ဘယ်သူငါ့ကို တားဆီး နိုင်မလဲ
Vol. 12 Ch. 156
လီဖူချန်းတို့ အတွက်တော့ မိုင်အနည်းငယ် ကွာဝေးတဲ့ ခရီးကို သွားဖို့ဆိုတာ အချိန် ဘယ်လောက်မှတောင် မကြာလိုက်ပါဘူး။
တောင်ခြေကို အရောက်မှာတော့ အမြင့်၂မီတာ ရှိပြီး ၂မီတာ ကျယ်တဲ့ ဂူပေါက်ဝ တစ်ခုက သူတို့ကို စောင့်ကြို နေပါတယ်။
အတွင်းကို ကြည့်လိုက်တဲ့ အခါမှာတော့ လုံးဝ ပိန်းတိတ်အောင် မှောင်မည်းနေပြီး အတော်လေး ရှည်လျားမည့်ပုံ ရှိနေတယ်လေ။
လုံးဝ အလင်းကို မရှိသလောက် မှောင်မည်း နေတာပါပဲ။ ဂူရဲ့ အဆုံးကိုတောင် မျက်စိနဲ့ လှမ်းမမြင် နိုင်ပါဘူး။
“ဒီဂူရဲ့ တည်နေရာ ကတော့ အတော်လေး ကောင်းတာပဲ။ ငါတို့တွေ ဒီဝင်ပေါက်ကို ပိတ်ပြီး ခုခံမယ်ဆိုရင် ဟိုကောင်တွေကို အတော် အချိန်ကြာကြာ ဆွဲထားနိုင်မှာပဲ”
ချန်ဖန်းဟွာ ကလည်း လီဖူချန်း ပေးထားတဲ့ ဒိုင်းကို ဆွဲထုတ်လိုက်ပြီး …
“ငါတို့ဆီမှာ ဒီဒိုင်းလည်း ရှိနေသေးတယ်။ ဒါနဲ့ဆိုရင်တော့ တစ်နာရီ ကျော်ကျော်လောက် အချိန်ဆွဲနိုင်မှာ သေချာတယ်"
ဆန်းကြယ် အဆင့်နိမ့် ဒိုင်းတစ်ခုကို လျှော့တွက်လို့ မရပါဘူး။ မြေကမ္ဘာ နယ်ပယ် အဆင့်၁က ပညာရှင်တွေကို မဆိုထားပါနှင့်ဦး။ မြေကမ္ဘာ နယ်ပယ် အဆင့်၉က ပညာရှင်တွေ တောင်မှ အလွယ်တကူ ဖျက်ဆီးဖို့ မဖြစ်နိုင်ပါဘူး။
ဒီဒိုင်းထဲကို အတွင်းအားတွေ ပို့ဆောင်လိုက်တာနဲ့ ဒိုင်းက သူ့ဆီ ကျရောက်လာတဲ့ တိုက်ခိုက်မှု ၅၀ရာခိုင်နှုန်းကို ဖြတ်တောက် လိုက်နိုင်ပါတယ်။
ဒီဂူရဲ့ အရှည်ကတော့ မီတာ၁၀၀ နီးပါးပါပဲ။ အတွင်းဘက် ပိုင်းမှာတော့ အတော်လေး ကျယ်ဝန်းပါတယ်။ နံရံတွေပေါ်မှာ ရှိနေတဲ့ လက်သည်းရာတွေ အရတော့ ဒီဂူဟာ တစ်ချိန်တုန်းက အဆင့်၃ သားရဲကြီး တစ်ကောင်ရဲ့ အသိုက်အမြုံ ဖြစ်ဟန်ပါပဲ။
“ကျွန်တော် ဒီမှာပဲ စိတ်ဝိညာဉ်ပင်ကို သန့်စင်လိုက်မယ်။ ကျွန်တော် သန့်စင်နေတုန်း မှာတော့ အစ်ကိုတို့ကိုပဲ ယုံကြည်ရမှာပဲ”
လီဖူချန်းက လုံးဝ အချိန်မဆွဲတော့ပဲ စိတ်ဝိညာဉ်ပင်ကို စုပ်ယူဖို့အတွက် ပြင်ဆင် ပါတော့တယ်။ သူက ကြာပန်း ပုံသဏ္ဌာန် ထိုင်ချလိုက်ပြီး သူ့ရဲ့ ကြက်သွေးရောင် မီးတောက် အတွင်းအားတွေကို စတင် လှည့်ပတ် လိုက်ပါတော့တယ်။
“အစ်ကိုက ဂူပေါက်ဝမှာ ပထမဆုံး စောင့်နေလိုက်မယ်။ ညီလေးလျူ ... ညီလေးက ဒဏ်ရာ ရထားတာဆိုတော့ အနားယူလိုက်ဦး။ လုံးဝ သက်သာပြီဆိုမှ အစ်ကိုနဲ့ နေရာချင်း လဲကျတာပေါ့”ရှောင်လီက ဆန်းကြယ် အဆင့်နိမ့် ဒိုင်းကိုယူပြီး ဂူပေါက်ဝမှာ စစ်သူကြီး တစ်ပါးသဖွယ် ရပ်နေ ပါတော့တယ်။
လျူဝူဟောင်ကလည်း အခြေအနေကို နားလည်တဲ့ အတွက် မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး အတွင်းအား ကျင့်စဉ်နဲ့ သူ့ကိုယ်သူ ပြန်ကုသ နေပါပြီ။
***
အဆင့်၁၅ရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အတွင်းအားက တကယ်ကို အကျိုးကျေးဇူး များလှပါတယ်။ မီးတောက်ဆန္ဒက ပုံသဏ္ဌာန် ပြောင်းလဲ သွားပြီးနောက် လီဖူချန်းရဲ့ ခန္ဓာကိုယ် အတွင်းမှာလည်း အတော်လေး ပြောင်းလဲ သွားစေသည့် ပုံပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ မီးလုံးကြီး တစ်လုံး သွားလာနေတာကို လီဖူချန်းက ခံစား နေရတယ်လေ။
ထို့နောက်မှာတော့ လီဖူချန်းက စိတ်ဝိညာဉ်ပင်ကို ထုတ်လိုက်ပြီး တစ်လုတ်တည်းဖြင့် ဝါးစား လိုက်ပါတယ်။
***
မကြာခင်မှာပဲ လီဝူရှုတို့ လူစုက လိုက်မီ လာကြပါပြီ။
“သူတို့က ဂူထဲမှာပဲ ... ။ အကုန်လုံးကို သတ်ပစ် လိုက်ရအောင် ... ”
ဖြူနက်မိစ္ဆာ နှစ်ကောင်က တကယ်ပဲ သွေးဆာ နေပါပြီလေ။
သူတို့ နှစ်ယောက်သာ ပူးပေါင်းလိုက်ရင် သူတို့ရဲ့ အစွမ်းတွေက ၂ဆမက တိုးတက် လာတာမို့ ဘယ်သူ့ကိုမှ ကြောက်စရာ မလိုပါဘူး။ အလစ်ချောင်း တိုက်တာကိုလည်း သူတို့က မမှုပါဘူးလေ။
ဖန်း ...
ဖြူနက်မိစ္ဆာ နှစ်ကောင်က ဂူထဲကို ပြေးဝင်ဖို့ ပြင်နေတုန်းမှာပဲ မီးခိုးဗုံး တစ်လုံးက သူတို့နားကို ကျလာပြီး မီးခိုးငွေ့တွေ ရစ်သိုင်း လာပါတော့တယ်။ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အခြေအနေမို့ ဖြူနက်မိစ္ဆာ နှစ်ကောင်ကလည်း အနောက်ကို ပြန်ဆုတ် လိုက်ရတယ်လေ။
သူတို့က အလစ်ချောင်း တိုက်တာကို မကြောက်ပေမဲ့လည်း ဘာမှ မမြင်ရတဲ့ အမှောင်ထုကြီး ထဲကို ဇွတ်တိုးဝင် သွားလောက်တဲ့ အထိ မရူးမိုက် သေးပါဘူး။ လူသားတွေရဲ့ ဗီဇအရ ဒါဟာ ဖြစ်သင့်တဲ့ အရာတစ်ခုပါပဲ။
“လွင့်ပြယ်စမ်း"
မီးခိုးငွေ့ဗုံးကြောင့် နောက်ဆုတ် လိုက်ရတဲ့အတွက် ဖြူနက်မိစ္ဆာ နှစ်ကောင်က နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားပါတယ်။
အဲသည်အတွက် အရှက်ပြေ အနေနဲ့ မိစ္ဆာဖြူက မီးခိုးတွေကို လက်ဝါးနဲ့ တစ်ချက် ရိုက်လိုက်တယ်လေ။
ဟူး ...
သူ့ရဲ့ လက်ဝါးအားက လေနဂါးတစ်ကောင် ပုံစံနဲ့ မီးခိုးတွေကို ဂူအတွင်းပိုင်းထဲ အထိ သယ်ဆောင် သွားပါတော့တယ်။
မကြာခင်မှာပဲ ကျယ်လောင်တဲ့ ပဲ့တင်သံ တစ်ခုနဲ့အတူ အဖြူရောင် အခိုးအငွေ့တွေက အပြင်ကို ပြန်ထွက် လာပြန်ပါတယ်။ အဲသည် မီးခိုးငွေ့တွေနဲ့ အတူ ချီအတွင်းအား လှိုင်းတွေကလည်း ဖြစ်ပေါ်လာပြီး ကျောက်စရစ် ခဲလေးတွေတောင် ပါလာပါသေးတယ်။
မိစ္ဆာဖြူနက် နှစ်ယောက်က မီးခိုးငွေ့တွေနဲ့ အတူ ပါလာတဲ့ ချီအတွင်းအား လှိုင်းတွေကို ကမန်းကတမ်း ပြေးရှောင် လိုက်ရတယ်လေ။ ဒီချီအတွင်းအား လှိုင်းတွေက အမှန်တကယ်တော့ ဓားချီတွေပါ။ သူတို့သာ သတိမပြုမိပဲ အရှောင် နည်းနည်းလေး နောက်ကျသွားမယ် ဆိုရင် ခေါင်းတောင် ပြုတ်သွား နိုင်ပါတယ်။
"ဘယ်ခွေးမသားက အလစ်ချောင်း တိုက်တာလဲ"
ဖြူနက်မိစ္ဆာ နှစ်ကောင်က စိတ်မရှည်တော့ပါဘူး။ သူတို့ နှစ်ယောက်က အမြန် ပူးပေါင်းကွက် ထုတ်လိုက်ပြီး ဂူထဲကို အဆက်မပြတ် ရိုက်ထုတ် လိုက်ပါတော့တယ်။
ဂူအတွင်းမှာတော့ အတော်လေး အခြေအနေ ဆိုးနေပါပြီ။ ဂူအမိုးပေါ်က ကျောက်တုံး တော်တော်များများက ပြုတ်ကျနေပြီး ပြိုကျလု မတတ်ပါပဲ။ ချီအတွင်းအားလှိုင်း နှစ်ခုက ရှောင်လီကို အဆတ်မပြတ် တိုက်ခိုက်လာတဲ့ အတွက် ရှောင်လီက သူ့ရဲ့ လက်ထဲက ဒိုင်းနဲ့ ခုခံနေရ ပါတယ်။
ဝေါ့ ...
ရှောင်လီက သွေးတစ်လုတ် အန်လိုက်ပြီး ဒူးထောက် ကျသွားပါတယ်။ ကြည့်ရတာတော့ အတွင်းဒဏ်ရာ ကြီးကြီးမားမား ရသွားသည့် ပုံပါပဲ။
သူ့ရဲ့ မူလ အစွမ်းအစက ဖြူနက်မိစ္ဆာ တစ်ယောက်ချင်း ကိုတောင် မယှဉ်နိုင်ဘူးလေ။ အခုတော့ ဖြူနက်မိစ္ဆာ နှစ်ကောင်ပေါင်းပြီး ထွက်လာတဲ့ အတွင်းအား လှိုင်းတွေဆိုတော့ စဉ်းစားသာ ကြည့်ကြပါတော့။ ဒီလက်ထဲက ဒိုင်းသာ မရှိရင် တစ်ခါတည်းနဲ့ သေသွား နိုင်ပါတယ်။
တခြား တစ်ဖက်မှာတော့ ချန်ဖန်းဟွာနဲ့ ယုဝူရှန်းတို့က ဓားချီတွေကို အဆက်မပြတ် ထုတ်လွှတ် နေပါတယ်။ အစောပိုင်းတုန်းက ဖြူနက်မိစ္ဆာ နှစ်ကောင်ကို ဒဏ်ရာ ရလုနီးပါး ဖြစ်စေခဲ့တာ ကတော့ သူတို့ နှစ်ယောက်ရဲ့ လက်ချက်ပါပဲ။
ချန်ဖန်းဟွာ ကတော့ အဓိကဖြစ်ပြီး ယုဝူရှန်ကတော့ အကူပေါ့လေ။
“သူတို့က ဟိုမျိုးမစစ် ကလေးအတွက် အချိန် ဆွဲနေတာဟ။ အကုန် တစ်ပြိုင်နက်တည်း ဝင်ကြရအောင်”
သွေးမိစ္ဆာ လီဝူရှုက လုံးဝ စိတ်မရှည်တော့ပါဘူး။ လီဖူချန်းကိုသာ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို တက်လှမ်းခိုင်း လိုက်မယ်ဆိုရင် ဘယ်ဂိုဏ်းကမှ မိုးပြာရောင် ဂိုဏ်းကို ယှဉ်နိုင်တော့မှာ မဟုတ်ဘူး ဆိုတာကို သူက ကောင်းကောင်းကြီး သိထားတယ်လေ။ သူတို့ဂိုဏ်း ၃ဂိုဏ်းပေါင်းပြီး တိုက်ခိုက်မယ် ဆိုရင်တောင်မှ ဒီနတ်ဆိုး ပေါက်စကို မနိုင်နိုင်ပါဘူး။
သူတို့ ၁၁ယောက်ရဲ့ ခွန်အားတွေကို စုစည်းလိုက်တဲ့ အခါမှာတော့ ထွက်ပေါ်လာတဲ့ စွမ်းအားတွေက ကြောက်ခမန်း လိလိပါပဲ။
ချက်ချင်း ဆိုသလိုပင် မရေမတွက်နိုင်တဲ့ ဆေဘာချီ၊ လှံတံချီနဲ့ လက်ဝါးအတွင်းအား လှိုင်းတွေက ဂူပေါက်ဝဆီကို ဦးတည် လာကြပါတယ်။
ဝုန်း ... ဒိုင်း ...
ဂူပေါက်ဝလေး ကတော့ တကယ်ကို သနားစရာ ကောင်းလှပါတယ်။ လူတွေ အားလုံးရဲ့ နေရာအသီးသီး ကနေ ထုတ်လွှတ် လိုက်တဲ့ ချီအတွင်းအား လှိုင်းတွေကို လုံးဝ တောင့်ခံ ထားနိုင်စွမ်း မရှိပါဘူး။ လူ၁၁ယောက်ရဲ့ ချီတွေက ကျောက်ဂူ တစ်ခုလုံးကို သိမ့်သိမ့်တုန် သွားစေပြီး ဂူပေါက်ဝ တစ်ခုလုံးကို ပြိုကျပျက်စီး သွားစေ ပါတော့တယ်။ ဂူပေါက်ဝ တစ်ခုလုံးကတော့ ရစရာကို မရှိတော့ပဲ ဝင်ပေါက်ကိုလည်း ကျောက်တုံး၊ ကျောက်ခဲကြီးတွေက ပိတ်ဆို့ သွားပါပြီ။
"မင်းမေကလွှားတဲ့မှပဲ ... ဒီလောက် အားအများကြီး သုံးရမယ်လို့ မင်းတို့ ပထွေးတွေက မှာထားတာ လားဟ”
လီဝူရှုကတော့ ဒေါသတွေ မီးပုံယမ်းကျ ဖြစ်နေပါပြီ။ ကျန်တဲ့လူတွေရဲ့ မျက်နှာကလည်း မကောင်းလှပါဘူး။ ဒီလိုရလဒ် ဖြစ်ပေါ်လာမယ် ဆိုတာကို ဘယ်သူကမှ မမျှော်လင့် ထားကြဘူးလေ။
သူတို့ ထင်ထားတာက ဒီလျှို့ဝှက် နယ်မြေက ကျောက်တုံးတွေက အပြင်လောကက ကျောက်တုံးတွေ ထက်ကို မာကျောမယ်လို့ ထင်ထားတာပါ။
“ပိတ်နေတဲ့ ကျောက်တုံးတွေက သိပ်အများကြီးလည်း မဟုတ်ပါဘူး။ ငါတို့ သုံးယောက်ရဲ့ အားနဲ့ဆိုရင် အချိန်ခဏပဲ ယူရမှာပါ”
မှင်စာ သခင်လေး ရှောင်ဟူက အဆိုပြု လိုက်ပါတယ်။
“အဲသည်နည်းပဲ ရှိတော့တာပဲ”လီဝူရှုက ခေါင်းညိတ် လိုက်ပါတယ်။
ရှောင်မူ ရည်ညွှန်းတဲ့ ငါတို့ သုံးယောက်ဆိုတာက လီဝူရှု၊ သောင်းဟိုင်နဲ့ သူကိုယ်တိုင်ပါပဲ။
သူတို့ သုံးယောက်က အတွင်းအားတွေ စုစည်းလိုက်ပြီး သူတို့ရဲ့ အတွင်းအားတွေနဲ့ ကျောက်တုံးတွေကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။
ဖုန်း ... ဘုန်း ... ဝုန်း ...
သူတို့၃ယောက်ရဲ့ အတွင်းအားတွေ အောက်မှာတော့ ဂူပေါက်ဝမှာ ပိတ်နေတဲ့ ကျောက်တုံးတွေက တစ်စစီ ဖြစ်သွားခဲ့ပါပြီ။
ဂူပေါက်ဝကို ဝင်တဲ့ လမ်းကြောင်း ရေးရေးလေးတောင်မှ မြင်လာရတယ်လေ။
၁၅မိနစ်လောက် အကြာမှာတော့ လမ်းတစ်လျှောက် ကျောက်တုံး၊ ကျောက်ခဲတွေ အကုန်လုံးက ပြောင်ရှင်း သွားခဲ့ပါပြီ။
“အထဲကို ဝင်မယ်"
ဒီဂူပေါက်ရဲ့ အကျယ်က ၂မီတာလောက်သာ ရှိတဲ့အတွက် တစ်ကြိမ်ဝင်ရင် ၃ယောက်လောက်သာ ဝင်နိုင်ပါတယ်။
ရှောင်လီက ဘာမှ ရွေးချယ်စရာ မရှိတော့ပါဘူး။ သူ့သိုလှောင် အိတ်ထဲက ရှိသမျှ လက်နက်ပုန်းတွေကို အကုန်ထုတ်ကာ ဂူပေါက်ဝကို ပစ်ထုတ် လိုက်ပါတယ်။
မီးခိုးငွေ့ဗုံးပဲ ဖြစ်ဖြစ် နွားမွေးအပ်ပဲ ဖြစ်ဖြစ် မိုးကြိုးဗုံးပဲ ဖြစ်ဖြစ် ရှိသမျှ အရာအားလုံးကို ထုတ်ယူ ပစ်ပြီး သွားသော်လည်း လီဝူရှုတို့ သုံးယောက်ကိုတော့ အန္တရာယ် တစ်စိုးတစ်စိမျှ မပေးနိုင်ပါဘူး။
ဒီသုံးယောက်ကို ဟန့်တားနိုင်မည့် နည်းလမ်းကတော့ လုံးဝကို မရှိတော့ ပါဘူးလေ။
ကျောက်ဂူ တစ်ခုလုံး ကလည်း မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ၊ ကျောက်တုံး ကျောက်ခဲတွေနဲ့ ရှုပ်ပွလို့ နေပါတယ်။ လေထုထဲမှာ ကလည်း အန္တရာယ်ရနံ့တွေ ထုံသင်းပျံ့လို့ နေပါပြီ။
ဘန်း ...
ဆန်းကြယ် အဆင့်နိမ့် ဒိုင်းက တောင့်ခံမနိုင်တော့ပဲ ရှောင်လီတို့ သုံးယောက်ကိုပါ လွင့်ထွက် သွားစေ ပါတော့တယ်။ သူတို့အားလုံးက အတွင်းဒဏ်ရာတွေ ရသွားကြပါပြီ။
“ငါခုခံလိုက်မယ်"
အချိန်ကိုက်ပါပဲ။ လျူဝူဟောင်က ထလာပြီး ဒိုင်းကို ကောက်ယူ လိုက်ပါတော့တယ်။
ဒါပေမဲ့လည်း လျူဝူဟောင်က ရှောင်လီထက် အနည်းငယ်ပဲ အစွမ်း ထက်တာလေ။ လီဝူရှုတို့ သုံးယောက် ပေါင်းထားတဲ့ အတွင်းအားကို ဘယ်လို ခံနိုင်ပါမည်လဲ။
သိပ်မကြာခင်မှာပဲ လျုဝူဟောင်က ခန္ဓာကိုယ် တစ်ခုလုံး စုတ်ပြတ်ကာ ပြန်ရောက် လာပါတော့တယ်။
“ငါလည်း အစွမ်းကုန် ခုခံတာပဲ”
လျူဝူဟောင်က ပြောပြီးတာနဲ့ အရုပ်ကြိုးပြတ် လဲကျသွား ပါတော့တယ်။ သူ့ရဲ့ မျက်နှာပေါ်က အာဏာရှင် ဆန်တဲ့ အငွေ့အသက်တွေ ကတော့ ပျောက်ပြယ် မသွားသေးပါဘူး။
ချန်ဖန်းဟွာနဲ့ ယုဝူရှန်းတို့က လျူဝူဟောင်ကို သယ်ပြီး ဂူအတွင်းပိုင်း ထဲကို ဆုတ်ခွာ လာခဲ့ပါတယ်။
အဲသည် အချိန်မှာပဲ လီဖူချန်းကတော့ အဆင့်တက် သွားခဲ့ပါပြီ။ အချိန်မီလေးပါပဲ။ တကယ့်ကို အချိန်မီလေးပါပဲ။
ဝုန်း ...
ပြင်းထန်လှတဲ့ စွမ်းအင်လှိုင်းတွေက လီဖူချန်းရဲ့ စိတ်စွမ်းအင် ပင်လယ်ထဲကို အတောမသတ် ဝင်ရောက် လာကြပါတယ်။
ကြက်သွေးရောင် လျှို့ဝှက် မီးတောက် ကျင့်စဉ်ရဲ့ အထွတ်အထိပ် အတွင်းအားတွေကိုပဲ ကျေးဇူး တင်ရမလိုကို ဖြစ်နေပါပြီ။ ဒီအတွင်းအားတွေကြောင့် လီဖူချန်းရဲ့ စိတ်ဝိညာဉ် ဆေးပင်ကို သန့်စင်နှုန်းက ပထမတစ်ကြိမ် ကထက်ကို မြန်လာတယ်လေ။ သူက ဒီအဆင့်ကို ချိုးဖောက်ဖို့ အတွက် အချိန်ခဏလေးပဲ ယူလိုက် ရပါတယ်။
စွမ်းအင် လှိုင်းတွေက ချီအတွင်းအား ပင်လယ်ထဲမှာ ပြည့်နှက်ပြီး အခြေတကျ ဖြစ်သွားတာနဲ့ လီဖူချန်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကို အောင်အောင်မြင်မြင် တက်လှမ်းသွား နိုင်ခဲ့ပါပြီ။
သူက မီးတောက် သရဖူကို ခေါင်းပေါ်မှာ ဆောင်းထားပြီး ကြက်သွေးရောင် တောက်ပနေတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင် ထားပါတယ်။
“အစ်ကိုတို့ အားလုံး အရမ်း ပင်ပန်းသွားခဲ့ပြီ။ ဒီခွေးမသားတွေကို ကျွန်တော်ပဲ ဆုံးမလိုက် ပါတော့မယ်”
လီဖူချန်းက နက်ရွှေမှော်ဓားကို ဆွဲကိုင်ပြီး နတ်ဘုရားတို့ ခြေလှမ်းဖြင့် ဂူပေါက်ဝကို ပြေးထွက် သွားပါပြီလေ။
“ကြယ်ကြွေ”
လီဖူချန်းရဲ့ ခပ်တိုးတိုး မာန်သွင်းသံနဲ့ အတူ ဓားရောင်တွေ လက်ခနဲ ထွက်ပေါ် လာပါတော့တယ်။
“အခြေအနေ မကောင်းတော့ဘူးဟေ့။ ဟိုနတ်ဆိုးလေးက အဆင့် တက်သွားပြီနဲ့ တူတယ်။ အမြန်ဆုတ်ဟ”
လီဝူရှုက လီဖူချန်းရဲ့ အတွင်းအား အငွေ့အသက်တွေကို သတိထားမိ လိုက်တဲ့အတွက် အခြေအနေကို ကောင်းကောင်းကြီး တွက်ဆလိုက နိုင်ပါတယ်။ ဂူထဲကနေ ထွက်ပေါ်လာတဲ့ ဓားအငွေ့အသက်နဲ့ မီးတောက် အရှိန်အဝါက လီဖူချန်းမှ လီဖူချန်း ဆိုတာကို ဖော်ပြနေတယ်လေ။
“ထွက်ပြေးချင်တယ် ဟုတ်လား ... မင်းတို့ကို ဘယ်သူက ခွင့်ပြုလိုက်လို့လဲ”
လီဖူချန်းရဲ့ ရေခဲတမျှ အေးစက်သော လေသံက သူတို့ရဲ့ နောက်ကနေ ကပ်လိုက် လာခဲ့ပါတယ်။
***