← Chapters

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈

Vol. 11 Ch. 152

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈

Vol. 11 Ch. 152

နှစ်ဖက်စလုံးကတော့ တစ်ဖက်ကို တစ်ဖက် စိုက်ကြည့်နေတာပဲ ရှိပါတယ်။ ဘယ်ဘက်ကမှ စပြီး မလှုပ်ရှားရဲပါဘူး။

ခရမ်းရောင် ဆေဘာဂိုဏ်းဘက်မှာက လူ ၂ ယောက် ရှိပေမဲ့လည်း အဲဒီနှစ်ယောက်က အကြီးအကဲခေါင်ချုပ် ဇောင်ဝူကျင်း သတိပေးထားတဲ့သူတွေ ဖြစ်နေတာကြောင့် မိုးပြာရောင်ဂိုဏ်းက တပည့်တွေက အနည်းငယ်တော့ ဖြုံနေပါတယ်။

လင်းဟောင်နဲ့ ရှန်ဖေးဟီတို့ကလည်း သူတို့အကြောင်းနဲ့ သူတို့ ရှိတဲ့အတွက် စပြီး မလှုပ်ရှားရဲကျပါဘူး။ မိုးပြာရောင် ဂိုဏ်းသား ၄ ယောက်ထဲမှာ ၂ယောက်က မြေကမ္ဘာအဆင့် ၁ ဖြစ်နေတယ်လေ။ ကျန်တဲ့ တစ်ယောက်ကလည်း စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ်အဆင့် ၇ သာ ပြောသာ လင်းဟောင်ကိုတောင် ဒဏ်ရာရအောင် တိုက်ခိုက်ထားနိုင်တဲ့ တစ်ယောက်။ နောက်ဆုံး တစ်ယောက်ကလည်း ကြယ် ၅ ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆိုတော့  ခေမှာတော့ မဟုတ်ပါဘူး။

နောက်ဆုံးမှာတော့ ဖြစ်ချင်ရာ ဖြစ်ဆိုပြီး ရှန်ဖေးဟီကို စပြီး လှုပ်ရှားဖို့ ပြင်လိုက်ပါတယ်။

"ခစ်ခစ် ... ဒီနေရာမှာ လူအတော်စည်နေတာဘဲ။ ကြည့်ရတာ အရမ်းပျော်ဖို့ ကောင်းမဲ့ပုံပဲ"

သိပ်မဝေးလှတဲ့ သစ်ပင်တစ်ခုရဲ့ အပေါ်မှာတော့ စိတ်နှလုံးကို သိမ်းကျုံး ညှို့ယူနိုင်တဲ့ ရယ်သံတစ်သံနဲ့အတူ မိန်းကလေးတစ်ယောက်က မည့်သည့်နေရာကနေ ပေါ်လာလို့ ပေါ်လာမှန်း မသိဘဲ ရောက်လာပါတယ်။

သူမရဲ့ ဝတ်ရုံတွေက လေနဲ့အတူ လွင့်မျောနေပြီး သူမကို ကြည့်ရတာ အတုလား အစစ်လား ဆိုတာကိုတောင် ဝေခွဲမရပါဘူး။ ကဝေမယ် ရဲ့ဟွာ။

သွေးဆေဘာလင်းဟောင် အပါအဝင် အားလုံးက မျက်လုံးပြူး သွားကြပါတယ်။

စိတ်လှည့်စားခြင်း အတတ်ဆိုတာက သူတို့တစ်ဦးတစ်ယောက်မှ ရင်းနှီးတဲ့ ပညာရပ် မဟုတ်ဘူးလေ။ လူသားတွေရဲ့ နှလုံးသားဆိုတာက အမြဲတမ်း လိုအင်တပ်မက်မှု ဆန္ဒတွေနဲ့ ပြည့်နှက်နေတာမျိုးပါ။ မင်းက စိတ်ညှို့တာကို ခံလိုက်ရရင် ပြီးသွားပါပြီ။ ပြန်လှည့်ဖို့ရာ လမ်းမရှိတော့ပါဘူး။

“သူမကို သွားမကြည့်နဲ့” လီဖူချန်းက ချန်ဖန်းဟွာနဲ့ အခြားသူတွေကို သတိအမြန် ပေးလိုက်ပါတယ်။

လီဖူချန်းက သန်မာတဲ့ စိတ်ဝိညာဉ်ရှိတဲ့အတွက် တစ်ချက် ကြည့်လိုက်တာနဲ့ ကဝေမယ်ရဲ့ ဟွာဆီကနေ မမြင်ရတဲ့ လှိုင်းတုန်ခါမှုတွေ လွင့်ပျံနေတာကို တွေ့ရပါတယ်။ အဲသည်မမြင်ရတဲ့ လှိုင်းတွေက သာမန်တော့ ဖြစ်ပုံမရပါဘူး။ လူတစ်ယောက်ကို စိတ်ထင်ယောင်ထင်မှား ဖြစ်သွားစေပြီး ကြောင်အသွားစေမည့် ပုံပါပဲ။

သူမရဲ့ ခန္ဓာကိုယ်က နှင်းမှုန်တွေလိုပဲ ပြိုကွဲ ပျောက်ကွယ်သွားပါတယ်။ သူမပြန်ပေါ်လာတဲ့ အချိန်မှာတော့ ကဝေမယ်ရဲ့ဟွာက သူတို့ရဲ့ အနားကိုတောင် ရောက်နေပါပြီ။ သူမရဲ့ ခေါင်းပေါ်က ဆံပင်ဖြူတွေကို လှုပ်ယမ်းလိုက်တဲ့ အခါမှာတော့ လူတွေအားလုံးက ထင်ယောင်ထင်မှား ဖြစ်လာကျပြီး 'ခစ်ခစ်' ဆိုတဲ့ ရယ်သံက သူတို့ရဲ့ နားနားမှာ ကပ်ပြီး ရယ်နေတာကို ကြားလာရပါတယ်။

“လင်းဟောင် … ရှန်ဖေးဟီ … ငါတို့သုံးယောက် ပေါင်းပြီး ဒီမိုးပြာရောင် ဂိုဏ်းသားတွေကို သတ်ကျရအောင်” ရဲ့ဟွာက ပူးပေါင်းဖို့ ကမ်းလှမ်းလိုက်ပါတယ်။

ရှန်ဖေးဟီက နှာခေါင်းရှုံ့လိုက်ပြီး ငြင်းလိုက်ပါတယ်။

“သွားစမ်းပါ ... နင့်ကို ဘယ်သူက ယုံနိုင်မှာလဲ”

စိတ်လှည့်စားခြင်း အတတ်ကို ထူးထူးချွန်ချွန် တတ်မြောက်ထားတဲ့သူနဲ့ အဖွဲ့ဖွဲ့ရအောင် သူတို့က ရူးနေတာမှ မဟုတ်တာလေ။ ဒီလို ကဝေမနဲ့ အတူတူ အလုပ်တွဲလုပ်မဲ့အစား  ဓားတစ်စင်းကို ထောင်ထားပြီး အဲသည်အပေါ်ကို ခုန်ချလိုက်တာမှ 'သေကံမရောက် သက်မပျောက်' ဖြစ်ချင် ဖြစ်ပါဦးမည်။ သူမကသာ အကောက် ကြံလိုက်တာနဲ့ သေဖို့ကလွဲပြီး ဘာမှ မရှိတော့ပါဘူး။

ဒါကြောင့်မို့ သူက ရဲ့ဟွာကို ငြင်းလိုက်တာပါ။

“မင်းတို့ ကိုယ်မင်းတို့ ကံကောင်းတယ် မှတ်လိုက်။ သွားမယ်"

လင်းဟောင်ကလည်း ရဲ့ဟွာကို လုံးဝ မယုံကြည်ပါဘူး။ သူက ဒဏ်ရာရနေတဲ့အတွက် သူ့စိတ်ဝိညာဉ်ကလည်း အကောင်းဆုံး အနေအထားမှာ ရှိမနေဘူးလေ။ ဒီကဝေမက အလစ်မှာ သူ့ကို လုပ်ကြံ သွားနိုင်ပါတယ်။

ပြောပြီးတာနဲ့ လင်းဟောင်နဲ့ ရှန်ဖေးဟီတို့က လှည့်ထွက်သွား ကြပါတော့တယ်။

ရဲ့ဟွာက သူမရဲ့ လက်ကို ဆော့ကစားနေပြီး အကူအညီမဲ့နေတဲ့ မျက်နှာဖြင့် …

“သူတို့ကတော့ ငါနဲ့ မပူးပေါင်းချင်ဘူးတဲ့။ ငါတို့ပဲ ပူးပေါင်းပြီး ဒီနှစ်ကောင်ကို သတ်လိုက် ရအောင်လေ"

သူမက တစ်ယောက်တည်း ဖြစ်နေပေမဲ့ သူမကိုယ်သူမ သဘာပတိကြီးပုံ ဖမ်းကာ လီဖူချန်းတို့ကို ပြန်ညှိ နေပါသေးတယ်။ သူမရဲ့ မျက်လုံးတွေကလည်း တဖိတ်ဖိတ် တောက်ပနေကာ လီဖူချန်းတို့ လေးယောက်ကို ညှို့ငင် နေပါသေးတယ်။

“ထွက်သွားစမ်း”

လီဖူချန်းရဲ့ မျက်လုံးတွေထဲကနေ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပါတယ်။ လီဖူချန်းက စိတ်ဝိညာဉ်အား အတော်လေး ကောင်းတဲ့လူ ဖြစ်တာကြောင့် သူ့ရဲ့ စိတ်ဝိညာဉ် တန်ခိုးက ရဲ့ဟွာကို တွန်းထုတ်လိုက်တယ်လေ။

ကဝေမယ်ရဲ့ဟွာက မျက်နှာ သွေးဆုတ်သွားပြီး အနောက်ကို ခြေတစ်လှမ်း ဆုတ်ကာ လီဖူချန်းကို ထူးဆန်းတဲ့ အကြည့်နဲ့ ငေးကြည့် နေပါတော့တယ်။

“စိတ်ဝင်စားစရာပဲ”

သူမရဲ့ အမူအရာက အလေးအနက် ဖြစ်လာခဲ့ပါပြီ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်အားက အင်မတန်ကို အားကောင်းလွန်းနေတယ် ဆိုတာ အသိသာကြီးပါပဲ။ အစောပိုင်းတုန်းက သူထုတ်လွှတ်လိုက်တဲ့ စိတ်တန်ခိုးက သူမရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲ အထိကို ရောက်လာပြီး နှောင့်ယှက်သွားတယ်လေ။

စိတ်ဝိညာဉ်ပင်လယ် နှောင့်ယှက်ခံလိုက် ရတာနဲ့ သူမရဲ့ စိတ်လှည့်စားနိုင်စွမ်း ကလည်း ယုတ်လျော့သွားပါပြီ။

“မကြာခင်မှာ ပြန်တွေ့ကျတာပေါ့”

လေပြည်လေညင်းလေး တစ်ခုက တိုက်ခတ်လာပြီး နောက်မှာတော့ ကဝေမယ်ရဲ့ဟွာရဲ့ ပုံရိပ်ကလည်း လေနဲ့အတူ မျောလွင့်ကာ ပျောက်ကွယ် သွားပါတော့တယ်။

ဒါက အဆင့်မြင့် ကိုယ်ဖော့ပညာ မဟုတ်ပါဘူး။ အမြင်အာရုံ လှည့်စားခြင်းတစ်ခု သက်သက်ပါပဲ။

ဒါပေမဲ့ လီဖူချန်းရဲ့ မျက်လုံးထဲမှာတော့ ကဝေမယ်ရဲ့ဟွာက အစောကြီးကတည်း ထွက်သွားခဲ့ပါပြီ။ ကျန်နေခဲ့တာက သူမရဲ့ ပုံရိပ်ယောင် တစ်ခုပါပဲ။

“ကြောက်စရာကောင်းတဲ့ အတတ်ပညာ တစ်ခုပဲ” ရှောင်လီက မှတ်ချက် ပေးလိုက်ပါတယ်။

ဂိုဏ်းကြီး လေးဂိုဏ်းထဲမှာတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက အသန်မာဆုံးပါပဲ။ ဝိညာဉ်ကဝေဂိုဏ်းက အကောက်ကျစ်ဆုံး ဂိုဏ်းဖြစ်ပြီး ခရမ်းရာင် ဆေဘာဂိုဏ်းက သွေးအဆာဆုံး ဂိုဏ်းပါ။

အဲသည်ဂိုဏ်းတွေနဲ့ နှိုင်းယှဉ်လိုက်မယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းက သမာသမတ် အကျဆုံး ဂိုဏ်းလို့ကို ပြောလို့ရပါတယ်။

“ကဝေမယ်က ထွက်သွားပါပြီ။ မစိုးရိမ်ကြပါနဲ့တော့”

လီဖူချန်းက လေဟာနယ် လက်ဝါးကို အသုံးပြုပြီး စိတ်ဝိညာဉ်ဆေးပင်ကို ဆွဲယူလိုက်ပါတယ်။

“ညီလေးလီ ... အစ်ကိုတို့ သုံးယောက်က ညီလေးကို ကာကွယ်ပေးထားမယ်။ ညီလေးက လုံခြုံတဲ့ နေရာတစ်နေရာ အမြန်ရှာပြီး ဒီစိတ်ဝိညာဉ်ပင်ရဲ့ အဆီအနှစ်တွေကို စုပ်ယူလိုက်ပါလား။ ညီလေးသာ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်သွားရင် အစ်ကိုတို့ အင်အား ပိုကောင်းသွားတာပေါ့”

ရှောင်လီက ကဝေမယ်ရဲ့ဟွာ ဘာဖြစ်လို့ ထွက်သွားရသလည်း ဆိုတာကို ကောင်းကောင်းကြီး ရိပ်မိပါတယ်။ သူမက လီဖူချန်းကို ကြောက်လို့ ထွက်သွားတာပါ။ လီဖူချန်းသာ မရှိခဲ့ရင် သူတို့သုံးယောက်က ကဝေမယ်ရဲ့ဟွာရဲ့ စိတ်လှည့်စားခြင်း အတတ်ပညာထဲကနေ ဘယ်လိုမှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာ အရေးအကြီးဆုံး ကတေ့ာ လီဖူချန်းတစ်ယောက် အဆင့်တက်ဖို့ပါပဲ။

“ဟုတ်ကဲ့ပါ အစ်ကိုလီ”

လီဖူချန်း ဝေးဝေးလံလံကို သွားမနေတော့ဘဲ ချက်ချင်း ထိုင်ချလိုက်ပါတော့တယ်။ ထို့နောက်မှာတော့ သူက ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို ထုတ်ဖော်လိုက်ပြီး စိတ်ဝိညာဉ်ဆေးပင်ရဲ့ အဆီအနှစ်တွေကို စတင် စုပ်ယူလိုက်ပါပြီ။

စိတ်ဝိညာဉ်ဆေးပင်က အရည်ပျော်သွားပြီး လီဖူချန်းရဲ့ အသွေးအသားတွေထဲကို သန့်စင်တဲ့ စွမ်းအင်တစ်ခု အသွင်ဖြင့် ဝင်ရောက် လာပါတော့တယ်။

“ဒါကြောင့်မလို့ အသုံးပြုတဲ့သူက ဘေးထွက်ဆိုးကျိုး မရှိဘဲ နောက်တစ်ဆင့်ကို လွယ်လွယ်ကူကူ တက်နိုင်တယ်လို့ ပြောကျတာကိုး”

လီဖူချန်းကတော့ ကောင်းကောင်းကြီး နားလည်သွားခဲ့ပါပြီ။

ဒီစိတ်ဝိညာဉ် ဆေးပင်ကနေ ထွက်လာတဲ့ သန့်စင်တဲ့ စွမ်းအင်တွေက သူ့ရဲ့ ကြက်သွေးရောင် မီးတောက်ချီတွေထက်ကို လုံးဝ နိမ့်မကျနေပါဘူး။ တစ်ချိန်တည်းမှာပဲ အဲဒီစွမ်းအင်က စိတ်ဝိညာဉ်ကိုပါ သန့်စင် ပေးနေတာကို ခံစားနေရတယ်လေ။

မကြာခင်မှာဘဲ လီဖူချန်းက စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ရဲ့ အတားအဆီးကို ချိုးဖောက်နေပါပြီ။

ဝုန် …

အရပ်လေးမျက်နှာက စွမ်းအင်စီးကြောင်းတွေက လီဖူချန်းရှိနေတဲ့ နေရာမှာ လာရောက် စုစည်းနေကြပါတယ်။

“ကြောက်ဖို့ ကောင်းလိုက်တဲ့ စွမ်းအင်လှိုင်းတွေပါလား”

ချန်ဖန်းဟွာက တုန်လှုပ် သွားပါတယ်။ သူမ မြေကမ္ဘာ နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်တုန်းကလည်း ဒီလိုအဖြစ်မျိုးကို ကြုံခဲ့ဖူးတယ်လေ။ ဒါပေမဲ့ သူမဆီကို ရောက်လာတဲ့ စွမ်းအင်စီးကြောင်းတွေက လီဖူချန်းထက် အနည်းငယ် သာတယ် ဆိုရုံလေးပဲ ရှိပါတယ်။

လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၇ ကနေ ၈ ကို တက်လှမ်းနေတုန်းပဲ ရှိသေးတယ်။ ဒီလောက် အားကောင်းတဲ့ စွမ်းအင် စီးကြောင်းတွေက ဖြစ်ပေါ်နေပါပြီ။

သူသာ မြေကမ္ဘာနယ်ပယ် အဆင့်၁အထိ ရောက်သွားမယ် ဆိုရင် ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်တဲ့ စွမ်းအင်စီးကြောင်းတွေ ထွက်ပေါ်လာမည်နည်း။

“ညီလေးလီရဲ့ ထိုးထွင်းသိမြင်မှုကတော့ တကယ့် အံ့မခန်းပါပဲ။ သူက တကယ်ကြီးကို ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ရဲ့ အဆင့် ၁၅ ကို ရောက်အောင် လေ့ကျင့်ထားနိုင်ပြီ”

အစောပိုင်းတုန်း ကတော့ ရှောင်လီက လီဖူချန်းတစ်ယောက် ဘာဖြစ်လို့ ဒီလောက်အထိ အစွမ်းထက် နေရသလဲ ဆိုတာကို အံ့သြနေခဲ့တာပါ။

အခုတော့ သူက လီဖူချန်း အစွမ်းထက်နေရခြင်းရဲ့ အကြောင်းအရင်းကို ကောင်းကောင်းကြီး သဘောပေါက်သွားပါပြီ။

ကြက်သွေးရောင် မီးတောက်ဆန္ဒ ဆိုတာက ဆန်းကြယ် အလယ်အလတ်အဆင့် ပညာရပ် ဆန္ဒပါ။ ဆန်းကြယ်အဆင့်နိမ့် ဓားဆန္ဒတွေထက်ကို အများကြီး ပိုထူးဆန်းပါတယ်။ လီဖူချန်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ထားတဲ့ ဓားဆန္ဒနဲ့ ဆိုရင်တော့ ကျားကိုတောင်ပံ တပ်ထား ပေးလိုက်သလိုပါပဲလေ။

ချန်းဖန်းဟွာနဲ့ ရှောင်လီတို့နဲ့ မတူဘဲ ယုဝူရှန်းကတော့ ရှုပ်ထွေးနေတဲ့ ခံစားချက်မျိုး ခံစားနေရပါတယ်။

အခုချိန်ထိ လီဖူချန်းကို သာမန်လူ တစ်ယောက်အဖြစ် သဘောထားနေရင်တော့ သူ့ရဲ့ မျက်လုံးတွေက ကန်းနေပြီး ဦးနှောက်က အလုပ်မလုပ်တော့လို့ပါဘဲ။

လီဖူချန်းက သာမန်အရိုး ကိုယ်ထည်ပိုင်ရှင် တစ်ယောက်ဖြစ်ချင် ဖြစ်မယ်။ ဒါပေမဲ့ သူက သာမန်အရိုး ကိုယ်ထည် ပိုင်ရှင်တွေရဲ့ စံပြဖြစ်လာမဲ့သူပါ။ ဒါမှမဟုတ် သူ့ရဲ့ အရိုးကိုယ်ထည်က စမ်းသပ်လို့ မရတဲ့ အရိုးကိုယ်ထည် အမျိုးအစား ဖြစ်နေလို့လည်း   ဖြစ်နိုင်ပါသေးတယ်။

တကယ်တော့   ဒီလောကကြီးဟာ အလွန်ပင် ကြီးမား ကျယ်ပြန့်လှသည် မဟုတ်ပါလား။ လူတွေမသိနိုင်တဲ့ အရာတွေ အများကြီး ရှိနနိုင်ပါသေးတယ်။ ဘယ်တစ်ယောက်က သိုင်းတာအိုရဲ့ အဆုံးစွန်ကို ရောက်သွားမလဲ ဆိုတာကိုတော့ ဘယ်သူမှ ကြိုမမြင်နိုင်သေးပါဘူး။

“ခံစားလို့ ကောင်းလိုက်တာကွာ”

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်အပြီးမှာတော့ လီဖူချန်းရဲ့ အတွင်းအားတွေက ပိုပြီး သန့်စင်လာသလို ပိုပြီးတော့လည်း အားကောင်း လာပါတယ်။ ပြောရမယ်ဆိုရင် အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် ပိုတိုးတက် လာသလိုပါပဲ။

ဟူး ...

လေထဲကို လက်ဝါး ရိုက်ချက်တစ်ချက် ထုတ်လိုက်တဲ့ အခါမှာတော့ လေထုထဲမှာ မြွေနဂါးတစ်ကောင် ဒေါသတကြီးနဲ့ ရန်သူကို လိုက်ရှာ နေသလိုပါပဲ။ ပတ်ဝန်းကျင် လေထု တစ်ခုလုံးက အတွင်းအား လှိုင်းတွေကြောင့် လှုပ်ခတ် သွားပါတယ်။

'အခုချိန်မှာသာ သွေးဆေဘာ လင်းဟောင်နဲ့ ပြန်တွေ့လို့ကတော့ ငါဒီကောင်နဲ့ တစ်ယောက်ချင်း တိုက်လို့ရပြီပဲ' လီဖူချန်းက စဉ်းစားလိုက်မိပါတယ်။

“ညီလေးလီ ... ဂုဏ်ယူပါတယ်။"

ရှောင်လီက လီဖူချန်းဆီကို လျှောက်လာပြီး ဂုဏ်ပြုစကား ဆိုလိုက်ပါတယ်။

လီဖူချန်းကလည်း ယဉ်ယဉ်ကျေးကျေးနဲ့ …

”ကျွန်တော့်ကို အခုလို ကာကွယ် ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ” လို့ ပြန်ပြောလိုက်တယ်လေ။

ဒီ ၃ ယောက်ကသာ သူ့ကို မကာကွယ်ပေးခဲ့ဘူး ဆိုရင် သူက အဆင့်တက်ဖို့ကို ရဲရဲဝံ့ဝံ့ လုပ်ဆောင်ရဲမှာ မဟုတ်ပါဘူး။

“မောင်လေးလီ ... နင်လည်း အဆင့်တက်သွားပြီ ဆိုတော့ ငါတို့ဆေးပင်တွေ ပြန်လိုက်ရှာကြရအောင်။ ကံကောင်းရင် နောက်ထပ် မြေကွဲသစ်သီးတွေကိုတောင် တွေ့နိုင်သေးတယ်နော်" ချန်ဖန်းဟွာက အကြံပေးလိုက်ပါတယ်။

လီဖူချန်းတစ်ယောက် အစွမ်းထက်လာ လေလေ မိုးပြာရောင် ဂိုဏ်းသားတွေအတွက် စိတ်ချရလာ လေလေပါပဲ။ နောက်ဆုံး နှစ်ရက်ရောက်တဲ့ အခါကျရင် ဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေထဲမှာ ဂိုဏ်းကြီး ၄ ဂိုဏ်းရဲ့ တကယ့်အစစ်အမှန် တိုက်ပွဲတွေ စတော့မယ် ဆိုတာကို လူတိုင်းက သိနေတယ်လေ။ မိုးပြာရောင်ဂိုဏ်းက ထိုတိုက်ပွဲမှာ ရှင်ကျန်နိုင်ဖို့အတွက် ခေါင်းဆောင်တစ်ဦး လိုအပ်ပါတယ်။

အဲသည် ခေါင်းဆောင်ကလည်း လီဖူချန်းကလွဲပြီး တခြားလူ မဖြစ်နိုင်ပါဘူး။

“ညီမလေးချန် ပြောတာမှန်တယ်” ငါတို့ရဲ့ အဓိက ဦးစားပေးက စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ မြေကွဲသစ်သီးတွေပဲ။ ငါတို့က အဲဒါတွေကို ရနိုင်သလောက် ရှာထားဖို့ လိုအပ်တယ်”

ရှောင်လီကလည်း ချန်ဖန်းဟွာရဲ့ အဆိုကို လက်ခံပါတယ်။

ယူဝူရှန်းကတော့ ဒီစကားဝိုင်းထဲမှာ ဝင်ရောက် ပြောဆိုနိုင်တဲ့ အစွမ်းအစ မရှိသေးပါဘူး။ သူက မြေကမ္ဘာအဆင့် ၁ ကို မချိုးဖောက်နိုင် သရွေ့ကတော့ အသုံးမကျ ဖြစ်နေဦးမှာပါပဲ။

***

All Chapters