ရေခဲမီးလျှံကြာပန်း
Vol. 11 Ch. 146
ဒီလိုနဲ့ နေ့လယ်ခင်းအချိန် အခါသမယကို ရောက်လာခဲ့ပါပြီ။
ထူးဆန်းတဲ့ ရေခိုးရေငွေ့တွေက ဆေးပင် ၁၀၀ ရေကန်ကနေ ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို မြူခိုးတွေအလား ဖုံးလွှမ်း သွားပါတော့တယ်။ ဒီမြူခိုးတွေက အင်မတန်မှပဲ ထူးဆန်း လှပါသေးတယ်။ တစ်စုံတစ်ယောက်က ထိုမြူခိုးတွေကို လွင့်ပြယ်သွားဖို့ ကြိုးစားကြည့်ပေမဲ့လည်း ထိုမြူခိုးတွေက တစ်လက်မတောင် မရွေ့သွားခဲ့ပါဘူး။ ဒီမြူခိုးတွေကို ကြည့်ရတာ ဒီလောကကြီးနဲ့ လုံးဝ မသက်ဆိုင် သလိုပါပဲလေ။
လူအုပ်ကြီးက မြူခိုးတွေကြားမှာ ရပ်နေစဉ်မှာပဲ မြစိမ်းရောင် တံခါးပေါက်ကြီးတစ်ခုက အလိုအလျောက် ထွက်ပေါ် လာပါတော့တယ်။
“ဆေးပင် ၁၀၀ တံခါးပေါက်ကြီး ပေါ်လာပြီဟေ့"
ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေက တံခါးပေါက်ဝကို စုရုံးရောက်ရှိ လာကျပါတယ်။
“ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေမှာ တည်နေရာ ရွှေ့ပြောင်းပေးတဲ့ စွမ်းရည်တစ်ခုရှိတယ်။ ဒီတံခါးပေါက်ထဲကို ဝင်သွားတဲ့သူတွေက ကြုံရာကျပန်း နေရာတစ်ခုဆီကို ရောက်ရှိ သွားလိမ့်မယ်။ ငါမှာထားတာတွေကို မမေ့ကြနဲ့။ သူတစ်ပါးကို ကိုယ်ကဦးအောင် ပြဿနာ မရှာနဲ့။ သူတစ်ပါးက ပြဿနာလာရှာပြီ ဆိုရင်တော့ ကြောက်ရွံ့မနေဘဲ သတ်ပစ်လိုက်။ ကိုယ့်အခြေအနေကိုလည်း အမြဲမပြတ် ဆင်ခြင် သုံးသပ်နေ။ လုံးဝ သတိလက်လွှတ် မနေလိုက်မိစေနဲ့”
“နောက်ပြီးတော့ ထပ်မှာလိုက်ဦးမယ်။ မင်းတို့ရဲ့ စွမ်းရည်ကို တိုးတက် လာစေနိုင်မဲ့ နည်းလမ်း မှန်သမျှကို ရှာဖွေကျ။ တကယ်လို့ ကျင့်ကြံခြင်း အဆင့်တွေကို တိုးတက်စေနိုင်တဲ့ ဆေးပင်တွေကို တွေ့ရင် တစ်ခါတည်း အသုံးပြုလိုက်။ အရေးအကြီးဆုံး ကတော့ မင်းတို့ရဲ့ အသက်ကို မသေဘဲ ရှင်ကျန်ရစ်နေဖို့ပဲ”
ဇောင်ဝူကျင်းကတော့ မိုးပြာရောင် ဂိုဏ်းသားတွေကို အထပ်ထပ် အခါခါ မှာကြားနေပါတယ်။
ဆေးပင် ၁၀၀ တံခါးပေါက်ကတော့ တဖြည်းဖြည်းနဲ့ ပွင့်လာပါပြီ။
ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေ ကတော့ တံခါးပေါက် ပွင့်သွားတာနဲ့ တန်းပြီး ဝင်သွားကြပါတယ်။
မိုးပြာရောင် ဂိုဏ်းသားတွေထဲမှာတော့ လျူဝူဟောင်က ပထမဆုံး ပြေးဝင်သွားပါတယ်။ သူ့နောက်မှာတော့ ရှောင်လီက ကပ်လိုက်သွားပါတယ်။
သိပ်မကြာခင်မှာပဲ ဂိုဏ်းကြီး ၄ ဂိုဏ်းစလုံးက တပည့်တွေ အကုန်လုံးက ဆေးမျိုး ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက် သွားကြပါပြီလေ။
“လေးစားရတဲ့ အကြီးအကဲ ခေါင်ချုပ်တို့ … ငါတို့အားလုံး ဒီနေရာမှာ ဘာမှလုပ်စရာ မရှိဘဲ ထိုင်စောင့်နေရမဲ့ အတူတူ လောင်းကြေးလေးတွေ ထပ်လိုက်ရအောင်လား။ ဘယ်လိုလဲ … ဇရှိရဲ့လား"
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အကြီးအကဲခေါင်ချုပ် ဝေရီပိုင်က စပြီး စကားခေါ်လိုက်ပါတယ်။
“ဘာလို့ မလောင်းရဲရမှာလဲ”
ဟီဆန်းဟူက မဆိုင်းမတွပင် ပြန်ပြောလိုက်ပါတယ်။”
ဇောင်ဝူကျင်းနဲ့ ဝိညာဉ်ကဝေဂိုဏ်းက အဘွားအိုကလည်း သွေးကြောင် မနေပါဘူး။
ဝေရီပိုင်က …
”ငါတို့ဂိုဏ်း ၄ ဂိုဏ်းထဲက ဘယ်ဂိုဏ်းက အသေအပျောက် အနည်းဆုံးလည်း ဆိုတာကို ပြိုင်ရအောင်။ အသေအပျောက် အနည်းဆုံးဂိုဏ်းက အနိုင်ပဲ။ ကျန်တဲ့ ဂိုဏ်းတွေကတော့ ဂိုဏ်းသား တစ်ယောက်သေရင် ရွှေပြားတစ်သန်း ပေးရမယ်။ ကဲ … ဘယ်လိုလဲ …"
“ရတယ်လေ ။ ငါ လောင်းမယ်…”
ဟီဆန်းဟူက သဘောတူလိုက်ပါတယ်။
“ငါတို့ ဝိညာဉ်ကဝေဂိုဏ်းက ရှုံးဖို့ အကြောင်းမရှိဘူး။ ငါလည်း လောင်းမယ်”
ဝိညာဉ်ကဝေဂိုဏ်းက အဘွားအိုကလည်း သူ့ဂိုဏ်းဝင် တပည့်တွေကို လုံးဝယုံကြည်မှု ရှိတဲ့ပုံပါဘဲ။ သူမတို့ ဝိညာဉ်ကဝေဂိုဏ်း ဆိုတာ ပုန်းအောင်းပြီး လျှို့ဝှက် သတ်ဖြတ်တာကို အထူးလေ့ကျင့် ပေးထားတဲ့ဂိုဏ်း ဖြစ်တဲ့အတွက် သူတို့ကို သတ်ဖြတ်ဖို့ ဆိုတာ သိပ်မဖြစ်နိုင်တဲ့ အရာတစ်ခုပဲလေ။
“အင်း … မင်းတို့ သုံးယောက်စလုံးက လောင်းပြီးနေမှတော့ ငါကလည်း ဘာလို့ မလောင်းရဲ ရမှာလဲ"
ရွှေပြားသန်း အနည်းငယ် ဆိုတာ ဇောင်ဝူကျင်းအတွက် ကတော့ ဘာမျှစာဖွဲ့နေစရာ မလိုတဲ့ ပမာဏလေးပါ။ ရွှေပြား ၁၀ သန်း ပေးရမယ် ဆိုရင်တောင် သူက တစ်ချက်ကလေးမျှ လက်တွန့်နေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက အရှုံးသမားတော့ မဖြစ်ချင်ဘူးလေ။ ဒီရွှေပြားတွေထက် စာရင်တော့ လီဖူချန်းတို့ တစ်သိုက်က အများကြီး ပိုတန်ဖိုးရှိပါတယ်။
“ကောင်းပြီလေ။ ကြည့်ရတာ မင်းတို့ သုံးယောက်စလုံးက အရမ်းယုံကြည်မှု ရှိနေ့တဲ့ပုံပဲ။ နှမြောစရာ ကောင်းလိုက်တာ … မင်းတို့ ဘယ်လောက်ပဲ ယုံကြည်မှုရှိရှိ အချိန်တန်ရင်တော့ ငါ့ကို ရွှေပြားတွေ ပေးရမှာပဲ"
ဝေရီပိုင်က လုံးဝ ကျေနပ်နေပါတယ်။ သူ့ရဲ့အမြင်မှာတော့ ကျန်တဲ့ ဂိုဏ်းသုံးဂိုဏ်း စလုံးဟာ လုံးဝ အရှုံးသမားတွေပါပဲ။ ဂိုဏ်းတစ်ဂိုဏ်းဆီကနေ အနည်းဆုံးတော့ ရွှေပြား ၄ သန်းလောက် ရမယ်လို့ သူက တွက်ထားပါသေးတယ်။ သူကတော့ ဘာမှလုပ်စရာ မလိုဘဲ ရွှေပြား ၁၀ သန်းကျော်လောက် နေရင်းထိုင်ရင်း ရပေဦးမည်လေ။
“ပွဲမပြီးသေးဘဲနဲ့ မင်းနိုင်ပြီလို့ မပြောစမ်းပါနဲ့ကွာ”
ဇောင်ဝူကျင်းက အေးစက်စွာ ရယ်မောရင်းနဲ့ ပြောလိုက်ပါတယ်။
ဇောင်ဝူကျင်းမှာလည်း သူ့တွက်ကိန်းနဲ့ သူရှိပါတယ်။ သူ့ရဲ့ မျှော်လင့်ချက်ကတော့ လီဖူချန်းပါဘဲ။ မိုးပြာရောင် ဂိုဏ်းသားတွေသာ လီဖူချန်းနဲ့ စောစောစီးစီး တွေ့ဆုံပြီး အဖွဲ့ဖွဲ့လိုက်လို့ ကတော့ နိုင်ခြေက အတော်လေး များသွားမှာပါ။
***
ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေထဲမှာတော့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကတော့ ထင်ထားတာထက်ကို ပိုသိပ်သည်း နေပါတယ်။ မိစ္ဆာသွေးသားရဲ မျိုတုန်းကထက်တောင် အဆပေါင်းများစွာ ပိုသိပ်သည်း ပါသေးတယ်။ ဒီနေရာမှာ ကျင့်ကြံမယ် ဆိုရင်တော့ ဘယ်ဆေးလုံးကိုမှ မှီခိုစရာ မလိုဘဲ လျင်လျင်မြန်မြန် ကျင့်ကြံ သွားနိုင်မှာပါပဲ။
“ငါသာတကယ်လို့ ဒီဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ တစ်နှစ်လောက် လေ့ကျင့်ခွင့်ရမယ် ဆိုရင် မြေကမ္ဘာအဆင့်ကို တက်လှမ်းဖို့ ဆိုတာ တကယ့် လွယ်လွယ်လေး ဖြစ်သွားနိုင်တယ်"
လီဖူချန်း မြက်ခင်းပြင် တစ်ခုရဲ့ အပေါ်ကို ညင်သာသိမ်မွေ့စွာ ဆင်းသက်လိုက်ရင်းနဲ့ တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ပါတယ်။
“အား … ဒါကြီးက လုံးဝ မဖြစ်နိုင်တာကြီးပါလား"
မြက်ခင်းပြင်ပေါ်ကို အရောက်မှာတော့ လီဖူချန်းရဲ့ မျက်လုံးတွေက လုံးဝကို ပြူးကျယ် သွားပါတယ်။ သူက လုံးဝ ယုံကြည်နိုင်စရာ မရှိတဲ့ မြင်ကွင်းတစ်ခုကို မြင်လိုက်ရတာလေ။
ဒီမြက်ခင်းပြင် တစ်ခုလုံးက လုံးဝကို ဆေးပင်ဆေးမြစ်တွေနဲ့ ပြည့်နှက်လို့ နေပါတယ်။
ဒီဆေးပင် ဆေးမြစ်တွေက အဝါရောင် အဆင့်နိမ့် အမျိုးအစား ဖြစ်ပေမဲ့ ဒီဆေးပင်တစ်ပင်ကို ရွှေပြား ၂ ပြား ဒါမှမဟုတ် ၃ ပြားနဲ့ ရောင်းလို့ရတယ်လေ။
“ဒါက ရွှေတွေနဲ့ ပြည့်နှက်နေတဲ့ မြက်ခင်းပြင်ပါပဲလား"
လီဖူချန်းက ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေကို အခုမှ စရောက်ရုံပဲ ရှိပါသေးတယ်။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ အရာရာကို ရွှေပြားတွေအဖြစ် စတင် မြင်ယောင်နေပါပြီ။
သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းလိုက်ပြီး တစ်ချက် ရယ်မိလိုက်ပါတယ်။
ဒီမြက်ခင်းပြင် တစ်ခုလုံးက ရွှေတွေ ဖြစ်နေရင်တောင်မှ ဒါတွေကို သူနဲ့တစ်ခါတည်း သယ်သွားလို့ မရနိုင်ပါဘူးလေ။
သိုလှောင်အိတ်တွေဟာ တစ်ကုဗမီတာလောက်ပဲ ရှိတဲ့အတွက် တန်ဖိုးကြီးတဲ့ အရာတွေပဲ ထည့်ထားမှ ဖြစ်မှာပါ။ ဒီအဝါရောင် အဆင့်နိမ့် ဆေးပင်တွေ အကုန်လုံးကို နုတ်ပြီး ထည့်သွားရင်တောင် ဘယ်လောက်မှ အကျိုးအမြတ်ရမှာ မဟုတ်ပါဘူး။
အဲဒီထက် ပိုဆိုးတာက လီဖူချန်းက ဆန်းကြယ်အဆင့် ဆေးပင်တွေကို သယ်သွားဖို့ အစီအစဉ် ချထားတာလေ။ ဆန်းကြယ် အဆင့်ဆေးပင် တစ်ပင် ဆိုတာ အဝါရောင်အဆင့် ဆေးပင် တစ်ထောင်လောက်နဲ့ သွားညီပါတယ်။ ဆန်းကြယ်အဆင့် ဆေးပင်နဲ့ အဝါရောင်အဆင့် ဆေးပင် ဆိုရင် အားလုံးက ဆန်းကြယ်အဆင့် ဆေးပင်ကိုပဲ ရွေးကျမှာပါပဲ။
“ထားလိုက်တော့ … ငါဒီဆေးပင်တွေကို မနုတ်သွားတော့ဘူး”
လီဖူချန်းက ဒီဆေးပင်တွေကို သာမန် မြက်ပင်တွေအဖြစ် မြင်ယောင်ရင်းနဲ့ ထွက်သွားပါတော့တယ်။
ဒီမြက်ခင်းပြင်ကြီးက တကယ်ကို ကြီးမား ကျယ်ပြန့်လွန်း လှပါတယ်။ တစ်နာရီလောက် မနားမနေ လမ်းလျှောက်နေတာတေင်မှ လီဖူချန်း တစ်ယောက်ကတော့ ဒီမြက်ခင်းပြင်ကြီးထဲက ထွက်ခွာသွားနိုင်မဲ့ အရိပ်အယောင် မမြင်ရသေးပါဘူး။
“ဒါက ခုနစ်စင်ကြယ်ကြာပန်း … ဆန်းကြယ်အဆင့်နိမ့် ဆေးပင်ပဲ။ ဒီတစ်ပင်တည်းနဲ့ကို ရွှေပြား ၂၀၀၀၀ တော့ ခိုင်ပြီဟေ့"
“ဒါကတော့ နွားသိုးဂျိုကြွ ပန်းပင်ပဲ။ ဒါကိုတော့ ရွှေပြား ၁၅၀၀၀ နဲ့ ရောင်းလို့ ရတယ်ဟ”
“ဟင် … ဒါက ဆန်းကြယ် အဆင့်နိမ့် ဆေးပင်ဖြစ်တဲ့ အစိမ်းရောင် စပျစ်နွယ်ပင်ပါလား။ ဒါကြီးက ရွှေပြား ၂၅၀၀၀ လောက် တန်တယ်ဟ”
ကောလာဟလတွေက တကယ် မှန်နေသည့်ပုံပါပဲ။ ဒီလျှို့ဝှက်နယ် မြေကြီးထဲမှာတော့ ဆေးပင်တွေဆိုတာ ဘာမှမဟုတ်သည့် အရာတစ်ခုလိုပါဘဲ။ တစ်နာရီ အတွင်းမှာဘဲ လီဖူချန်းက ဆန်းကြယ်အဆင့်နိမ့် ဆေးပင်အချို့ကို နုတ်ယူပြီးသွားပါပြီ။
အဲဒါက ရွှေပြား ၇၀၀၀၀ လောက် ကောက်ရလိုက်တာနဲ့တောင် သွားတူ နေပါသေးတယ်။
နောက်ထပ် ဆေးပင်တွေကို ရှာဖွေနေစဉ်မှာဘဲ လီဖူချန်းတစ်ယောက် မိစ္ဆာသားရဲကြီး တစ်ကောင်ကို လှမ်းမြင်လိုက်ရပါတယ်။
အဲဒါက အဆင့် ၂ ထိပ်တန်း အမျိုးအစားထဲက ဖြစ်တဲ့ သွေးမီးခြူး တစ်ကောင်ပါ။ ဒီကောင်မျိုးက လုံးဝ သားစားဘုရင် တစ်ကောင်ပါပဲ။ လုံးဝ အသားစားရတာကို ကြိုက်နှစ်သက်တဲ့ အမျိုးပါ။
ဒါပေမဲ့ အခုချိန်မှာတော့ သွေးမီးခြူးကြီးက မြေပြင်ပေါ်မှာ အလေ့ကျ ပေါက်နေတဲ့ ဆေးပင်တွေကို အားပါးတရ စားသောက်နေပါတယ်။
လီဖူချန်းက ရယ်လိုက်မိပါတယ်။ ကြည့်ရတာ ဒီသွေးမီးခြူးက မမျှော်လင့်ဘဲ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ရောက်လာတယ်နဲ့ တူပါရဲ့။ ဒီနယ်မြေထဲမှာတော့ မင်းဟာမင်း သားစားမျိုးနွယ်ပဲဖြစ်ဖြစ် အသီးအရွက်စား မျိုးနွယ်ပဲ ဖြစ်ဖြစ်ပါလေ။ စားစရာကတော့ ဒီဆေးပင်တွေပဲ ရှိတာပါဘဲ။ မင်းမစားဘူး ဆိုရင်တော့ သေရုံပဲ ရှိပါတယ်။
သွေးမီးခြူးကလည်း လီဖူချန်းရဲ့ အငွေ့အသက်ကို ရသွားပုံပါပဲ။ သူက ခေါင်းထောင်ပြီး လီဖူချန်းရှိရာကို လှမ်းကြည့်လိုက်ပါတယ်။
သတ်ဖြတ်ချင်တဲ့ အငွေ့အသက်တွေက ထောင်းခနဲ ပေါ်လာပြီး သွေးမီးခြူးကြီးက လီဖူချန်းဆီကို တစ်ဟုန်ထိုး ပြေးဝင် လာပါတော့တယ်။
သားစားမျိုးနွယ် ဆိုတာ ဘယ်လောက်ပဲ ဖုံးကွယ်ထားပါစေ။ အချိန်တန်ရက်တော့ ဗီဇဆိုတာ ပေါ်လာတာပါပဲလေ။ ဒီလူသားရဲ့ အသားဟာ အလွန် အရသာရှိမယ် ဆိုတာကို ခံစားမိတဲ့ သွေးမီးခြူးကတော့ စားလက်စ ဆေးပင်တွေကို ထားခဲ့ပြီး လူသားဘက်ကို အာရုံကျသွားခဲ့ပါပြီ။
လီဖူချန်းကတော့ သွေးမီးခြူးကြီး သူ့ဆီကို ပြေးဝင်လာတာကို လုံးဝမသိသည့် အလား လမ်းဆက်လျှောက် သွားပါတယ်။
ဘန်း …
သွေးမီးခြူးကြီးက လီဖူချန်းကို ကိုက်မိတော့မည့် ဆဲဆဲမှာတော့ သူ့ရဲ့ခန္ဓာကိုယ်ကနေ ပူပြင်းလှတဲ့ မီးတောက်ဆန္ဒတစ်ခုက ထွက်ပေါ်လာပြီး သွေးမီးခြူးကြီးကို တိုက်ခိုက် လိုက်ပါတယ်။ သွေးမီးခြူးကြီးက လေထဲကို အတော်မြင့်မြင့် မြှောက်တက်သွားပြီး ပြန်အကျမှာတော့ အသက်ပါ မလာတော့ပါဘူး။
သူ့ရဲ့ တစ်ကိုယ်လုံးကလည်း မီးသွေးတုံးသမျှ မည်းနက်နေပြီး မီးခိုးငွေ့ တလူလူတောင် ထွက်နေပါသေးတယ်။
ဒီသွေးမီးခြူးက သေသာ သေသွားရတယ်။ ဘာဖြစ်လို့ ဒီလူသားက သူ့ကို တစ်ချက်တည်းနဲ့ သတ်သွားနိုင်တယ် ဆိုတာကို ရေရေရာရာ သိရှိသွားပုံ မပေါ်ပါဘူး။ တကယ်ကို သနားစရာ ကောင်းလိုက်သည့် အကောင်ကြီးပါပဲ။
နောက်ထပ်နာရီ အနည်းငယ် အကြာမှာတော့ လီဖူချန်းက ရေခဲမီးလျှံပန်းကို ရှာဖွေတွေ့ရှိ သွားပါတယ်။
“ဆန်းကြယ်အဆင့်မြင့် ရေခဲမီးလျှံပန်းပါလား။ ဟား … ဟား … ငါတော့ ရွှေပြား ၄ သိန်းလောက် ကောက်ရတာနဲ့ အတူတူပဲဟေ့”
ဒီပန်းထဲမှာက ရေခဲဓာတ်ကော မီးဓာတ်ကော မျှတစွာ ပါဝင်ပါတယ်။
အပူဓာတ်ကို အားပေးတဲ့ ကျင့်စဉ်တွေကို လေ့ကျင့်တဲ့ သူတွေက ဒီပန်းကို စားလိုက်မယ် ဆိုရင် အပူဓာတ်ကို ခံနိုင်ရည် ရှိလာပြီး သွေးကြောတွေ ခန်းခြောက်သွားတဲ့ အန္တရာယ်ကို ရှောင်လွဲနိုင်ပါတယ်။
အအေးဓာတ်ကို အားပေးတဲ့ ကျင့်စဉ်တွေကို လေ့ကျင့်တဲ့ သူတွေကလည်း ဒီပန်းကို စားလိုက်မယ် ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်းက အစိတ်အပိုင်းတွေကို အေးခဲစေမဲ့ အဖြစ်မျိုးကနေ ရှောင်လွဲနိုင်မှာပါ။
ဥပမာပြောရရင် လီဖူချန်းက အစစ်အမှန် ငရဲမီးတောက် ပညာရပ်ကို လေ့ကျင့်မယ် ဆိုပါစို့။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ် အခြေအနေနဲ့ ဆိုရင် အများဆုံး ရောက်နိုင်မှ အဆင့် ၁၅ ပါပဲ။ ဒါပေမဲ့ ဒီရေခဲမီးလျှံ ကြာပန်းကို စားလိုက်မယ် ဆိုရင်တော့ သူက အဆင့် ၁၆ ဒါမှမဟုတ် အဆင့် ၁၇ အထိကို အောင်မြင် သွားနိုင်ပါတယ်လေ။
လီဖူချန်းက ဒီပန်းပင်ကိုတော့ သေသေချာချာ နုတ်ယူပြီး ကျောက်စိမ်း သေတ္တာတစ်ခုထဲကို ထည့်သိမ်း ထားလိုက်ပါတယ်။
ဒီပန်းပင်က အနာဂတ်မှာ အသုံးဝင် လာနိုင်တယ်လေ။
“ဟေ့ကောင် … ဒီမှာလာကြည့်စမ်း …။ ဟိုကောင်က မိုးပြာရောင်ဂိုဏ်းက လီဖူချန်း မဟုတ်ဘူးလား"
မြက်ခင်းပြင်ရဲ့ အဆုံး တစ်နေရာမှာတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း တပည့်နှစ်ယောက် ရှိနေပြီး သူတို့က လီဖူချန်းကို လှမ်းမြင်သွားပါတယ်။
“ဟား …ဟား … ငါတို့တော့ ကံကောင်းပြီဟေ့။ ဒီကောင့်ကိုသတ်ပြီး သူ့ရဲ့ သိုလှောင်အိတ်ကို လုရအောင်”
သိုလှောင်အိတ်တွေ ဆိုတာ ဂိုဏ်းတိုင်းရဲ့ ရတနာပစ္စည်းတွေပါ။ အခုချိန်မှာတော့ ဂိုဏ်းတော်က တပည့်တစ်ယောက်စီကို အိတ်တစ်လုံးကျ ပေးထားပေမဲ့ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေက ပြန်ထွက်ပြီးရင်တော့ ဒီသိုလှောင်အိတ်တွေကို ပြန်ပေးအပ်ရမှာပါ။ ဒါပေမဲ့ တခြားဂိုဏ်းက လုယူထားတဲ့ သိုလှောင်အိတ်တွေကိုတော့ ပြန်အပ်စရာ မလိုဘဲ ယူထားခွင့် ရှိပါတယ်။
***