အစ်မတော်ချန်ကို မထိနဲ့
Vol. 11 Ch. 147
“ကောင်းကင်နတ်ဆိုးဂိုဏ်းက ကောင်တွေပါလား”
လီဖူချန်းကလည်း တစ်ဖက်လူတွေကို သတိပြုမိ လိုက်ပါတယ်။
သူက သာမန် အခြေအနေတွေ ဆိုရင် သွေးဆာတတ်တဲ့ သူမျိုးမဟုတ်ပါဘူး။ သူက မြွေပွေးလိုမျိုး ကျင့်ကြံ နေထိုင်တတ်သူပါ။ သူ့ရဲ့ထိပ်ကို မပုတ်ဘဲနဲ့တော့ ပြန်မပေါက်ပါဘူး။ ဒါပေမဲ့ အခု သူရောက်နေတာက ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေလေ။
သူလည်း ရနိုင်သလောက် ဆေးပင်တွေကို သယ်သွားချင် ပါသေးတယ်။ ဒီလို ဆေးပင်တွေကို ရသလောက် သယ်သွားချင်ရင်တော့ တခြားသူတွေဆီက သိုလှောင်အိတ်တွေကို လုယူဖို့ လိုပါလိမ့်မယ်။
သူ့ရဲ့ ဓားလမ်းစဉ်ကို အဆုံးစွန်အထိ လျှောက်လမ်းမယ် ဆိုရင်တော့ လက်မှာ သွေးအနည်းငယ်လောက် စွန်းမှ ဖြစ်ပါလိမ့်မယ်။ ဒါကိုလည်း သူက ဂရုမစိုက်ပါဘူးလေ။ သူ့ရဲ့လမ်းမှာ လာပိတ်ရပ်နေတဲ့ သူတွေကိုတော့ ဓားစာ ကျွေးမှကို ဖြစ်မှာပါ။ အခု သူ့လမ်းမှာ ပိတ်မဲ့သူတွေ ကတော့ ကောင်းကင်နတ်ဆိုးဂိုဏ်း၊ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေဂိုဏ်းက လူတွေပါပဲ။
“ငါမှားသွားရင် တောင်းပန်တယ်နော်"
လီဖူချန်းက ထိုနှစ်ယောက်ဆီကို ပြေးထွက်သွားပါတယ်။
“ဒီကောင်က ဘာကောင်တုန်းဟ။ သေချင်နေတာလား မသိဘူး”
ကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်နှစ်ယောက်က သူတို့ဆီကို ပြေးဝင်လာတဲ့ လီဖူချန်းကို ကြည့်ပြီး လူသတ်ချင်စိတ်တွေ တဖွားဖွား ဖြစ်ပေါ်လာပုံပါပဲ။
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ အတွင်းစည်း တပည့်တွေ ဆိုတာ သူ့တို့ကိုယ် သူတို့ တခြားဂိုဏ်းက သူတွေထက် ပိုတော်၊ ပိုတတ်တယ် ဆိုပြီး စိတ်ကြီးဝင်နေတဲ့ ကောင်တွေကို စုထားတာပါ။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ တခြားဂိုဏ်းက အတွင်းစည်း တပည့်တွေ ဆိုတာ ဘယ်အချိန် ရိုက်သတ်သတ်ရတဲ့ ခြံထဲက ကြက်တွေလိုပါပဲ။ လီဖူချန်းလို မိုးပြာရောင်ဂိုဏ်းက ကောင်က သူတို့နှစ်ယောက်ကို တွေ့တာနဲ့ ထွက်မပြေးဘဲ သူတို့ဆီကို ပြေးဝင်လာတယ် ဆိုတာကြီးက လုံးဝကို မခန့်တာပါဘဲ။
“မင်းရဲ့ သိုလှောင်အိတ်ကို ငါတို့လက်ထဲ ထည့်လိုက်စမ်း။ အဲဒါဆိုရင် ငါတို့က မင်းရဲ့ ရုပ်အလောင်းကို လှလှပပလေး ထားပေးခဲ့မယ်။ မဟုတ်လို့ကတော့ …”
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ တပည့်တွေ့ စကားကိုတောင် ဆုံးအောင် မပြောလိုက်ပါဘူး။ လီဖူချန်းက စတင်တိုက်ခိုက် လာပါတော့တယ်။
သူက လက်တွေကိုတောင် မြှောက်စရာ မလိုပါဘူး။ ကြက်သွေးရောင် မီးဆန္ဒက ထွက်ပေါ်လာပြီး ထိုအတွင်းစည်း တပည့်နှစ်ယောက်ဆီကို ဦးတည် သွားနေပါတော့တယ်။
ကြက်သွေးရောင် မီးဆန္ဒက မီးမုန်တိုင်းကြီးတစ်ခု တိုက်ခိုက်လာသည့် အတိုင်းပါပဲ။ သူ့ရဲ့ လမ်းတစ်လျှောက်မှာ ရှိနေ့တဲ့ အရာမှန်သမျှကို လောင်ကျွမ်း သွားစေပါတယ်။
အင့် … အင့် …
ကောင်းကင်နတ်ဆိုး ဂိုဏ်းသား နှစ်ယောက်က ဒဏ်ရာ အကြီးအကျယ် ရသွားပါတယ်။ သူတို့ရဲ့ ချီအကာအကွယ်တွေကလည်း စက္ကူတစ်စ မီးရှို့ခံလိုက်ရသည့် အလားပါပဲ။
“လခွီးဘဲ … ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းကို နိမ့်နေပါလား”
လီဖူချန်းက ဒီနှစ်ကောင်ကို တစ်ချက်တည်းနဲ့ သေသွားလိမ့်မယ်လို့ တွက်ထားခဲ့တာပါ။ ဒါပေမဲ့ အခုကြည့်ရတာ ကတော့ ဒီအဆင့်ကို ရောက်ဖို့ တော်တော်လေး လေ့ကျင့်ရဦးမည့် ပုံပါပဲ။
“ဘာဖြစ်လို့ ဒီကောင်က ဒီလောက်တောင် အစွမ်းထက် နေတာလဲ။ ဒီကောင့်ရဲ့ ချီအရှိန်အဝါနဲ့တင် ငါတို့ကို ဒီလောက်အထိ ဒဏ်ရာရစေတယ်”
ကောင်းကင်နတ်ဆိုး ဂိုဏ်းသား နှစ်ယောက်က အစောပိုင်းက ဘာဖြစ်လို့ ဖြစ်သွားမှန်းကို မသိဘဲ ကြောင်တောင်တောင် ဖြစ်နေကျပါတယ်။ ထို့နောက်မှာတော့ အကြောက်တရားက ချဉ်းနင်း ဝင်ရောက် လာပါပြီလေ။
သူတို့ရဲ့ စိတ်ထဲမှာတော့ လီဝူရှုနဲ့ ကျန်းရှန်တောင်မှ ဒီလောက် ကြောက်စရာကောင်းတဲ့ ချီအရှိန်အဝါကို ထုတ်သုံးနိုင်မှာ မဟုတ်ပါဘူူး။ ဖြူနက်မိစ္ဆာနှစ်ကောင် ပူးပေါင်းလိုက်မှသာ ဒီလီဖူချန်းနဲ့ လက်ရည်တူလောက် သွားကျပါလိမ့်မယ်။
“သေစမ်းပါကွာ … ငါတို့ဂိုဏ်းရဲ့ သတင်းဌာနက ရက်လွန်နေတဲ့ သတင်းတွေကို ပေးနေတာဘဲဟ။ ဒီကောင့်ကို ဘယ်လိုလုပ် ငါတို့က သတ်လို့ရမှာလဲ။ ဒီကောင်က နတ်ဆိုး …။ လုံးဝကို အန္တရာယ်ရှိတဲ့ကောင်ပဲ။ ဒီကောင်နဲ့ တွေ့တဲ့ သူတွေက ချက်ခြင်းထွက်ပြေးမှ ဖြစ်လိမ့်မယ်"
“ပြေးစို့ … ငါတို့ ဒီသတင်းကို တခြားသူတွေကို ပြန်ပြောမှ ဖြစ်မယ်"
အခုချိန်မှာတေ့ာ ကောင်းကင်နတ်ဆိုး ဂိုဏ်းဝင် နှစ်ယောက်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အတွေးကတော့ ဒီနေရာကနေ ပြေးဖို့ပါဘဲ။ အသက် မသေချင်ရင်တော့ ပြေးမှကို ဖြစ်ပါလိမ့်မယ်။
“ပြေးလို့လွတ်မယ်လို့ ထင်နေတာလား”
လီဖူချန်းက နတ်ဘုရား ခြေလှမ်းကို အသုံးပြုပြီး ထိုနှစ်ယောက်နောက်ကို လိုက်သွားကာ လက်ဝါးရိုက်ချက် တစ်ချက်စီ ပေးလိုက်ပါတော့တယ်။
ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တပည့်နှစ်ယောက်က ဆယ်မီတာလောက်ကို လွင့်ထွက်သွားပြီး ပြန်အကျမှာတော့ အကြောက်တစ်ချက် ဆွဲကာ အသက်ထွက်သွားပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်ကတော့ မီးသွေးတုံး တစ်ခုလို မည်းနက်နေပြီး အသက်ရှင်ကျန်မည့် အရိပ်အယောင် နည်းနည်းမှကို ရှိမနေတော့ပါဘူး။
“ကြက်သွေးရောင် မီးဆန္ဒက တကယ်ကို ပြင်းထန်လွန်းတာပဲ” လီဖူချန်းက ရေရွတ်လိုက်ပါတယ်။
သူထုတ်သုံးလိုက်တဲ့ လက်ဝါးက ဒီလောက်အထိ ပြင်းထန် သွားလိမ့်မယ်လို့ တကယ်ကို ထင်မထားခဲ့တာပါ။
လီဖူချန်းက သေဆုံးနေတဲ့ သူနှစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှာဖွေလိုက်တဲ့ အခါမှာတော့ သိုလှောင်အိတ်နှစ်လုံးကို တွေ့လိုက်ရပါတယ်။
သူ့ရဲ့ ချီအတွင်းအားတွေကို ထည့်သွင်းလိုက်ပြီး အိတ်ထဲကို ကြည့်လိုက်တဲ့ အခါမှာတော့ … ဆန်းကြယ်အဆင့် ဆေးပင် တော်တော်များများက ရှိနေပါတယ်။
“ဒီအိတ် ၃ ခုနဲ့ ဆိုရင်တော့ ငါလိုချင်တဲ့ ဆေးပင် တော်တော်များများကို နုတ်ယူသွားလို့ ရပြီပဲ”
အခုချိန်မှာတော့ လီဖူချန်းရဲ့ သိုလှောင်အိတ်ထဲမှာ အဝါရောင် အထွတ်အထိပ်အဆင့် ဆေးပင်တွေရယ်၊ အဝါရောင် အကောင်းစား ဆေးပင်တွေရယ်နဲ့ ပြည့်နှက်လို့ ရှိနေပါပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီအဝါရောင် အဆင့်မြင့် ဆေးပင်တစ်ပင်က ရွှေပြားရာချီပေးရပြီး အဝါရောင် အထွတ်အထိပ် ဆေးပင်တစ်ပင်က ရွှေပြားထောင်ချီတန်တာ ဖြစ်တဲ့အတွက် လီဖူချန်းက ဒါတွေကို အလဟဿ မဖြစ်ချင်ဘူးလေ။
ပြီးတော့ ဒီကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်နှစ်ယောက်ရဲ့ ချပ်ဝတ်တန်ဆာတွေနဲ့ လက်နက်တွေကလည်း ရွှေပြား ၃ သိန်းဖိုးလောက် တန်ပါသေးတယ်။
“ဒီအတိုင်းဆိုရင် ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာက ဆေးပင်တွေနဲ့ သတ္တရိုင်းတွေကပဲ တန်ဖိုးရှိတာ မဟုတ်ဘူး။ တခြားဂိုဏ်းက တပည့်တွေကလည်း တန်ဖိုးရှိနေတာပဲ။ ဒီကောင်တွေကို သတ်ပြီး သိုလှောင်အိတ်တွေ ပစ္စည်းတွေ လုတာက ပိုပြီး အကျိုးရှိမယ် ထင်တယ်"
လီဖူချန်းက တကယ့်အဓိက အချက်ကို တွေ့ရှိသွားပါပြီ။ သူက ဘာဖြစ်လို့ ဆေးပင်တွေကို အပင်ပန်းခံပြီး နုတ်ယူနေရမည်နည်း။ တခြားသူတွေ နုတ်ပြီး သိမ်းဆည်းထားတဲ့ သိုလှောင်အိတ်တွေကို လိုက်လုတာကမှ ပိုပြီး အကျိုးအမြတ် ထွက်နေတယ်လေ။
ဂျစ် … ဂျစ် … ဂျစ် …
လီဖူချန်းတစ်ယောက် အဝေးကို ထွက်သွားပြီး မကြာခင်မှာပဲ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေရဲ့ မြေမျက်နှာပြင်က တဖြည်းဖြည်း အက်ကွဲလာပြီး လီဖူချန်း သတ်ခဲ့တဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက တပည့်နှစ်ယောက်ရဲ့ ရုပ်အလောင်းကို ဝါးမျိုသွားပါတယ်။
ထို့နောက်မှာတော့ ထိုအလောင်း နှစ်လောင်းရဲ့ အရိပ်အယောင်က လုံးဝကို ပျောက်ကွယ် သွားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေရဲ့ အခြားနေရာတွေမှာလည်း အလားတူ အဖြစ်အပျက်တွေ ဖြစ်ပေါ်နေပါတယ်။
ကံဆိုးတဲ့ တောင်စွယ်ဓား လူယိရှန်ကတော့ အရူးဆေဘာသောင်းဟိုင်နဲ့ ထိပ်တိုက် သွားတိုးပြီး သတ်ခံလိုက်ရပါတယ်။ သောင်းဟိုင်က ဓားတစ်ချက်ပဲ သုံးသွားတာပါ။
သွေးဆေဘာ လင်းဟောင်ကလည်း သူ့ရဲ့ သွေးသန့်စင်တဲ့ ဓားသိုင်းကို အသုံးပြုပြီး ဝိညာဉ်ကဝေဂိုဏ်းက တပည့်တွေကို အလောင်းကောင်တွေ အဖြစ် ပြောင်းလဲ လိုက်ပါတော့တယ်။
မှင်စာသခင်လေး ရှောင်ဟူကလည်း ဝိညာဉ်တစ်ကောင်လို ရွေ့လျားသွားလာ နေပါတော့တယ်။ ခရမ်းရောင် ဆေဘာဂိုဏ်းက တပည့်တွေကတော့ သူတို့သေလို့ သေသွားမှန်းတောင် သိပုံ မရလိုက်ပါဘူး။
ကဝေမယ်ရဲ့ဟွာနဲ့ သူငယ်တော် ရှောင်မိုတို့ကလည်း ပါရမီရှင်တွေကို ကြက်ကလေး၊ ငှက်ကလေး သတ်သည့်အလား သတ်ဖြတ် နေကြပါတော့တယ်။
ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ နာမည်ကြီး ၅ ယောက်ကလည်း သူတို့နဲ့ တွေ့သမျှ လူတွေကို အလွတ်မပေးပါဘူး။ သူတို့ကလည်း သွေးဆာနေတဲ့ နတ်ဆိုးတွေ အလားပါပဲ။
ပထမနေ့ တစ်ရက်တည်းမှာပဲ ဂိုဏ်းကြီး ၄ ဂိုဏ်းက တပည့် ၄၃ ယောက်ဟာ သေဆုံး သွားကြပါပြီ။
“ပြေး … မြန်မြန်ပြေး …”
ချန်ဖန်းဟွာနဲ့ လုရှောင်ဖေးလို့ အမည်ရတဲ့ မိုးပြာရောင်ဂိုဏ်း အတွင်းစည်း တပည့်တို့ ကတော့ သေပြေးရှင်ပြေး ပြေးနေရပါတယ်။ သူတို့ရဲ့ နောက်မှာတော့ တစ္ဆေလက်သည်း ကျန်းရှန်က ကြောင်က ကြွက်ကလေးလေးတွေကို မသတ်ခင်မှာ ဆော့ကစားသည့်ပုံဖြင့် လိုက်လာပါတယ်။ သူ့ရဲ့ ပြေးနှုန်းက ချန်ဖန်းဟွာတို့ကို အချိန်မရွေး လိုက်မီနိုင်သော်လည်း သူက တမင် ရည်ရွယ်ချက်ရှိရှိနဲ့ အရှိန်လျော့ထားတာပါ။
“ငါကဘာဖြစ်လို့ တစ္ဆေလက်သည်း ကျန်းရှန်နဲ့ လာတွေ့ နေရတာလဲ။ တစ်ယောက်ယောက်တော့ ငါ့ကို ကယ်ပါဦးကွာ …”
လုရှောင်ဖေးက မသေချင်သေးပါဘူး။ သူက သူ့ဘဝရဲ့ ခရီးအရှည်ကြီးကို ဆက်ဖို့ ကျန်နေပါသေးတယ်။ ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေမှာ သေပစ်လိုက်လို့ မဖြစ်သေးပါဘူး။
ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေဟာ အန္တရာယ်များတယ် ဆိုတာကို သိထားပေမဲ့လည်း အရင်တုန်းကသူဟာ မာနတွေအပြည့်နဲ့ ဒီအန္တရာယ်တွေကို မှုစရာ မလိုဘူးလို့ ထင်ထားခဲ့တာပါ။ အခုလက်တွေ့ သေခြင်းတရားနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ အခါမှာတော့ သူက မာနမကြီးနိုင်တော့ပါဘူး။ သူကလည်း သေရမှာကို ကြောက်တတ်ပါတယ်။ သူ့ဘဝမှာ ဘယ်လိုမှ ယှဉ်လို့မရတဲ့ ပြိုင်ဘက်ကို တွေ့ရလိမ့်မယ်လို့လည်း တွေးမထင်ထားပါဘူး။
ချန်ဖန်းဟွာကလည်း မျက်နှာတစ်ခုလုံး ဖြူလျော့နေပြီး အသည်းအသန် ထွက်ပြေးနေပါတယ်။ သူမကလည်း သေဖို့ကို လက်သင့် မခံနိုင်သေးပါဘူးလေ။
တကယ်လို့ တစ်ယောက်ပဲ အသက်ရှင်ကျန်နေရမယ် ဆိုရင် အဲဒီတစ်ယောက်ဟာ သူမဖြစ်ကိုဖြစ်မှ ရပါလိမ့်မယ်။
“ဒီလိုမျိုး ပြိုင်ဘက်ကို တွေ့ရင်တော့ ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလေ။ ထွက်ပြေးတာက အကောင်းဆုံး နည်းလမ်းပဲ"
ချန်ဖန်းဟွာက အခုမှ လီဖူချန်းဘာကို ဆိုလိုသလည်း ဆိုတာကို ကောင်းကောင်းကြီး နားလည် လာပါတော့တယ်။ လီဖူချန်းက မနိုင်တဲ့ ရန်သူနဲ့ တွေ့ရင်လည်း အသေခံပြီး ချရမယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ တစ်ဖက်ရန်သူကို ကြောက်ရွံ့မနေဘဲ အခြေအနေကို အကောင်းဆုံး အကဲခတ်တတ်ဖို့ ပြောခဲ့တာပါ။ သူမရဲ့ အခြေအနေက တစ်ဖက်လူကို လုံးဝနိုင်ဖို့ မဖြစ်နိုင်တာကြောင့် ချန်ဖန်းဟွာက ထွက်ပြေးဖို့ကို ရွေးချယ်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် သူမက ကြောက်ရွံ့ခြင်းကို လုံးဝ မခံစားရပါဘူး။ ဒါကြောင့် သူမရဲ့ ဓားတာအို လမ်းစဉ်ကလည်း မပျက်ပြား သွားခဲ့ပါဘူး။
အခုချိန်မှာတော့ ကျန်းရှန်က သူမတို့နှင့် မီတာ ၁၀၀ လောက်ဘဲ လိုပါတော့တယ်။
“ငရဲပြည်က ဧည့်သည်”
ကျန်းရှန်က သူ့ရဲ့လက်တွေမှာ အနက်ရောင် လက်သည်းတွေကို တပ်ဆင်ထားပါတယ်။ သူ့ရဲ့လက်သည်းတွေကို တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ အလင်းတန်း အချို့က ထွက်ပေါ်လာခဲ့ပါပြီ။
“အား …”
လုရှောင်ဖေးရဲ့ ချီအကာအကွယ်က ဆုတ်ဖြဲ ခံလိုက်ရပြီး သူဝတ်ထားတဲ့ အဆင့် ၃ ချပ်ဝတ် တန်ဆာကလည်း ပြတ်ထွတ်သွားပါတယ်။
သွေးတွေ၊ အသားတွေနဲ့ အရိုးတွေက ပြန့်ကျဲသွားပြီး လုရှောင်ဖေးက တစ်ချက်တည်းနဲ့ တန်းသေ သွားပါတယ်။
“အစ်ကိုလု သေသွားပြီလား”
ချန်ဖန်းဟွာက ကြောင်အပြီး ပြေးနေတာကို ရပ်လိုက်ပါတယ်။
လုရှောင်ဖေးရဲ့ တောက်ပလှတဲ့ အနာဂတ်တွေက လက်သည်း တစ်ချက်အောက်မှာပဲ ပျောက်ဆုံး သွားခဲ့ရပြီလေ။ သူမက လောကကြီးရဲ့ မတည်မြဲခြင်း သဘောတရားကို ပထမဆုံး အကြိမ်အဖြစ် ခံစားလိုက်ရပါတယ်။
“ထားလိုက်ပါတော့ … ငါတတ်စွမ်း သလောက်တော့ ပြန်တုံ့ပြန်ရမယ်"
ချန်ဖန်းဟွာက ထွက်ပြေးဖို့ မကြိုးစားတော့ဘဲ ကျန်းရှန်ကို စောင့်နေ လိုက်ပါတော့တယ်။ ထွက်ပြေးဖို့ မဖြစ်နိုင်တော့မှတော့ သူမက ဘာဖြစ်လို့ ထွက်ပြေး နေတော့မည်နည်း။ တစ်ဖက်လူကို အကောင်းဆုံး ခုခံတိုက်ခိုက်ပြီး သေသွားတာကမှ ပိုပြီး ဂုဏ်ယူစရာ ကောင်းသေးသည် မဟုတ်ပါလား။
“ထွက်မပြေးတော့ဘူးလား။ ကောင်းလိုက်တဲ့ ရွေးချယ်မှုပဲ။ ဟုတ်ပြီး မင်းရဲ့ အဝတ်အစားတွေကို အကုန်ချွတ်ပြီး ငါ့ကို စိတ်ကျေနပ်အောင် ပြုစုပေးစမ်း။ ဒါဆိုရင် ငါက မင်းကို ကောင်းကောင်းမွန်မွန် သေခွင့်ပေးလိုက်မယ်။ မဟုတ်လို့ကတော့ မင်းသေသွားရင်တော့ မင်းရဲ့ အလောင်းကို နည်းပေါင်း ၁၀၀ လောက်နဲ့ အရှက်ခွဲပစ်လိုက်မယ်”
တစ္ဆေလက်သည်း ကျန်းရှန်က အတော်ကို ယုတ်ကန်းသည့် လူဖြစ်ပုံပါပဲ။ သူက ချန်းဖန်းဟွာကို သတ်ပစ်လို့ ရတာတောင်မှ မသတ်သေးဘဲ အဆီကိုစားပြီး အသားကိုမျိုဖို့ စဉ်းစား နေပါသေးတယ်။ သူ့ရဲ့အလိုကို မလိုက်ဘူး ဆိုရင်တော့ ချန်ဖန်းဟွာရဲ့ ရုပ်အလောင်းကိုတောင် အမျိုးမျိူး ဖျက်ဆီးမည်ဟု ခြိမ်းခြောက် နေပါသေးတယ်။
“အယုတ်တမာ မိစ္ဆာကောင်”
ချန်ဖန်းဟွာရဲ့ မနည်း ကြိုးစားပြီး တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေဟာ ကျန်းရှန်ရဲ့ စကားလုံးတွေကြောင့် ပြိုကွဲ သွားရပါပြီ။
သူမလို မိန်းမပျိုလေးက ဘယ်လိုလုပ်ပြီး ဒီလိုယုတ်ကန်းသည့် ကောင်ကို ယှဉ်ပြိုင်နိုင်မည်နည်း။
“မိစ္ဆာကောင် ဟုတ်လား … ဟား … ဟား … ငါက မင်းပြောတဲ့ မိစ္ဆာဆိုတာထက်တောင် အဆ ၁၀၀ လောက် ယုတ်မာသေးတယ်ကွ”
ကျန်းရှန်က ချန်ဖန်းဟွာဆီကို တစ်လှမ်းခြင်း ဖြည်းညင်းစွာ လျှောက်လမ်းလာပါတယ်။
“ခွေးသူတောင်းစား … မင်းငါ့အစ်မတော် ချန်ကို လက်ဖျားနဲ့တောင် တို့ဖို့ မစဉ်းစားနဲ့”
သိပ်မဝေးလှတဲ့ တောင်ကုန်းငယ်လေး တစ်ခုပေါ်ကနေ လူရိပ်တစ်ရိပ်က ထွက်ပေါ်လာပြီး ကျန်းရှန်ကို လှမ်းဆဲလိုက်ပါတယ်။
“မောင်လေးလီ …” ချန်ဖန်းဟွာက ငိုမဲ့မဲ့ အသံဖြင့် လီဖူချန်းကို အားကိုးတစ်ကြီး ခေါ်လိုက်ပါတော့တယ်။
***