ကြေးခေါင်းလောင်းကြီးများ
Vol. 33 Ch. 449
နဂါးချီလင်မှာတော့ အလွန်ပျော်နေသည်။ သူက ချင်မူ့ကို သယ်ပြီး ပို၍အားစိုက်ကာ ပြေးနေသည်။ သူ့အလျင်က မီးကန္တာရထဲတွင် ရှိစဉ်ကထက် များစွာမြန်ပြီး လျှပ်စီးသဖွယ် ထင်ရ၏။
သူက ဒုံးဝေးသော်လည်း ကယ်ခဲလို လူလည်း မဟုတ်ပေ။ ဂိုဏ်းချုပ်၏သားအား ဂိုဏ်းချုပ် မသေသေးဘဲ နတ်ဘုရားတစ်ပါး ဖြစ်သွားသည့်အကြောင်း ချင်မူ ပြောသည်ကို ကြားလိုက်တုန်းက ဖက်တီးကြီးမှာ အလွန်ဝမ်းသာသွားပြီး ကြိုးကြိုးစားစား အားထုတ်ရန် ဆုံးဖြတ်လိုက်၏။
ချင်မူ့အနေဖြင့် သူ့ကို မလိမ်နိုင်ပေ။
‘သေသောသူတို့ ရှင်သန်ရာကမ္ဘာရဲ့ မြူခိုးပင်လယ်ထဲမှာ တာအိုရသေ့ကြီးလင်းကျင့်က လှေထိုးသမား ဖြစ်နေတယ်’ ချင်မူ သူ့ဘာသာ တွေးနေမိသည်။ ‘အဲဒါကို ကြည့်ရင် ဂိုဏ်းချုပ်လည်း သေသောသူတို့ ရှင်သန်ရာကမ္ဘာမှာ ဖြစ်လောက်တယ်။ ရွာလူကြီးက ငါ့ကို ဖုန်းတုကြေးပြားရှစ်ပြား ပေးထားတယ်ဆိုတော့ အဲဒီကို ပြန်သွားပြီး အဖြေရှာရမယ်”
ကယ်ခဲပေးလိုက်သော မြေပုံကို သူ ထုတ်ကာ ဖြန့်ကြည့်လိုက်သည်။ တခဏကြာသော် အစစ်အမှန်ကောင်းကင်နန်းတော်နှင့် ဖန်ရှုမြို့၏ တည်နေရာကို ရှာတွေ့သွား၏။ အရပ်မျက်နှာကို ဆုံးဖြတ်ပြီးသောအခါ သူက နဂါးချီလင်ကို အနောက်တောင်အရပ်သို့ တရှိန်ထိုး ပြေးခိုင်းလိုက်သည်။
သူတို့၏ရှေ့တူရူတွင် ထူးဆန်းသော တောင်ကြီးတစ်လုံး ရှိနေသည်။ တောင်ကြီး၏အသွင်အပြင်မှာ ဘီလူးကြီးတစ်ကောင် ရပ်နေသည်နှင့် တူပြီး တောင်ထိပ်နှစ်ခုက ၎င်း၏ ပခုံးနှစ်ဖက်ပမာ ဖြစ်နေ၏။ သို့သော် ထူးဆန်းသည်မှာ ထိုတောင်ထိပ်နှစ်ခုသည် အောက်သို့ရောက်လေလေ ကြီးမားလုံးဝန်းလာသည်။ ဧရာမခေါင်းလောင်းကြီးနှစ်ခု မြေကြီးအပေါ်တွင် ဝဲပျံနေသကဲ့သို့ ထင်ရ၏။
ထိုနေရာသို့ သွားနေစဉ် ချင်မူ့အတွက် ရွေးချယ်စရာနှစ်ခု ရှိသည်။
ခေါင်းလောင်းနှစ်ခုအကြား ဖြတ်သွားမည်လား။ ထူးဆန်းသောတောင်ကြီးကို ကွေ့သွားမည်လား။
နဂါးချီလင် ပြေးနေသည့်အချိန် ချင်မူ ခေါင်းမော့ကြည့်လိုက်သည့်အခါ တောင်ပေါ်သို့ ဗျိုင်းတစ်ကောင်ပမာ လှပကြော့ရှင်းစွာ ပျံဝဲတက်သွားသော အမျိုးသမီးတစ်ယောက်အား တွေ့လိုက်ရသည်။
သူမက တောင်ထိပ်ပေါ် ဆင်းသက်လိုက်ပြီး သူမအနားတွင် ချိတ်တံဆိပ်နှင့် တူသည့် ရွှေရောင်စာရွက်တစ်ရွက် ရှိနေသည်။
ထိုအမျိုးသမီး စာရွက်အား ဆွဲခွာလိုက်သည်ကို မြင်လျှင် ချင်မူ့သူငယ်အိမ်များ ကျုံ့ဝင်သွား၏။
“မကောင်းတော့ဘူး။ ဖက်တီးနဂါး မြန်မြန်ပြေး”
သူ ပြောလိုက်သည့်အချိန်မှာပဲ ဧရာမတောင်ကြီးက တဝုန်းဝုန်း မြည်လာပြီး လှုပ်လာသည်။ မယုံနိုင်လောက်အောင် လေးလံသော တောင်ကြီးက မြေကြီးပေါ်မှ ထလာချေပြီ။
အခြေအနေမဟန်တော့မှန်း သိသည်နှင့် ရွှင်ပျော်ပျော်ဓားက သူ့ကျောနောက်ရှိ ဓားအိမ်ထဲမှ တမုဟုတ်ချင်း ပျံထွက်သွားသည်။ ဓားသည် လေကို ရွှီးခနဲ ခွင်း၍ တောင်ထိပ်ပေါ်ရှိ အမျိုးသမီးဆီ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။
ဓားပြများကို ဖမ်းရန် ဓားပြခေါင်းဆောင်အား အရင်ဖမ်းရမည်။ တောင်ဝိညာဉ်ကို နှိုးရန် အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက်၏ မှော်စွမ်းအင်ကို လိုအပ်၏။ အမျိုးသမီးကို သတ်နိုင်သရွေ့ ပြောင်းလဲခြင်းဖြစ်စဉ်အား ချင်မူ ရပ်တန့်နိုင်လိမ့်မည်။
အမျိုးသမီးက သူ့ကို လှည့်ကြည့်ကာ သရော်တော်တော် ပြောသည်။ “နင်က ငါတို့ယွီမိသားစုက တပည့်မကို သတ်ရဲတယ်။ နင့်အဖေက ဧကရာဇ်ဖြစ်နေရင်တောင်မှ ဂရုမစိုက်ဘူး။ ငါ နင့်ကို ငါ့တပည့်မနောက် လိုက်သွားခိုင်းမယ်”
တောင်ဘီလူးကြီးက ခြေထောက်တစ်ချောင်းကို ဆွဲနုတ်၍ မြေကြီးပေါ် နင်းချလိုက်ရာ မြေမှုန်များ အရပ်လေးမျက်နှာသို့ ဖွားခနဲ လွင့်စင်ထွက်သွားသည်။ ထို့နောက် ခြေထောက်နောက်တစ်ဖက် ထုတ်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်၏။
တောင်ဘီလူးကြီး မတ်တပ်ရပ်လိုက်သောအခါ တိမ်တိုက်များက ၎င်း၏ခါးနေရာ ရောက်သွားပြီး ခေါင်းလောင်းပုံသဏ္ဍာန် တောင်ထိပ်နှစ်ခုလည်း မြောက်တက်လာသည်။ ကျောက်တုံးကျောက်ခဲများက တောင်ကမူစွန်းများဆီမှ တဝေါဝေါ လိမ့်ဆင်းကျလာပြီး လမ်းပေါ်တွင် ပြည့်သွားကြသည်။
အမျိုးသမီးက မတ်တပ်ရပ်နေသော တောင်ဘီလူးကြီး၏ ခေါင်းပေါ်တွင် ရပ်နေသည်။ ရွှင်ပျော်ပျော်ဓားက တမုဟုတ်ချင်း လည်ကာ လွန်သွားဓားချက်အသွင်ဖြင့် တိမ်တိုက်များအတွင်းသို့ ထိုးတက်သွား၏။
ယွီမိသားစုမှ အမျိုးသမီးက အခြေအနေမကောင်းမှန်း သိသည်နှင့် ရုတ်ခြည်း အော်ဟစ်လိုက်ရာ ကြိုးပျံများ ထွက်လာသည်။ ကြိုးများက သူမဆီသို့ တရှိန်ထိုး တိုးဝင်လာသော ရွှင်ပျော်ပျော်ဓားအား ချည်နှောင်ကြသည်။
ဒင် ဒင် ဒင် ဒင်
ပေါက်ကွဲသံများက မိုးတဖျောက်ဖျောက် ရွာကျသကဲ့သို့ ထွက်ပေါ်လာ၏။ ကြိုးပျံများသည် ရွှင်ပျော်ပျော်ဓားကို ချည်နှောင်ကာ လျင်မြန်စွာ ကျုံ့သွားသော်လည်း လွန်သွားကဲ့သို့ လျင်မြန်စွာ လည်နေသော ဓားကြောင့် အပိုင်းပိုင်း ပြတ်ထွက်ကုန်သည်။
အမျိုးသမီး၏ သိုင်းအဆင့်က မနိမ့်ပါးသော်လည်း အနောက်ကမ္ဘာမြေ၏ ကျင့်စဉ်များက မိမိကိုယ်ကို သန်မာစေသော လမ်းစဉ်မဟုတ်ပေ။ သူတို့သည် ကောင်းကင်နှင့်မြေကြီးထဲရှိ အရာဝတ္ထုများကို အငှားတိုက်ခိုက်ခိုင်းခြင်း ဖြစ်သည့်အတွက် သူတို့၏သိုင်းစွမ်းအားမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ အဆင့်တူကောင်းကင်နတ်သိုင်းပညာရှင်များနှင့် ယှဉ်ပါက များစွာအားနည်းချေသည်။ လမ်းတွင်ရှိသမျှ အရာအားလုံးကို ခုတ်ထွင်ရှင်းလင်း၍ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ဖြစ်လာသော ချင်မူ့ရှေ့မှောက်တွင် ယွီအမျိုးသမီးသည် များစွာနိမ့်ကျ၏။
ရွှင်ပျော်ပျော်ဓားက နတ်ဓားတစ်လက်ဖြစ်၍ ပြိုင်ဘက်ကင်းအောင် ထက်ရှသည်။ ကြိုးပျံများကို အစိတ်စိတ်အမြွှာမြွှာ ပိုင်းဖြတ်ပြီးနောက်တွင်ပင် ဓားအရှိန်က လျော့ကျမသွားပေ။ ဓားက အမျိုးသမီး၏ မေးစေ့မှ ဖောက်ကာ ငယ်ထိပ်မှ ထွက်သွားသည်။
တောင်ထိပ်ပေါ်မှ သွေးများ စီးကျလာ၏။
ချင်မူက ရွှင်ပျော်ပျော်ဓားကို ပြန်ခေါ်လိုက်သော်လည်း သက်ပြင်းမချနိုင်သေးပေ။ တောင်ကမူစွန်းများမှ ကျောက်တုံးကျောက်ခဲများ လိမ့်ဆင်းကျသွားသောအခါ ကြေးခေါင်းလောင်းကြီးနှစ်ခု၏ ကိုယ်ထည်များ ပေါ်လာသည်။ တောင်ထိပ်နှစ်ခုသည် တောင်များမဟုတ်ဘဲ ခေါင်းလောင်းများ အမှန်တကယ် ဖြစ်နေ၏။ ကျောက်တုံးများ ဖုံးနေခြင်းကြောင့်သာ မမြင်ရခြင်း ဖြစ်ပေသည်။
ယခုလို ဧရာမဝိညာဉ်လက်နက်များအား ချင်မူ မြင်ခဲ့ဖူးသော်လည်း အားလုံးက ဂိုဏ်းအမွေအနှစ်ရတနာများ ဖြစ်ကြသည်။
အနောက်ကမ္ဘာမြေ၏ ဝိညာဉ်လက်နက်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာရှိ ဝိညာဉ်လက်နက်များကဲ့သို့ လက်ရာမမြောက်သော်လည်း ဂိုဏ်းအမွေအနှစ်ရတနာများသည် ထူးခြားနေသေး၏။ ၎င်းတို့က အဆင့်မြင့်သိုင်းပညာရှင်တစ်ယောက် ဘဝတစ်လျှောက်လုံး ဂရုတစိုက် ထိန်းသိမ်းထားသော ရတနာများ ဖြစ်သည်။
‘တောင်ထိပ်ပေါ်က စာရွက်က ဒီတောင်ဘီလူးကြီးကို ချိတ်ပိတ်ထားတာ ဖြစ်မယ်။ ဒီတောင်ကြီးက အသက်ဝင်နေလို့ မိသားစုပိုင်အဖိုးထိုက်ရတနာ ဖြစ်လာအောင် ပိုင်ရှင်က ချိတ်ပိတ်ထားခဲ့တာပဲ’
အခြေအနေက အဆိုးဘက်သို့ ပိုရောက်သွားမှန်း သဘောပေါက်လိုက်၍ ချင်မူ၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ တောင်ဘီလူးကြီးက ခေါင်းလောင်းကြီးနှစ်လုံးကို မြှောက်ကာ လွှဲယမ်းလိုက်သည်။ ခေါင်းလောင်းကြီးနှစ်ခုက တစ်ခုကိုတစ်ခု ထိတိုက်သွားပြီး အဝ,များက ချင်မူ့ဆီသို့ ဦးတည်နေ၏။
ဤတောင်ဘီလူးကြီးသည် ဝိညာဉ်ဖွဲ့တည်နေပြီးဖြစ်သောကြောင့် ယွီမိသားစုက ဤနေရာတွင် ချိတ်ပိတ်ထားခဲ့ခြင်းဖြစ်သည်။ လိုအပ်သည့်အချိန်တွင် စာရွက်ကို ခွာလိုက်သည်နှင့် ကြောက်မက်ဖွယ်ရာ တောင်ဘီလူးကြီးအား နိုးနိုင်ပေမည်။
ဒေါင်
ခေါင်းလောင်းကြီးနှစ်လုံး တိုက်သွားသည့်အခါ အသံလှိုင်း ဖြာထွက်လာသည်။ အသံလှိုင်း ဖြာလာသောနေရာတိုင်းတွင် မြေများ မြောက်တက်လာပြီး နဂါးချီလင်ဆီသို့ လိမ့်ထွက်လာသည်။
သို့သော် အကြီးမားဆုံးအန္တရာယ်က မြောက်တက်လာသည့် လမ်း, မဟုတ်။ အမွေအနှစ်အဆင့် ရတနာနှစ်ခု ထိတိုက်သွားခြင်းမှ ဖြစ်ပေါ်လာသော အသံလှိုင်းပင်။
“အနောက်ကမ္ဘာမြေရဲ့ တော်ဝင်မိသားစုက တော်တော်ကြမ်းတာပဲ။ ဖက်တီးနဂါး မလှုပ်နဲ့”
ချင်မူမှာ ရန်သူကို မချီးကျူးမိဘဲ မနေနိုင်ဖြစ်မိသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သင်္ကေတအမှတ်အသားများ ဖွဲ့တည်လာပြီး ချီစွမ်းအင်နှင့်အတူ နဂါးချီလင်အား ဝန်းရံလိုက်၏။ ကြောက်မက်ဖွယ်ရာအသံလှိုင်းက တရှိန်ထိုး လာနေသော်လည်း နဂါးချီလင်ဆီ မရောက်မီ သင်္ကေတအမှတ်အသားများက နေရာရွှေ့ပြောင်းဝင်္ကပါအား တည်ခင်းလိုက်သည်။ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်း အသက်ဝင်သွားသည်နှင့် ချင်မူက နဂါးချီလင်နှင့်အတူ ပျောက်သွားတော့သည်။
နောက်တခဏတွင် တစ်မိုင်အကွာ၌ သူတို့ ပေါ်လာသည်။ ချင်မူတစ်ယောက်တည်းဆိုလျှင် မိုင်နှစ်ဆယ်၊ သုံးဆယ်အထိ ရွှေ့ပြောင်းနိုင်၏။ လူတစ်ယောက်ပိုလာလျှင်လည်း ဆယ်မိုင်ခန့် ရွှေ့ပြောင်းနိုင်သေးသည်။ သို့သော် နဂါးချီလင်လို ဝတုတ်ကြီးပါ ခေါ်သွားရသည့်အခါ တစ်မိုင်က ဂိတ်ဆုံးနေပြီဖြစ်သည်။
တစ်မိုင်မှာ တောင်ဘီလူးကြီးအတွက် တိုလွန်း၏။ ၎င်းက ခြေတစ်လှမ်းတည်းဖြင့် ဆယ်မိုင်ကျော် သွားနိုင်သည် မဟုတ်ပါ၏လော။
ချင်မူ နောက်လှည့်ကြည့်လိုက်သည့်အခါ သူတို့ရှိခဲ့သောနေရာမှ မြောက်တက်သွားပြီး လေထဲတွင် မှုန့်မှုန့်ညက်ညက် ကြေသွားသည်ကို တွေ့လိုက်ရသည်။ ပြင်းထန်လှသော အသံလှိုင်းများကြောင့် လမ်းမသည်လည်း စိစိညက်ညက် ကြေမွသွားသည်။
အသံလှိုင်းက မိုင်နှစ်ဆယ်ကျော် လမ်းကို ဖျက်စီးပစ်လိုက်၏။
“တောင်ဘီလူးကြီးမှာ မှော်စွမ်းအင် မရှိပေမယ့် ခေါင်းလောင်းနှစ်ခုကို ရိုက်ထည့်လိုက်ရုံနဲ့ ကြောက်စရာစွမ်းအားကြီး ထုတ်လွှတ်နိုင်တယ်။ အံ့ဩစရာပဲ”
ချင်မူမှာ မလေးစားမိဘဲ မနေပေ။ နဂါးချီက သူ့ကို သယ်ကာ တရှိန်ထိုး ပြေးသည်။ သူတို့အနောက်တွင် တောင်ဘီလူကြီးက လှည့်လာပြီး ခြေတစ်လှမ်းလှမ်းလိုက်သည်။ ရုတ်တရက် မှောင်ရိပ်ကျလာသဖြင့် ချင်မူ မော့ကြည့်လိုက်သည့်အခါ တောင်ဘီလူးကြီး၏ ခြေဖဝါးက သူတို့အပေါ် ရောက်နေသည်ကို တွေ့လိုက်ရ၏။
နဂါးချီလင်၏အမြန်နှုန်းက ကြောက်မက်ဖွယ်ရာ မြင့်တက်လာပြီး အသံ၏အမြန်နှုန်းကိုပင် ကျော်တက်သွားသည်။ ဖက်တီးကြီး၏ တိုးတက်လာမှုက ချင်မူ့ကို အံ့အားသင့်သွားစေသည်။ ဖက်တီးနဂါး မည်သည့်ဆေးလုံးများစား၍ ဤမျှမြန်လာမှန်း သူ မသိတော့ပေ။
ယခုလို သေရေးရှင်ရေးအခြေအနေတွင် နဂါးချီလင်မှာ အစာကောင်းကောင်း စားရဖို့အရေးအတွက် သခင်ဖြစ်သူကို မလှည့်စားနေနိုင်တော့ပေ။ သူ့အသက်ကို ဖက်နှင့်ထုပ်ထားရသဖြင့် မျက်စိစုံမှိတ်ပြီးသာ ပြေးနေတော့သည်။
ဒုန်း
သူတို့အနောက်တွင် တောင်ဘီလူးကြီး၏ ခြေဖဝါးကြီးက မြေကြီးပေါ် ကျလာကာ ချိုင့်ခွက်ကြီး ဖြစ်သွားစေသည်။ နောက်တခဏ၌ ၎င်းက လက်မြှောက်၍ ကြေးခေါင်းလောင်းကြီးတစ်လုံးအား ရိုက်ချလိုက်၏။
နဂါးချီလင်မှာ သွေးရူးသွေးတန်း ပြေးနေပြီး ကြေးခေါင်းလောင်းကြီးက သူ့အနောက်သို့ ကျလာသည်။ သို့ရာတွင် ထိုခေါင်းလောင်းကြီး၏ စွမ်းအားမှာ အတိုင်းထက်အလွန် ကြောက်မက်ဖွယ်ရာကောင်းသည်။ အသံလှိုင်းက မြေကြီးထဲ ဝင်ရောက်သွားသည့်အခါ သုံးဆမှ ငါးဆအထိ လျင်မြန်စွာ ဖြာထွက်လာသည်။
နဂါးချီလင်၏အနောက်ရှိ မြေကြီးက ဝုန်းခနဲ မြောက်တက်ကာ ပေါက်ကွဲသွား၏။ အသံလှိုင်းက နဂါးချီလင်ဆီသို့ပင် ရောက်လာကာ သူ့အား လေပေါ် ပင့်မြှောက်လိုက်သည်။
နဂါးချီလင်၏ ခြေထောက်အောက်တွင် မီးလျှံတိမ်တိုက်များ တမုဟုတ်ချင်း ဖွဲ့တည်လာပြီး သူက ထပ်ပြေးပြန်သည်။ သူ့အနောက်တွင် တောင်ဘီလူးကြီးက ကျန်ခေါင်းလောင်းကြီးကို လွှဲလိုက်ပြီး ပထမခေါင်းလောင်းကြီးကလည်း လေပေါ် မြောက်တက်နေသဖြင့် မကြာခင် ထိပြန်တော့မည်။
ဒေါင်
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး အသံလှိုင်းမှ လှိုင်းဂယက်များက ဟင်းလင်းပြင်ကို ဖိသိပ်လိုက်သည်။ အသံလှိုင်းသည် အလွန်လျင်မြန်သော နှုန်းဖြင့် ဖြာဆင်းလာ၏။
ချင်မူမှာ ခေါင်းမွှေးများ ထောင်သွားပြီး ကပျာကယာ နောက်ခုန်ကာ လကျောက်စိမ်းမျက်လုံးကို ထုတ်လိုက်သည်။ မျက်လုံးဆီမှ အလင်းတန်းက အသံလှိုင်းကို ခွင်းသွား၏။
ဝှမ်
အလင်းတန်းကြောင့် အသံလှိုင်းများမှာ နှစ်ခြမ်းကွဲထွက်သွားပြီး ကြောက်မက်ဖွယ်ရာစွမ်းအင်လှိုင်းများက နဂါးချီလင်ကို ပွတ်တိုက်သွားသည်။ တုန်ခါမှုများက ချင်မူ့အား ခေါင်းကျိန်းသွားစေကာ ကျောရိုးထဲ စိမ့်အေးသွားမိ၏။
အသံလှိုင်းသာ သူတို့ကို ထိမှန်သွားလျှင် သူ၊ ရှုန်းချီအာနှင့် နဂါးချီလင်တို့သုံးယောက်လုံး အစအနပင်မကျန်အောင် အစိတ်စိတ်အမြွှာမြွှာဖြစ်သည်အထိ တုန်ခါသွားလိမ့်မည်။
“အနောက်ကမ္ဘာမြေက မခေဘူးပဲ။ ဒါပေမဲ့ ဒီလိုဟာမျိုးက ကျင့်ကြံဖို့ မကောင်းဘူး”
ချင်မူ နောက်လှည့်ကြည့်ပြီး လကျောက်စိမ်းမျက်လုံး၏ အလင်းတန်းက တောင်ဘီလူးကြီးအား ထိမှန်သွားသည်ကို မြင်လိုက်ရသည်။ တောင်ဘီလူးကြီး၏ ဘယ်ပခုံးတစ်ဝက် ပြိုကျသွားပြီး နဂါးချီလင်မှာလည်း ၎င်းနှင့် ဝေးသထက် ဝေးသွားသည်။ လက်ရှိတောင်ဘီလူးကြီး၏ အခြေအနေအရ သူတို့ကို အသံလှိုင်းများဖြင့် ပစ်ခွင်းနိုင်တော့မည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် တောင်ဘီလူးကြီးက ရုတ်တရက် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ ချင်မူမှာ ဤမြင်ကွင်းကို မြင်လျှင် ရင်ထဲ ပြင်းထန်စွာ လှုပ်ခါသွား၏။ တောင်ဘီလူးကြီးက အရှိန်ယူကာ မယုံကြည်နိုင်ဖွယ်ရာ အမြန်နှုန်းဖြင့် ပြေးလာချေပြီ။
“မြတ်စွာဘုရား... မဟုတ်သေးဘူး ဒီတောင်ကြီးကို တစ်ယောက်ယောက် ထိန်းချုပ်နေတာပဲ ဖြစ်မယ်။ မဟုတ်ရင် ငါနဲ့ နဂါးချီလင်ကို ဒီလောက်အထိ သဲကြီးမဲကြီး လိုက်နေပါ့မလား”
ချင်မူ သဘောပေါက်သွားသည်။ စည်းစာရွက်ကို ခွာလိုက်သော အမျိုးသမီးမှာ အသတ်ခံလိုက်ရပြီဖြစ်၍ ထိန်းချုပ်သူက သူမ မဖြစ်နိုင်တော့ပေ။ တစ်စုံတစ်ယောက်က အနီးနားတွင် ပုန်းကာ ထိန်းချုပ်နေလိမ့်မည်။ ထိုသူ၏သိုင်းအဆင့်ကလည်း အလွန်မြင့်မားလိမ့်မည်။ မဟုတ်ပါက ဤမျှကြီးမားသော တောင်ဘီလူးကြီးတစ်ကောင်ကို မည်သို့ထိန်းချုပ်နိုင်မည်နည်း။
သူ ထိုသို့တွေးနေစဉ်မှာပဲ ဓားရောင်တစ်ချက်က ကောင်းကင်ယံကို ခွင်းသွားပြီး လူ့ခေါင်းပြတ်တစ်ခုနှင့် အလောင်းတစ်လောင်း လေထဲမှ ပြုတ်ကျလာသည်။ ထိုသူက ငွေရောင်ဆံပင်ရှိသော အဘွားအိုတစ်ဦး ဖြစ်ပြီး လက်ထဲတွင် တောင်ဝှေးတစ်ချောင်းအား ကိုင်ထားသည်။ တောင်ဝှေးသည်လည်း နှစ်ပိုင်းပြတ်နေ၏။
ချင်မူ အတန်ငယ် မှင်သက်သွားမိသည်။ သူ ပြန်ကြည့်လိုက်သည့်အခါ တောင်ဘီလူးကြီးက ရပ်တန့်သွားပြီး သူတို့နောက် မလိုက်တော့ကြောင်း တွေ့လိုက်ရသည်။
တောင်ဘီလူးကြီးကို မှောင်ရိပ်ထဲမှ ထိန်းချုပ်နေခဲ့သူမှာ ဆံဖြူအဘွားအိုဖြစ်ကြောင်း သေချာသွား၏။ သို့မဟုတ်လျှင် တောင်ဘီလူးကြီးသည် နိုးလာလျှင်ချင်း အဘယ်သို့ပြု၍ ချင်မူ့ကို တိုက်ခိုက်လိမ့်မည်နည်း။
“ဖက်တီးနဂါး၊ ရပ်လိုက်”
နဂါးချီလင်မှာ အကြောင်းရင်းကို နားမလည်သော်လည်း တမုဟုတ်ချင်း ရပ်လိုက်သည်။ ချင်မူက အနီရောင်ကောင်းကင်မျက်လုံးကို ဖွင့်၍ တောင်ဘီလူးကြီးအား ကြည့်လိုက်သည့်အခါ ၎င်းခေါင်းပေါ်၌ လူရိပ်တစ်ခုအား မြင်လိုက်ရသည်။
ကယ်ခဲ
ဓားရောင်က တိမ်တိုက်များဆီမှ ပြန်လာပြီး ကယ်ခဲကို နှစ်ပတ်လှည့်ပတ်သွားလေသည်။
ကယ်ခဲက ဦးညွှတ်ကာ သူတို့ကို နှုတ်ဆက်လိုက်၏။ “လမ်းခရီး အဆင်ပြေပါစေ”
ချင်မူလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။ “ကျေးဇူးတင်ပါတယ်”
ထို့နောက် လူရိပ်သည် အလံတစ်ခုဖြင့် သူ့ကိုယ်သူ ဖုံးကာ တောင်ထိပ်ပေါ်မှ ပျောက်ကွယ်သွား၏။
“နေရာရွှေ့ပြောင်းအလံ၊ ဂိုဏ်းချုပ်က သူ့ကိုလည်း တစ်ခုပေးခဲ့တာပဲ” ချင်မူ ပြုံးလိုက်မိသည်။ “သူက ဂိုဏ်းချုပ်နဲ့တူတယ်။ နှစ်ယောက်လုံး ဂရုမစိုက်တတ်တဲ့ပုံ ပေါ်ပေမယ့် တကယ်တမ်း သိပ်စိတ်ထားကောင်းကြတယ်။ ကယ်ခဲက ဂိုဏ်းချုပ်ရဲ့သားဆိုတာ သံသယဝင်စရာကို မလိုဘူး။ ဖက်တီးနဂါး၊ ဂိုဏ်းချုပ်မှာ မျိုးဆက်တစ်ယောက် ရှိနေပြီ”