ဓားနတ်ဆိုး ဆိုသည့် ဘွဲ့နာမည်
Vol. 12 Ch. 155
အမိန့်ပေးသံနဲ့ အတူ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက မီးပြင်းဖိုကြီးလို စတင် ပူပြင်းလာပါပြီ။
လီဖူချန်းရဲ့ ကြက်သွေးရောင် မီးတောက် ချီအတွင်းအားနဲ့ မီးဆန္ဒတွေက ပေါင်းစည်းသွားပြီး နောက်ထပ် အဆင့်တစ်ခုကို တက်လှမ်း သွားသည့်ပုံပါပဲ။
အခုချိန်မှာ ဆိုရင်တော့ လီဖူချန်းက စေတစ်လုံး ပိုင်ရှင်တစ်ယောက် အလား အစွမ်းထက် နေပါပြီ။
သူ့ရဲ့ လက်တစ်ဖက် ဝှေ့ယမ်း လိုက်တာနဲ့ မရေတွက်နိုင်တဲ့ မီးအလင်းတန်း တွေက ထွက်ပေါ် နေတယ်လေ။ ဒီမီးတောက်တွေက သောင်းဟိုင်ရဲ့ အရူးဆေဘာ ဓားသိုင်းနဲ့ လီဝူရှုရဲ့ သွေးနဂါး လှံသိုင်းကို ကောင်းကောင်းကြီး ယှဉ်ပြိုင် နေနိုင်ပါတယ်။
“သေစမ်းဟ ... ဒီခွေးမသားရဲ့ ကြက်သွေးရောင် မီးတောက် အတွင်းအား ကျင့်စဉ်က တိုက်ပွဲ အလယ်မှာမှ အဆင့်တက်ပြီး ပုံသဏ္ဌာန် ပြောင်းလဲတဲ့ အဆင့်ကို ရောက်သွားပြီဟ”
လီဝူရှုက မနာလိုမှုအပြည့်နဲ့ ကျိန်ဆဲလိုက်ပါတယ်။
သူက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ သခင်လေး ဖြစ်တဲ့အတွက် သွေးနတ်ဆိုး အတွင်းအား ကျင့်စဉ်ကို အဆင့်၁၄အထိ အောင်မြင် ခဲ့တာပါ။ ဒီအဆင့် ၁၄အထိကို ရောက်ဖို့ကိုတောင် ဆေးဝါး အကူအညီတွေ အများကြီး ယူခဲ့ရပါ သေးတယ်။
အခုတော့ လီဖူချန်းလို သာမည တပည့် တစ်ယောက်က ဆန်းကြယ်အဆင့် အတွင်းအား ကျင့်စဉ်ကို အဆင့်၁၅အထိ ရောက်အောင် လေ့ကျင့်နိုင်ရုံသာ မကပါဘူး။ အဆင့်၁၅ရဲ့ အထွတ်အထိပ် အထိကိုပါ လေ့ကျင့် နိုင်ခဲ့တယ်။ ဒါက သူ့လို ကောင်းကင် နတ်ဆိုးဂိုဏ်းချုပ်ရဲ့ သားဖြစ်တဲ့သူကို ပါးရိုက်နားရိုက် လုပ်လိုက် သလိုပါပဲ။
အထွတ်အထိပ် အဆင့်ဆိုတာက ဘာလဲ။ ပါရမီရှင် အယောက် တစ်ထောင်မှာ တစ်ယောက်တောင် ဒီအဆင့်ကို မရောက်နိုင်ပါဘူး။
တကယ်လို့ သူလည်း သူ့ရဲ့ သွေးနတ်ဆိုး အတွင်းအားကို အဆင့်၁၅ အထွတ်အထိပ်အထိ လေ့ကျင့် နိုင်ခဲ့မယ်ဆိုရင် ဒီတခြား ဂိုဏ်း၃ဂိုဏ်းက တပည့်တွေကို လက်တစ်ချက်တောင် မမြှောက်ပဲ အနိုင် ယူနိုင်မှာပါပဲ။ သူ့ရဲ့ ချီအတွင်းအား အရှိန်အဝါနဲ့တင် တခြား ဂိုဏ်းသားတွေကို ဖိနှိပ်ထားလို့ ရပါတယ်။
ဒါကြောင့် လီဝူရှုက လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နှိုင်မှုကို မနာလို ဖြစ်မိနေတာပါ။ ဘာဖြစ်လို့ သူ့မှာကော လီဖူချန်းလို ထိုးထွင်း သိမြင်နိုင်မှု မရှိရတာပါလိမ့်။
မနာလို မုန်းထားမှုတွေ တောက်လောင် လာတာနဲ့အမျှ သူ့ရဲ့ လူသတ်ချင် စိတ်တွေက ပိုပိုပြီး အားကောင်း လာပါတယ်။ သူက လီဖူချန်းလို နတ်ဆိုး တစ်ကောင်ကို ဆက်ပြီး အသက်ရှင်ခွင့် မပေးနိုင်တော့ပါဘူး။
ဒီမိုးကောင်းကင် ကြီးရဲ့ အောက်မှာတော့ လီဝူရှုဆိုတဲ့ သူသည်သာလျှင် ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင် တစ်ယောက် ဖြစ်နေရပါမည်။ ရန်ချင်းဟူကိုတော့ ခြွင်းချက်ပေါ့။ သူမက သူ့ရဲ့ ဇနီးမယား ဖြစ်လာဖို့ ကံပါလာသည်လေ။ သူမက အခုချိန်အထိ သူ့ကို လက်မခံ သေးသော်လည်း လီဝူရှုက ဂရုမစိုက်။
ယခုတစ်ခေါက် ဂိုဏ်းသို့ ပြန်ရောက်သည်နှင့် သူ့ရဲ့အဖေဆီက နတ်ဆိုး သစ်စေ့ကို တောင်းယူကာ ရန်ချင်းဟူရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းဖို့တောင် သူက စီစဉ်ပြီးပါပြီ။ ဒီနတ်ဆိုး သစ်စေ့နဲ့ ဆိုရင်တော့ သူက သူမကို အလွယ်တကူ ထိန်းချုပ် သွားနိုင်မှာပါ။
လီဝူရှုရဲ့ အမြင်မှာတော့ လူတစ်ယောက်က သူ့ထက်သာတဲ့ ပါရမီနဲ့ အလားအလာ ရှိနေမယ်ဆိုရင် ထိုသူကို သတ်မလား ဒါမှမဟုတ် ထိန်းချုပ်မလား။ ဒီနှစ်ခုက လွဲပြီး ရွေးချယ်စရာ မရှိပါဘူး။
“လီဖူချန်း ... မင်းသေမှကို ဖြစ်မယ်”
လီဝူရှုရဲ့ ပုံစံက မိစ္ဆာတစ်ကောင် ပူးကပ် ခံနေရသည့် အလားပါပဲ။ သူ့ရဲ့ သုံးချောင်းဆက် လှံကလည်း မူလနဂိုပုံစံ ပြန်ပြောင်းသွားပြီး လီဖူချန်း အပေါ်ကို မိုးသီးမိုးပေါက်တွေ ကြွေကျလာသည့် အလား တရစပ် တိုက်ခိုက် နေပါတယ်။
အရူးဆေဘာ သောင်းဟိုင်ကတော့ တိုက်ပွဲ ကြာလာတာနဲ့အမျှ တကယ် ရူးသွပ်သွားပုံပါပဲ။ သူက အခုဆိုရင် ခုခံမှုကို လုံးဝ မလုပ်တော့ပဲ တိုက်စစ်ပြီးရင်း တိုက်စစ်သာ ဖွင့်နေပါတော့တယ်။
“ဟား ... ဟား ... ဒါမှ တကယ့် ယောက်ျားတွေရဲ့ တိုက်ပွဲကွ။ ငါကလည်း မင်းတို့ကို ကြောက်မယ် ထင်နေတာလား”
လီဖူချန်းရဲ့ သွေးတွေက မီးဆန္ဒကြောင့် ပွက်ပွက်ဆူလျက် ရှိနေပါပြီ။ သူ့ရဲ့ တိုက်ပွဲကို ဆာလောင်နေတဲ့ စိတ်ဆန္ဒရယ်၊ ကြယ်ပျံ ဓားဆန္ဒနဲ့ မီးတောက် ဆန္ဒတွေက တပေါင်းတစည်းတည်း ဖြစ်သွားသည့် အတွက် လီဖူချန်းအနေနဲ့ ကလည်း သေရမည်ကို မကြောက်ပဲ ရွပ်ရွပ်ချွံချွံ ပြန်လည် တိုက်ခိုက်နေပါတယ်။
အခုချိန်မှာတော့ ဒီသုံးယောက် တိုက်ခိုက်နေတဲ့ ဆယ်မီတာ ပတ်လည်ထဲကို ဘယ်သူမှ မဝင်လာရဲ တော့ပါဘူး။ ဒါကြီးက လုံးဝကို မရဏနယ်မြေ ဖြစ်နေပါပြီ။ ဝင်သွားတဲ့ ကောင်ကတော့ တိုက်ခိုက်နေသူ သုံးယောက်ရဲ့ ချီအရှိန်အဝါ ဖိအားတွေကြောင့် သွေးအိုင် တစ်အိုင်အဖြစ် ပြောင်းလဲသွားမယ် ဆိုတာ ယုံမှားသံသယ ဝင်နေစရာ မလိုပါဘူး။
ထိုသုံးယောက်ရဲ့ စိတ်ဝိညာဉ် အားတွေနဲ့ ပညာရပ် ဆန္ဒတွေကြောင့် ဝိညာဉ်ကဝေ ဂိုဏ်းက စိတ်ထင်ယောင် ထင်မှား ဖြစ်စေတဲ့ အတတ်ပညာရှင်တွေ ကလည်း ဝင်မစွက်ဖက် ရဲတော့ပါဘူး။ သူတို့ရဲ့ အတတ်ပညာက စိတ်ဓာတ် အင်အားနည်းတဲ့ လူတွေ အပေါ်မှာသာ အသုံးဝင်တာလေ။ ဒီနတ်ဆိုးတွေလို တိုက်ခိုက်နေတဲ့ သူတွေကိုသာ သွားသုံးမလိုက်ရင် သွားသုံးတဲ့ သူတွေသာ ဘဝ ပျက်သွားမှာပါ။
“ဒီလူတွေကတော့ တိုက်ခိုက် ရတာကို အရူးအမူး စွဲလမ်းတဲ့ သူတွေပါပဲလား”
ရှောင်လီနဲ့ အခြားလူတွေ ကတော့ လီဖူချန်းကို အားပေးနေရုံက လွဲပြီး ဘာမှ မတတ်နိုင်တော့ပါဘူး။ သက်ပြင်း ကိုယ်စီချပြီး ထိုသုံးယောက်ရဲ့ တုန်လှုပ် ချောက်ချားစရာ စွမ်းရည်တွေကိုသာ ငေးကြည့် နေရပါတော့တယ်။
မိုးပြာရောင် ဂိုဏ်းနဲ့ ယှဉ်မယ် ဆိုရင်တော့ ကောင်းကင် နတ်ဆိုးဂိုဏ်းနဲ့ ခရမ်းရောင် ဆေဘာ ဂိုဏ်းသားတွေက ပိုဆိုးပါတယ်။ သူတို့အားလုံးက အိပ်မက် မက်နေသည့် အလား ပါးစပ် အဟောင်းသားဖြင့် တိုက်ပွဲကို ငေးငိုင်ကြည့် နေပါတယ်။
အရူးဆေဘာ သောင်းဟိုင်နဲ့ သွေးမိစ္ဆာ လီဝူရှုတို့လို ကြောက်စရာ ကောင်းလောက်အောင် ထက်မြက်တဲ့ သူနှစ်ယောက်။ ဒီနှစ်ယောက်ကို တစ်ယောက်ချင်း ယှဉ်နိုင်တဲ့ လူတောင်မှ မရှိဘူးလေ။ အခုတော့ မိုးပြာရောင် ဂိုဏ်းက လူငယ်လေး တစ်ယောက်က နှစ်ယောက် တစ်ယောက် ပေးပြီး ရင်ဆိုင် နေပါတယ်။
အဲသည် လူငယ်လေးရဲ့ ဘွဲ့နာမည်က ဓားနတ်ဆိုးတဲ့။
အစောပိုင်းတုန်း ကတော့ ဘယ်သူ တစ်ဦးတစ်ယောက် ကမှ ဒီနာမည်ကို အလေး မထားခဲ့ကြပါဘူး။
အခုတော့ သူတို့အားလုံးက ဓားနတ်ဆိုး ဆိုတဲ့ ဘွဲ့နာမည် ဘာကြောင့် ဖြစ်လာသလဲ ဆိုတာကို ကောင်းကောင်းကြီး နားလည် သွားပါပြီ။
ဝုန်း ...
ဆေဘာ၊ လှံနဲ့ ဓားတို့ရဲ့ ထိပ်တိုက် တွေ့ဆုံမှုတိုင်း ကတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို သိမ့်သိမ့်တုန် သွားစေပါတယ်။ တိုက်ခိုက်နေတဲ့ သူသုံးယောက် ကတော့ အနောက်ကို မကြာခဏ လွင့်ထွက် သွားကြလေ့ ရှိပါတယ်လေ။
တစ်ကြိမ်မှာတော့ သုံးယောက်စလုံးက အနောက်ကို လွင့်ထွက် သွားတယ်လေ။
သောင်းဟိုင်တို့ လီဝူရှုတို့နဲ့ မတူတာကတော့ လီဖူချန်းက တမင် ရည်ရွယ်ချက် ရှိရှိ အနောက်ကို လွင့်ထွက် သွားတာပါ။
ရွပ် ... ရွပ် ...
ဓားသွားက အသားတွေကို လှီးဖြတ်သွားတဲ့ အသံတစ်ခုက ထွက်ပေါ် လာခဲ့တယ်လေ။ ရှောင်လီနဲ့ အခြား သူတွေကို သဲကြီးမဲကြီး တိုက်ခိုက်နေတဲ့ ခရမ်းရောင် ဆေဘာ ဂိုဏ်းသားတွေနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေဟာ လီဖူချန်းရဲ့ ရုတ်တရက် တိုက်ခိုက် လာမှုကြောင့် မခုခံနိုင်ပဲ အသက်ပေးလိုက် ကြရပါတယ်လေ။ လီဖူချန်းက သူတို့ရဲ့ သိုလှောင်အိတ်တွေကို လေဟာနယ် လက်ဝါးဖြင့် ဆွဲယူလိုက်ပြီး အမိန့်ပေး လိုက်ပါတယ်။
“ပြေး”
ဖြစ်ပျက် သွားတာတွေက အရမ်းကို မြန်ဆန်လွန်း လှပါတယ်။
အသတ် ခံလိုက်ရတဲ့ တပည့် နှစ်ယောက်က သူတို့သေလို့ သေသွားမှန်းတောင် သိလိုက်ပုံ မပေါ်ပါဘူး။
ရှောင်လီနဲ့ အခြား လူတွေကတောင် ကြောင်အပြီး လီဖူချန်းကို ငေးကြည့် နေမိပါတယ်။
“ဘာလုပ် နေတာလဲ ... ပြေးကြတော့”
လီဖူချန်းက နောက်တစ်ခေါက် ထပ်အမိန့်ပေးတဲ့ အခါမှ လူအားလုံးက လီဖူချန်း ပြေးနေတဲ့ နောက်ကို ပြေးလိုက် လာကြပါတယ်။ လက်ရှိ အချိန်မှာတော့ ဘာမှန်း ရေရေရာရာ မသိသေး ပေမဲ့ လီဖူချန်းက အကြောင်းမဲ့တော့ ပြေးခိုင်းမှာ မဟုတ်ဘူး ဆိုတာကို အားလုံးက နားလည် ထားတယ်လေ။
သောင်းဟိုင်နဲ့ လီဝူရှုတို့ သတိဝင်လာတဲ့ အချိန်မှာတော့ အတော်လေးကို နောက်ကျ သွားခဲ့ပါပြီ။ အစောပိုင်းတုန်းက တိုက်ခိုက်မှုက ပြင်းထန်လွန်းတဲ့ အတွက် သူတို့က အတော် ဝေးဝေးကို လွင့်ထွက် သွားခဲ့တာလေ။ လီဖူချန်းနဲ့ သူ့လူတွေ ကတော့ ဟိုးမီတာ ၂၀၀လောက် အထိကို ရောက်သွား ကြပါပြီ။
“မျိုးမစစ်လေး”
လီဖူချန်းက ဘာဖြစ်လို့ ရုတ်တရက် တိုက်ခိုက် နေရင်းနဲ့ ထွက်ပြေး သွားသလဲ ဆိုတာကိုတော့ သူမသိပါဘူး။ ဒါပေမဲ့ နှစ်ယောက် တစ်ယောက် တိုက်ခိုက် နေတုန်းမှာ ထွက်ပြေး လွတ်မြောက် သွားတယ် ဆိုတာက သူ့မျက်နှာကို ရိုက်ချ လိုက်သလိုပါပဲ။ တစ်ဖက်လူက သူတို့ရဲ့ တိုက်ကွက်ထဲမှာ ဖိနှိပ် ခံထားခြင်း မရှိဘူး ဆိုတာကို ဖော်ပြနေပါပြီ။
သူက လီဖူချန်းတို့ နောက်ကို ပြေးလိုက်ဖို့ ပြင်လိုက်စဉ်မှာပဲ အဝတ်အစား လေတိုးသံ အချို့က ထွက်ပေါ် လာပါတော့တယ်။
အဲသည် နောက်မှာတော့ လီဝူရှုက အရာရာကို နားလည် လိုက်ပါပြီ။
လီဖူချန်းက ရန်သူတွေ နောက်ထပ် ရောက်လာမယ် ဆိုတာကို အစောကြီး ကတည်းက သိခဲ့ဟန် တူပါတယ်။
လီဖူချန်းက ဘယ်လောက်တောင် သွေးအေး လိုက်ပါသလဲ။ သူနဲ့ သောင်းဟိုင်လို မြေကမ္ဘာ အဆင့်၁က ပညာရှင် နှစ်ယောက်နဲ့ တိုက်ခိုက် နေတာတောင်မှ အဝေးကလူတွေ လာနေတာကို တန်းသိနိုင်တယ်။ သူနဲ့ သောင်းဟိုင်တောင်မှ အဲဒါကို သတိမမူ မိခဲ့ပါဘူး။
“သွေးမိစ္ဆာ”
ဖြူနက်မိစ္ဆာ နှစ်ကောင်က အပြေးအလွှား ရောက်ရှိ လာပါပြီ။
“သောင်းဟိုင် ... ။ အစ်ကို သောင်း ... "
လင်းဟောင်နဲ့ ရှန်ဖေးဟီတို့ ကလည်း ရောက်ရှိ လာပါတယ်။
ဒီတိုက်ပွဲက ပြင်းထန် လွန်းလှတဲ့ အတွက် တိုက်ခိုက် နေသံတွေကို မိုင်ပေါင်း အတော် ဝေးဝေး ကနေတောင် ကြားနေ ရတယ်လေ။ ဒီဆေးပင် ၁၀၀ လျှို့ဝှက်နယ်မြေက မိုင်ပေါင်း၂၀၀ ဝန်းကျင်လောက်ပဲ ကျယ်ပါတယ်။
“မင်းတို့နဲ့ အကြီးအကျယ် တိုက်ခိုက် နေတဲ့သူက ဘယ်သူလဲ”
မိစ္ဆာနက်က လီဝူရှုကို မေးလိုက်ပါတယ်။
လီဝူရှုကို မေးကြောကြီးများ ထောင်ထလာအောင် အံကြိတ် လိုက်ပြီး …
“မိုးပြာရောင် ဂိုဏ်းက ဓားနတ်ဆိုး လီဖူချန်းပဲ”
“ဘာ ... အဲဒီကောင်လား”မိစ္ဆာဖြူက အံ့သြသွားပါတယ်။
“ဒီကောင်ပဲ ဖြစ်ပြန်ပြီလား”
လင်းဟောင်က သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ ပြီးနောက်မှာတော့ အသံ ကျယ်လောင်စွာဖြင့် …
“အဲသည်ကောင်တော့ မဖြစ်နိုင်ဘူး။ ငါတို့ အစောပိုင်း ကတောင် တိုက်ခိုက် ခဲ့သေးတယ်။ သူက ငါ့ထက် အနည်းငယ် အားနည်းသေးတယ်”
လီဝူရှုက အေးစက်စက် လေသံဖြင့် …
“အဲသည်ကောင်က အခု စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၈ကို ရောက်သွားပြီ။ ပြီးတော့ သူ့ရဲ့ အတွင်းအား ကျင့်စဉ်ကလည်း အဆင့်၁၅ရဲ့ အထွတ်အထိပ်မှာ။ သူ့ရဲ့ မီးဆန္ဒကလည်း ပုံစံဖြစ်ပေါ် နေပြီဆိုရင် မင်းယုံမှာလား ...”
လီဝူရှုဆီက သတင်း အတိအကျ ရအပြီးမှာတော့ လင်းဟောင်ကလည်း ပါးစပ် ပိတ်သွားခဲ့ပါပြီ။
လီဖူချန်းနဲ့ သူတိုက်ခိုက်ခဲ့ တုန်းကတော့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၇မှာပဲ ရှိနေသေးတာလေ။ အခုတော့ အဲသည် ကောင်လေးက ကျင့်ကြံခြင်း အဆင့်မှာကော အတွင်းအား ဘက်မှာပါ အဆင့်တက်သွားပြီ ဆိုတော့ ...
"အဲသည် ကောင်လေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး။ ငါတို့အားလုံး ပူးပေါင်းပြီး သူ့ကို လိုက်သတ်မှ တော်ကာ ကျလိမ့်မယ်”ရှန်ဖေးဟီက လေးလေးနက်နက် အကြံပြု လိုက်ပါတယ်။
“ဒီအတိုင်း ဆိုရင်တော့ သတ်မှကို ရမှာပဲ”မိစ္ဆာဖြူကလည်း ရှန်ဖေးဟီရဲ့ အကြံပြုချက်ကို လက်ခံပါတယ်။
မိစ္ဆာနက်ကလည်း …
“စိတ်တန်ခိုး ဖွဲ့စည်းခြင်း အဆင့်၈မှာတောင် လီဝူရှုနဲ့ သောင်းဟိုင် နှစ်ယောက် ပေါင်းတိုက်တာကို ခုခံနေနိုင်ပြီ။ တကယ်လို့သာ သည်ကောင်လေးက ကံကောင်းပြီး စိတ်ဝိညာဉ်ပင် တစ်ပင်လောက် တွေ့လိုက်တာနဲ့ ငါတို့ အားလုံး ငါးပါးမှောက်မှာပဲ။ မြေကွဲ သစ်သီးပါ ထပ်တွေ့ လိုက်လို့ကတော့ ငါတို့အားလုံး ဒီလျှို့ဝှက်နယ်မြေ ထဲကတောင် ထွက်လို့ ရတော့မှာ မဟုတ်ဘူး”
“စိတ်ဝိညာဉ်ပင်လား ... မကောင်းတော့ဘူးဟေ့”
လီဝူရှုက မျက်ကလူးဆန်ပျာ ဖြစ်သွားပါတယ်။
“ဘာဖြစ်တာလဲဟ”သောင်းဟိုင် အပါအဝင် လူအားလုံးက 'ဆပ်ပြာသည် လင်ပျောက်သလို' ဖြစ်နေတဲ့ လီဝူရှုကို စိုက်ကြည့် နေကြပါတယ်။
လီဝူရှုကတော့ သွေးအန်မလိုတောင် ဖြစ်နေပါပြီ။
“ချီရှောင်ဟွာရဲ့ သိုလှောင်အိတ်ထဲမှာ စိတ်ဝိညာဉ်ပင် တစ်ပင်ရှိတယ်ဟ”
အစောပိုင်းက လီဖူချန်း သတ်လိုက်တဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသားရဲ့ နာမည်က ချီရှောင်ဟွာ ဖြစ်ပါတယ်။ လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ကို လေဟာနယ် လက်ဝါးနဲ့ ဆွဲယူ သွားတာကို လီဝူရှုက ကောင်းကောင်းကြီး မြင်လိုက် ရတယ်လေ။
သူ့ရဲ့ စကားသံကို ကြားအပြီး မှာတော့ လူအားလုံးရဲ့ မျက်နှာတွေက ပျက်သွားပါပြီ။
“မင့်မေကလွှား တဲ့မှပဲ။ လိုက်ကြဟေ့ ... ဒီကောင့်ကို စိတ်ဝိညာဉ်ပင် ပေးသုံးလိုက်လို့ မဖြစ်ဘူး”လီဝူရှုက အော်ပြီး လီဖူချန်းတို့ ထွက်ပြေးတဲ့ နောက်ကို သွေးရူးသွေးတန်း ပြေးလိုက် သွားပါတော့တယ်။
အခုချိန်မှာတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေကော ခရမ်းရောင် ဆေဘာ ဂိုဏ်းသားတွေကောက ရန်စောင် မနေကျတော့ပါဘူး။ သူတို့အားလုံးရဲ့ ဘုံရန်သူက လီဖူချန်း ဆိုသည့် သကောင့်သား ဖြစ်နေသည်လေ။
“ခဏစောင့် ... ။ ငါတို့ကိုကော ထည့်တွက်ပါဦးဟ”
သိပ်မဝေးတဲ့ နေရာ တစ်ခုမှာတော့ လူတစ်စု ပေါ်လာပါတယ်။
အဲဒါကတော့ ဝိညာဉ်ကဝေ ဂိုဏ်းက လူတွေပါပဲ။
သူတို့ လူစုကတော့ ၅ယောက် ပါလာပါတယ်။ မှင်စာ သခင်လေး ရှောင်ဟူ၊ ကဝေမယ် ရဲ့ဟွာ၊ သူငယ်တောင် ရှောင်မိုနဲ့ အခြားဂိုဏ်းဝင် နှစ်ယောက်ပါပဲ။
ဒီလျှို့ဝှက် နယ်မြေကတော့ သူတို့အတွက် အားသာချက် ကြီးပါပဲ။ ဝိညာဉ်ကဝေ ဂိုဏ်းသားတွေက တစ္ဆေသရဲတွေလို ရွေ့လျား နိုင်ကျတဲ့အတွက် သူတို့ကို သတိထားမိဖို့ ဆိုတာ မလွယ်ကူပါဘူး။
ဝိညာဉ်ကဝေ ဂိုဏ်းကပါ ရောက်လာပြီ ဆိုတော့ ဂိုဏ်းကြီး ၃ဂိုဏ်းက လူတွေက စုံသွားပါပြီ။ အခုဒီမှာ စုရုံးရောက်ရှိ နေတဲ့ သူတွေအကုန်လုံး ကတော့ အစွမ်းအစရှိတဲ့ သူတွေချည်းပါပဲ။ ကျန်တဲ့သူတွေ ကတော့ အသတ်ခံရမှာ စိုးတဲ့အတွက် ပုန်းအောင်း နေကြတယ်လေ။ ဒါမှမဟုတ် သေသွားတာလဲ ဖြစ်နိုင်ပါတယ်။
“ရတယ်။ ဒါပေမဲ့ မင်းတို့တစ်ခုခု အကောက်ကြံမယ် ဆိုရင်တော့ ငါတို့နှစ်ဂိုဏ်း ပူးပေါင်းပြီး မင်းတို့ကို လိုက်သတ် ရလိမ့်မယ်”လီဝူရှုက ပြောလိုက်ပါတယ်။
ဒီဝိညာဉ်ကဝေ ဂိုဏ်းသားတွေ ကလည်း သိပ်ယုံရတဲ့ သူတွေမှ မဟုတ်တာလေ။
“စိတ်မပူနဲ့ ... ဒီမိုးပြာရောင် ဂိုဏ်းသားတွေကို အရင်ရှင်းပြီးမှ ငါတို့၃ဂိုဏ်း တိုက်ခိုက်ရင်လည်း နောက်မကျ သေးပါဘူး”မိစ္ဆာသခင်လေး ရှောင်မူက ကတိပေး လိုက်ပါတယ်။
“ခစ်ခစ် ... “ကဝေမယ် ရဲ့ဟွာကတော့ ဘာမှ ဝင်မပြောပဲ ခိုးခိုးခစ်ခစ် ရယ်မော နေပါတယ်။
“သွားမယ်။ ဒီကောင်တွေကို လိုက်သတ်စို့”
စုစုပေါင်း လူ၁၁ယောက်ဟာ လီဖူချန်းတို့ ထွက်ပြေး သွားတဲ့ဘက်ကို ပြေးလိုက် သွားပါတော့တယ်။
"ညီလေးလီ ... ငါတို့ရဲ့ အဓိက ဦးစားပေး အလုပ်က လုံခြုံတဲ့ နေရာတစ်ခုကို ရှာပြီး ညီလေးကို အဆင့် တက်ခိုင်းဖို့ပဲ”လီဖူချန်း ယူလာတဲ့ သိုလှောင်အိတ် ထဲမှာ စိတ်ဝိညာဉ်ပင် ပါလာတာကို သိပြီးတဲ့ နောက်မှာတော့ ရှောင်လီက အရမ်းကို စိတ်လှုပ်ရှား နေပါတယ်။ သူကိုယ်တိုင် မြေကမ္ဘာ အဆင့်၁ကို ချိုးဖောက် ဝင်ရောက်တုန်းက ထက်တောင် ရှောင်လီက ပျော်နေ ပါသေးတယ်။
“ဟုတ်တယ်။ မောင်လေးလီသာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်သွားလို့ ကတော့ လီဝူရှုနဲ့ သောင်းဟိုင် နှစ်ယောက်ပေါင်း တိုက်လည်း ဂရုစိုက်စရာ မလိုတော့ဘူး”ချန်ဖန်းဟွာကလည်း ရှောင်လီ ပြောတာကို ထောက်ခံပါတယ်။
လီဖူချန်းက တည်တည် ငြိမ်ငြိမ်ဖြင့် …
“ဟိုကောင်တွေ ကတော့ ကျွန်တော်တို့ နောက်ကို လိုက်လာမှာပဲ။ ဝိညာဉ်ကဝေ ဂိုဏ်းသား တွေတောင် ပါရင် ပါလာဦးမှာ။ ကျွန်တော်တို့က သူတို့ကို ကောင်းကောင်း ခုခံနိုင်မယ့် နေရာ တစ်နေရာ အရင်ရှာမှ ဖြစ်မယ်”
ဒီမိုးပြာရောင် ဂိုဏ်းသားတွေကို ချန်ထားပြီး ပြေးသွားနိုင်တဲ့ အမြန် နှုန်းမျိုးကို ပိုင်ဆိုင် ထားပေမဲ့လည်း လီဖူချန်းက ထားပြီး ပြေးမသွားပါဘူး။
“ငါ့ရဲ့ ဒဏ်ရာ အခြေအနေက ၈၀ရာခိုင်နှုန်း ပြန်ကောင်း လာနေပြီ။ တကယ်လို့ ငါတို့သာ ခုခံလို့ရမယ့် နေရာ ကောင်းကောင်း ရထားရင်တော့ ငါအစွမ်းကုန် ကြိုးစားပြီး မင်းကို ကာကွယ် ထားပေးမယ်”လျူဝူဟောင်က ဆန်းကြယ် အလယ်အလတ် အဆင့်ရှိတဲ့ သွေးဝိညာဉ် ဆေးပင်ကို ကိုက်ဝါးနေရင်းနဲ့ အေးစက်စက် ပြောလိုက်ပါတယ်။ အခုချိန်မှာတော့ သူက လီဖူချန်းကို ရန်သူတစ်ယောက် အဖြစ် မမြင်နိုင်တော့ပါဘူး။ အရေးကြီးရင် သွေးနီးရမည် မဟုတ်ပါလား။
"ဒါဆိုရင်လည်း ဟိုဘက်ကို သွားကြည့် ကြရအောင်”
လီဖူချန်းရဲ့ သဘာဝလွန် မျက်လုံး စွမ်းအားက တောင်ခြေတစ်ခုမှာ ရှိနေတဲ့ ဂူပေါက် တစ်ပေါက်ကို လှမ်းမြင် လိုက်ပါတယ်။ ဒီဂူကသာ လုံလောက်တဲ့ အရှည်ရှိမယ် ဆိုရင် သူတို့က ကောင်းကောင်း ခုခံနိုင်မှာပဲလေ။
***