← Chapters

ဓားသုံးချက်ဘဲလိုတယ်

Vol. 11 Ch. 148

ဓားသုံးချက်ဘဲလိုတယ်

Vol. 11 Ch. 148

“မင်းက မိုးပြာရောင်ဂိုဏ်းရဲ့ နံပါတ် ၁ အတွင်းစည်း တပည့်လီဖူချန်း ဆိုတာလား"

ကျန်းရှန်က လီဖူချန်းကို ကြည့်ပြီး စကားဆို လိုက်ပါတယ်။

လီဖူချန်းက အသံတစ်စက်မှ မထွက်ဘဲ ပျောက်ကွယ်သွားပြီး ချန်ဖန်းဟွာရဲ့ ဘေးမှာ ပြန်ပေါ်လာပါတယ်။

“အစ်မတော်ချန် …  ဘေးနားမှာ ထိုင်ပြီး အနားယူလိုက်ပါလား။ ကျွန်တော် ဒီအမှိုက်ကို ရှင်းလိုက်ဦးမယ်"

လီဖူချန်းက နွမ်းလျနေတဲ့ ပန်းလေးတစ်ပွင့်လို ဖြစ်နေတဲ့ ချန်ဖန်းဟွာကို အားပေးလိုက်ပါတယ်။ သူမရဲ့ စိတ်ဓာတ်က လုံးဝကို ပြိုကွဲလုလု ဖြစ်နတာလေ။

ဒီအဖြစ်အပျက်ကို ကြည့်ပြီး သူမကို စိတ်ဓာတ်အင်အား နည်းတယ်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ဒီတစ္ဆေလက်သည်း ကျန်းရှန်ကိုက အရမ်း ယုတ်ညံ့ နေလွန်းတာပါ။ ဘယ်မိန်းမပျိုမှ ဒီလိုအောက်တန်းကျတဲ့ ကောင်ရဲ့ ပြောစကားတွေကို ခံနိုင်မှာ မဟုတ်ပါဘူး။

မိန်းမပျိုလေးတွေ ဆိုတာ သူမတို့ရဲ့ ခန္ဓာကိုယ်ကို အသန့်စင်ဆုံး အစင်ကြယ်ဆုံး ဖြစ်အောင် ထားချင်ကြတာ သဘာဝပါပဲ။ ဘယ်မိန်းမပျိုက သေဆုံး ပြီးသွားရင်တောင် သူ့ရဲ့ ခန္ဓာကိုယ်ကို နည်းအမျိုးမျိုးနဲ့ စော်ကားဦးမယ်လို့ ခြိမ်းခြောက်တာမျိုးကို ခံနိုင်မည်နည်း။

ချန်ဖန်းဟွာက ခေါင်းညိတ်လိုက်ပါတယ်။ သူမရဲ့ လက်ရှိ အခြေအနေကို သူမက ကောင်းကောင်းကြီး နားလည်တယ်လေ။ သူမရဲ့ ယုံကြည်ချက်တွေ စိတ်ဓာတ် အင်အားတွေ အားလုံးက ကျန်းရှန်ကြောင့် စုတ်ပြတ်သတ်လု နီးပါး ဖြစ်နေပါပြီ။

“မင်းက သူ့ကိုကယ်နိုင်မယ် ထင်နေတာလား”

ကျန်းရှန်က နှာခေါင်းရှုံ့လိုက်ပါတယ်။ သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာတဲ့ မိစ္ဆာဓာတ်တွေက လီဖူချန်းကို လွှမ်မိုးနိုင်ဖို့ ကြိုးစားနေတယ်လေ။

“မင်းလိုကောင် သုံးယောက် ပေါင်းထားရင်တောင်မှ ငါမကယ်နိုင်စရာ အကြောင်းမရှိဘူး”လီဖူချန်းက ပြန်တုံ့ပြန်လိုက်ပါတယ်။

“မင်းက မိုးပြာရောင်ဂိုဏ်းရဲ့ နံပါတ် ၁ တပည့်ဖြစ်နေတာက ဘာမှ မထူးဆန်းဘူးဘဲ။ ဒီလို ယုံကြည်မှုမျိုး … ဒီလိုမျက်နှာပေး … ကံအကြောင်း တိုက်ဆိုင်လိုက်တာကွာ … အဲဒီလို ယုံကြည်မှု အပြည့်ရှိတဲ့ သူမျိုးကို သတ်ရတာက ငါ့အကြိုက်ဆုံး အလုပ်ပဲ။ ငါကမင်းကို သတ်ပြီးရင် အတွင်းကလီစာတွေကို ထုတ်ပြီး ကောက်ရိုးတွေ ထည့်ထားမယ်။ ဒါဆိုမင်းက ငါအားတိုင်း အပျင်းပြေ ကြည့်လို့ရတဲ့ စာခြောက်ရုပ်လေး တစ်ခု ဖြစ်လာမှာပေါ့”

ကျန်းရှန်က လီဖူချန်းရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးဖို့ ကြိုးစားနေပါတယ်။

လီဖူချန်းက မခိုးမခန့် ရယ်လိုက်ပြီး …

”တစ္ဆေလက်သည်း ကျန်းရှန် … မင်းရဲ့ အသုံးမဝင်တဲ့ နည်းစနစ်နဲ့ ငါ့ကို လာမကြိုးစားနဲ့။ သိက္ခာနည်းနည်းတော့ ရှိစမ်းပါ။ တစ်ခါလောက် ယောကျာ်းချင်းပီပီ ထိပ်တိုက် ရင်ဆိုင်ကြည့်စမ်းပါလား …”

“အိုး” လီဖူချန်းရဲ့ စကားကြောင့် ကျန်းရှန်ရဲ့ အမူအရာတွေက အေးစက် သွားပါတယ်။

ဒီလီဖူချန်းက တခြားသူတွေနဲ့ မတူဘဲ အတော်လေး ကွဲပြား ခြားနားနေတယ် ဆိုတာကိုလည်း သူရိပ်မိလိုက်ပါပြီ။

လီဖူချန်းကတော့ တည်တည်ငြိမ်ငြိမ်ဘဲ ရှိနေပါတယ်။ သူ့ရဲ့လက်ရှိ အတွေးထဲမှာတော့ ဒီကျန်းရှန်းဆိုတဲ့ ကောင်ကို သတ်ဖို့ တစ်ခုတည်း ရှိနေတယ်လေ။

“ကြည့်ရတာ ငါမင်းကို လျော့တွက်လို့တော့ မရဘူးဘဲ"

ကျန်းရှန်က လုံးဝ တည်တည်ကြည်ကြည်နဲ့ အလေးအနက် ထားနေသည့်ပုံ ဖြစ်သွားပါတယ်။ နောက်ထပ် အရေးမပါတဲ့ လှည့်စားမှုတွေကို သူမလုပ်တော့ဘူးလေ။

“ဓားချက် ၃ ချက်ပဲ”

လီဖူချန်းကတော့ အစောပိုင်းက ပုံအတိုင်း ထူးမခြားနားပါဘဲ။ သူက နက်ရွှေမှော်ဓားကို တစ်လက်မချင်းစီ ဆွဲထုတ်လိုက်ပါတယ်။

ကျန်းရှန်က တခြား သူတွေလိုတော့ သာမန် အမျိုးအစားထဲက မဟုတ်ပါဘူး။ ဒီကောင့်ကို သတ်ဖို့ဆိုရင် ဓားတစ်ချက်တည်းနဲ့တော့ မဖြစ်နိုင်ပေမဲ့ ဓားချက် ၃ ချက် ဆိုရင်တော့ ဖြစ်နိုင်ချေ ရှိပါတယ်။

"ဟဟ”ကျန်းရှန်က ရယ်လိုက်ပါတယ်။ ဒီလောက်ထိ ဘဝင်မြင့်နေတဲ့ ကောင်မျိုးကို သူတစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ ဒီလီဖူချန်း ဆိုတဲ့ ကောင်ကတော့ ဒီရာစုနှစ်ရဲ့ အပြောင်မြောက်ဆုံး ဟာသကို ပြောနိုင်တဲ့သူပဲလို့ သူက သတ်မှတ်လိုက်ပါတယ်။

“ပထမဓားချက်” လီဖူချန်းက သူ့ရဲ့ဓားကွက်ကို စတင်လိုက်ပါပြီ။

ကြက်သွေးရောင် မီးဆန္ဒကို ထုတ်ဖော်တယ်။ ထို့နောက်မှာတော့ ကြည်ပျံဓားဆန္ဒကို ဆက်ထုတ် ဖော်လိုက်ပါတယ်။

ဒီဆန္ဒနှစ်ခုစလုံးက ပေါင်းစပ်သွားပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ နက်ရွှေမှော်ဓားနဲ့ ကျန်းရှန်ကို ပိုင်းချ ပစ်လိုက်ပါတယ်။

ဒီဓားချက်ရဲ့ စူးရှတောက်ပနေမှု ကတော့ တစ်ခါမှကို မမြင်ဖူးသည့် အတိုင်းပါပဲ။ မြန်တယ်။ အရမ်းကို မြန်တယ်။ ဓားချက်က မြန်လွန်လို့ ကျန်းရှန်တစ်ယောက် ရှောင်တိမ်းဖို့ မဖြစ်နိုင်တော့ပါဘူး။

လီဖူချန်းရဲ့ဓားက ဓားအိမ်ထဲက ထွက်လာတာနဲ့ သူ့ရဲ့အရှေ့ကို တန်းပြီး ရောက်လာခဲ့တာလေ။ ဒါက လုံးဝကို ရှောင်ပြေးလို့ မရတဲ့ ဓားချက်ပါဘဲ။ ဒီဓားချက်က ကျန်းရှန်ရဲ့ အရိုးထဲ အသည်းထဲ အထိကို အေးစိမ့် သွားစေပါတယ်။

“ငရဲတမန်တော် လက်သည်း”

ကျန်းရှန်က ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး ဓားအလင်းတန်းကြီးကို ခုခံလိုက်ပါတယ် …။

ကျန်းရှန်ရဲ့ လက်သည်းချက်က မြေပြင်ပေါ်မှာ ခြစ်ရာကြီးတစ်ခု ထင်ကျန် သွားစေခဲ့ပါတယ်။ ကျန်းရှန်ရဲ့ လက်သည်းချက်က လီဖူချန်းရဲ့ ဓားကို ထိလုနီးပါးပါဘဲ။ ဒါပေမဲ့ ဓားသွားက အရမ်းကို မြန်နေတဲ့အတွက် ကျန်းရှန်ရဲ့ တွက်ချက်မှုတွေက လွှဲမှား သွားခဲ့ရပါတယ်။

သူ့ရဲ့ ချီအကာအကွယ်နဲ့ မိစ္ဆာသားရဲ ချပ်ဝပ်တန်ဆာက ပိုင်းဖြတ်ခံလိုက် ရပါတယ်လေ။ ဓားကနေ ထွက်လာတဲ့ အပူချိန်က သူ့ကို ငယ်သံပါအောင် အော်သွားစေမိပါတယ်။

သူ့ရဲ့ ရင်အုပ်ပေါ်မှာတော့ တူးခြစ်နေသည့် လက်မဝက်အရွယ် ဓားဒဏ်ရာလေးတစ်ခု ဖြစ်ပေါ်လာခဲ့ပါပြီ။

တကယ့် အရေးကြီးတဲ့ အချိန်မှာတော့ ကျန်းရှန်က ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ကြယ် ၂ ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ နတ်ဆိုးအင်းကွက် ခန္ဓာကိုယ်ကို ထုတ်သုံးလိုက်တဲ့ အတွက်ကြောင့် ဒီလောက်ပဲ ခံလိုက်ရတာပါ။

ဒီလျှို့ဝှက်နည်းစနစ်က နတ်ဆိုးအင်းကွက် ဆေးမှင်ကြောင်ကို ခန္ဓာကိုယ်ပေါ်မှာ ဖြစ်ပေါ်လာအောင် လေ့ကျင့် ထားရပါတယ်။ လိုအပ်တဲ့ အချိန်မှာ ဒီဆေးမှင်ကြောင်ကို ပုတ်လိုက်တာနဲ့ အသုံးပြုသူရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို တိုးမြှင့် စေနိုင်တယ်လေ။

“ဓားဆန္ဒနဲ့ ပညာရပ်ဆန္ဒလား”

ကျန်းရှန်က ထိတ်လန့် တုန်လှုပ်စွာနဲ့ ပြောလိုက်ပါတယ်။

သူရထားတဲ့ အချက်အလက်တွေ အရဆိုရင် လီဖူချန်းက ဓားဆန္ဒကိုပဲ နားလည် အသုံးပြုနိုင်တာပါ။ ပညာရပ်ဆန္ဒကို အသုံးပြုနိုင်တယ်လို့ မပါပါဘူး။

တကယ်လို့ ဓားဆန္ဒ တစ်ခုတည်းပဲ သက်သက်ဆိုရင် သူက ဂရုမစိုက်ပါဘူး။ သူကလည်း ငရဲပြည်က တစ္ဆေလက်သည်း ဆန္ဒကို နားလည် သဘောပေါက် ထားတာပါပဲ။ ပြီးတော့ သူ့ရဲ့ကျင့်ကြံခြင်း အဆင့်က လီဖူချန်းထက် ၂ ဆင့် မြင့်ပါသေးတယ်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …   ဒီကောင်က စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်နဲ့တင် ဆန်းကြယ် အလယ်အလတ် အတွင်းအား ပညာရပ်ကို အဆင့်အမြင့်ဆုံးအထိ လေ့ကျင့် သွားနိုင်ပြီလား"

ကျန်းရှန်က ဒီလို ဖြစ်သွားတာကို လက်မခံနိုင်သေးပါဘူး။ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရလို့တာပေါ့။ တခြားတစ်ယောက်က ဒီအကြောင်းကို လာပြောရင် သူက ဟားတိုက် လှောင်ပြောင်မိမှာပါ။

ကျန်းရှန်က ဒီပထမ ဓားချက်နဲ့တင် လီဖူချန်းရဲ့ စွမ်းရည်ကို ကောင်းကောင်းကြီး နားလည်သွားပါပြီ။ လီဖူချန်းက သူ့ကို ဓားချက် ၃ ချက်လို့ ပြောခဲ့တာက အပိုပြောတာ မဟုတ်ပါဘူး။ ဒီကောင်က သူ့ကို တကယ်ပဲ အနိုင်ယူနိုင်စွမ်း ရှိလို့ ပြောခဲ့တာပါ။

ကျန်းရှန်က ဆေးလုံး တစ်လုံးကို ထုတ်သောက်လိုက်ပြီး သတ္တုဗုံးနှစ်လုံး ထုတ်ကာ လီဖူချန်းကို ပစ်ပေါက် လိုက်ပါတယ်။ သူက ထွက်ပြေးဖို့ လိုအပ်နေပါပြီ။

“ဒီစောက်ရူးက ပညာရပ်ဆန္ဒကိုပါ နားလည်နေပြီ။ ငါက ဒီကောင့်ရဲ့ ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ ဒါပေမဲ့ လုံခြုံတဲ့နေရာ တစ်နေရာကို ရှာပြီး မြေကမ္ဘာအဆင့်ကို တက်လှမ်းလိုက်မယ် ဆိုရင် ငါဒီကောင့်ကို အသာလေး ပြန်အနိုင်ယူလို့ ရသေးတယ်"

ကျန်းရှန်က ဟိုးအရင်ကတည်းက အဆင့်တက်မယ် ဆိုရင် တက်လို့ရတဲ့ အနေအထားမှာ ရှိနေပါပြီ။ ဒါပေမဲ့ ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ စောင့်နေတဲ့အတွက် အဆင့်မတက်သေးဘဲ ရှိနေတာပါ။

ဒါပေမဲ့ အဆင့်တက်ဖို့ ဆိုတာ ပြောသလောက်လည်း မလွယ်သေးပါဘူး။ ပထမဆုံးအနေနဲ့ သူက လုံခြုံစိတ်ချရတဲ့ နေရာကို ရှာပြီး ကျင့်စဉ်ကို ပြန်လေ့ကျင့် ရပါဦးမယ်။

လေ့ကျင့်နေတဲ့ အချိန်မှာ တစ်ယောက်ယောက်က ဝင်နှောင့်ယှက်လိုက်တာနဲ့ သွေးကြောတွေ ဖောက်ပြန်ကာ ရူးရင်ရူး၊ မရူးရင် ဒုက္ခိတ ဖြစ်သွားနိုငိတဲ့ အခြေအနေတွေလည်း ရှိပါသေးတယ်။

တစ်ခါတည်း တန်းပြီး အဆင့်တက်နိုင်မယ် ဆိုရင်တော့ သူက အခုလို ထွက်ပြေးနေဖို့ကို မလိုတော့ပါဘူး။

လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ သူ့ဆီ လွင့်ပျံလာတဲ့ သတ္တုဗုံး နှစ်လုံးက မိုးကြိုးဗုံးတွေ ဆိုတာ တန်းသိလိုက်ပါတယ်။ ဒီဗုံးတွေက ပေါက်ကွဲနှုန်း အတော်လေးပြင်းတဲ့ ဗုံးအမျိုးအစားပါပဲ။ သာမန် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတွေတောင် ဒီဗုံးကို လွတ်အောင် မရှောင်နိုင်ကျပါဘူး။

နှမြောစရာပါဘဲ …။ လီဖူချန်းက သာမန် စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူမှ မဟုတ်တာလေ။

လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် မီးဆန္ဒကို အသုံးပြုပြီး ချီအကာအကွယ်ကို ဖန်ဆင်းလိုက်ပါတယ်။ ထိုမိုးကြိုးဗုံးတွေက လီဖူချန်းရဲ့ ချီအကာအကွယ်ကို ကျော်ဖြတ်နိုင်စွမ်းရှိပုံ မရပါဘူး။ ထို့နောက်မှာတော့ သူက နတ်ဘုရား ခြေလှမ်းကို အသုံးပြုပြီး ကျန်းရှန်းရဲ့ အနောက်ကို မီးခိုးတန်းသဖွယ် ပြေးလိုက်သွားပါတယ်။

အသက်သုံးခါရှူချိန် အပြီးမှာပဲ လီဖူချန်းက ကျန်းရှန်ကို လိုက်မီသွားခဲ့ပါပြီ။

တစ်ဖက်လူက ဘယ်လောက်ပဲမြန်မြန် သူ့ရဲ့ နတ်ဘုရား ခြေလှမ်းထက်တော့ ပိုပြီးမြန်စရာ အကြောင်းမရှိပါဘူး။

ဝုန်း …

ကျန်းရှန်က မီးခိုးဗုံးတစ်ခုကို ဖောက်ခွဲပြီး ထွက်ပြေးဖို့ ကြိုးစား လိုက်ပါသေးတယ်။

ဒါပေမဲ့ လီဖူချန်းကတော့ သားကောင်ကို လုံးဝ အလစ်မပေးတဲ့ လင်းယုန် တစ်ကောင်လိုပါပဲ။

ကျန်ရှန်ရဲ့ ပြေးလမ်းကြောင်း ရှေ့ကို လီဖူချန်းက ခုန်ဝင်ပြီး ပိတ်ရပ် ထားလိုက်ပါတယ်။

ကျန်းရှန်က ထွက်ပြေးလို့ မလွတ်တော့ဘူး ဆိုတာ ရိပ်မိလိုက်ပုံ ရပါတယ်။

”လီဖူချန်း …  မင်းင့ါကို လွှတ်ပေးလိုက်ရင် ကောင်းမယ်။ မင်းတို့ မိုးပြာရောင်ဂိုဏ်းက ငါတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ စစ်ဖြစ်ချင်နေတာလား"

သူကလည်း သေရမှာကို ကြောက်တတ်ပါတယ်။ အဲဒီထက် ပိုဆိုးတာက မိုးပြာရောင် ဂိုဏ်းသား တစ်ယောက်ရဲ့ လက်ထဲမှာ မသေချင်တာပါဘဲ။

“ဒုတိယ ဓားချက်”

လီဖူချန်းက သူ့ရဲ့ ဒုတိယ ဓားချက်ကို ထုတ်လိုက်ပါတယ်။ ဒီဓားချက်ကိုတော့ မီးနဂါး လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး တိုက်ခိုက်လိုက်တာပါ။ ကြောက်စရာ ကောင်းလှတဲ့ ဓားအငွေ့အသက်တွေက ကျန်းရှန်ကို လွှမ်းခြုံသွားပါပြီ။

“င့ါလခွီးဘဲကွာ …”

ကျန်းရှန်က သူ့ရဲ့ သိုလှောင်အိတ်ထဲက ထူးဆန်းတဲ့ ဒိုင်းတစ်ခုကို ထုတ်လိုက်ပြီး သူ့ရှေ့မှာ ကာထား လိုက်ပါတယ်။

ထန် …

မီးပွင့်လေးတွေက ဖြာထွက် လာပါတယ်။ ကျန်းရှန်က မြေကြီးထဲကို နိမ့်ဝင်သွားပြီး သူ့ရဲ့ လက်တွေကလည်း ထုံကျဉ် နေပါတယ်လေ။

“တတိယဓားချက်”

လီဖူချန်းက ကျန်းရှန်ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပြီး နောက်ကျောဘက်မှာ ပြန်ပေါ်လာပါတယ်။ လီဖူချန်းရဲ့ လက်ထဲက ဓားကတော့ ကျန်းရှန်ရဲ့ ခေါင်းကို ဖြတ်တောက်ပြီးသား ဖြစ်နေခဲ့ပါပြီ။

ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ နာမည်ကျော် တစ္ဆေလက်သည်း ကျန်းရှန်ကတော့ လီဖူချန်းရဲ့ ဓားချက် ၃ ချက် အောက်မှာပဲ အသက်ပျောက်သွားခဲ့ ရပါပြီလေ။

ဒီသတင်းသာ ပြန့်သွားလို့ကတော့ ဂိုဏ်းကြီး လေးဂိုဏ်းစလုံးက တပည့်တွေက လီဖူချန်းကို ယောင်လို့တောင် မော့ကြည့်ရဲတော့မှာ မဟုတ်ပါဘူး။

ကျန်းရှန်အခုလို သေသွားရတာက သူ့ရဲ့ အဆင်ခြင်မဲ့တဲ့ စိတ်ဓာတ်ကြောင့်ပါပဲ။ သူသာ ဒီနယ်မြေထဲကို ရောက်လာ ကတည်းက လုံခြုံစိတ်ချရဲတဲ့ နေရာ တစ်နေရာရှာပြီး မြေကမ္ဘာအဆင့်ကို ချိုးဖောက် ဝင်ရောက်ခဲ့မယ် ဆိုရင် အခုလို အလွယ်တကူ သေမှာ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ အစွမ်းအစနဲ့ဆိုရင် ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ မြေကမ္ဘာအဆင့် ၁ က ပါရမီရှင်ကို သတ်ဖြတ်နိုင်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်သေးပါဘူးလေ။

“ဒါက ဆန်းကြယ် အဆင့်နိမ့် ဒိုင်းပဲဟ”

လီဖူချန်းက ဝမ်းသာအားရနဲ့ ကောက်ယူ သိမ်းဆည်းလိုက်ပါတယ်။

ဒီဒိုင်း တစ်ခုတည်းနဲ့တင်ကို ရွှေပြား တစ်သိန်းလောက်က သေချာ နေပါပြီလေ။ ပြီးတော့ ကျန်းရှန်မှာက သိုလှောင်အိတ်နှစ်ခု ရှိနေပါသေးတယ်။ တစ်ခုက သူတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက သိုလှောင်အိတ်ဖြစ်ပြီး နောက်တစ်ခုက မိုးပြာရောင်ဂိုဏ်းက လုရှောင်ဖေးရဲ့ သိုလှောင်အိတ်ပါ။ သိုလှောင်အိတ် တစ်ခုချင်းစီမှာတော့ သူတို့ရဲ့ သက်ဆိုင်ရာ ဂိုဏ်းအမှတ်အသားတွေ ရေးထိုး ထားတယ်လေ။

ကျန်းရှန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အားရအောင် ရှာဖွေလို့ အပြီးမှာတော့ လီဖူချန်းက ချန်းဖန်းဟွာဆီ ပြန်လာခဲ့ပါတယ်။

“မောင်လေးလီ …  ကျန်းရှန် ဘယ်ရောက်သွားပြီလဲ”

ချန်ဖန်းဟွာက လီဖူချန်းဆီ အပြေးလာပြီး မေးလိုက်ပါတယ်။

“သေပြီ” လီဖူချန်းက ခပ်တိုတိုပဲ ပြန်ဖြေလိုက်ပါတယ်။

“သေသွားပြီလား” ချန်ဖန်းဟွာက မျက်လုံး အပြူးသားဖြင့် လီဖူချန်းကို ကြည့်လိုက်မိတယ်လေ။

ဒီလောက် ကြောက်စရာကောင်းတဲ့ ကျန်းရှန်က လီဖူချန်းရဲ့ လက်ထဲမှာ တကယ်ပဲ သေသွားခဲ့ပြီလား …။ လီဖူချန်းက ဘယ်လောက်တောင်မှပဲ အစွမ်းထက်နေပါလိမ့်။ ကြည့်ရတာ လီဖူချန်းက ဒီသုံးလအတွင်းမှာ ထပ်ပြီး ကြောက်စရာ ကောင်းလောက်အောင် တိုးတက် လာသေးတာလား။

ချန်ဖန်းဟွာက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး အကြောင်းစုံကို မေးမြန်းလိုက်ပါတယ်။

လီဖူချန်းတော့ ရိုးရိုးရှင်းရှင်းပဲ ဖြေလိုက်ပါတယ်။

“ကျွန်တော် ဓားသုံးချက် ခုတ်လိုက်တယ်။ ကျန်းရှန်က မခံနိုင်ဘဲ သေသွားရတယ်” လို့ပေါ့။

လီဖူချန်းရဲ့ အဖြေကို ကြားရပြီးတဲ့ နောက်မှာတော့ ချန်ဖန်းဟွာက လီဖူချန်းတစ်ယောက် ဘယ်လောက်ကြောက်စရာ ကောင်းလိုက်သလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည် သဘောပေါက် သွားခဲ့ပါပြီ။ ကြောက်စရာကောင်းတဲ့ နတ်ဆိုးတွေလို အစွမ်းထက်တဲ့ ပါရမီရှင်တွေက သူမရဲ့ ဂိုဏ်းတူမောင်လေး လီဖူချန်းရဲ့ အရှေ့မှာတော့ ကြက်ကလေး ငှက်ကလေးတွေထက်ပိုပြီး ဘာမှ ထူးမနေပါဘူး။

***

All Chapters