ခုနစ်ယောက်နဲ့ တစ်ယောက်
Vol. 11 Ch. 154
“လီဖူချန်း …”
လျုဝူဟောင်က ပါးစပ်အဟောင်းဖြင့် သူ့မျက်စိကိုသူ မယုံနိုင်သလို ဖြစ်နေပါတယ်။
လီဖူချန်းက တကယ်ကြီးကို ဓားတစ်ချက်တည်းနဲ့ လီဝူရှုရဲ့ လှံကို ရိုက်ပစ်လိုက်တာလေ။ ဒီကောင်က မြေကမ္ဘာအဆင့် ၁ ကို ရောက်သွားတာများလား။
သေသေချာချာ ကြည့်လိုက်တော့လည်း မရောက်သေးပါဘူး။
သွေးတွေ အများကြီး ဆုံးရှုံးထားတဲ့ လျူဝူဟောင်က စဉ်းစားရလွန်းလို့ မူးလဲချင် လာသလိုတောင် ဖြစ်လာပါတယ်။
“ညီလေးလျူ ... မင်းအဆင်ပြေရဲ့လား”
ရှောင်လီက ပြေးလာပြီး လျူဝူဟောင်ကို မေးလိုက်ပါတယ်။
“ကျွန်တော် အဆင်ပြေပါတယ်။ လာကယ်တဲ့အတွက် ကျေးဇူးပါပဲ”
လျူဝူဟောင်လို လူတစ်ယောက်က 'လာကယ်တဲ့အတွက် ကျေးဇူးပါပဲ' ပြောလိုက်ကတည်းက သူ့စိတ်ထဲမှာ ဘယ်လို ခံစားနေရသလဲ ဆိုတာကို သိနိုင်ပါတယ်။
လီဝူရှုရဲ့ လှံကို ရိုက်ထုတ်ပစ် လိုက်ပြီးကတည်း လီဖူချန်းက မရွေ့နိုင်တဲ့ တောင်ကြီး တစ်လုံးလို ပုံစံနဲ့ သောင်းဟိုင်နဲ့ လီဝူရှုတို့ရဲ့ လမ်းကြောင်းကို ပိတ်ထားလိုက်ပါတယ်။
သူနဲ့ လျူဝူဟောင်ကြားမှာ ဘယ်လို ပြဿနာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့ ဒီဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေထဲမှာတော့ သူတို့ဟာ တစ်ဖွဲ့တည်းသား တွေပါပဲ။
“မဖြစ်နိုင်ဘူး”
လီဝူရှုရဲ့ ပထမဆုံး ဖြစ်ပေါ်လာတဲ့ အတွေးက မဖြစ်နိုင်ဘူး ဆိုတာပါပဲ။
သူက သာမန် မြေကမ္ဘာနယ်ပယ် အဆင့် ၁ မဟုတ်ဘူးလေ။ သူက ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ထိပ်တန်းပါရမီရှင် တစ်ယောက်ပါ။ သာမန် မြေကမ္ဘာနယ်ပယ် အဆင့် ၁ က ပညာရှင်ဆိုတာ သူ့ဖိနပ်ကို တိုက်ဖို့တောင် မတန်ပါဘူး။
အရူးဆေးဘာ သောင်းဟိုင်ကလည်း နောက်ဆုံးမှာတော့ လူသားဆန်တဲ့ အရာတချို့ သူ့မျက်လုံးထဲကနေ ထွက်ပေါ်လာပါတယ်။ အဲဒါတွေကတော့ ထိတ်လန့် တုန်လှုပ်ခြင်း၊ လူသတ်ချင်ခြင်းနဲ့ တိုက်ပွဲကို ဆာလောင်ခြင်းတွေပါပဲ။
“ဒီကောင်က တကယ်ပဲ သူ့ဓားနဲ့ အစ်ကိုလီရဲ့ လှံကို ရိုက်ထုတ်ပစ် လိုက်တာလား။ ဒီလီဖူချန်းဆိုတဲ့ ကောင်က ဘယ်သူလဲဟ။ ဘယ်တုန်းကတည်းက မိုးပြာရောင်ဂိုဏ်းမှာ ဒီလိုကြောက်စရာ ကောင်းတဲ့ကောင် ပေါ်နေတာလဲ”
လီဝူရှုနဲ့ သောင်းဟိုင်တို့ နောက်မှာ ရပ်နေတဲ့ သူတွေကလည်း လီဖူချန်းကြောင့် ကြောင်အ ကုန်ပါတယ်။
လီဖူချန်းက ဘယ်လိုလုပ်လိုက်လဲ ဆိုတာကိုတောင် မမှန်းဆနိုင်ဘူးလေ။
လီဝူရှုတို့လို ပါရမီရှင်တွေကို မိုးကောင်းကင်က ကောင်းချီးပေးထားတဲ့ ပါရမီရှင်တွေလို့ ခေါ်ကျပါတယ်။ ဒါဆိုရင် ဒီလီဖူချန်းကို အဘယ်သို့ ခေါ်ရမည်နည်း။
စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၈ ပဲ ရှိသေးတဲ့ ကောင်လေးက လီဝူရှုလို မြေကမ္ဘာနယ်ပယ် အဆင့် ၁ ကို ယှဉ်နိုင်နေတယ်။
“ဒီကောင့်ကို သတ်ဟေ့ … ဒီကောင်က အနာဂတ်ရဲ့ ဂြိုဟ်ဆိုးပဲ။ ဒီကောင် သေမှကို ဖြစ်မယ်"
ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းရဲ့ တပည့်တွေက လီဖူချန်းကို သတ်ဖို့ စိုင်းပြင်း နေကျပါပြီ။
“ဟိဟိ ... ငါထင်တာတော့ မိုးပြာရောင်ဂိုဏ်းသား အကုန်လုံးက ဒီနေရာကို ရောက်နေကျပြီလို့ ထင်တာဘဲ။ ဒီကောင်တွေ အကုန်လုံးကို ပင်ပင်ပန်းပန်းရှာပြီး လိုက်သတ်စရာ မလိုတော့ဘူးပေါ့”
လီဝူရှုက သူ့ရဲ့ မနာလိုဝန်တို ဖြစ်နေတဲ့ စိတ်အပြည့်နဲ့ လှောင်ပြောင် လိုက်ပါတယ်။
သောင်းဟိုင်ကတော့ စကားတစ်ခွန်းမှ ဝင်မပြောပါဘူး။ ဒါပေမဲ့ သူ့ရဲ့မျက်လုံးကို ကြည့်လိုက်တာနဲ့ သူဘာဖြစ်ချင်နေတယ် ဆိုတာကို တန်းသိနိုင်ပါတယ်။
သူက သူ့ရန်သူတွေကို အပိုင်းပိုင်း အစစဖြစ်အောင် လုပ်ရတာကို ကြိုက်နှစ်သက်သူပါ။ တစ်ကယ်လို့ သူက ဒီနတ်ဆိုးက မွေးထားတဲ့ လီဖူချန်းလို သူတစ်ယောက်ကို သတ်ပစ်နိုင်ခဲ့ရင် ပိုပြီး ကျေနပ်စရာ ကောင်းမှာပါ။
'မြေကမ္ဘာနယ်ပယ် အဆင့်၁က လူ၅ယောက်နဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ၉ က လူနှစ်ယောက်။ ကြည့်ရတာ ဒီနေ့တော့ ငါတို့ရဲ့ အဆုံးသတ်ပဲနဲ့ တူတယ်'
ချန်ဖန်းဟွာကတော့ သူမတို့ရဲ့ အဆုံးသတ် မလှတော့တာကို တွေးနေမိပါတယ်။
လီဖူချန်းကတော့ ခေါင်းခါလိုက်မိပါတယ်။ ဒီလူ ၇ ယောက်နဲ့ တိုက်မယ် ဆိုရင်တော့ ချန်ဖန်းဟွာတို့ အားလုံးကတော့ သေကုန်ကျမှာပါပဲ။ ဒီလူတွေ လက်ထဲက လွတ်အောင် ပြေးနိုင်မဲ့သူက သူကိုယ်တိုင်ဘဲ ရှိပါတယ်။ မဖြစ်သေးပါဘူး။ သူအစွမ်းကုန် တိုက်ခိုက်မှ ရပါတော့မယ်။
“မင်းတို့က လူ ၇ ယောက်တည်းနဲ့ ငါတို့ကို သတ်ချင်နေတာလား။ ငါက မင်းတို့အားလုံးကို ငရဲပြည်တောင် ပြန်ပို့ပေးလိုက်ဦးမယ်”
လီဖူချန်းက လုံးဝ မူမပျက်ဘဲ အေးအေးဆေးဆေးနဲ့ ပြန်ပြောလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက လီဝူရှုတို့ကို ကြက်ကလေး၊ ငှက်ကလေး သတ်သလို အလွယ်တကူ သတ်ပစ်နိုင်တယ်လို့ ယူဆထားတဲ့ပုံပါပဲ။
ကောင်းကင်ကြီး ပြိုကျလာပြီ ဆိုရင်တောင် သူ့ရဲ့ တည်ငြိမ်မှုက ပျက်သွားမဲ့ပုံ မပေါ်ပါဘူး။
သူ့ရဲ့ တည်ငြိမ်မှုထဲမှာ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပါဝင်နေတယ် ဆိုတာကိုတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေနဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းသားတွေက ကောင်းကောင်းကြီး ပြောနိုင်ပါတယ်။ လီဖူချန်းရဲ့ ကိုယ်ကထွက်နေတဲ့ မမြင်ရတဲ့ အရှိန်အဝါတစ်ခုက သူတို့ရဲ့ နှလုံးသားကို ဖျစ်ညှစ် ဆုပ်ကိုင် ထားသလိုကို ခံစားနေရတယ်လေ။ သူတို့က အကြောင်းအရင်း ရေရေရာရာ မရှိဘဲ ဒီကောင်လေးနဲ့ တိုက်ရမှာကို ကြောက်ရွံ့ နေပါတော့တယ်။
နှစ်ဖက်စလုံးက လူတွေကတော့ တစ်ဖက်နဲ့တစ်ဖက် လုံးဝ အလွတ်မပေးဘဲ မျက်ခြည်မပြတ် စိုက်ကြည့် နေကြပါတယ်။
ဂါး ... ဂရား ...
အရူးဆေဘာသောင်းဟိုင်က မာန်တစ်ချက် သွင်းလိုက်ပြီး တိတ်ဆိတ် ငြိမ်သက်မှုကို စတင် ဖြိုခွဲလိုက်ပါပြီ။ ဒါပေမဲ့ အဲဒါက လူသားတစ်ယောက်ရဲ့ အသံနဲ့ မတူပါဘူး။ သားရဲကြီးတစ်ကောင် ဟိန်းဟောင်လိုက်တာနဲ့ သွားတူနေပါတယ်။ လုံးဝ ရက်စက် ကြမ်းကြုတ်တဲ့ သားရဲကြီး တစ်ကောင်က အမဲလိုက်တဲ့ အခါမှာ ဟိန်းဟောက် လိုက်သလိုပါပဲ။
သူ့ရဲ့ ဆေဘာကြီးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး သောင်းဟိုင်က လီဖူချန်းကို အားရပါးရ လွှဲပြီး ခုတ်ပိုင်းလိုက်တယ်လေ။
“သောင်းဟိုင် ... မင်းရဲ့ ဘွဲ့နာမည်က အရူးဆေဘာဆို … ငါက မသ်းကို တကယ့်အရူးတစ်ယောက် ဖြစ်အောင် ကူညီပေးပါ့မယ်”
လီဖူချန်းက တစ်ဖက်လူရဲ့ ဆေဘာဓားထိပ်ပိုင်းကို သူ့ဓားနဲ့ ရိုက်ထုတ်လိုက်ပါတယ်။
ထန် ...
ကြောက်စရာ ကောင်းလှတဲ့ ဆေဘာချီတွေနဲ့ ဓားချီက အရပ် ၈ မျက်နှာလုံးကို ပျံ့နှံ့သွားကုန်ပါတယ်။
“သောင်းဟိုင် ... ငါမင်းကို သူနဲ့ လွှတ်ထားလိုက်ပြီနော်။ တခြားကောင်တွေကို အရင် သွားသတ်လိုက်ဦးမယ်”
လီဝူရှုက သူ့ရဲ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး ရှောင်လီတို့ဆီကို ဦးတည် သွားလိုက်ပါတယ်။
“မင်းရဲ့ရန်သူက ငါပဲ”
နတ်ဘုရား ခြေလှမ်းနဲ့အတူ လီဖူချန်းက လွင့်မျောသွားပြီး လီဝူရှုကို ဓားချက်တစ်ချက် ထုတ်ပိုင်းလိုက်ပါတယ်။
“မင်းတစ်ယောက်တည်းနဲ့ ငါတို့နှစ်ယောက်ကို ရင်ဆိုင်ချင်နေတာလား"
လီဝူရှုက ဘာမှမတတ်နိုင်ဘဲ အနောက်ဆုတ်လိုက် ရပါတယ်။
လီဖူချန်းက သူ့ကို အတော်လေး အထင်သေးနေတယ်လို့တောင် ခံစားနေရတယ်လေ။
“ကြယ်လည်းကြွေ နင်လည်းသေ”
လီဖူချန်းက ဘာမှ ပြန်မပြောဘဲ သူ့လက်ထဲက နက်ရွှေမှော်ဓားကိုဘဲ အလုပ်လုပ်ခိုင်း လိုက်ပါတယ်။ နက်ရွှေမှော်ဓားက လီဝူရှုကော သောင်းဟိုင်ကိုကောပါ ဦးတည်ထားပါတယ်။
မရေမတွက်နိုင်တဲ့ ကြယ်တွေ ကြွေကျလာတဲ့ ပုံစံမျိုးနဲ့ ဓားချီတွေက ထွက်ပေါ်လာပါပြီ။ လီဝူရှုက ဘာမှမတတ်နိုင်တော့ဘဲ သူ့လှံကို ထုတ်သုံးကာ ကာကွယ်ထားလိုက်ရပါတယ်။ သောင်းဟိုင်ရဲ့ ဆေဘာကလည်း ပိုက်ကွန်ကြီး တစ်ခုကို လွှမ်းခြုံထားသလိုပါပဲ ဘယ်တိုက်ခိုက်မှုကမှ သူ့ခံစစ်ကို ကျော်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ လီဖူချန်းက သူတို့ကို ဟန်ပြတိုက် လိုက်တာပါ။ သူ့ရဲ့ တကယ့် အစစ်အမှန် ပစ်မှတ်က အခြားသော ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေနဲ့ ခရမ်းရောင်ဆေဘာ ဂိုဏ်းသားတွေလေ။
အား ...
လုံးဝကို မမျှော်လင့်ထားတဲ့ ဓားချက် ဖြစ်တဲ့အတွက် ခရမ်းရောင် ဆေဘာဂိုဏ်းသား နှစ်ယောက်နဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသား တစ်ယောက်ကတော့ ပွဲချင်းပြီးကို သေသွားပါတယ်။
လီဖူချန်း တီထွင်ထားတဲ့ ဒီဓားကွက်က သာမန်ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေ ထဲမှာတော့ လုံးဝကို အပြစ်အနာအဆာ ကင်းမဲ့နေတာပါပဲ။ နေရာလွတ်လေး တစ်နေရာ ပေးလိုက်တာနဲ့ သူ့ဓားက ဝင်ရောက်လာပြီး အရာအားလုံးကို ပိုင်းဖြတ်သွားမှာပါ။ သွေးဆေဘာ လင်းဟောင်က အကောင်းဆုံး ဥပမာတစ်ခုပါပဲ။
တိုက်ပွဲက အခုမှ စမယ်ဆိုရုံလေး ရှိသေးတယ်။ ရန်သူတွေဘက်က ၃ ယောက် ကတော့ သေဆုံးသွားပါပြီ။ အစောပိုင်းတုန်းက ရန်သူ ၇ ယောက်ရှိပေမဲ့ အခုတော့ ၄ ယောက်ပဲ ကျန်ပါတော့တယ်။ လီဖူချန်းကတော့ အနည်းငယ် သက်သာရာ ရသွားသလို ခံစားလိုက်ရပါတယ်။
“မင်းတို့အားလုံး ပေါင်းပြီး ကျန်တဲ့ နှစ်ယောက်ကို ရအောင်သတ်။ မရဘူးလို့တော့ ငါ့ကို လာမပြောကြနဲ့။ မရရအောင် နည်းလမ်းရှာပြီးသတ်။ လျူဝူဟောင် ... မင်းမသေသေးဘူး မလား …။ မင်းလည်း တိုက်ပွဲထဲ ဝင်ပါမှ ဖြစ်မယ်”
အခုချိန်မှာတော့ လီဖူချန်းက အားလုံးကို အမိန့်ပေးလိုက်ပါပြီ။ ဝါစဉ်ကြီးတာတွေ ငယ်တာတွေလည်း နားမလည်တော့ပါဘူး။ အားလုံးက သူအမိန့်ပေးတဲ့ အတိုင်း လုပ်ဆောင်နိုင်မှ အသက်ရှင်ကျန်နိုင်မှာလေ။
“ညီလေးလီကတော့ တကယ့်နတ်ဆိုး တစ်ကောင်ပါပဲလား”
ရှောင်လီကတော့ လီဖူချန်းကို ခေါင်းဆောင် တစ်ယောက်အဖြစ် လုံးဝ အသိအမှတ် ပြုလိုက်ပါပြီ။
“လီဖူချန်း မင်းအရမ်း ကိုယ့်ကိုယ်ကိုယ် အထင်မကြီးစမ်းနဲ့။ သောင်းဟိုင် … ဒီကောင့်ကို ပေါင်းပြီး အမြန်သတ်ရအောင်”
လီဝူရှုက ဒေါသထွက်ရလွန်းလို့ ရူးချင်သလိုလိုတောင် ဖြစ်နေပါပြီ။ လီဖူချန်းရဲ့ လုပ်ပုံက သူ့ကို စော်ကားနေသလိုပါဘဲ။
ချွင် ချွင် ထန် ထန် ချွင် ထန် ထန် …
တစ်နေရာတည်းမှာပဲ တိုက်ပွဲနှစ်ခုက အကြီးအကျယ် ဖြစ်နေကျပါပြီ။ တစ်ခုကတော့ လီဖူချန်းရဲ့ နှစ်ယောက်ယောက် တစ်ယောက် တိုက်ပွဲဖြစ်ပြီး နောက်တစ်ခုကတော့ ရှောင်လီနဲ့ ကျန်တဲ့ လေးယောက်က ကောင်းကင်နတ်ဆိုး ဂိုဏ်းသားနဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းသားကို ဝိုင်းတိုက်ခိုက် နေတာပါ။
ဒီနှစ်ယောက်နဲ့ တိုက်ခိုက်ရတာက လီဖူချန်း အတွက်တော့ လုံးဝကို အကျဉ်းအကြပ်ထဲ ရောက်နေတာပါပဲ။ အစောပိုင်းက ဓားကွက်တစ်ကွက်ပဲ အသာရလိုက်ပြီး ထို့နောက်မှာတော့ သူက အောက်စည်းကို ရောက်သွားခဲ့ပါပြီ။
သူ့ရဲ့ အရိပ်မဲ့ ခြေသိုင်းသာ မကယ်ရင် အစောကြီးကတည်းက သေနေလောက် ပါတယ်လေ။
“သတ်”
“သေစမ်း”
“သတ်”
သောင်းဟိုင်က ပါးစပ်ကနေ သတ်တာနဲ့ သေတာက လွဲရင် ဘာမှ ပြောတတ်တဲ့ပုံ မပေါ်ပါဘူး။ သူ့ရဲ့ ဆေဘာ အရှိန်အဝါကလည်း ပိုပိုပြီးတော့ အားကောင်း လာပါတယ်။ အခုဆိုရင်တော့ သူ့ဆေဘာဓာက မုန်တိုင်း တစ်စင်းလို ပတ်ရမ်းနေပြီး လီဖူချန်းကို ဖိနှိပ်နေပါတယ်။
လီဝူရှုရဲ့ လှံတံအရှိန်အဝါ ကတော့ သောင်းဟိုင်လောက် မသိသာပါဘူး။ ဒါပေမဲ့ သူ့ဆီက ထွက်လာတဲ့ လှံချက်တိုင်းက ပင်လယ်ပြင်ကနေ ထိုးထွက်လာတဲ့ အဆိပ်နဂါးကြီး တစ်ကောင်လိုပါပဲ။ သူ့ရဲ့ ဒုက္ခပေးနိုင်စွမ်းက သောင်းဟိုင်ထက်ကို ဘယ်လိုမှ နိမ့်ကျမနေပါဘူး။
“ဒါကမှ တကယ့် အစစ်အမှန် တိုက်ပွဲကွ။ ငါ့နှလုံးသားထဲကနေ တောင့်တနေတဲ့ တိုက်ပွဲပဲ”
လီဖူချန်းရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကလည်း လုံးဝ နိုးကြားတက်ကြွ လာပါပြီ။ ကောင်းကင်ဘုံက စစ်နတ်ဘုရားတစ်ပါး ဆင်းသက် လာသလိုပါပဲ။ သောင်းဟိုင်ရဲ့ ဆေဘာပဲဖြစ်ဖြစ်၊ လီဝူရှုရဲ့ လှံပဲဖြစ်ဖြစ် ဘယ်အရာကမှ သူ့ကို ကြောက်လန့်တုန်လှုပ် သွားသေနိုင်စွမ်း မရှိပါဘူး။
“ဒီကောင့်ရဲ့ တိုက်ပွဲဝင်တဲ့ အတွေ့အကြုံက မနည်းဘူးဟ။ သောင်းဟိုင် ငါဒီကောင့်ကို တစ်ကွက် တိုက်လိုက်မယ်။ မင်းအနောက် နည်းနည်းဆုတ်လိုက်”
တိုက်ပွဲက အချိန် ကြာလာတာနဲ့အမျှ လီဝူရှုက တစ်ဖက်လူရဲ့ ကျင်လည် ပါးနပ်မှုတွေကို ကောင်းကောင်းကြီး သဘောပေါက် လာခဲ့ပါပြီ။ လီဖူချန်းရဲ့ တိုက်ပွဲကို ကောင်းကောင်း အကဲခတ်နိုင်မှုက သူ့လိုပါပဲ။ သောင်းဟိုင်နဲ့သူ နှစ်ယောက်ပေါင်း တိုက်ခိုက်တာတောင်မှ အနိုင်မယူနိုင်သေးဘူး ဆိုတော့ သူ့ထက်ကို အများကြီးကို အစွမ်းထက်ဦးမှာပါ။
လီဝူရှုရဲ့ လှံတံက သုံးပိုင်း ဖြစ်သွားပါပြီ။ တစ်ပိုင်းတစ်ပိုင်းစီကို သံကြိုးတွေနဲ့ ချိတ်ဆက် ထားပါသေးတယ်။
သုံးချောင်းဆက်လှံ …
လှံတစ်စင်းလိုလည်း ထိုးနှက် တိုက်ခိုက်လို့ရတယ်။ တုတ်တစ်ချောင်းလိုလည်း ရိုက်လို့ရတယ်။ ဒါမှမဟုတ်ရင် သံကြိုးနဲ့ ရစ်ပတ်လို့လည်း ရပါသေးတယ်။
“သွေးနဂါး နိုးထခြင်း”
လီဝူရှုရဲ့ အော်သံနဲ့အတူ သူ့ရဲ့ သုံချောင်းဆက် လှံကလည်း သွေးနဂါးကြီး တစ်ကောင်ပမာ လီဖူချန်းကို ရစ်ပတ် လိုက်ပါတယ်။
“အရူးမိစ္ဆာ ၂၈ ကွက် ဓားချက်"
သောင်းဟိုင်က တကယ်ရူးနေတဲ့ လူမဟုတ်ပါဘူး။ သူက အခွင့်အရေးက ဘာလည်း ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ လီဖူချန်းတစ်ယောက် လီဝူရှုရဲ့ တိုက်ခိုက်မှုကြောင့် ပြဿနာတက်နေပြီ ဆိုတာကို သိလိုက်တာနဲ့ သူ့ရဲ့ အရူးဆေဘာ ဓားသိုင်းထဲက ကြောက်စရာ အကောင်းဆုံး ဓားကွက်တစ်ကွက်ကို ထုတ်လိုက်ပါတယ်။
ထင် … ထင် ... ထန် … ထန် ...
လီဖူချန်းရဲ့ ကြယ်ပျံဓားသိုင်းကလည်း ကန့်သတ်ချက်ကနေ လွန်မြောက်နေတဲ့ ဓားသိုင်းပါပဲလေ။ သူက ဓားတစ်ချက်တည်းနဲ့ လီဝူရှုရဲ့ သုံးချောင်းဆက် လှံကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။ ပြီးတာနဲ့ သူက အရူးဆေဘာဆီက ဝင်လာတဲ့ ဓားချက်တွေကို ကြိုဆိုလိုက်ပါတော့တယ်။
“နဂါးခေါင်း ပြောင်းစမ်း ...”
သုံးချောင်းဆက်လှံက လီဝူရှုရဲ့ ခန္ဓာကိုယ်ပေါ်မှာ တစ်ပတ် လှည့်သွားပြီး နဂိုပုံစံ ၁၂ ပေလောက်ရှိတဲ့ လှံတစ်စင်း ပြန်ဖြစ်သွားပါပြီ။ ထို့နောက်မှာတော့ လီဝူရှုက အတွင်းအားတွေကို လှံတံဆီကို ပို့ဆောင်လိုက်ပြီး လီဖူချန်းထံ အားကုန်ပစ်ပေါက် လိုက်ပါတယ်။ လီဖူချန်းကတော့ လှံတံကို ဂရုမစိုက်အားသေးဘဲ သောင်းဟိုင်နဲ့ အသည်းအသန် တိုက်ခိုက် နေရတယ်လေ။
သေရေးရှင်ရေးသမျှ အရေးကြီးတဲ့ အချိန်မှာတော့ လီဖူချန်းက သူ့ခန္ဓာကိုယ် တစ်ခုလုံးကို လျှပ်စီးကြောင်းတစ်ခု ပတ်စီးနေသလို ခံစားနေရပါပြီ။ လီဝူရှုနဲ့ သောင်းဟိုင်တို့ရဲ့ ပူးပေါင်း တိုက်ခိုက်ခြင်းက သူ့ရဲ့ ငုပ်လျှိုးနေတဲ့ အစွမ်းအစတွေကို ထွက်ပေါ်လာအောင် ကူညီပေးလိုက် သလိုပါပဲ။
ကြောက်စရာကောင်းတဲ့ အပူချိန်နဲ့ ကြက်သွေးရောင် မီးတောက်ဆန္ဒ တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လီဖူချန်းရဲ့ ခေါင်းပေါ်မှာ သရဖူတစ်ခုသဖွယ် နေရာယူထား ပါတော့တယ်။ လီဖူချန်းကို ကြည့်ရတာက လုံးဝကို ကြီးမြတ်တဲ့ မီးနတ်ဘုရား တစ်ပါးအလား တင့်တယ် နေပါတယ်။
“လောင်ကျွမ်းစမ်း"
လီဖူချန်းက သြဇာအာဏာသံ အပြည့်နဲ့ အမိန့်တစ်ခု ပေးလိုက်ပါတယ်။
***