေကမ္ဘာအဆင့်က ပညာရှင်ကို သတ်နိုင်တယ် ဆိုတော့ နှစ်ယောက် ပေါင်းလိုက်ရင် ဘယ်လောက် စွမ်းသွားမလဲ မသိနိုင်ဘူး"
“နောက်ထပ် တစ်ယောက်ကတော့ တစ္ဆေလက်သည်း ကျန်းရှန်။ သူက ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ အခက်ခဲဆုံး လက်သည်းသိုင်းဖြစ်တဲ့ ငရဲလက်သည်းသိုင်းကို လေ့ကျင့်ထားတာ။ ပြောကျတာ ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း တစ်ခုလုံးမှာတောင်မှ ဒီလက်သည်းသိုင်းကို လေ့ကျင့် အောင်မြင်ထားတာ ၃ ယောက်ပဲ ရှိတယ်တဲ့။ အဲသည်ထဲက နှစ်ယောက်က တိုက်ရိုက်တပည့်တွေ ဖြစ်သွားကျပြီ"
“နောက်ဆုံး မိတ်ဆက်ပေးမဲ့ သူကတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အဓိက ကလန်ကြီးတစ်ခုဖြစ်တဲ့ ရန်ကလန်ရဲ့ ပါရမီရှင် ရန်ချင်းဟူပဲ။ သူမရဲ့ စွမ်းရည်တွေက တခြား လူတွေလောက်တော့ မရှိတော့ဘူး။ ဒါပေမဲ့ သူမရဲ့ အလားအလာ ကတော့ ခန့်မှန်းလို့ မရနိုင်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ရန်ချင်းဟူက ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားလို့ပဲ။
ဇောင်ဝူကျင်းရဲ့ စကားအပြီးမှာတော့ မိုးပြာရောင် ဂိုဏ်းသားတွေဟာ စဉ်းစားခန်း ဝင်နေကြပါတယ်။
ဇောင်ဝူကျင်းရဲ့ ပြောစကားတွေအရ ဆိုရင် လီဝူရှုက အရူးဆေဘာသောင်းဟိုင်နဲ့ လက်ရည်တူလောက် သွားကျပါလိမ့်မယ်။ ဖြူနက်မိစ္ဆာ နှစ်ယောက်ကလည်း တစ်ယောက်ချင်း ဆိုရင် အနည်းငယ် အားနည်းပုံ ပေါ်ပေမဲ့ နှစ်ယောက်ပေါင်းလိုက်ပြီ ဆိုရင် သူတို့က လီဝူရှုထက်တောင် အစွမ်းထက်မည့် ပုံပါပဲ။ နောက်ထပ် တစ်ယောက်ဖြစ်တဲ့ တစ္ဆေလက်သည်း ကျန်းရှန်ကလည်း လီဝူရှုထက် သိပ်ပြီး နိမ့်ကျမယ့်ပုံ မရှိပါဘူး။
သူတို့လေးယောက်ကို ကြည့်လိုက်တာနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ပါရမီရှင်တွေက အခြားဂိုဏ်း ၃ ဂိုဏ်းထက် ပိုပြီးအစွမ်းထက်မယ် ဆိုတာ ယုံမှားစရာ မရှိပါဘူး။
ဟုတ်ပါပြီ။ ဒါကို အားလုံး နားလည် ပေးနိုင်ပါသေးတယ်။
ဒါပေမဲ့ ရန်ချင်းဟူရဲ့ ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာကြီးက အားလုံးကို ချောက်ချား တုန်လှုပ် သွားစေတယ်လေ။
ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာက ဘာလဲ။ အားလုံးက ဒီအဓိပ္ပာယ်ကြီးကို သိကြပါတယ်။
တကယ်လို့ ကြယ် ၄ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပါရမီရှင်တွေလို့ သတ်မှတ်တယ် ဆိုကြပါစို့။ ဒါဆိုရင် ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက ပထမတန်းစား ပါရမီရှင်တွေပါ။
ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာ မျိုးဆက် တစ်ခုလုံးရဲ့ ပါရမီရှင်တွေပါပဲ။
မိုးပြာရောင် ဂိုဏ်းစတင် တည်ထောင်ချိန်ကနေ အခုထက်ထိ ဂိုဏ်းတော်မှာ ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုလို့ တစ်ယောက်ပဲ ရှိခဲ့ဖူးပါတယ်။ အဲသည် သူကတော့ ပထမဆုံး ဂိုဏ်းချုပ်ကြီးပါပဲ။
ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဆိုတာ ပြန်လည် ဝင်စားခြင်း နယ်ပယ်နဲ့ အဲသည်ထက်မြင့်တဲ့ နယ်ပယ်တွေ အထိပါ တက်လှမ်းနိုင်တဲ့ အခွင့်အရေး ရှိပါတယ်လေ။
အဲသည် နယ်ပယ်တွေအထိ ရောက်သွားပြီဆိုရင် လူတစ်ယောက်တည်းက ဂိုဏ်းတစ်ဂိုဏ်းလုံးနဲ့ ညီသွားပါပြီ။ လူတစ်ယောက်တည်းက ဂိုဏ်းလုံးကျွတ် သတ်ပစ်လိုက်နိုင်ပါတယ်။
“ကောင်းကင်နတ်ဆိုး ဂိုဏ်းက တကယ်ကို ကြောက်စရာ ကောင်းတာပဲ”
တောင်စွယ်ဓား လူယိရှန်က ရေရွတ်လိုက်ပါတယ်။
“မှန်တယ်။ တကယ်ကို ကြောက်စရာကောင်းတဲ့ ကောင်တွေ စုထားတဲ့ ဂိုဏ်းဘဲ”
လီဖူချန်းက သူပြောတာကို သဘောတူပါတယ်။
လီဖူချန်းက ရန်ချင်းဟူ တစ်ယောက် အရွယ်ရောက်လာတဲ့ အခါကျရင် ကျန်တဲ့ ၃ ဂိုဏ်းကို ဘယ်လောက်တောင် ဖိနှိပ်ထားလိုက်မလဲ ဆိုတာကိုတောင် တွေးကြည့်နေမိပါတယ်။
ဇောင်ဝူကျင်းက အေးစက်စက် လေသံဖြင့် …
“ငါက မင်းတို့အားလုံးကို အထူးမှာစရာ ရှိတယ်။ အဲဒါကတော့ ရန်ချင်းဟူကို တွေ့တာနဲ့ အစွမ်းကုန် ကြိုးစားပြီး သတ်ပစ်ဖို့ပဲ။ သူမကို သတ်ပစ်နိုင်တဲ့သူကို ဂိုဏ်းတော်က ဆုကြေးအဖြစ် ထောက်ပံ့ရေးရမှတ် ၃ သန်းပေးမယ်။ ဒီအမှတ်က အတွင်းစည်း အကြီးအကဲ တစ်ယောက် တစ်သက်လုံး ရှာထားတာထက်တောင် များသေးတယ်။ အမှတ် ၃ သန်းနဲ့ ဘာတွေလုပ်နိုင်လဲ ဆိုတာကို တွေးမိကြတယ်မလား”
ကြယ် ၆ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတဲ့ ခြိမ်းခြောက်မှုကြီးက တကယ်ကို ကြောက်စရာ ကောင်းလွန်းလှပါတယ်။ နောက်ထပ် နှစ်အနည်းငယ် ကြာလို့ရှိရင် မိုးပြာရောင်ဂိုဏ်းရဲ့ ဂုဏ်သိက္ခာတွေက ဒီကောင်မလေးရဲ့ လက်ထဲမှာတောင် ရေစုန်မျှော သွားနိုင်သည်လေ။
“အတွင်းစည်း အကြီးအကဲခေါင်ချုပ် … စိတ်မပူပါနဲ့။ ကျွန်တော် ဒီကောင်မလေးကို ရအောင် သတ်ခဲ့ပါမယ်"
ရန်ချင်းဟူက တကယ့် အလှမယ်လေးတစ်ပါး ဖြစ်နေသည့်တိုင်တောင်မှ ဂိုဏ်းတော်က ပေးအပ်တဲ့ ဆုကြေးကလည်း မက်လောက်စရာပါပဲလေ။ အခွင့်အရေးရမယ် ဆိုရင် လျူဝူဟောင်က သေချာပေါက် ရန်ချင်းဟူကို သတ်ပစ်မှာပါ။
သူ့မှာသာ လုံလောက်တဲ့ စွမ်းပကားတွေ ရှိလာမယ် ဆိုရင် မိန်းမချောဆိုတာ ရှားတဲ့အရာမှ မဟုတ်တော့တာလေ။ ထောက်ပံရေးရမှတ် ၃ သန်း ဆိုတာ သူ့ရဲ့ ကျင့်ကြံမှု အပိုင်းကို အတော်ကြီး ပြောင်းလဲ သွားစေမှာပါ။
မိုးပြာရောင် ဂိုဏ်းလိုပါပဲ။ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေ ဂိုဏ်းတို့ကလည်း သူတို့ရဲ့ တပည့်တွေကို ရန်ချင်းဟူကို သတ်နိုင်ရင် ဘယ်လောက်ပေးမယ် ဆိုပြီး ကမ်းလှမ်းနေပါတယ်။
“လူတစ်ယောက်ရဲ့ ပါရမီတွေက အရမ်းထူးချွန်နေမယ် ဆိုရင် ကြီးပျင်းလာဖို့က တကယ်ကို ခက်ခဲလွန်းတာပဲ"
လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် အကြောင်းကို စဉ်းစားလိုက်ရင်းနဲ့ သူ့ကိုယ်သူတောင် စိုးရိမ်လာမိပါတယ်။
သူက သာမန် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လေးသာ ဖြစ်ပေမဲ့ သူ့ရဲ့ စိတ်ဝိညာဉ် ပါရမီက အတိုင်းထက် အလွန်ကို ကောင်းမွန်နေခဲ့တာလေ။ သူ့ရဲ့ ယခုလက်ရှိ ကျင့်ကြံမှုနှုန်းကတောင် ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ မတိမ်းမယိမ်း ဖြစ်နေပါပြီ။ သူ့ရဲ့ စိတ်ဝိညာဉ် တစ်ခုလုံးသာ အပြာနုရောင်အဖြစ် ပြောင်းသွားပြီဆိုရင် ဘယ်လောက်တောင် ကြောက်ဖို့ ကောင်းသွားမည်နည်း။
“ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေက ငါ့အတွက်တော့ ပိုပြီး တိုးတက်လာစေမဲ့ အခွင့်အရေးကောင်းပဲ။ ငါက ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချမှ ဖြစ်မယ်"
လီဖူချန်း မသိလိုက်တာ တစ်ခုကတော့ သူကိုယ်တိုင်ကိုက တခြားဂိုဏ်း ၃ ခုရဲ့ ပစ်မှတ် စာရင်းထဲမှာ ပါနေတယ် ဆိုတာပါပဲ။
သူတို့ရထားတဲ့ အချက်အလက်တွေအရ ဆိုရင် လီဖူချန်း၊ လျူဝူဟောင်နဲ့ ရှောင်လီတို့ကို အသက်ရှင်ခွင့်ပေးလို့ မရပါဘူးလေ။ သူတို့ကို တွေ့တဲ့နေရာမှာ သတ်ဖို့ အမိန့်ထုတ်ထားကျပါပြီ။ ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ယုဝူရှန်းကိုတောင်မှ ဆုကြေး ထုတ်ထားပါသေးတယ်။
ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေ ကတော့ အနာဂတ်ရဲ့ ဘယ်ပါရမီရှင်တွေက ထွန်းလင်းတောက်ပ လာမလဲ ဆိုတာကို သိရဖို့အတွက် စောင့်ကြို နေပါပြီလေ။ အင်အားကြီးတဲ့ သူတွေကတော့ ရှင်ကျန်ရစ်ခဲ့ပြီး အင်အားနည်း သူတွေကတော့ ယဇ်ကောင်တွေ ဖြစ်လာကျမှာပါဘဲ။
***