ဦးလေးအား လိုက်ရှာနေသည့် မိန်းမငယ်လေး
Vol. 69 Ch. 950
သူ၏ရှေ့တွင် ရှိနေသည့် ကာကွယ်ရေးတပ်ဖွဲ့မှာ အစွမ်းအထက်ဆုံးလူများနှင့် ဖွဲ့စည်းထားခြင်းဖြစ်၏။ ၎င်းတို့ထဲတွင် မဟာလက်ဝဲတာအိုနယ်မြေ၏ အဆင့်တစ်ဂိုဏ်းမှ တာအိုဂိုဏ်းသား ပါနေသလို မျက်နှာဖုံးနှင့် အမျိုးသမီးလည်း ပါသည်။ သူမသည် သူမ၏ သရုပ်မှန်အား ဖုံးကွယ်ထားပါသော်လည်း အံ့သြမှင်တက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်ပေးသည်။
ထို့အပြင် ဂြိုဟ်အဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော် သတ်ဖြတ်ခဲ့ဖူးသည့် မိန်းမငယ်လေးနှင့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ထုတ်လွှတ်နေသော လူငယ်လေးလည်း ရှိနေသေးသည်။ ထို လေးယောက်ကြောင့် လူတိုင်းမှာ အံ့သြတုန်လှုပ်သွားကြရမည်သာ ဖြစ်သည်။
ထို့အပြင် ဝမ်ပေါင်လဲ့လည်း ရှိနေသေးသည်။ လူတိုင်း၏ အမြင်တွင် ရှဲ့တလုမှာလည်း အစွမ်းအထက်ဆုံး စာရင်းထဲ၌ ပါ၏။ သူ၏ အကျင့်စရိုက်များမှာ ထူးဆန်းပြီး သူ၏ အပြုအမူများမှာလည်း ရိုးသားဖြောင့်မတ်ခြင်း မရှိပေ။ အကယ်၍ သူသာ ပြင်ပကမ္ဘာထဲ၌ ရှိနေမည်ဆိုပါက ကိစ္စမရှိပါသော်လည်း ကြယ်သုဿာန်ထဲတွင်မူ လူတိုင်း၏ နောက်ခံအင်အားများမှာ သိပ်၍ အရေးမပါပေ။ သို့ဖြစ်ရာ မလိုအပ်ပါက သူ့အား ရန်မစမိခြင်းမှာ အကောင်းဆုံးဖြစ်ပေသည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ယခုလိုဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာပျက်သွားရ၏။ သူမသည် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးအား လှမ်းကြည့်လိုက်ပြီးနောက် အခြားသူများအား ကြည့်လိုက်၏။ ထို့နောက် သူမသည် တစ်ခဏမျှ ငြိမ်းကျသွားပြီး သူတို့၏ နောက်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်တော့သည်။
သူမသည် ဝမ်ပေါင်လဲ့မှာ ဝှက်ဖဲအချို့ ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း လက်ခံရပေမည်။ အကယ်၍ သူသာ ခရီးစဥ်တစ်လျှောက်လုံးတွင် အကျိုးအမြတ်ရရှိနိုင်ရန်သာ အာရုံစိုက်နေခဲ့ပါက ယခုလို အခြေအနေမျိုးသို့ ရောက်လာနိုင်မည်မဟုတ်ပေ။
သူ အခြားသူများအား ပေးခဲ့သည့် လက်ဆောင်များကြောင့် ယခုတွင် ထိုကဲ့သို့သော အကျိုးကျေးဇူးများကို ပြန်လည် ခံစားနေရခြင်းဖြစ်သည်။ သူ ပေးခဲ့သည့် လက်ဆောင်မှာ အခကြေးငွေ မယူခဲ့ခြင်းသာဖြစ်ရာ သူတို့ထဲမှ အများစုအတွက် ရေးကြီးခွင်ကျယ် မဟုတ်ပါသော်လည်း အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးအတွက်မူ ထိုကဲ့သို့ မဟုတ်ပေ။
" သူတို့က ရှဲ့တလုဘက်ကနေ ရပ်တည်ပေးနေတဲ့ပုံ ပေါက်ပေမဲ့ နောက်ထပ် အကြောင်းပြချက်တစ်ခု ရှိနေသေးတယ်... သူတို့က အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနဲ့ ဟို ကလေးမလေးကို အပိုင်ပေါင်းထားချင်လို့ပဲ။ သူတို့က ထူးဆန်းတဲ့ နောက်ကြောင်းရာဇဝင်တွေ ပိုင်ဆိုင်ထားပြီးတော့ အရမ်းကို ရက်စက်ကြမ်းကြုတ်ကြတဲ့ လူတွေ "
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်း၏ သူတော်စင်တစ်ယောက် ဖြစ်လာနိုင်လောက်သည့်အထိ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်သည်။ ထိုကြောင့်လည်း သူမသည် ဝမ်ပေါင်လဲ့ကြောင့် တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ဒေါသထွက်နေခဲ့ရသည့်တိုင်အောင် စိတ်ပြန်လည်တည်ငြိမ်သွားချိန်တွင် လက်ရှိအခြေအနေကြီးတစ်ခုလုံး၏ အဓိကသော့ချက်အား သိရှိသွားအောင် ခြုံငုံသုံးသပ်နိုင်ခဲ့သည်။
သူမ ခန့်မှန်းထားခဲ့သည့် အတိုင်းပင်။ အကယ်၍ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် မိန်းမငယ်လေးတို့သာ အရင်ဆုံး ရှေ့သို့ထွက်လာခဲ့ခြင်းမရှိပါက ပညာရှိပုံစံ လူငယ်လေးမှာ ဝမ်ပေါင်လဲ့တစ်ယောက်တည်းအတွက်နှင့် သူ့ဘက်မှ ရပ်တည်ပေးမည် မဟုတ်ပေ။
ထို သုံးယောက်ထဲမှ တစ်ယောက်ချင်းစီပင်လျှင် ထို ပညာရှိပုံစံလူငယ်လေး၏ စိတ်အား ယိမ်းယိုင်သွားအောင် လုပ်နိုင်မည်မဟုတ်ဟု ဆိုနိုင်ပေသည်။ သို့သော် သူတို့သုံးယောက် အတူတကွ ပေါင်းစည်းသွားကြသောအခါ ထို လူငယ်လေးသည်လည်း သူတို့နှင့် မိတ်ဆွေဖွဲ့ချင်စိတ်များ ပေါ်ပေါက်လာရသည်သာ ဖြစ်သည်။
ထို့အပြင် ထို လူငယ်လေးမှာ မျက်နှာဖုံးတပ်ထားသည့်အမျိုးသမီး၏ နောက်ကြောင်းရာဇဝင်ကိုလည်း ခပ်ရေးရေးမျှ ခန့်မှန်းမိထားပြီ ဖြစ်သည်။ ထိုမျှသာမက သူသည် ထို အမျိုးသမီး ရှဲ့တလုအား ဆက်ဆံသည့်ပုံမှာ အခြား ပါရမီရှင်များအား ဆက်ဆံသည့်ပုံနှင့် မတူသည့် အချက်ကိုလည်း သတိထားမိထား၏။
ခေါင်းလောင်းနှင့် မိန်းမပျိုလေး မျက်စိမျက်နှာပျက်နေစဉ် ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေ၏။ သူသည် သူ၏ရှေ့တွင် ရှိနေသည့် လူလေးယောက်အား စိုက်ကြည့်ရင်း မျက်လုံးများ မှေးသွားသည်။ သို့သော် သူသည် ခေါင်းလောင်းနှင့် မိန်းမပျိုလေးကဲ့သို့ ထိုလေးယောက် ယခုလို ပြုမူနေရသည့် အကြောင်းရင်းအား စဉ်းစားတွေးတောနေခြင်းမရှိဘဲ ဤကိစ္စကြီးအား နှလုံးသားထဲ၌ မှတ်သားထားရန်သာ ဆုံးဖြတ်လိုက်သည်။
၎င်းမှာ ဝမ်ပေါင်လဲ့၏ အကျင့်စရိုက် ဖြစ်ပေသည်။ သူသည် တစ်ခါတစ်ရံတွင် သေးဖွဲ့သိမ်နုတ်သော အငြိုးအတေးများ အတွက်ပင် လက်တုံ့ပြန်တတ်ပြီး သူ့ကိုယ်သူပင် ညှာတာလေ့မရှိသည့် လူတစ်ယောက်ဖြစ်ပါသော်လည်း နှလုံးသားထဲတွင်မူ အခြားသူများ သူ့အား ပေးခဲ့သည့် အကူအညီများကို ဘယ်သောအခါမှ မမေ့ထားတတ်ပေ။ ထို့ကြောင့် သူသည် သူ၏ လက်ထဲတွင် ရှိနေသည့် လက်ရိုက်တံလေးချောင်းအား ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုလိုက်၏။
" အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်းရင်းတို့။ ငါ့ရဲ့ လက်ထဲက လက်ရိုက်တံလေးချောင်းထဲက ငါ ယူထားဖို့လိုတဲ့ တစ်ချောင်းကလွဲလို့ ကျန်တဲ့ သုံးချောင်းကို လိုချင်ရင် ပြောနော် "
" ကျွန်မ တစ်ချောင်းလိုချင်တယ် " ဝမ်ပေါင်လဲ့၏ ကမ်းလှမ်းချက်အား အရင်ဆုံး လက်ခံလိုက်သည့် သူမှာ မိန်းမငယ်လေး ဖြစ်သည်။ သူမသည် ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အမူအရာဖြင့် မျက်စိပေကလပ်ပေကလပ် လုပ်ကာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေသည်။
" ကျွန်မက ကျွန်မရဲ့ ဦးလေးကို ရှာဖို့ အိမ်ကနေ ခိုးထွက်လာခဲ့ရတာ။ အဲတာမလို့ ပိုက်ဆံ မပါလာလို့ပါ ... "
ဝမ်ပေါင်လဲ့မှာ သူမ၏စကားများကို ကြားလိုက်ရသောအခါ စကားတစ်ခွန်းမှ ထပ်ပြောနေခြင်း မရှိဘဲ သူ၏လက်ကို ဝှေ့ယမ်းကာ လက်ရိုက်တံတစ်ချောင်းအား လှမ်းပစ်ပေးလိုက်၏။ မိန်မငယ်လေးမှာလည်း ထိုလက်ရိုက်တံအား လှမ်းဖမ်းလိုက်ပြီးနောက် ပျော်ရွှင်မြူးထူးနေသည့် မျက်နှာအမူအရာဖြင့် ၎င်းအား လေထဲ၌ မြှောက်လိုက်၏။ ထို့နောက် သူမသည် အပြင်ဘက်၌ ရပ်နေသည့် လူအုပ်ကြီးအား လှမ်း၍ အော်ပြောလိုက်တော့သည်။
" ဈေးအမြင့်ဆုံး ပေးနိုင်တဲ့လူကို ရောင်းမယ်။ လိုချင်ရင် ငါ့ဆီ အသံလွှင့်အကြောင်းကြားစာ မြန်မြန်လေး ပို့ကြ "
ဝမ်ပေါင်လဲ့မှာ ထို မိန်းမငယ်လေး သူ၏ စီးပွားရေးလုပ်ငန်းအား အလစ်သုတ်သွားသည်ကို ဂရုစိုက်နေခြင်းမရှိသလို အပြင်ဘက်တွင် ရှိနေသည့် လူအုပ်ကြီးကိုလည်း ဂရုစိုက်နေခြင်း မရှိပေ။ သူသည် မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားနှစ်ယောက်ကိုသာ ကြည့်ကာ သူတို့၏ အဖြေများကို စောင့်ဆိုင်းနေလိုက်သည်။
" ငါ မယူတော့ပါဘူး " ထိုအခါ ပညာရှိပုံစံလူငယ်လေးမှာ ပြုံးကာ ခေါင်းယမ်းလိုက်၏။ သတ်ဖြတ်လိုစိတ်အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာလည်း ထိုနည်းတူပင်။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာမူ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ဆိုလိုက်၏။
" ငါ တစ်ချောင်း ဝယ်မယ် "
" ဒါ ငါ နင့်ကို လက်ဆောင်ပေးတာပါ " ဝမ်ပေါင်လဲ့မှာမူ ဟိတ်ဟန်အပြည့်ထုတ်ကာ သူ၏ လက်အား ဝှေ့ယမ်းလိုက်ပြီးနောက် လက်ရိုက်တံတစ်ချောင်းအား လှမ်းပစ်ပေးလိုက်၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးမှာ ၎င်းအား လှမ်းယူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား တစ်ချက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ ဆက်ပြောမနေတော့ပေ။
သူ့ဆီတွင် လက်ရိုက်တံသုံးချောင်း ပိုနေခဲ့သည်ဖြစ်ရာ ယခုတွင် ထိုသုံးချောင်းထဲမှ တစ်ချောင်း ကျန်နေသေးသည်။ ဝမ်ပေါင်လဲ့မှာ ထို လက်ရိုက်တံအား ကိုင်ထားရင်း မိန်မငယ်လေး၏ စီးပွားရေးလုပ်ငန်း အလုပ်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ တစ်ယောက်မှာဆိုလျှင် သူမအား သလင်းကျောက်နီ အတုံးဆယ်သန်းတိတိပေးရန် ကမ်းလှမ်းထား၏။ ထို့ကြောင့် သူသည်လည်း စိတ်ဝင်စားသွားရပြီး သူ၏ လက်ထဲမှ လက်ရိုက်တံအား ရောင်းချရန်သင့်မသင့် စဉ်းစားနေတော့သည်။
ဝမ်ပေါင်လဲ့ အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် လူအုပ်ကြီးထဲမှ လူတစ်ယောက် ထွက်လာပြီး ဝမ်ပေါင်လဲ့အား လှမ်း၍ အော်ပြောလိုက်၏။
" တာအိုရောင်းရင်းရှဲ့။ ကျွန်တော့်ကို မျက်နှာသာ ပေးတဲ့အနေနဲ့ တာအိုရောင်းရင်း လက်ထဲက လက်ရိုက်တံကို ကျွန်တော့်ဆီ ရောင်းပေးလို့ရမလား "
ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ခေါင်းမော့ကြည့်လိုက်ပြီးနောက် ကျေနပ်သွား၏။ ထိုသို့ လှမ်းပြောလိုက်သည့်လူမှာ မကြာသေးမီတုန်းက သူ၏ပုံရိပ် ထိပါးသွားမည်ကို စိုးရိမ်နေခဲ့သည့် ကောင်းရှုံ့ဖြစ်ပေသည်။ သူ၏ ဆံပင်မှာ မိုးထိုးလုမတတ် ထောင်ကာ တလက်လက် တောက်ပြောင်နေ၏။ သူသည် အစွမ်းထက်ပါသော်လည်း အမျက်ချောင်းချောင်းထွက်နေခဲ့သည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား ရင်ဆိုင်ခဲ့ရသဖြင့် လက်ရိုက်တံတစ်ချောင်း ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် စိတ်မသက်မသာ ဖြစ်နေရသည်။
ယခုတွင် သူသည် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ လက်ရိုက်တံတစ်ချောင်း ပိုနေသည်ကို မြင်လိုက်ရသည် မဟုတ်ပါလော။ ထို ပုဂ္ဂိုလ်မှာ သူ့အား မျက်နှာသာ ပေးခဲ့ဖူးသည်ဖြစ်ရာ သူသည် ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်း ဖြစ်ပေသည်။
ယခင်တုန်းကအတိုင်းသာဆိုပါက ဝမ်ပေါင်လဲ့မှာ သူ့အား မျက်နှာသာပေးသည့်အနေဖြင့် လျှော့စျေးဖြင့် ရောင်းချပေးလိုက်မည်သာ ဖြစ်သည်။ သူ၏ အဓိကပစ်မှတ်မှာ ငွေရှာနိုင်ရန်သာ မဟုတ်ပါလော။ သို့သော် ယခုတွင် သူသည် သူ၏ အစွမ်းအစများကို ထုတ်ပြပြီးသွားပြီ ဖြစ်သလို သူ့ဘက်တွင် ရပ်တည်ပေးနေကြသည့် လူများလည်း ရှိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ အခြားသူများ၏ အမြင်တွင် သူ၏ နောက်ခံအင်အားမှာ အားနည်းနေသေးပါသော်လည်း သူတို့မှာ သူ့အား တန်းတူအဆင့်အတန်းတစ်ခုတွင် ထား၍ ဆက်ဆံရတော့မည် ဖြစ်သည်။
တစ်ချိန်ထဲမှာပင် သူသည် လီလင်းကျစ် လှေပေါ်တွင် ရှိနေခဲ့စဉ်တုန်းက လုပ်ခဲ့သည့် လုပ်ရပ်များကို ပြန်၍ သတိရသွား၏။ ထို့ကြောင့် သူသည် ရယ်မောကာ သူ၏ လက်ထဲမှ လက်ရိုက်တံအား လှမ်းပစ်ပေးလိုက်တော့သည်။
" တာအိုရောင်းရင်းကောင်းက အခုလို တောင်းဆိုနေမှာတော့ ကျွန်တော်ကလည်း မျက်နှာသာ ပေးရတာပေါ့ဗျ။ ဘာမှ ဈေးလျှော့ပေးနေဖို့ကို မလိုဘူး။ မိတ်ဖြစ်ဆွေဖြစ် အနေနဲ့ အလကားပေးလိုက်မယ် "
ကောင်းရှုံ့ကိုယ်တိုင်ပင်လျှင် ထို လက်ရိုက်တံအား လက်ခံရရှိလိုက်သောအခါ မှင်တက်သွားရ၏။ အခြားတစ်ဖက်တွင် မိန်းမငယ်လေးမှာ သူမ၏ လက်ရိုက်တံအား သလင်းကျောက်နီ အတုံးဆယ်သန်းကျော်နှင့် ရောင်းချနိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထို ငွေကြေးပမာဏအား ထုတ်ပေးရန် အဆင်သင့်ဖြစ်နေခဲ့ပါသော်လည်း ယခုတွင်မူ ရှဲ့တလုမှာ သူ့အား မျက်နှာသာပေးလိုသောကြောင့် သူ့ဆီမှ တစ်ပြားတစ်ချပ်ပင် တောင်းခံခဲ့ခြင်းမရှိပေ။
ထို့ကြောင့် သူသည် စိတ်နှလုံး လှုပ်ရှားသွားရပြီး မျက်လုံးများပင် နီမြန်းလာရတော့သည်။ သူသည် ငယ်စဉ်ကတည်းက သူ၏ ဂုဏ်သိက္ခာအား အလွန်အင်မတန်မှ အရေးစိုက်ခဲ့သည်သာ ဖြစ်သည်။ ယခုတွင် သူသည် လူအများကြီး၏ ရှေ့၌ ယခုလို မျက်နှာသာ ပေးခံလိုက်ရသည်ဖြစ်ရာ ဝမ်းသာမဆုံး ဖြစ်နေတော့သည်။
ထို့ကြောင့် သူသည် စိတ်လှုပ်တရှားနှင့် အော်ဟစ်ရယ်မောကာ ဆိုလိုက်၏။
" ညီကိုတလုနဲ့ ကျွန်တော် မိတ်ဆွေအစစ်တွေ ဖြစ်သွားပြီ။ ဒါပေမဲ့ ရှဲ့မိသားစုက ကျင့်ဝတ်တွေကို အရမ်းအလေးထားမှန်း ကျွန်တော် သိပါတယ်။ အဲတာမလို့ ကျွန်တော်တို့တွေ မိတ်ဆွေဖြစ်နေတာတောင်မှ စီးပွားရေးကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကိစ္စကို ရောလို့ ဘယ်ဖြစ်မလဲဗျ။ ညီကိုတလုက ကျွန်တော့်ကို မျက်နှာသာပေးခဲ့မှတော့ ကျွန်တော့်ဘက်ကလည်း ပြန်ပြီးတော့ ကျေးဇူးသိတတ် ရတာပေါ့။ ဒီလိုလုပ်။ ကျွန်တော် ကောင်းရှုံ့ ညီကိုတလုဆီမှာ သလင်းကျောက်နီ အတုံးဆယ်သန်း အကြွေးတင်နေတယ်လို့ သဘောထားလိုက် "
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ကောင်းရှုံ့ဆိုသည့်လူမှာ သူ၏ ဂုဏ်သိက္ခာအား ဆတ်ဆတ်ထိမခံသည့် လူတစ်ယောက်ဖြစ်သည့်တိုင်အောင် နှစ်လိုဖွယ်ရာ အကျင့်စရိုက်တစ်ခုအား ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်း ခံစားလိုက်ရ၏။ သူသည် ထိုကဲ့သို့သော လူမျိုးနှင့် တည့်အောင် ပေါင်းနိုင်မည်ဆိုပါက သူ့ကြောင့် အန္တရာယ်ပြုခံရမည်ကို စိုးရိမ်နေစရာမလိုပေ။
အဘယ့်ကြောင့်ဆိုသော သူသည် သူ၏ ဂုဏ်သိက္ခာအား အလွန်အင်မတန်မှ အလေးထားသူတစ်ယောက် မဟုတ်ပါလော။
သို့ဖြစ်ရာ သူ၏မိတ်ဆွေအား အန္တရာယ်ပြုမိခဲ့သည့် သတင်းများသာ ပျံ့နှံ့သွားမည်ဆိုလျှင် သူ၏ ဂုဏ်သိက္ခာမှာလည်း တံတွေးခွက်ထဲ၌ ပက်လက်မျောသွားရမည်သာ ဖြစ်သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရယ်မောလိုက်ပြီး သူ၏ ကမ်းလှမ်းချက်အား လူအများ၏ ရှေ့၌ ငြင်းဆန်ခဲ့ခြင်း မရှိဘဲ သူ၏လက်ကိုသာ ဝှေ့ယမ်းပြလိုက်သည်။ ထိုအခါ ခေါင်းရှုံ့မှာလည်း စိတ်သက်သာရာရသွားပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ဝမ်ပေါင်လဲ့အား ဦးညွှတ် အရိုအသေပေးလိုက်တော့သည်။ ထို့နောက် သူသည်လည်း ဝမ်ပေါင်လဲ့ဘက်မှ ရပ်တည်ပေးလိုသည့် အမူအရာဖြင့် မိန်းမငယ်လေး၏ ဘေး၌ ဝင်ထိုင်လိုက်၏။
ထိုသို့ဖြင့် လက်ရိုက်တံ တစ်ချောင်းချင်းစီတိုင်းမှာ ပိုင်ရှင်တစ်ယောက်စီ ရှိသွားကြပြီဖြစ်သည်။ ထိုအခါ ၎င်းတို့အားလုံးမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဝင်းလက်တောက်ပလာပြန်သည်။ သို့ဖြစ်ရာ အရည်အချင်းစမ်းသပ်ပွဲကြီး ပြီးဆုံးသွားတော့မည့်အချိန်သို့ ရောက်ရှိလာသည့်ပုံပင်။ လက်ရိုက်တံများအား ရရှိပိုင်ဆိုင်ထားခြင်းမရှိသည့် အခြားသူများမှာမူ စိတ်ပျက်နေကြပါသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် နှုတ်ဆိတ်နေကြရ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ လုံးဝမျှော်လင့်မထားသည့် ဖြစ်ရပ်ကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
သူသည် ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ အခွင့်အလမ်းအားလုံးကို တားဆီးပိတ်ဆို့နိုင်ခဲ့ပြီဟု ယုံကြည်နေခဲ့၏။ မိန်းမငယ်လေးဆီမှ လက်ရိုက်တံအား ဝယ်ယူခဲ့သည့် ပါရမီရှင်ဖြစ်စေ၊ မျက်နှာဖုံးနှင့် အမျိုးသမီး လက်ဆောင်ပေးလိုက်သည့် ပါရမီရှင်ဖြစ်စေ၊ သူတို့မှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် လုံးဝ ပတ်သက်မှုမရှိသည့်ပုံပင်။ သူမသည် တိုက်ပွဲသုံးကျေးကျွန်များကို ပိုင်ဆိုင်ထားလျှင်တောင် သူတို့၏ အရေအတွက်မှာ အနည်းငယ်မျှသာ ရှိနေမည်ဖြစ်သည်။ သို့သော် နောက်ဆုံးအခိုက်အတန့်တွင်...
ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် ကတောက်ကဆဖြစ်ခဲ့ပြီး အခြားတောင်တစ်လုံးဆီမှ လက်ရိုက်တံတစ်ချောင်းအား ရိုက်ယူနိုင်ခဲ့သော ပိန်ပါးပါး ကျင့်ကြံသူမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးဆီသို့ လျှောက်လှမ်းသွားလိုက်ပြီးနောက် သူ၏လက်ထဲမှ လက်ရိုက်တံအား သူမဆီသို့ တရိုတသေ ဆက်သလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကြောင့် မျက်လုံးများ မှေးသွားရ၏။ ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာမူ ခေါင်းမော့လာပြီး သူ့အား လှောင်ပြောင်လိုသည့် မျက်ဝန်းများဖြင့် ကြည့်နေလိုက်သည်။ ၎င်းမှာ သူမ၏ အစီအစဉ် အစစ်အမှန် ဖြစ်ပေသည်။ အခြား အစီအစဉ်များအားလုံးမှာ အပေါ်ယံ ဟန်ပြမျှသာ ဖြစ်၏။ သူမသည် ရှဲ့တလုမှာ လက်ရိုက်တံများ သူမ၏ လက်ထဲသို့ ရောက်မလာနိုင်အောင် လိုက်လံတားဆီးနေခြင်းဖြစ်ကြောင်း သိထားသည်။ ထို့ကြောင့် သူမသည် ယခုလို တိတ်တဆိတ် ကြိုတင်စီစဉ်ထားခဲ့ခြင်းဖြစ်၏။ သူမသည် အခြားသူများအား ဝမ်ပေါင်အား ဝိုင်းဝန်းတိုက်ခိုက်ရန် မစည်းရုံးနိုင်ခဲ့သည့်တိုင်အောင် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ဆဲပင်။
သို့သော် သူမသည် ထိုနည်းလမ်းဖြင့် သူမ၏ နောက်ဆုံး တိုက်ပွဲသုံးကျေးကျွန်အား အသုံးပြုလိုက်ရသည်ကို နှမြောနေ၏။ သူမသည် ၎င်းအား စည်တီးခတ်ကာ ဂြိုဟ်များအား ဆွဲငင်ရာ၌ အသုံးပြုနိုင်ရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်သို့ ရောက်လာလျှင် သူမသည် လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို အသုံးပြုကာ ထိုကျေးကျွန်၏ အခွင့်အလမ်းအား သိမ်းပိုက်လိုက်မည် ဖြစ်သည်။ ထိုသို့သာဆိုပါက သူမသည် အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခြေ ပိုမိုမြင့်မားလာမည် ဖြစ်သည်။
အခြားသူများ သူမ၏ တိုက်ပွဲသုံးကျေးကျွန်များအကြောင်း သိရှိသွားသည့် အချက်ကိုမူ သူမသည် အထူးတလည် ဂရုစိုက်နေခြင်းမရှိပေ။ သူမသည် အထူးဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းကာ ဖီးနစ်ငှက်ကိုးကောင်ဂိုဏ်းဆီသို့ ပြန်ရောက်သွားသည်နှင့် သူမ၏ ရာထူးအဆင့်အတန်းမှာလည်း ပို၍မြင့်သွားမည် ဖြစ်သည်။ ထိုအခါ ထို တိုက်ပွဲသုံးကျေးကျွန်များ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ အမျက်ချောင်းချောင်း ထွက်နေလျှင်တောင် သူမအား ဘာမှလုပ်နိုင်ကြမည် မဟုတ်ပေ။