သွေးဆေဘာ လင်းဟောင်
Vol. 11 Ch. 150
“အရမ်း အစွမ်းထက် လာတာပဲ” လီဖူချန်းက ခေါင်းညိတ်ပြီး အသိအမှတ် ပြုလိုက်ပါတယ်။
တစ္ဆေလက်သည်း ကျန်းရှန်ထက် အများကြီးကို အစွမ်းထက်နေပါပြီ။
ဂိုဏ်းတော်က ပါရမီရှင် တစ်ယောက် မြေကမ္ဘာအဆင့်ကို တက်လှမ်း သွားနိုင်တာက ကျားတစ်ကောင်ကို အတောင်တပ် ပေးလိုက် သလိုပါပဲ။ အစောပိုင်းတုန်းက ချန်ဖန်းဟွာ ထုတ်လိုက်တဲ့ လက်ဝါးရိုက်ချက်က သာမန်မြေကမ္ဘာ အဆင့် ၁ က ပညာရှင် တစ်ယောက်ကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်နိုင်ပါတယ်။
“မောင်လေးလီ … ဒါက သတ္တရိုင်းနဲ့ တူတယ်"
ချန်ဖန်းဟွာက တစ်ခုခုပြောဖို့ ပြင်နေစဉ်မှာပဲ ရုတ်တရက် မြေပြင်ပေါ်က အရာတစ်ခုကို သတိပြုမိ သွားပါတယ်။
သူမရဲ့ လက်ဝါး ရိုက်ချက်ကြောင့် ကွဲအက်သွားတဲ့ မြေကြီးအက်ကြား တစ်နေရာမှာတော့ သတ္တုရောင်တွေ တဖိတ်ဖိတ် တောက်ပ နေတယ်လေ။
“ကျွန်တော် ကြည့်ကြည့်လိုက်မယ်"
လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို မြေအောက်ထဲကို ပို့ပြီး စစ်ဆေး ကြည့်လိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ခရမ်းရောင်နဲ့ ငွေရောင် ရောစပ်နေတဲ့ အရိုးပြာအိုး တစ်လုံးစာ သတ္တရိုင်း တစ်ခုက သူ့ရဲ့ အသိစိတ် အာရုံထဲမှာ ပေါ်လာခဲ့ပါပြီ။
“ဒါက ဆန်းကြယ် အဆင့်နိမ့် ခရမ်းရောင်ငွေစင် သတ္တုရိုင်းပဲ” လီဖူချန်းက ချန်ဖန်းဟွာကို အသိပေးလိုက်ပါတယ်။
လီဖူချန်းက ဘယ်လိုလုပ်ပြီးသိလဲ ဆိုတာကို ချန်ဖန်းဟွာက စိတ်မဝင်စားပါဘူး။ သူမက ရွှန်းလဲ့တဲ့ အကြည့်တွေနဲ့ လီဖူချန်းကိုပဲ စိုက်ကြည့်နေတာပါ။
ခရမ်းရောင် ငွေစင်သတ္တုရိုင်း တစ်ကီလိုဂရမ်က ထောက်ပံ့ရေးရမှတ် ၇၀၀ ရှိတယ်လေ။ ၁၀၀၀ကီလိုဂရမ် ဆိုရင် ထောက်ပံ့ရေးရမှတ် ၇သိန်း ရမှာပါ။ ဒါက တော်တော်များတဲ့ ပမာဏပါပဲ။
သတ္တုရိုင်းတုံးကြီးကို တူးယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက ကိုင်ကြည့်ပြီး အလေးချိန်ကို မှန်းဆ လိုက်ပါတယ်။
“၂၀၀၀ ကီလိုဂရမ်ကတော့ အသာလေးပဲ”
ချန်ဖန်းဟွာက သူမရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်ပြီး ဓားချက် ၃ ချက် ဆက်တိုက် သုံးကာ သတ္တုရိုင်းတုံးကို ပိုင်းဖြတ်လိုက်ပါတယ်။
တစ်ပိုင်းကတော့ အတော်လေးကြီးပြီး နောက်တစ်ပိုင်း ကတော့ ၃၀၀ ကီလိုဂရမ်လောက်ပဲ ရှိမဲ့ပုံပါ။
“ငါက သေးတဲ့ အပိုင်းယူလိုက်မယ်။ နင်ကတော့ ကြီးတဲ့အပိုင်းကို ယူလိုက်”
လီဖူချန်းသာ မရှိခဲ့ရင် သူမက အခုချိန်အထိ အသက်ရှင်နေမှာ မဟုတ်ဘူးလေ။ သူမအတွက်ကတော့ ဒီကီလိုဂရမ် ၃၀၀ ရှိတဲ့ ခရမ်းရောင်ငွေစင် သတ္တရိုင်းတုံးနဲ့ကို လုံလောက်နေပါပြီ။
လီဖူချန်းက ချန်ဖန်းဟွာရဲ့ စိတ်ဓာတ်ကို နားလည်တဲ့အတွက် ဘာမှ ပြောမနေတော့ဘဲ ကျန်နေတဲ့ သတ္တုရိုင်းတုံးကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပါတယ်။
ကောင်းကင်ကြီး တစ်ခုလုံးက မှောင်မိုက် နေပေမဲ့လည်း လီဖူချန်းတို့ နှစ်ယောက်ကတော့ တောင်ကြားချိုင့်ဝှမ်း ဒေသလေးထဲက ထွက်ခွာဖို့ကို ပြင်ဆင်နေကြပါတယ်။
သူတို့ရဲ့ လက်ရှိ အရည်အချင်းနဲ့ ဆိုရင် ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ ကြောက်ရမဲ့သူ မရှိတော့ပါဘူး။ ဒါကြောင့် လီဖူချန်းတို့က ပုန်းအောင်း မနေတော့ဘဲ ထွက်လာခဲ့ကျတာပါ။
***
“နောက်ဆုံးတော့လည်း ငါက မြေကမ္ဘာနယ်ပယ် အဆင့် ၁ ကို ရောက်ခဲ့ပြီ”
သာယာလှပတဲ့ တောအုပ်ကြီးရဲ့ အတွင်းပိုင်း တစ်နေရာမှာတော့ လျူဝူဟောင်တစ်ယောက် ရှိနေပါတယ်။ သူက မျက်လုံးတွေကို ဖြည်းညင်းစွာ ဖွင့်လိုက်တဲ့ အခါမှာတော့ အရာရာကို အုပ်စိုးမဲ့ ချီအရှိန်အဝါတွေက ထွက်ပေါ်လာခဲ့ပါပြီ။ အဲဒီအရှိန်အဝါက ဆယ်မီတာ အတွင်းမှာရှိတဲ့ သစ်ပင်တွေကို သစ်ရွက်တွေ တစ်ရွက်မှ မရှိတော့သည်အထိ ဖြစ်သွား စေခဲ့တယ်လေ။
“သေစမ်း”
လျူဝူဟောင် လေ့ကျင့်နေတဲ့ နေရာနဲ့ မီတာအနည်းငယ် အကွာအဝေးမှာတော့ အဆင့် ၂ မိစ္ဆာသားရဲ တစ်ကောင်ကတော့ လျူဝူဟောင်ရဲ့ တည်ရှိနေမှုကို အန္တရာယ်လို့ ခံစားရတဲ့အတွက် အဝေးကို ထွက်ပြေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ရက်စက် ကြမ်းကြုတ်တဲ့ နဂါးတစ်ကောင်နဲ့ ဆင်တူတဲ့ ချီအတွင်းအားတွေက ထွက်ပေါ်လာပြီး မိစ္ဆာသားရဲကြီးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေခဲ့တယ်လေ။
“ဒါက မြေကမ္ဘာနယ်ပယ် အဆင့်၁က ပညရှင်တစ်ယောက်ရဲ့ အစွမ်းတွေပေါ့”
လျူဝူဟောင်ရဲ့ အရာရာကို အထက်စီးကနေ လွှမ်းမိုး ချုပ်ကိုင်ချင်တဲ့ အာဏာရှင် အငွေ့အသက်တွေကတော့ တစ်ဖန် ထွက်ပေါ်လာခဲ့ ပြန်ပါပြီ။
တစ်ချိန်တည်းမှာပဲ မြေကမ္ဘာအဆင့်ကို ချိုးဖောက် ဝင်ရောက်သွားတဲ့ အခြားသူတွေလည်း အများအပြား ရှိနေပါတယ်။
မိုးပြာရောင်ဂိုဏ်းက ဆိုရင်တော့ ရှောင်လီ၊ ပိုင်ထောင်နဲ့ လင်းဝမ်ကျင်းတို့ပေါ့။
ခရမ်းရောင် ဆေဘာဂိုဏ်းကလည်း ဂိုဏ်းသား ၆ ယောက်က မြေကမ္ဘာအဆင့် ၁ ကို ချိုးဖောက် ဝင်ရောက် သွားကျပါပြီ။
ဝိညာဉ်ကဝေ အဖွဲ့ကလည်း ၆ယောက်ပါပဲ။
ကောင်းကင်နတ်ဆိုး ဂိုဏ်းကတော့ စုစုပေါင်း ၈ ယောက်နဲ့ အများဆုံး ဖြစ်နေပါတယ်။
***
တတိယမြောက်နေ့မှာတော့ …
“ရန်ချင်းဟူ … မင်းက ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေကနေ အသက်ရှင်လျက် ထွက်ခွင့်ရတော့မှာမှ မဟုတ်တာ။ ဘာဖြစ်လို့ မသေခင်မှာ မိန်းမတစ်ယောက် ခံစားသွားသင့်တဲ့ ကာမဂုဏ် အရသာကို အားရပါးရ မမြည်းစမ်း ကြည့်ချင်တာလဲ”
ခရမ်းရောင် ဆေဘာဂိုဏ်းက ဂိုဏ်းသား တစ်ယောက်က ရန်ချင်းဟူနဲ့ ထိပ်တိုက် တွေ့ဆုံမိ ကြပါတယ်။
ဒီခရမ်းရောင် ဆေဘာဂိုဏ်းသားရဲ့ နာမည်က ဖန်ယီထုံလို့ ခေါ်ပါတယ်။ အခုလက်ရှိသူက မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်နေပါပြီ။ ဒါကြောင့် သူက သူ့ရဲ့ ချီအရှိန်အဝါတွေကို ဆေဘာမုန်တိုင်း တစ်ခုသဖွယ် ဖန်ဆင်းထားပြီး ရန်ချင်းဟူကို လှောင်ပိတ်ထားပါတယ်။
“မင်းလို ခွေးသာသာ ကောင်နဲ့လား”
ရန်ချင်းဟူက သူမရဲ့ လခြမ်းကွေး ဓားပေါ်ကို လက်တင် ထားလိုက်ပါပြီ။
“ဒါပေါ့ကွ။ ငါ့လိုလူနဲ့ပေါ့။ မင်းက ဘယ်လောက်ဘဲ အစွမ်းထက်ထက် အခုချိန်မှာတော့ ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး။ မင်းဒီအတိုင်း အသေခံမဲ့အစား မင်းရဲ့ အပျိုစင်ဘဝကို ဒီအစ်ကိုကြီးဆီမှာ ပုံအပ်လိုက်စမ်းပါ။ ဒါဆိုရင် မင်းကောင်းကောင်းမွန်မွန်နဲ့ သေရမှာပေါ့”
“အင်း … အမှန်ဆိုရင် ငါကလည်း ပန်းကလေးလို နူးညံ့လှပတဲ့ မင်းလေးကို မသတ်ချင်ပါဘူးကွာ။ မင်းရဲ့ ကြယ် ၆ ပွင့် အရိုး တည်ဆောက်ပုံကိုပဲ အပြစ်တင်လိုက်ပါတော့ …”
“နင့်လို ခွေးတစ်ကောင်ကို ငါက ကြောက်နေရမှာလား။ မြေကမ္ဘာနယ်ပယ် အဆင့် ၁ ဆိုတာနဲ့ ငါ့ကို နိုင်ပြီလို့ ထင်နေတယ်ပေါ့လေ။”
“အနက်ရောင် လပြည့်ည”
ရန်ချင်းဟူက သူမရဲ့ ဓားကွက်ကို စတင်လိုက်ပါပြီ။
လွန်ခဲ့တဲ့၅လ ဖေးရှု တောင်တန်းပေါ်က ရန်ချင်းဟူထက်စာရင် ယခုလက်ရှိ ရန်ချင်းဟူက အဆပေါင်းများစွာ အစွမ်းထက် နေခဲ့ပြီလေ။
ဒီလတွေထဲမှာ သူမရဲ့ အနက်ရောင်လ ဆေဘာဓားဆန္ဒက စိတ်ကြိုက်သုံးစွဲလို့ ရတဲ့ အနေအထားကို ရောက်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ရန်ချင်းဟူက သူမတို့ ရန်မျိုးရိုးပိုင် ကြယ် ၃ ပွင့် လျှို့ဝှက်နည်းစနစ် ဖြစ်တဲ့ ပျံလွှားကကြိုးကို လေ့ကျင့်ခဲ့ပါသေးတယ်။
ဒီပျံလွှားကကြိုးက အသုံးပြုသူရဲ့ လှုပ်ရှား သွားလာမှုတွေကို နဂိုကထက် ၂ ဆလောက် လျင်မြန် သွားစေတာပါ။
လုံးဝ အသံမထွက်ဘဲ မြောက်များစွာသော ရန်ချင်းဟူတွေက လေပေါ်မှာ ပေါ်လာပါတယ်။ ဖန်ယီထုံက ဘယ်ဟာက ရန်ချင်းဟူအစစ် ဘယ်ဟာက ရန်ချင်းဟူ အတုဆိုတာကို ခွဲခြားနိုင်စွမ်း မရှိပါဘူးလေ။
“ဒါ … ဒါက … ဘာလျှို့ဝှက် နည်းစနစ်လဲ” ဖန်ယီထုံက စတင် ချောက်ချားလာပါပြီ။
ဖန်ယီထုံလို နာမည်ကြီး တစ်ယောက်ကတောင် ရန်ချင်းဟူနဲ့ ရင်ဆိုင် အတွေ့မှာတော့ ပြဿနာ တက်နေပါပြီ။
ရွှမ်း …
ရန်ချင်းဟူ အားလုံးက တစ်ချိန်တည်းမှာဘဲ ဖန်ယီထုံကို ပိုင်းချလိုက်ပါတယ်။
“ငါမင်းရဲ့ တိုက်ကွက်ကို ဖျက်ဆီးပစ်မယ်"
ဖန်ဟီထုံက အားရပါးရ ဟစ်အော်လိုက်ပြီး သူ့လက်ထဲက ဓားကို ရေပက်မဝင်အောင် ဝှေ့ယမ်း လိုက်ပါတယ်။
ထန် … ထန် … ထန် …
ဓားဓားချင်း ထိပ်တိုင် ရင်ဆိုင်လိုက်မိတဲ့အတွက် မီးပွင့်လေးတွေက ဖြာထွက်လာပြီး ရန်ချင်းဟူက အနောက်ဆုတ်လိုက် ရပါတယ်။ ထို့နောက်မှာတော့ ရန်ချင်းဟူက နောက်ထပ်တစ်ကြိမ် ဖန်ယီထုံဆီကို ခုန်ဝင် သွားပြန်ပါတယ်။
အချိန် ၁၅ မိနစ် ကြာပြီးသွားတဲ့ နောက်မှာတော့ ဖန်ယီထုံရဲ့ ကျောပင် တစ်ခုလုံးက ချွေးတွေ ရွှဲနစ်လို့ နေခဲ့ပါပြီ။
ဒီ ၁၅ မိနစ်စလုံးမှာ သူက သူ့ရဲ့ခံစစ်ကို လုံးဝကို အားမလျော့ဘဲ ခုခံနေရတာပါ။ သူက ရန်ချင်းဟူရဲ့ တိုက်စစ်ကို အစွမ်းကုန် ခုခံနေရတာလေ။ သူ့ရဲ့လက်တွေက ထုံကျင်နေပြီး မျက်လုံးတွေတောင် ဝေဝေဝါးဝါး ဖြစ်နေခဲ့ပါပြီ။
“သေစမ်း”
မြောက်များလှစွာသော ရန်ချင်းဟူတွေက ရုတ်တရက် တစ်ယောက်တည်းအဖြစ် ပြန်လည်ပေါင်းစည်း သွားကြပါတယ်။ ထို့နောက်မှာတော့ အနက်ရောင် လခြမ်းကွေး ဓားရိပ်တစ်ခုက ထွက်ပေါ်လာပြီး ဖန်ယီထုံဆီကို ကျရောက် လာတယ်လေ။ ဒီဓားချက်က လပြည့်ညမှာ သာနေတဲ့ လမင်းကြီးကို တိမ်မည်းတစ်အုပ်က ဖုံးအုပ် သွားသလိုပါပဲ။
ရွှမ်း …
ရန်ချင်းဟူရဲ့ ဓားချက်က ဖန်ယီထုံကို နှစ်ပိုင်းပြတ် သွားစေတဲ့အပြင် မြေပြင် တစ်ခုလုံးကိုပါ တုန်ဟည်း သွားစေပါတယ်။
ထို့နောက်မှာတော့ ရန်ချင်းဟူက မြေပြင်ပေါ်ကို ညင်သာစွာ ပြန်ဆင်း လာခဲ့တယ်လေ။ သူမရဲ့ မျက်နှာတစ်ခုလုံးကတော့ သွေးမရှိတော့သလို ဖြူလျော့ နေခဲ့ပါပြီ။
ဖန်ယီထုံလို နာမည်ကျော် ပါရမီရှင် တစ်ယောက်ကို အနိုင်ယူဖို့အတွက် သူမကလည်း အတော်လေး ပေးဆပ်လိုက် ရတယ်လေ။ ရန်ချင်းဟူက ဘယ်လောက်ပဲ အစွမ်းထက် နေပါစေလေ တစ်ဖက်လူကလည်း မြေကမ္ဘာနယ်ပယ် အဆင့် ၁ က ပညာရှင်ပင် မဟုတ်ပါလား။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ကနေ မြေကမ္ဘာအဆင့်ကို တက်လှမ်းသွားနိုင်တဲ့ သူဆိုတာကလည်း နှယ်နှယ်ရရမှ မဟုတ်တာလေ။ ရန်ချင်းဟူသာ ကြယ် ၃ ပွင့် လျှို့ဝှက်နည်းစနစ်ဖြစ်တဲ့ ပျံလွှားက ကြိုးနည်းစနစ်ကိုသာ မလေ့ကျင့်ထားခဲ့ရင် ဖန်ယီထုံရဲ့ စော်ကား သတ်ဖြတ်ခြင်းကို ခံရမှာ အမှန်ပါပဲ။
“ငါမြေကွဲသစ်သီးကို အမြန်ရှာတွေ့မှ ဖြစ်တော့မယ်။”
ရန်ချင်းဟူက ဆုံးဖြတ်ချက်တစ်ခု ခိုင်ခိုင်မာမာ ချလိုက်ပြီး ပြေးထွက်သွား ပါတော့တယ်။
***
မျက်စိတစ်မှိတ် အတွင်းမှာပဲ အချိန် ၄ ရက်က ကုန်ဆုံး သွားခဲ့ပါပြီ။ သတ်ဖြတ်မှုတွေ ကတော့ နေ့ရက်တိုင်းမှာ ဖြစ်ပေါ်နေတာပါပဲ။ မြေကမ္ဘာအဆင့်ကို မရောက်သေးတဲ့ လူတွေကတော့ တခြားဂိုဏ်းက လူတွေနဲ့ မဆုံတွေ့ဖို့ ဆုတောင်းနေရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ သူတို့အားလုံးက လုံခြုံတဲ့ နေရာတွေမှာ ပုန်းအောင်း နေရပါတယ်။
“လခွီးဘဲကွာ။ အဆင့် မတက်နိုင်တော့ဘူး ဆိုရင် ငါဒီနေရာမှာ သေသွားနိုင်တယ်”
တောင်တန်းတွေရဲ့ တစ်နေရာမှာတော့ ယုဝူရှန်းက သူ့ကိုယ်သူ အားမလို အားမရ ဖြစ်နေပါတယ်။
သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈မှာဘဲ ရှိနေပြီး ဓားဆန္ဒကိုလည်း နားမလည်နိုင်သေးပါဘူး။ ဒါကြောင့်သူက ဒီလျှို့ဝှက်နယ်မြေထဲကို ရောက်တာနဲ့ ပုန်းအောင်းပြီး လေ့ကျင့် နေရတယ်လေ။
တစ်နေ့တုန်းက ဆိုရင် ကောင်းကင်နတ်ဆိုးဂိုဏ်းက တပည့်တစ်ယောက်က ဝိညာဉ်ကဝေဂိုဏ်းက တပည့်တစ်ယောက်ကို တစ်ချက်တည်းနဲ့ သတ်ပစ် လိုက်တာကိုတောင် မြင်ခဲ့ရပါသေးတယ်။ အဲဒီအဖြစ်အပျက်ကို မြင်ပြီးကတည်းက သူက ကြောက်ကြောက်လန့်လန့်နဲ့ ပုန်းအောင်းပြီး အဆင့်တက်အောင် အသည်းအသန် ကြိုးစားနေတာပါ။
သူက ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် ဒီလို လျှို့ဝှက် နယ်မြေလေး တစ်ခုမှာ မသေလိုသေးပါဘူး။ သူ့မှာ ရှေ့ဆက်လျှောက်ရမဲ့ ခရီးတွေ အများကြီး ရှိနေပါသေးတယ်။
“ညီလေး ယုဝူ”
ဒီနေ့မှာတော့ ယုဝူရှန်းက ပုန်းအောင်းတဲ့ နေရာက ထွက်လာပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ် နေချိန်မှာပဲ သိပ်မဝေးလှတဲ့ တောင်ကုန်း တစ်ခုပေါ်ကနေ လှမ်းခေါ်လိုက်သံကို ကြားလိုက်ရပါတယ်။
“အစ်ကိုရှောင်”ယုဝူရှန်းရဲ့ မျက်လုံးတွေက အားကိုးရာကို ရှာတွေ့သွားတဲ့ ယုန်သူငယ်လိုပါပဲ။
“တော်သေးတာပေါ့။ ငါကမင်းကို အရင် ရှာတွေ့သွားလို့။ အခုချိန်ကစပြီး ငါ့နဲလိုက်ခဲ့တော့။ ပြီးတော့ မြေကမ္ဘာအဆင့်ကို တက်လှမ်းဖို့ လိုအပ်တဲ့ ဆေးပင်တွေကို ရှာရမယ်”ရှောင်လီက ယုဝူရှန်းကို သူနဲ့အတူ လိုက်ခဲ့ဖို့ ခေါ်လိုက်ပါတယ်။
“ကျေးဇူးပါဘဲ အစ်ကိုရှောင် …“
ယုဝူရှန်းက တကယ်ပဲ ရှောင်လီကို ကျေးဇူး အထူးတင်မိပါတယ်။ ရှောင်လီတစ်ယောက် မြေကမ္ဘာအဆင့်ကို ရောက်သွားပြီ ဆိုတာကိုသူက ကောင်းကောင်းကြီး ခံစားမိနေတယ်လေ။ ရှောင်လီရဲ့ ကာကွယ်မှုနဲ့ ဆိုရင်တော့ သူက အတော်လေး လုံခြုံသွားပါပြီ။
ရှောင်လီက လက်ကာပြလိုက်ပြီး …
”မလိုပါဘူး ညီလေး။ ငါတို့က တစ်ဂိုဏ်းတည်းသားတွေပဲ မဟုတ်ဘူးလား။ တစ်ယောက်နဲ့ တစ်ယောက် ကူညီတာက လုပ်သင့်တဲ့ အရာတစ်ခုပဲလေ”
ရှောင်လီက မိုးပြာရောင် ဂိုဏ်းသားတွေကို လိုက်ရှာပြီး တစ်ပေါင်း တစ်စည်းတည်းနေဖို့ အစီအစဉ်ရှိပါတယ်။ တစ်ယောက်တည်း လှုပ်ရှားနေတာက အရမ်းကို အန္တရာယ်များတဲ့ အရာတစ်ခုပင် မဟုတ်ပါလား။ မြေကမ္ဘာအဆင့်ကို ရောက်နေတဲ့ သူတောင်မှ တစ်ယောက်တည်း သွားရင် သတ်ခံရနိုင်ပါတယ်။
သူတို့နဲ့ ၁၀ မိုင်လောက် အကွာမှာတော့ လီဖူချန်းနဲ့ ချန်ဖန်းဟွာတို့က ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ နာမည်ကြီး အကျော်အမော် သွေးဆေဘာလင်းဟောင်နဲ့ ထိပ်တိုက် တွေ့နေကျပါပြီ။
သွေးဆေဘာ လင်းဟောင်ကလည်း မြေကမ္ဘာနယ်ပယ် အဆင့် ၁ ကို ရောက်နေပြီး ချန်ဖန်းဟွာထက်ကို အများကြီး ပိုအစွမ်းထက် နေပါသေးတယ်။
သူတို့နှစ်ဖက်ရဲ့ ကြားထဲမှာတော့ သိပ်သည်းတဲ့ ဝိညာဉ်လှိုင်းတွေ ထုတ်လွှတ်နေတဲ့ ဆေးပင်တစ်ပင် ရှိနေပါတယ်။
ဆန်းကြယ် အလယ်အလတ် အဆင့်ဖြစ်တဲ့ စိတ်ဝိညာဉ်တန်ခိုး ဆေးပင်ပါပဲ။
ဒီဆေးပင်က စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ပညာရှင် တစ်ယောက်ကို အဆင့်တစ်ဆင့် တက်လှမ်း သွားစေနိုင်ပါတယ်။ အဲဒီထက် ပိုကာင်းတာက ဒီဆေးပင်က လုံးဝကို ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ စားသုံးလိုက်တဲ့သူက သူ့ရဲ့ကိုယ်ပိုင် ချီအတွင်းအားနဲ့ အဆင့်တက်သွား သလိုကို ခံစားရမှာပါ။
“မင်းတို့က ဒီဆေးပင်ကို အရမ်းလိုချင်နေတယ် ဆိုတာ ငါသိတယ်။ ဒါပေမဲ့ နှမြောစရာပဲ။ ငါကလည်း ဒီဆေးပင်ကို မင်းတို့ကို နုတ်ယူခွင့် မပေးနိုင်ဘူး”သူက လီဖူချန်းတို့ကို ခြံထဲက ကြက်တွေကို ကြည့်တဲ့ အကြည့်နဲ့ ကြည့်ရင်း ပြောလိုက်ပါတယ်။
“မောင်လေးလီ … ငါသူ့ကို အချိန်ဆွဲထားလိုက်မယ်။ နင်က ဆေးပင်ကို နုတ်ယူပြီးတာနဲ့ ထွက်ပြေးပေးတော့”ချန်ဖန်းဟွာက လီဖူချန်းကို ပြောလိုက်ပါတယ်။
လီဖူချန်းက ခေါင်းခါလိုက်ပြီး …
“အစ်မက သူ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး”
***