← Chapters

ဂိုဏ်းချုပ်၏ မျိုးဆက်

Vol. 33 Ch. 448

ဂိုဏ်းချုပ်၏ မျိုးဆက်

Vol. 33 Ch. 448

ချင်မူ ထိုသို့ပြောလိုက်သည်နှင့် သရော်တော်တော် ရယ်သံများ ထွက်လာသည်။

ချင်မူက ဂရုမစိုက်ဘဲ ပြုံးလိုက်၏။ “မဟာမြို့ပျက်သာ အနောက်ကမ္ဘာမြေနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို မခြားထားရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာက အနောက်ကမ္ဘာမြေကို သိမ်းပိုက်ပြီးတာ ကြာလှနေပြီ။ အမှန်တိုင်းပြောရရင်၊ အနောက်ကမ္ဘာမြေရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ယှဉ်ရင် အများကြီး နောက်ကောက်ကျနေတယ်။ ဒါကြောင့် ငါက ပြောင်းလဲပေးဖို့ လုပ်နေတာ။ အနောက်ကမ္ဘာမြေရဲ့ နောင်တော်တို့၊ အစ်မတော်တို့၊ ငါ့အနား ဒီလောက်မကပ်ကြပါနဲ့။ ငါ့မျက်လုံးထဲမှာ မင်း၊ မင်း ၊ မင်း...

သူက ခုနစ်စဉ်ကြယ်အဆင့်သိုင်းပညာရှင်များကို လက်ညှိုးထိုးကာ ခေါင်းယမ်းလိုက်သည်။ “မင်းတို့‌ ခုနစ်စဉ်ကြယ်အဆင့်တွေတောင် လမ်းလျှောက်ပြီး စကားပြောနေတဲ့ အလောင်းသာသာပဲ ရှိတယ်။ အရပ်ခြောက်မျက်နှာအဆင့်ကိုတော့ ပြောမနေနဲ့တော့။ မေးရမယ့် မေးခွန်းက မင်းတို့ ဘယ်အချိန်အလောင်း ဖြစ်လာမှာလဲဆိုတာပဲ”

အားလုံး၏ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ဟုန်းခနဲ ထွက်ပေါ်လာသည်။ ယွဲ့ချင်းရှန်းက ရုတ်ခြည်း ထရပ်ကာ သရော်တော်တော် ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်က တယ်မောက်မာတာပဲ။ မြို့အရှင်ကယ်ခဲ၊ မင်းက ဒီနေရာရဲ့ ပိုင်ရှင်ဆိုတော့ ဒီဂိုဏ်းသခင်ချင်နဲ့ ငါ တစ်ပွဲတစ်လမ်း နွှဲချင်မိတယ်။ ခွင့်ပြုနိုင်မလား”

ကယ်ခဲက တဟားဟား ရယ်၍ ပြောလိုက်သည်။ “အားလုံးက ဖန်ရှုမြို့ရဲ့ ပန်းတောင်တန်းပွဲ‌တော်ကို တက်ဖို့ လာရောက်ကြတဲ့ ဧည့်သည်တွေမဟုတ်လား။ ဘာလို့ဓားတွေထုတ်ကြမှာလဲဗျာ။ ချစ်သူရှာပြီး ရင်ခုန်စရာညလေး ဆင်နွှဲတာမှ ပျော်စရာမကောင်းဘူးလား။ ဒါမဲ့ အားလုံးက တိုက်ခိုက်ချင်နေကြတယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ တားနိုင်မှာမဟုတ်ပါဘူး”

သူ ပွဲကြည့်ချင်နေသည်မှာ ထင်ရှား၏။

ယွဲ့ချင်းရှန်းက အဆောက်အအုံအပြင်သို့ ထွက်သွားသည်။ “ဂိုဏ်းသခင်ချင်၊ ထွက်လာခဲ့။ အစစ်အမှန်ကောင်းကင်နန်းတော်က ဆုကြေးကို ငါ လိုချင်တယ်”

ချင်မူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်သွားပြီး သူက နှစ်ပေအကျယ် သံလုံးတစ်လုံးကို ထုတ်၍ ခေါင်းယမ်းလိုက်သည်။ “အပြင်ထွက်စရာမလိုပါဘူး။ ဒီမှာလည်း အဆင်ပြေတယ်”

သူ သံလုံးကို ပင့်မလိုက်သည့်အခါ အဆောက်အအုံမှာ သိမ့်ခနဲ တုန်ခါသွားပြီး အက်ကွဲကြောင်းများ ထလာကာ မြေကြီးထဲ တစတစ နစ်ဝင်သွားသည်။ ပထမအထပ်တစ်လုံး မြေကြီးထဲ ရောက်သွားသော်လည်း ဒုတိယအထပ်လည်း ဆက်လက်နစ်မြုပ်နေ၏။ တတိယအထပ်သို့ ရောက်မှ ရပ်သွားသည်။

အားလုံး အံ့အားသင့်သွားကြပြီး ကယ်ခဲက ချီးကျူးလိုက်သည်။ “လေးလိုက်တဲ့ သံလုံး”

“အားလုံး တစ်ချက်ကြည့်ပါ” ချင်မူက ဘက်လက်ဖြင့် သံလုံးကို အသာအယာ လှည့်၍ ပြောလိုက်သည်။ “ဒါက ငါ့ရဲ့ ဓားစက်လုံးပဲ”

ချောက်

ဓားစက်လုံးက ပွင့်သွားပြီး ချည်မျှင်ကဲ့သို့ သေးသွယ်ပါးလျသော ဓားအလက်ရှစ်ထောင် ထွက်လာသည်။ ဓားထိပ်များက ဓားစက်လုံး၏ အလယ်ဗဟိုဆီသို့ ချိန်ရွယ်ထား၏။ ဓားတစ်လက်ကို ပြစ်ချက်ကင်းကောင် သွန်းလုပ်နိုင်ရန် လူတစ်ယောက်သည် ပန်းပဲပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ရန် လိုအပ်သည်သာမက၊ သင်္ချာစွမ်းရည်ကလည်း ပန်းပဲစွမ်းရည်နှင့် တစ်ဆင့်တည်း ဖြစ်နေရလိမ့်မည်။

ဓားအလက်ရှစ်ထောင်ဆီမှ အေးစက်သော ဓားရောင်များ လင်းလက်နေ၍ အဆောက်အအုံ၏ လေးဖက်လေးလံတွင် တံလျှပ်အလင်းများ ဖြာဆင်းနေတော့သည်။ ဓားရောင်များက အားလုံး၏ မျက်နှာပေါ်သို့ပင် ဖြာကျနေ၏။

ဓားတစ်လက်စီတိုင်းက လက်ရာအမြောက်ဆုံး ပန်းပဲစွမ်းရည်ကို ဖော်ကျူးပြသနေသယောင် ထင်ရသည်။

ချင်မူ ဓားစက်လုံးကို ပင့်မြှောက်လိုက်သည့်အခါ ဓားစက်လုံးသည် ဖြည်းညင်းစွာ လည်လျက် မြောက်တက်လာ၍ ၎င်း၏အတွင်းပိုင်းတည်ဆောက်ပုံကို အကုန်လုံး မြင်လိုက်ကြရ၏။ “လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ တိုးတက်မှုမရှိရင် နှစ်တစ်ထောင် မပြောနဲ့ နှစ်တစ်ရာအတွင်း အဆများစွာ နောက်ကျကျန်ခဲ့လိမ့်မယ်။ လွန်ခဲ့နှစ်နှစ်သောင်းလောက်က မင်းတို့ဘိုးဘေးတွေက အရာဝတ္ထုအားလုံးရဲ့ ဝိညာဉ်တွေကို နိုးပြီး တိုက်ခိုက်ခိုင်းနိုင်အောင် မင်းတို့ကို လမ်းစဉ်တွေ၊ ကျင့်စဉ်သိုင်းကွက်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ အမွေပေးခဲ့တယ်

“ဒါပေမဲ့ မင်းတို့ကောင်းကင်နတ်သိုင်းတွေ အသက်ဝင်တဲ့ အမြန်နှုန်းက နှေးလွန်းတယ်။ ကောင်းကင်နတ်အသွင်အဆင့် သိုင်းပညာရှင်တွေတောင် အသက်သွင်းဖို့ အချိန်တစ်ခု လိုတယ်။ ဒါပေမယ့် ဘယ်သူက မင်းတို့ကို အချိန်ပေးမှာလဲ။ ငါ ဓားသိုင်းကစားပြမယ် မင်းတို့ ငါ့ကို ထောက်ပြပေးကြည့်ပေါ့။ လှုပ်တော့ မလှုပ်ကြနဲ့”

အစစ်အမှန်ကောင်းကင်နန်းတော်၏ တင့်ဖန်းက သရော်‌တော်တော် ပြောလိုက်သည်။ “မလှုပ်ရင် နင် ငါတို့ကို မသတ်နိုင်သွားဘူးလား”

ချင်မူက ခပ်ရေးရေးသာ ပြုံး၍ ပြောလိုက်၏။ “လှုပ်ချင်ရင်လည်း အကျိုးဆက်ကို ခံရုံပေါ့။ ခိုင်ဧကရာဇ်ရဲ့ဓား...”

သူ့လက်ထဲရှိ ဓားစက်လုံးက ချောက်ခနဲ ပွင့်သွားပြီး အဆောက်အအုံတစ်ခုလုံး ဓားများပြည့်သွားသည်။

ဓားအလက်ရှစ်ထောင် ရွေ့လျားလိုက်ပါက မည်သူမှ ခုခံနိုင်မည်မဟုတ်ပေ။ ထိုအခိုက်အတန့်တွင် ဓားရောင်အားလုံး ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး အဆောက်အအုံလည်း ပျောက်ကွယ်သွား၏။ သွေးပင်လယ်တစ်စင်းက ကောင်းကင်နှင့်မြေပြင်အား ခြုံလွှမ်းထားချေပြီ။

ဓားပန်းချီ၏ ဒုတိယဓားကွက်၊

ခိုင်ဧကရာဇ်၏ဓားတွင် သွေးပင်လယ်ဖြာသည်

ဤဓားကွက်ကို ထုတ်ဖော်လိုက်သည်နှင့် ဝမ်းနည်းကြေကွဲဖွယ်ရာခံစားချက် ဖြစ်ပေါ်လာသည်။ သွေးပင်လယ်ထဲတွင် အော်ဟစ်ရုန်းကန်နေ‌သော နတ်ဘုရားများ၊ မိစ္ဆာများအား အကုန်လုံး မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ ထိုနတ်ဘုရားများ၊ မိစ္ဆာများမှာ ဓားရောင်ထဲတွင် သေဆုံးသွားသော အလောင်းများ ဖြစ်လာကြပြီး သွေးပင်လယ်ထဲ နစ်မြုပ်သွားကြ၏။

ခိုင်ဧကရာဇ်ရဲ့ဓားမှာ သွေးပင်လယ်ဖြာတယ်… တောင်တန်းနဲ့ မြစ်ပြင်တွေက တည်ရှိနေဆဲ၊ နှလုံးသားရင်ခွင်က အပြန့်ကျယ်တယ်… ဘေးဘီကို အကြည့်အရောက်မှာ ဇာတိမြေဟာ ရိုးရာဝတ်စုံကို မဆင်မြန်းတော့…

ထိုအချိန်တွင် စားပွဲကို ရိုက်ချလိုက်သည့်အသံ၊ ဒေါသတကြီး အော်ဟစ်လိုက်သည့်အသံကို သူတို့ ကြားလိုက်သည်။

ရုတ်တရက် သွေးပင်လယ်၏ အရောင်က ဟင်းလင်းပြင် အချိန်ကာလထဲ၌ လူးလာကူးခတ်နေသကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားပြီး နတ်ဓားတစ်လက်ကို ဆုပ်ကိုင်လျက် နောက်လှည့်ကြည့်နေသော ယောက်ျားတစ်ယောက်၏ ကျောပြင်အား သူတို့ မြင်လိုက်ကြရသည်။ အထီးကျန်သောခံစားချက်က သူတို့၏စိတ်နှလုံးကြိုးမျှင်များအား ထိခတ်သွားသည်။

နောက်ကျောပြင်မှာ တစတစ ပျောက်ကွယ်သွားပြီး အဆောက်အအုံ ပြန်လည်ပေါ်လွင်လာသည်။ ချင်မူ့လက်က ပင့်မြှောက်ထားဆဲ ဖြစ်ကာ သူ့လက်ဝါးထက်ရှိ ဓားစက်လုံးသည်လည်း မရပ်မနား လည်နေဆဲဖြစ်၏။

ဧည့်သည်အားလုံး၏ ရှေ့ရှိ ပန်းကန်ပြားများ၊ ခွက်များနှင့် ဟင်းများမှာလည်း အရာမယွင်းဘဲ ရှိနေသည်။

လူတိုင်း ချွေးပြန်လာကြပြီး ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ကပျာကယာ လှမ်းကြည့်လိုက်ကြသည့်အခါ ယွီကျင့်ဖန်း၏အလောင်းကို မြင်လိုက်ရသည်။ တင့်ဖန်းသည်လည်း မျက်ခုံးနှစ်ဖက်ကြားတွင် အနီရောင်အစင်းကြောင်းတစ်ကြောင်းဖြင့် ခုံပေါ်တွင် လဲနေ၏။ အစေခံအလောင်းနှစ်လောင်းလည်း ရှိနေသည်။

သူတို့က ချင်မူ့ဓားရောင်နယ်ပယ်ထဲတွင် စားပွဲကို ရိုက်ကာ ဓားရောင်များအား ခုခံရန် ကြိုးစားခဲ့သည်။ ရလဒ်အနေဖြင့် သေဆုံးသွားကြ၏။ ကျန်ရှိသူများက မလှုပ်ခဲ့သောကြောင့် အသက်ချမ်းသာရာရခဲ့လေသည်။

ယွဲ့ချင်းရှန်းမှာ မျက်နှာဖြူဖျော့နေသော်လည်း မလှုပ်ခဲ့ပေ။ ချင်မူ၏ ကြောက်မက်ဖွယ်ရာ ဓားအာရုံကို မြင်နိုင်၍မဟုတ်၊ ခံစားရသောကြောင့် မလှုပ်ရဲခဲ့ခြင်း ဖြစ်သည်။

ကယ်ခဲက လက်ပြလိုက်ရာ အစေခံများ‌ ရောက်လာပြီး အလောင်းများအား ချက်ချင်း ဆွဲထုတ်သွားကြသည်။

ခုံပေါ်တွင် အားလုံး မျက်နှာဖြူဆုပ်နေကြပြီး တချို့မှာမူ သွေးပင်မရှိတော့ပေ။

ချင်မူ့ဓားကွက်က အံ့အားသင့်စရာကောင်းလွန်းသည်။ ဓားကွက်သည် မြန်လွန်း၍ သူတို့အတွက် တုံ့ပြန်ရန်ပင် အချိန်မရပေ။ သေရမည်ကို မလှုပ်မယှက် ထိုင်စောင့်နေရသည့် ခံစားချက်က ဆိုးရွားလှ၏။

အထူးသဖြင့် ခုနစ်စဉ်ကြယ်အဆင့်သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့အနေဖြင့် မူလဝိညာဉ်များကို ခန္ဓာကိုယ်အပြင် စေလွှတ်နိုင်‌သော်လည်း မူလဝိညာဉ်၏ သိုင်းစွမ်းအားက အားကောင်းလွန်းသည့်အပြင် အဆောက်အအုံမှာလည်း ကျဉ်းမြောင်းလွန်း၏။ ချင်မူ့ဓားကွက်က လျင်မြန်လှပြီး ဓားရောင်များကလည်း တုံ့ပင်မတုံ့ပြန်နိုင်ခင် သူတို့အား လွှမ်းခြုံသွားခဲ့သည်။

ထို့အပြင် ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသည့် သူတို့၏ကောင်းကင်နတ်သိုင်းများမှာ ချင်မူ့ဓားကွက်နှင့်စာလျှင် အလွန်နှေးကွန်းလွန်း၏။ သူတို့အနေဖြင့် သိုင်းကွက်ထုတ်ဖော်ရန် သူနှင့် အတိုင်းအတာတစ်ခုအထိ ဝေးနေရန်လည်း လိုအပ်သည်။

ထို့ကြောင့် အဆောက်အအုံထဲတွင် အခွင့်အရေးမရှိပေ။

ချင်မူက ဓားစက်လုံးကို သိမ်း၍ တောင်းပန်လိုက်သည်။ “နောင်တော်ကယ်ခဲ၊ ဒီနေရာကို ညစ်ပတ်အောင် လုပ်မိလို့ ဗွေမယူပါနဲ့”

“ဂိုဏ်းသခင်ရဲ့ ဓားကွက်က ပြိုင်ဘက်ကင်းပါပေတယ်။ ကျွန်တော့်အမြင်တွေလည်း ပွင့်သွားရတယ်။ မရေမတွက်နိုင်တဲ့ ဓားတွေကို ထုတ်ဖော်လိုက်တာတောင် ကျွန်တော့်အဆောက်အအုံကို နည်းနည်းလေးမှ မထိခိုက်သွားဘူး... ဒါက တကယ့်စွမ်းရည်ဆိုတာပါပဲ။ ဒီဓားကွက်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုနောက်ပိုင်း ဖန်တီးထားတဲ့ ဓားကွက်များလား”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “ဒီဓားကွက်က ပြုပြင်ပြောင်းလဲမှုနောက်ပိုင်း ဖန်တီးထားတဲ့ ဓားကွက်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်လေးရာ၊ ငါးရာလောက်က ဓားကွက်ပါ။ အမှန်ဆို ဒီဓားကွက်လည်း နောက်ကောက်ကျနေပြီဆိုပေမယ့် အနောက်ကမ္ဘာမြေမှာတော့ အရပ်ခြောက်မျက်နှာအဆင့်နဲ့ ခုနစ်စဉ်ကြယ်အဆင့်သိုင်းသမားတွေကို သတ်လို့ရပါသေးတယ်။ ဘယ်သူ့မှ ငါ့ကို မယှဉ်နိုင်ဘူးလေ။ ဒီနေရာက လူတိုင်းက သိပ်သန်မာအားကောင်းကြပေမယ့် ပန်ကုန်းစုန်ထက်တောင် နိမ့်ကျကြတယ်။ ပန်ကုန်းစုန်က မင်းတို့အားလုံးထက် အများကြီးအစွမ်းထက်တယ်၊ ဒီဓားကွက်ကိုတောင် တန်ပြန်တိုက်ခိုက်နိုင်တယ်။ အလွန်ဆုံး ဒဏ်ရာရရုံပဲ ဖြစ်မှာ”

အားလုံး အေးစက်စက် နှာခေါင်းရှုံ့လိုက်ကြပြီး တစ်ခုခုပြောချင်ကြသော်လည်း အာခေါက်ခြောက်နေကြသည်။ သူတို့အသံများလည်း တုန်ရီနေသဖြင့် ‌ချောင်းဟန့်ကာ ဖုံးကွယ်လိုက်ကြရ၏။

“မြို့အရှင်ကယ်ခဲ၊ ငါ ဒီမှာ မနေနိုင်တော့ဘူး နှုတ်ဆက်ပါတယ်” ယွဲ့ချင်းရှန်းက ရုတ်တရက် လက်သီးဆုပ်၍ လှည့်ထွက်သွားသည်။

ထိုအခါ ကျန်ရှိသူများလည်း ထနှုတ်ဆက်ပြီး ပြန်သွားကြ၏။ မကြာခင် ချင်မူနှင့် ကယ်ခဲသာ ကျန်ခဲ့သည်။

“ဂိုဏ်းသခင်ချင်က ဒီတစ်ခေါက် သိုင်းပညာရှင်တွေ ခေါ်မလာဘူးပဲ။ ကောင်းကင်နတ်အသွင်အဆင့် နဂါးချီလင်တစ်ကောင်ပဲ ပါလာတယ်။ ကျွန်တော်တို့ အနောက်ကမ္ဘာမြေမှာ ပညာရှင်တွေ ပြည့်နေတာနော် သေရမှာ မကြောက်ဖူးလား” ကယ်ခဲက သွေးတိုးစမ်းသည်။

ချင်မူက အပြုံးမဟုတ်သော အပြုံးဖြင့် ပြောလိုက်၏။ “နောင်တော်ကယ်ခဲက နဂါးချီလင်ကို သိတယ်လား” ကယ်ခဲဆီမှ အဖြေထွက်မလာ၍ ချင်မူ ပြုံးလိုက်သည်။ “ကျွန်တော့်ကို သတ်ချင်တဲ့လူတွေ အများကြီးရှိပေမယ့် အခုထိ ဘယ်သူမှ မအောင်မြင်သေးပါဘူး။ ဒီတစ်ခေါက် ခရီးကလည်း တစ်လောကလုံးမှာ ရှိတဲ့ လက်ရွေးစင်တွေကို စိန်ခေါ်ဖို့မှ မဟုတ်တာ။ ဒီတိုင်း စူးစမ်းလေ့လာဖို့ရယ်ပါ။ အစစ်အမှန်‌ကောင်းကင်နန်းတော် ဘယ်မှာရှိလဲ နောင်တော်ကယ်ခဲ သိလား”

“အစစ်အမှန်ကောင်းကင်နန်းတော်က ကျွန်တော်တို့ အနောက်ကမ္ဘာမြေရဲ့ အထွတ်အမြတ်မြေပါ။ လူတိုင်း သိပါတယ်” ကယ်ခဲက ပြုံး၍ ပြောလာသည်။ “ဂိုဏ်းသခင်ချင် သွားချင်ရင် ကျွန်တော် လမ်းညွှန်ပေးပါ့မယ်”

ချင်မူ ကျေးဇူးတင်စကား ပြောလိုက်သည်။ “အစစ်အမှန်ကောင်းကင်နန်းတော်က ကျွန်တော့်ကို ဝရမ်းထုတ်ထားပေမယ့် နောင်တော်ကယ်ခဲကတော့ အရေးကြီးဧည့်သည်တစ်ယောက်လို ဆက်ဆံပေးနေတာဆိုတော့ အစစ်အမှန်ကောင်းကင်နန်းတော် ပြဿနာရှာမှာ မကြောက်ဖူးလား”

ကယ်ခဲက တဟားဟား ရယ်ကာ ခေါင်းယမ်းလိုက်သည်။ “အစစ်အမှန်‌ကောင်းကင်နန်းတော်က အင်အားကြီးပေမယ့် မဆင်မခြင်လုပ်နိုင်တဲ့ အတိုင်းအတာမှာ မဟုတ်ပါဘူး။  အနောက်ကမ္ဘာမြေတစ်ခုလုံးမှာ အထွတ်အမြတ်မြေဆိုလို့ အစစ်အမှန်ကောင်းကင်နန်းတော်ပဲ ရှိပေမယ့် အနောက်ကမ္ဘာမြေကို တကယ်အုပ်စိုးထားတာက အထက်‌ကောင်းကင်ဘုံပါ။ အစစ်အမှန်ကောင်းကင်နန်းတော်က ကိစ္စသေးသေးမွှားမွှားလေးအတွက်နဲ့ အထက်ကောင်းကင်ဘုံကို အသိပေးမှာမဟုတ်ဘူး။ ဟေ့ လာဦး ငါတို့အနောက်ကမ္ဘာမြေရဲ့ မြေပုံကို ဂိုဏ်းသခင်ဆီ ပေးလိုက်”

ချင်မူ လေးနက်သွားသည်။ ကယ်ခဲ၏စကားထဲမှ အရေးပါသော သတင်းတစ်ခု ပေါ်လာချေပြီ။ အစစ်အမှန်ကောင်းကင်နန်းတော်နှင့် အထက်ကောင်းကင်ဘုံတွင် ပတ်သက်မှုရှိနေ၏။

အစေခံတစ်ယောက်က ရှေ့တက်၍ အနောက်ကမ္ဘာမြေ၏ မြေပုံအား ချင်မူဆီ ပေးသည်။ ချင်မူက ယူလိုက်ပြီး မအောင့်အည်းနိုင်တော့ဘဲ မေးလိုက်မိ၏။ “မြို့အရှင်ကယ်ခဲ၊ နောင်တော့်စံအိမ်က ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အပြင်အဆင်နဲ့ တူနေသလိုပဲနော်”

ကယ်ခဲက ပြုံးလိုက်သည်။ “ဂိုဏ်းသခင်ချင်၊ သွားသင့်ပြီ။ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ တင့်ဖန်းနဲ့ ယွီမိသားစုရဲ့ ယွီကျင့်ဖန်းကို သတ်လိုက်တာက ပြဿနာကြီးဖြစ်နေပြီ။ မြန်မြန်ပြန်သွားကြတဲ့ လူတွေက ပန်းတောင်တန်းပွဲတော်အတွက် ပြန်တာမဟုတ်ဘူး။ သတင်းပို့ပြီး တပ်ကူခေါ်ဖို့ ပြန်သွားကြတာ။ အခု မသွားရင် ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

ချင်မူ သူ့မျက်ဝန်းများအား အလေးအနက်ကြည့်ကာ မေးလိုက်သည်။ “ဂိုဏ်းချုပ် ဒီမှာ ဘယ်လောက်ကြာကြာ နေသွားလဲ”

ကယ်ခဲက တိတ်ဆိတ်သွားပြီးနောက်မှ ပြောလာသည်။ “သိပ်မကြာဘူး။ တစ်နှစ် တစ်ခါလာပြီး ကျွန်တော့်ကို သင်ပြပေးတတ်တယ်။ နောက်ဆုံးတစ်ခေါက်တုန်းကတော့ ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူးလို့ ပြောသွားတယ်။ ဂိုဏ်းသခင်ချင်၊ သူ ထွက်သွားပြီလား”

ချင်မူ အတန်ကြာ တိတ်ဆိတ်သွား၏။ သူက ပြတင်းပေါက်တစ်ပေါက်ဆီ သွား၍ ‌အောက်ရှိ နဂါးချီလင်အား ငုံ့ကြည့်လိုက်သည်။ ဖက်တီးကြီးသည် နားရွက်နှစ်ဖက်လုံးကို ထောင်ထားပြီး ခိုးနားထောင်နေ၏။

“ထွက်သွားလောက်ပြီ” ချင်မူက ပြုံးကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်က နတ်ဘုရားတစ်ပါး ဖြစ်နေလောက်ပါပြီ”

အောက်ရှိ နဂါးချီလင်က နားရွက်ကို ပြန်ချပြီး လှဲနေ၏။

ကယ်ခဲက သူ့အနားရောက်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ ရှုန်းချီအာ နဂါးချီလင်၏ အမြီးပေါ် ကုပ်ဖက်တက်နေသည်ကို သူ တွေ့လိုက်ရသည်။ နဂါးချီလင်က အမြီးကို မြှောက်ပေးလိုက်သည့်အခါ ရှုန်းချီအာသည် သူ့အမြီးအတိုင်း‌ လျှောကျသွား၍ သဘောကျစွာ တခစ်ခစ် ရယ်နေတော့သည်။

“ကျွန်တော် ငယ်ငယ်တုန်းတုန်းက နဂါးချီလင်ကို တွေ့ဖူးတယ်။ သူ့ကြည့်ရတာ ကျွန်တော့်ကို မမှတ်မိတော့ဘူးနဲ့ တူတယ်” ကယ်ခဲက ခေါင်းယမ်းလိုက်၏။ “ဂိုဏ်းသခင်ချင်က အစစ်အမှန်နန်းတော်ရဲ့ မင်းသမီး‌လေးကို ခေါ်ပြီး အဲဒီနေရာဆီ အသက်ရှင်ရက် သွားနိုင်ဖို့ မျှော်လင့်နေတာလား။ အစစ်အမှန်ကောင်းကင်နန်းတော် ဂိုဏ်းသခင်ချင်ကို အသေရရ အရှင်ရရ လိုချင်နေတာလည်း အံ့ဩစရာမရှိပါဘူး။ ကျွန်တော့်အကူအညီ မလိုတာရော သေချာရဲ့လား။ မြို့အရှင်တစ်ယောက် ဖြစ်လာလောက်တဲ့အထိ ကျွန်တော့်မှာလည်း လှည့်ကွက်တွေ၊ ပရိယာယ်တွေ ရှိပါတယ်။ အဖေက ကျွန်တော့်ကို အများကြီး သင်ပေးသွားခဲ့တာ”

ချင်မူက အဆောက်အအုံ၏ အပြင်သို့ လမ်းလျှောက်ထွက်သွားပြီး ခေါင်းယမ်းပြလိုက်သည်။ “နောင်တော်ကယ်ခဲမှာလည်း မိသားစုရှိသေးတယ်လေ၊ ကျွန်တော် မနှောင့်ယှက်ချင်ပါဘူး။ ဖက်တီးနဂါး၊ ချီအာ သွားကြစို့”

ကယ်ခဲက သူတို့ကို စံအိမ်အပြင်အထိ လိုက်ပြီးနောက် လက်ပြနှုတ်ဆက်သည်။ ချင်မူလည်း လက်ပြနှုတ်ဆက်လိုက်သည်။

ထိုအချိန်တွင် ကယ်ခဲမှာ ဟန်မဆောင်နိုင်တော့ဘဲ နောက်ဆုံးမေးခွန်းအား လှမ်းမေးလိုက်၏။ “သူ့ကို ထပ်တွေ့နိုင်သေးလား”

“နတ်ဘုရားဖြစ်လာရင်တော့ တွေ့ရလောက်ပါတယ်” ချင်မူက ကျယ်‌လောင်စွာ ပြန်အော်ပြောလိုက်သည်။

ကယ်ခဲက သူတို့ကို ကြည့်ရင်း ပြုံးနေသော်လည်း သူ့မြင်ကွင်းမှ သူတို့ပျောက်ကွယ်သွားသည့်အခါ သူ့မျက်နှာမှာ ညှိုးကျသွား၏။ ‘အဖေ့အကြောင်း ပြောတိုင်း ‘‌လောက်ပါတယ်’လို့ပဲ မရေမရာ ပြောသွားခဲ့တယ်။ အဖေ တကယ် ထွက်သွားပြီပဲ....”

All Chapters