← Chapters

မြေကွဲသစ်သီး

Vol. 11 Ch. 149

မြေကွဲသစ်သီး

Vol. 11 Ch. 149

ချန်ဖန်းဟွာနဲ့ လီဖူချန်းတို့နှစ်ယောက် ပေါင်းစည်းမိသွားပြီးတဲ့ နောက်မှာတော့ ဆေးပင်တွေကို ရှာဖွေတဲ့ အလုပ်က ပိုပြီး တွင်ကျယ်လာခဲ့ပါတယ်။

အခုချိန်မှာတော့ အဝါရောင် အဆင့်မြင့် ဆေးပင်တွေပဲ ဖြစ်ဖြစ်၊ အဝါရောင် အလယ်အလတ် ဆေးပင်ဖြစ်ဖြစ် ဒါမှမဟုတ် ဆန်းကြယ်အဆင့် ဆေးပင်ပဲဖြစ်ဖြစ် ဘာဆေးပင်ကိုပဲ တွေ့တွေ့ လီဖူချန်းတို့ကတော့ နုတ်ယူပြီးသားပါပဲ။

ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာလည်း နေမင်းကြီးတစ်စင်း ရှိပါတယ်။

ညနေနေဝင်ခါနီး အချိန်မှာတော့ သူတို့နှစ်ဦးဟာ ကျောက်ဆောင် ကျောက်သားတွေနဲ့ ပြည့်နှက်နေတဲ့ တောင်တန်းကြီးတွေဘက်ကို ဦးတည် လာခဲ့ကြပါတယ်။ သူတို့ဟာ ညဘက်တွေကို ရောက်ရင်တော့ လုံခြုံတဲ့ နေရာတစ်ခုမှာ အနားယူဖို့ လိုအပ် ပါသေးတယ်လေ။

နေမင်းကြီးက တောင်စွယ်တွေရဲ့ အနောက်မှာ လုံးလုံး ခိုဝင်သွားတဲ့ နောက်မှာတော့ လီဖူချန်းတို့ဟာ တောင်ကြား ချိုင့်ဝှမ်းလေး တစ်ခုမှာ ရောက်နေကျပါပြီ။

တောင်ကြား ချိုင့်ဝှမ်းလေးရဲ့ အတွင်းဘက်ကျတဲ့ အပိုင်းမှာတော့ ရေကန်လေးတစ်ခု တည်ရှိနေပါတယ်။

အဲသည် ရေကန်လေးရဲ့ ဘေးမှာတော့ အနီရောင် ကြေးခွံတွေ ဖုံးအုပ်ထားတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင်က လဲလျောင်း အနားယူလို့ နေပါတယ်။ ဒီကောင်ကြီးက အနည်းဆုံး ၇ မီတာလောက် ရှိမည့်ပုံပါဘဲ။

“အဲဒါက အဆင့် ၃ အနိမ့်စား သားရဲဖြစ်တဲ့ သွေးနီကြေးခွံ သားရဲကောင်ဘဲ”

ချန်ဖန်းဟွာက လေသံ ခပ်တိုးတိုးဖြင့် သတိပေးလိုက်ပါတယ်။

“ဒီကောင်ကြီးကို ကြည့်ရတာ တန်ဖိုးကြီးတဲ့ ဆေးပင်တွေကို စောင့်ကြပ်နေတဲ့ပုံပဲ။ အနီးနားကို တိုးပြီး လေ့လာကြည့် ကျရအောင်”

လီဖူချန်းရဲ့ မျက်လုံးတွေက နေ့အခါအလား ရှင်းရှင်းလင်းလင်းကို မြင်နေရပါတယ်။ ဒီညအမှောင်ထုက သူ့ရဲ့ အမြင်အာရုံကို ယုတ်လျော့ သွားစေနိုင်စွမ်း မရှိဘူးလေ။

သိပ်မကြာခင်မှာပဲ လီဖူချန်းက မိစ္ဆာသားရဲကြီးရဲ့ ညာဘက်က ကျောက်တုံးကြီးပေါ်မှာ ပေါက်နေတဲ့ ဆေးပင် တစ်ပင်ကို တွေ့လိုက်ရပါတယ်။

ဒီအပင်ရဲ့ ပင်စည်က ပိန်းတိတ်နေအောင် မည်းနက်နေပြီး သီးနေတဲ့ အသီးကတော့ ငွေရောင်အဆင်း ရှိနေပါတယ်။

"ကျွန်တော်သိပြီ။ ဒီအကောင်ကြီးက ဆန်းကြယ် အဆင့်မြင့် မြေကွဲသစ်သီးကို စောင့်ကြပ်နေတာပဲ”

လီဖူချန်းက သူ့အကြည့်တွေကို ရုပ်သိမ်းလိုက်ပြီး ချန်ဖန်းဟွာကို ပြောပြလိုက်ပါတယ်။

“မြေကွဲသစ်သီးလား”ချန်ဖန်းဟွာက မျက်ခုံးပင့်လိုက်ပါတယ်။

မြေကွဲသစ်သီး ဆိုတာက အဖိုးအခနဲ့ ပေးဝယ်လို့ မရတဲ့ အရာတစ်ခုပါပဲ။ ဒီသစ်သီးက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၉ က ပညာရှင်ကိုတောင် တစ်ထိုင်တည်းနဲ့ မြေကမ္ဘာအဆင့်ကို တက်လှမ်း စေနိုင်ပါတယ်။

အဲသည် ပိုကောင်းတာက ဒီသစ်သီးက လုံးဝ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ သစ်သီးကို စားသုံးပြီး အဆင့်တက်လိုက်တဲ့ သူရဲ့ အတွင်းအား ပင်လယ်ထဲမှာ ဗလာနယ်ပယ်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ဘဲ နောက်ထပ် တစ်ဆင့်ကို လေ့ကျင့်ဖို့အတွက် အဆင့်သင့်ဖြစ်နေတဲ့ အတွင်းအားတွေကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါပေမဲ့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတိုင်းကိုတော့ မြေကမ္ဘာနယ်ပယ်ကို တက်လှမ်းစေနိုင်မှာ မဟုတ်ပါဘူး။ အပြင်လောကက သာမန် စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတွေကတော့ သူတို့ရဲ့ အတွင်းအား ကျင့်စဉ် အားနည်းချက်ကြောင့် မြေကမ္ဘာအဆင့်ကို ချိုးဖောက် ဝင်ရောက်နိုင်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ကတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ရဲ့ အထွတ်အထိပ်ကိုပဲ ရောက်ရှိစေမှာပါ။

ဂိုဏ်းတော်က တပည့်တွေမှာတော့ ဒီလိုပြဿနာမျိုး မဖြစ်နိုင်ပါဘူး။ သူတို့က အဆင့်မြင့် အတွင်းအား ကျင့်စဉ်တွေကို လေ့ကျင့်ထားတာ ဖြစ်တဲ့အတွက် ဒီမြေကွဲသစ်သီးရဲ့ ဆေးဖက်ဝင် အစွမ်းတွေကို အပြည့်အဝ စုပ်ယူပြီး ပြန်သန့်စင်နိုင်တယ်လေ။

ဝေါင်း …

ဒီသွေးနီကြေးခွံ သားရဲကြီးကလည်း လီဖူချန်းနဲ့ ချန်ဖန်းဟွာကို သတိထားမိပုံပါပဲ။ သူက ရန်မူလိုသည့် အမူအရာဖြင့် လဲလျောင်းနေရာမှ ထလိုက်ပြီး ဟိန်းဟောက် လိုက်ပါတယ်။ မိစ္ဆာဓာတ်တွေက တစ်မုဟုတ်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်က ကျောက်ခဲ သေးသေးလေး တွေကိုတောင် လေပေါ်မှာ ဝဲပျံ နေစေပါတယ်။

“အစ်မတော်ချန် …  အစ်မအနောက်ကို ဆုတ်နေရင် ကောင်းမယ် ထင်တယ်"

အဆင့် ၃ အနိမ့်စား သားရဲ ဆိုတာက သာမန် မြေကမ္ဘာ အဆင့် ၁ က လူကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်နိုင်တယ်လေ။

လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်အတိုင်း အတွင်းအားတွေကို လည့်ပတ်လိုက်ပြီး သွေးနီကြေးခွံ သားရဲကြီးဆီကို ပြေးထွက်သွား ပါတော့တယ်။

ဝေါင်း …

သွေးနီးကြေးခွံ သားရဲကြီးက တစ်ချက် ဟိန်းဟောက် လိုက်ပြီးတဲ့ အခါမှာတော့ သူ့ရဲ့ခန္ဓာကိုယ်က မီးတောက်မီးလျှံတွေက ထွက်ပေါ်လာပါတယ်။ ဒီသားရဲကြီးကလည်း ရှေ့လက်သည်းတွေကို မြေကြီးပေါ်မှာ ကုတ်ခြစ်ရင်းနဲ့ လီဖူချန်းကို စောင့်ကြိုနေတယ်လေ။

“သေစမ်း”

လီဖူချန်းရဲ့ ခန္ဓာကိုယ်က ပြေးနေရင်းနဲ့ ရုတ်တရက် ပျောက်သွားပြီး သွေးနီကြေးခွံ သားရဲကောင်ကြီးရဲ့ အရှေ့နားမှာ ပြန်ပေါ်လာပါတယ်။

သူ့ရဲ့ ကြယ်ပျံတစ်စင်းလို လျင်မြန်တဲ့ ဓားချက်ကလည်း သွေးနီကြေးခွံ သားရဲကောင်ကြီးကို ခုတ်ပိုင်းပြီးသားပါပဲ။

ရွှပ် …

တောက်ပနေတဲ့ ဓားရိပ်က အကြေးခွံတွေကို ထိုးဖောက်သွားပြီး ဓားဒဏ်ရာ တစ်ခုကို ချန်ထားရစ်ခဲ့ နိုင်ပါတယ်။

“လခွီးတဲ့မှပဲ။ ဒီအဆင့် ၃ သားရဲကြီးရဲ့ ခန္ဓာကိုယ်ကလည်း မာကျောလှချည်လား”

အဆင့် ၂ ထိပ်တန်း သားရဲကြီးတွေဟာ ၂၀၀၀၀ ကီလိုဂရမ်လောက် ရှိတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ကျပါတယ်။ အဆင့် ၃ အနိမ့်စား သားရဲတစ်ကောင် ကတော့ ၁၀၀၀၀၀ ကီလိုဂရမ် အားလောက်ရှိတဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ပိုင်ဆိုင်ပါတယ်လေ။ မိစ္ဆာသားရဲရဲ့ အမျိုးအစားကို လိုက်ပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကွာခြားပါသေးတယ်။

ဒီသွေးနီကြေးခွံ သားရဲကြီးတွေကတော့ နဂိုတည်းကမှ ခန္ဓာကိုယ် ကြံ့ခိုင်မှုမြင့်တဲ့ သားရဲအမျိုးအစားထဲ ပါပါတယ်။ သာမန် မြေကမ္ဘာအဆင့်၁က ပညာရှင်တွေတောင်မှ သူတို့ရဲ့ ခုခံမှုကို ဖောက်ထွက်နိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ လီဖူချန်းကတော့ မတူပါဘူး။ သူ့ရဲ့ မီးနဂါး လျှို့ဝှက်ကျင့်စဉ် တစ်ခုတည်းနဲ့တင်ကို သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်အဆင့်၉ကို ရောက်နေပါပြီ။ သူ့ရဲ့ ကြက်သွေးရောင် မီးတောက်ဆန္ဒရယ် ဓားဆန္ဒရယ်ကို ပေါင်းလိုက်တဲ့ အခါမှာတော့ သူက သွေးနီကြေးခွံ သားရဲကြီးရဲ့ ခံစစ်လိုင်းကို ဖောက်ထွက်သွားနိုင်တယ်လေ။

ဒဏ်ရာရသွားတဲ့ သွေးနီကြေးခွံ သားရဲကြီး ကတော့ ပိုပြီးဒေါသတွေ ထွက်လာပုံပါဘဲ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က မီးတောက်တွေက ပိုပြီးကြီးမားလာပြီး နောက်မှာတော့ သားရဲကြီးက လီဖူချန်းဆီကို တိုက်ခိုက်ဖို့ တစ်ဟုန်ထိုး ပြေးထွက်လာပါတယ်။

ရွှပ် …  ရွှပ် … ရွှပ် …

လီဖူချန်းက သူ့ရဲ့ အရိပ်မဲ့ ခြေသိုင်းကို သုံးပြီး သွေးနီကြေးခွံ သားရဲကြီးရဲ့ တိုက်ခိုက်မှုတွေကို ရှောင်လိုက်ကာ ဓားချက် ၃ ချက် ထုတ်လိုက်ပါသေးတယ်။ သွေးနီသားရဲကြီး ကတော့ နောက်ထပ် ဒဏ်ရာတွေ ရသွားသည့်ပုံပါပဲ။

ချန်ဖန်းဟွာရဲ့ မျက်လုံးထဲမှာတော့ သွေးနီကြေးခွံ သားရဲကြီးက ထောင်ချောက်ထဲမှာ ပိတ်မိနေတဲ့ သားကောင် တစ်ကောင်လိုပါပဲ။ လီဖူချန်းက ကျင်လည်စွာနဲ့ တဖြည်းဖြည်းချင်း ကျုံးသွင်းတိုက်ခိုက် အနိုင်ယူတော့မှာပါ။

နောက်ထပ် ၅ မိနစ်လောက် အကြာမှာတော့ လီဖူချန်းက သူ့ရဲ့ဓားကို သွေးနီကြေးခွံ သားရဲကြီးရဲ့ ဘယ်ဘက် မျက်လုံးထဲကို ထိုးစိုက်ပစ်လိုက်ပြီး အတွင်းအားတွေနဲ့ ဦးနှောက်ထဲထိ ရောက်သွားအောင် မွှေပစ်လိုက်ပါတယ်။

ဝုန်း …

သွေးနီကြေးခွံ သားရဲကြီးက မြေပြင်ပေါ်ကို ဘုန်းဘုန်း လဲကျသွားပါပြီ။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်က မီးတောက် မီးလျှံတွေကလည်း ငြိမ်းသွား ပါတော့တယ်။

လီဖူချန်းက သွေးနီကြေးခွံ သားရဲကြီးရဲ့ ရင်ကိုခွဲပြီး မိစ္ဆာအမြူတွေကို ရှာလိုက်ပေမဲ့ သူကံမကောင်းခဲ့ပါဘူး။ ဒီသားရဲကောင်ကြီးဆီမှာ ဘာအမြူတေမှ ရှိမနေပါဘူးလေ။

သူက တခြား အစိတ်အပိုင်းတွေကိုတော့ လုံးဝ စိတ်မဝင်စားပါဘူး။

“ဒီမြေကွဲသစ်သီးက ရွှေရောင်အဖြစ် ပြောင်းသွားပြီးမှ ခူးဆွတ်လို့ ရတာတဲ့။ ကြည့်ရတာ ကျွန်တော်တို့ဒီမှာ နောက်ထပ် တစ်ရက် နှစ်ရက်လောက် စောင့်ရမယ် ထင်တယ်”လီဖူချန်းက ပြောလိုက်ပါတယ်။

ချန်ဖန်းဟွာက ခေါင်းညိတ်လိုက်ပြီး …

”ငါတို့လောဖို့ မလိုသေးပါဘူး။ အချိန်တွေ ရှိသေးတာဘဲ"

ဒီတစ်ည ကုန်ဆုံး သွားခဲ့ရင်တော့ ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာ နေဖို့ အချိန် ၆ ရက်လောက်သာ လိုတော့မှာပါ။ ချန်ဖန်းဟွာ ကတော့ ဒီအချိန် ၆ ရက်ကို မြန်မြန် ကုန်ပါစေလို့သာ ဆုတောင်း နေပါတော့တယ်။

လီဖူချန်းနဲ့ ချန်ဖန်းဟွာတို့က မြေကွဲသစ်သီးရဲ့ ရင့်မှည့်တဲ့နှုန်းကို လျော့တွက်ခဲ့မိ ပုံပါပဲ။ ဒုတိယမြောက်နေ့ရဲ့ နံနက်ခင်း နေရောင်ခြည်က မြေကွဲသစ်သီးပေါ်ကို ကျရောက်တဲ့ အချိန်မှာတော့ မြေကွဲသစ်သီးက ရွှေရောင် ဖြစ်နေပါပြီလေ။ သစ်သီးကနေ ထွက်ပေါ်လာတဲ့ သင်းပျံ့ပျံ့ မွှေးရနံ့တွေက တောင်ကြားချိုင့်ဝှမ်း တစ်ခုလုံးကိုတောင် မွှေးပျံလို့ နေပါတော့တယ်။

“မြေကွဲသစ်သီးက လုံးဝကို ရင့်မှည့်နေပြီပဲ”

လီဖူချန်းက ကျောက်တုံးကြီးပေါ်ကို တက်လိုက်ပြီး မြေကွဲသစ်သီးကို ခူးဆွတ်လိုက်ပါတယ်။

“အစ်မတော်အတွက်” လီဖူချန်းက သစ်သီးကို ချန်ဖန်းဟွာကို လှမ်းပေးလိုက်ပါတယ်။

“ငါ့အတွက်လား” ချန်ဖန်းဟွာက လုံးဝ အံ့သြနေပုံပါပဲ။

လီဖူချန်းက ပြုံးပြီး …

“ဒီသစ်သီးက ကျွန်တော် စားလိုက်ရင်တောင် ဘာမှအကျိုးရှိမှာမှ မဟုတ်တာ။ ဒါက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူတွေ အပေါ်မှာပဲ အကျိုး သက်ရောက်မှု ရှိတာလေ။ ကျွန်တော်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ပဲ ရှိသေးတာ။ အစ်မတော်ကပဲ အရင်စားလိုက်ပြီး မြေကမ္ဘာအဆင့်ကို ရောက်အောင် အရင်လုပ်လိုက်ပါလား။ အစ်မတော် ချန်သာ မြေကမ္ဘာအဆင့်ကို ရောက်သွားရင် ကျွန်တော်လည်း အစ်မတော်ကို သိပ်ကာကွယ်ပေးစရာ မလိုတော့ဘူးလေ။ ပြီးတော့ ကျွန်တော်တို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုကောင်း သွားလိမ့်မယ်"

“အဲသည်လို လုပ်တာက ကောင်းပါ့မလား” ချန်ဖန်းဟွာက အနည်းငယ် ဝေခွဲမရ ဖြစ်နေပါသေးတယ်။

အမှန်အတိုင်း ပြောရရင်တော့ သူမကလည်း မြေကမ္ဘာအဆင့် ၁ ကို တက်လှမ်းချင်စိတ် ရှိပါတယ်။ သူမသာ မြေကမ္ဘာအဆင့် ၁ ကို ရောက်သွားမယ် ဆိုရင် အနည်းဆုံးတော့ သူမကိုယ် သူမ ကာကွယ်နိုင်စွမ်း ရှိလာမယ်လေ။ အခုလက်ရှိ သူမရဲ့ စွမ်းရည်က ဂိုဏ်းကြီး ၄ ဂိုဏ်းထဲမှာ အညံ့ဆုံးစာရင်းထဲ ဝင်နေတယ် ဆိုတာကိုလည်း သူမက သတိထားမိ နေတယ်လေ။ လီဖူချန်းက ချန်ဖန်းဟွာကို အားပေးလိုက်ပါတယ်။

“ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ မရေမတွက်နိုင်တဲ့ ဆေးပင်တွေ အများကြီး ရှိနေတာပဲ။ ပြီးတော့ အချိန်ကလည်း ၆ ရက်ကြီးများတောင် ကျန်နေသေးတယ်လေ။ ကျွန်တော်တို့က နောက်ထပ် မြေကွဲသစ်သီးတွေကို ရှာတွေ့နိုင်ပါသေးတယ်။ အစ်မတော်သာ အခုအချိန်မှာ ကျင့်ကြံခြင်း အဆင့်မတင်ထားဘူး ဆိုရင် နောက်ပိုင်း ကြုံလာမဲ့ အန္တရာယ်တွေကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

လီဖူချန်းက ချန်ဖန်းဟွာကို နောက်ပိုင်းမှာ ကာကွယ်နိုင်မယ်လို့ အာမမခံရဲပါဘူး။ ဒီဂိုဏ်းကြီး လေးခုစလုံးရဲ့ ဂိုဏ်းသား တော်တော်များများက အဆင့်တွေကို ချိုးနှိမ်ပြီး   ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲကို ဝင်ဖို့ စောင့်ဆိုင်း နေကျတာလေ။ မကြာခင် ရက်ပိုင်း အတွင်းမှာ မြေကမ္ဘာအဆင့်ကို ရောက်နေတဲ့ ပညာရှင်တွေ အမြောက်အများ ပေါ်လာနိုင်ပါတယ်။

“ဒီလိုဆိုတော့လည်း ကျေးဇူးပါပဲ မောင်လေးလီ” ချန်ဖန်းဟွာက မြေကွဲသစ်သီးကို လက်ခံယူ လိုက်ပါတယ်။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ ကနေ မြေကမ္ဘာအဆင့် ၁ ကို ချိုးဖောက် ဝင်ရောက်နိုင်ဖို့ ဆိုရင် ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် တစ်ခုကို လိုအပ်ပါတယ်။ ဒါမှ အောင်အောင်မြင်မြင်နဲ့ အဆင့်လှမ်းတက် နိုင်မှာပါ။ သိပ်မကြာခင်မှာဘဲ ချန်ဖန်းဟွာက သင့်တော်တဲ့ ကျောက်ဂူတစ်ခုကို ရှာဖွေတွေ့ရှိ သွားပါတယ်။ ထို့နောက်မှာတော့ သူမက ကျောက်ဂူထဲကို ဝင်သွားပြီး အဆင့်တက်ဖို့ စတင် ပါတော့တယ်။

ဂူထဲကို ရောက်သွား အပြီးမှာတော့ သူမက ရွှေရောင် မြေကွဲသစ်သီးကို စားလိုက်ပြီး ကြာပန်းပုံသဏ္ဌာန်ထိုင်ကာ အတွင်းအားကျင့်စဉ်ကို စတင် လေ့ကျင့်လိုက်ပါပြီ။

***

အချိန်တွေက နံနက်ခင်းကနေ နေ့လယ် ၊ နေ့လယ်ကနေ ညနေခင်းကို ရောက်လာပါပြီ။

လီဖူချန်းကတော့ ရေကန် ဘေးနားမှာ ထိုင်နေရင်းနဲ့ သူ့ရဲ့ ကြက်သွေးရောင် မီးတောက် အဆင့် ၁၅ ကို လေ့ကျင့်နေပါတယ်။ အဆင့် ၁၅ ဆိုတာက ဒီအတွင်းအား ပညာရပ်ရဲ့ ကန့်သတ်ချက် မဟုတ်သေးပါဘူး။ အဆင့်၁၅ရဲ့ အထွတ်အထိပ်ကို ရောက်သွားမှသာ တကယ့် ကန့်သတ်ချက် အစစ်အမှန်ပါ။

ညနေနေဝင်ခါနီး အချိန်လေးမှတော့ ချန်ဖန်းဟွာက အဆင့်တက်သွားခဲ့ ပါတော့တယ်။

ဝေါ … ဝေါ …  ဝေါ …

ဒီတောင်ကြား ချိုင့်ဝှမ်းလေးထဲ မှာတော့ လေနီကြမ်းတွေက ရုတ်တရက် တိုက်ခတ် လာပါတော့တယ်။ ကြောက်စရာကောင်းတဲ့ စွမ်းအင်မုန်တိုင်း တစ်ခုကလည်း ချန်ဖန်းဟွာ ရှိတဲ့ အရပ်ကနေ ထွက်ပေါ်လာ နေပါသေးတယ်။

“သူမက အဆင့်တက် သွားပြီလား”

လီဖူချန်းက သူ့ရဲ့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး ချန်ဖန်းဟွာ ဝင်သွားတဲ့ ဂူဘက်ကို လှမ်းကြည့် လိုက်ပါတယ်။

ဂူထဲမှာတော့ တောက်ပတဲ့ အရောင်အဝါတွေ ထွက်ပေါ် နေပါတယ်။ အဲဒါက ချန်ဖန်းဟွာရဲ့ ချီအရောင်အဝါတွေ ဖြစ်ပုံပါပဲ။

သိပ်မကြာခင်မှာတော့ လူရိပ်တစ်ရိပ်က ဂူထဲကနေ ထွက်လာ ပါတော့တယ်။

ချန်းဖန်ဟွာရဲ့ လက်ရှိချီ အရှိန်အဝါက အရင်တုန်းကထက် တစ်ဆ ဒါမှမဟုတ် နှစ်ဆ တိုးလာတာ မဟုတ်ပါဘူး။ အဆပေါင်း များစွာကို တိုးလာတာပါ။ ဒီထွက်ပေါ်နေတဲ့ ချီအရှိန်အဝါတွေက လှိုင်းလုံးကြီးတွေလိုပါပဲ။ တစ်လုံးပြီး တစ်လုံး ဆင့်ကဲဆင့်ကဲ ရိုက်ခတ် နေတာပါ။

“ဘယ်လို ခံစားရလဲ”လီဖူချန်းက ပြုံးတုံ့တုံ့ လုပ်ပြီး မေးလိုက်ပါတယ်။

“ခွန်အားတွေ အရမ်း ပြည့်နေတယ်။ ဒါတောင် မြေကမ္ဘာနယ်ပယ် အဆင့် ၁ ပဲ ရှိသေးတာနော်။ လုံးဝကို အသစ်တစ်ဖန် ပြန်မွေးဖွားလာတဲ့ အတိုင်း ခံစားနေရတယ်။ ငါ့ရဲ့ ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေကို ခံစားနိုင်တဲ့ အာရုံကလည်း ပိုကောင်းလာသလိုပဲ”

သူမရဲ့ စကား ဆုံးသွားတာနဲ့ ချန်ဖန်းဟွာက မြေကြီးကို လက်ဝါးနဲ့ ရိုက်ချလိုက်တယ်လေ။

ဟူး …

သူမရဲ့ လက်ဖဝါးကနေ ကြောက်စရာကောင်းတဲ့ လေထုဖိအား တစ်ခုက ထွက်ပေါ်လာပြီး မြေပြင်တစ်ခုလုံးကို သိမ့်သိမ့်တုန်ကာ အက်ကွဲ သွားစေပါတော့တယ်။

***

All Chapters