← Chapters

တိုက်ထုတ်ပြီ

Vol. 12 Ch. 157

တိုက်ထုတ်ပြီ

Vol. 12 Ch. 157

ကျယ်လောင်လှတဲ့ ပေါက်ကွဲသံတွေက အဆက်မပြတ် ဖြစ်ပေါ်လာပြီး ဂူလမ်းကြောင်း တစ်လျှောက်မှာလည်း ကျောက်တုံးတွေက ပြိုကျ လာနေပါတယ်။

တစ်ယောက်နဲ့ သုံးယောက်တို့ရဲ့ တိုက်ပွဲ။ လီဖူချန်းက လီဝူရှု၊ သောင်းဟိုင်နဲ့ ရှောင်မူတို့ကို အပြတ်အသတ် အသာစီး ရနေပါတယ်။

ဂူထဲမှာက အတော်လေး နေရာ ကျဉ်းကျပ်တဲ့ အတွက် သုံးယောက်ဆိုတဲ့ အရေအတွက်က အသာစီးယူလို့ မဖြစ်နိုင်ပါဘူးလေ။ အချင်းချင်း ထိခိုက်မိမှာ စိုးရိမ်နေတဲ့ အတွက် တိုက်ကွက်တွေကို အစွမ်းကုန် ထုတ်သုံးလို့ မရပါဘူး။

ပြီးတော့ လီဖူချန်းမှာက အားသာချက် တစ်ခု ရှိပါတယ်။ ဂူထဲမှာက မှောင်မိုက်နေတဲ့ အတွက် ဘယ်သူကမှ သေသေချာချာ ရှင်းရှင်းလင်းလင်း မမြင်ကြပါဘူး။ ဒါပေမဲ့ လီဖူချန်းကတော့ သူ့ရဲ့ အသိစိတ် အာရုံကို အသုံးပြုပြီး ကောင်းကောင်း မြင်နေရပါတယ်။

၁၅မိနစ်လောက် အကြာမှာတော့ လူရိပ်လေးခုက ဂူထဲကနေ ပြေးထွက် လာခဲ့ပါတယ်။

ပထမဆုံး ပြေးထွက်လာတဲ့ သူကတော့ ရှောင်မူပါ။ ထို့နောက်မှာတော့ လီဝူရှု ဖြစ်ပြီး နောက်ဆုံးမှ ထွက်လာတဲ့ သူကတော့ သောင်းဟိုင်ပဲ ဖြစ်ပါတယ်။ သူတို့ သုံးယောက်စလုံးရဲ့ ကိုယ်မှာတော့ သွေးစ သွေးနတွေနဲ့ပါပဲ။ ရှောင်မူကတော့ ဒဏ်ရာရရှိမှု အနည်းဆုံး ဖြစ်ပြီး အဝတ်အစား အနည်းငယ်သာ စုတ်ပြဲနေပါတယ်။ လီဝူရှုကတော့ လူတစ်ကိုယ်လုံး သွေးတွေ ရွှဲရွှဲ စိုနေတာပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် နေရာတော်တော် များများမှာ ဒဏ်ရာတွေ ရှိနေပြီး သွေးတွေက တစ်စက်စက် ကျလျက် ရှိနေပါတယ်။ အားလုံးထဲမှာ အခြေအနေ အဆိုးဆုံးကို ပြပါဆိုရင်တော့ သောင်းဟိုင်ကို ပြရမှာပါ။ သူ့ရဲ့ အရူးတစ်ယောက် သဖွယ် တိုက်ခိုက်မှုကြောင့် သူများထက် ပိုပြီး ဒဏ်ရာတွေ ရခဲ့တာပါ။ သူ့ရဲ့ နားတစ်ဖက် ဆိုရင် လီဖူချန်းရဲ့ ဓားချက်ကြောင့် ပြတ်ထွက် သွားခဲ့ပြီလေ။

အပြင်ဘက်မှာ စောင့်နေတဲ့ လူ၈ယောက်ကတော့ ကြောင်အ သွားကြပါတယ်။

ရှောင်မူ၊ သောင်းဟိုင်နဲ့ လီဝူရှုဆိုတာ ဒီဂိုဏ်း ၃ခုစလုံးရဲ့ ပြိုင်ဘက်မရှိ အတော်ဆုံးတွေလေ။ ဒီသုံးယောက် ပေါင်းပြီး တိုက်ခိုက်တာတောင် လီဖူချန်းကို မနိုင်ပဲ ဒီလိုပုံစံတွေနဲ့ ထွက်ပြေး လာရတယ်။ ဒီလီဖူချန်းဆိုတဲ့ ကောင်ကတော့ တကယ့်ကို လက်ဖျား ခါစရာပါပဲ။

ဘယ်သူမှ သတိမပြုမိခင်မှာပဲ အရိပ်တစ်ရိပ်က လီဖူချန်းရဲ့ အနောက်ကို ချဉ်းကပ် လာပါတယ်။ ထိုအရိပ်ရဲ့ လှုပ်ရှားပုံက လုံးဝအသံ မထွက်သလို သူ့ရဲ့ အရှိန်အဝါတွေ ကိုလည်း ပိရိစွာ ဖျောက်ထား နိုင်ပါတယ်။ အနားကို ရောက်လို့ ပိုင်ပြီဆိုတဲ့ အချိန်မှာမှ ထိုအရိပ်က သူ့လက်ကို တစ်ချက် လှုပ်ရှား လိုက်ပါတယ်။

ဓားရောင်တစ်ချက်က လက်ခနဲ ဖြစ်သွားပြီး လီဖူချန်းရဲ့ လည်ပင်းထဲကို တိုးဝင် သွားပါပြီ။

အဲသည် အရိပ်ပိုင်ရှင် ကတော့ ဝိညာဉ်ကဝေ ဂိုဏ်းသား တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းရည်က ဝိညာဉ်ကဝေ ဂိုဏ်းထဲမှာ ဆိုရင် ထိပ်ဆုံး၅ယောက် စာရင်းထဲကို ဝင်တယ်လေ။ သူက မြေကမ္ဘာ အဆင့်၁ကို ရောက်ရှိနေပြီးတဲ့ အတွက် သူ့ထက် အဆင့်မြင့်တဲ့ လူတွေကိုတောင် အလွယ်တကူ လုပ်ကြံနိုင်တဲ့ သူပါ။ သူ့ရဲ့ ပစ်မှတ်အနားကို ကပ်သွားနိုင်တာနဲ့ ထိုသူက သေဖို့အတွက် သေချာ သလောက်ကို ဖြစ်နေပါပြီ။

“ခစ်ခစ်”

ကဝေမယ် ရဲ့ဟွာကတော့ အေးစက်စက် ရယ်မော လျက်ပါပဲ။ လီဖူချန်းကိုသာ ဒီလို အလွယ်တကူ လုပ်ကြံနိုင်မယ် ဆိုရင် သူမက အစောကြီး ကတည်းက လုပ်ပြီးနေပါပြီ။ ပထမတစ်ကြိမ် ကတည်းက လီဖူချန်းရဲ့ စိတ်ဝိညာဉ် စွမ်းအားကို သူမက ကောင်းကောင်းကြီး သဘောပေါက် ထားတယ်လေ။ ဒီလို လုပ်ကြံမှုမျိုးကို လုပ်ကြံတဲ့သူက ရှောင်မူနဲ့ ရှောင်မို ဆိုရင်တော့ အောင်မြင်ကောင်း အောင်မြင် နိုင်ပါလိမ့်မယ်။

ရွှစ် ...

လီဖူချန်းက အနောက်ကိုတောင် လှည့်မကြည့်ပဲ လက်တစ်ချက် လှုပ်လိုက်ပါတယ်။

သူ့ရဲ့ နက်ရွှေမှော်ဓားက ထိုဝိညာဉ်ကဝေ ဂိုဏ်းသားရဲ့ လည်မျိုထဲကို တိုးဝင်သွားပုံက မြွေတစ်ကောင် အလားပါပဲ။

လီဖူချန်းကို လုပ်ကြံဖို့ ရောက်လာတဲ့ ဝိညာဉ်ကဝေ ဂိုဏ်းသား ကတော့ မုဆိုးဘဝကနေ သားကောင် ပြန်ဖြစ် သွားပါပြီ။

လီဖူချန်းက သူ့ရဲ့ ဓားကို ပြန်နုတ်ပြီး အရှေ့တည့်တည့်က လူစုကို စိန်ခေါ်သလို ကြည့်လိုက်ပါတယ်။ သူ့ရဲ့ ဓားချက်ကို မိသွားတဲ့ သူကတော့ ရှင်ဖို့ရာ လမ်းမရှိတော့တဲ့ အတွက် ဂရုစိုက် မနေတော့ပါဘူး။

အားလုံးပေါင်း ၁၀ယောက်။ လူအရေအတွက် ကတော့ တော်တော်လေးကို များနေဆဲပါပဲ။

“လာခဲ့ကြစမ်း”

လီဖူချန်းက ဆယ်ယောက် တစ်ယောက် ဖြစ်နေသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့ မနေပါဘူး။

ဟိုစကားပုံတောင် ရှိသေးသည်လေ။ ဘာတဲ့ ... “တစ်ယောက် ကောင်းသော် တစ်သောင်းဗိုလ်ခြေ ညက်ညက်ကျေ”ဆိုပါလား။

“ငါတို့ ဖြူနက်မိစ္ဆာ နှစ်ကောင်က မင်းရဲ့ အစွမ်းအစကို လေ့လာ ရသေးတာပေါ့”

မိစ္ဆာနက်ရဲ့ လက်နက်ကတော့ အနက်ရောင် တင်းပုတ်ဖြစ်ပြီး မိစ္ဆာဖြူရဲ့ လက်နက်ကတော့ အဖြူရောင် သံကြိုးကြီး တစ်ချောင်း ဖြစ်ပါတယ်။ သူတို့က လီဖူချန်းရဲ့ ဘေးဘယ်ညာ နှစ်ဖက်ကို အတွဲညီစွာ တိုက်ခိုက် လာပါတယ်။

ဘာမှမသိတဲ့ လူတစ်ယောက်တောင်မှ ဒီမိစ္ဆာ နှစ်ကောင်က နှစ်ယောက်တွဲ သိုင်းကွက် တစ်မျိုးကို လေ့ကျင့်ထားတယ် ဆိုတာကို ကောင်းကောင်းကြီး သိနိုင်ပါတယ်။

မိစ္ဆာနက်ရဲ့ တိုက်ခိုက်မှုတွေက အရိုင်း ဆန်လွန်းပြီး ပြင်းထန်လွန်း လှပါတယ်။ သူ့ရဲ့ အတွင်းအားက ယန် (အဖို )ဓာတ်ကို ဦးစားပေး နေပါတယ်။

မိစ္ဆာဖြူရဲ့ တိုက်ခိုက်မှုတွေ ကတော့ လုံးဝ နူးညံ့နေပြီး မာယာ များလှပါတယ်။ သူ့ရဲ့ အတွင်းအား ကတော့ ယင်(အမ)ဓာတ်ကို ဦးစားပေး နေတယ်လေ။

သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုတွေကို ပေါင်းစပ်လိုက်တဲ့ အခါမှာတော့ လုံးဝ သဟဇာတ ဖြစ်သွားပြီး ဟာကွက်တောင် ရှာမရတော့ပါဘူး။ သူတို့ရဲ့ ပြိုင်ဘက်ကတော့ ဒီတိုက်ကွက် ထဲကနေ လွတ်မြောက် နိုင်ဦးမလား ဆိုတာကို စောင့်ကြည့် ရမှာပါပဲ။

“ကိုယ့်နေရာကိုယ် ပြန်စမ်း”

လီဖူချန်းရဲ့လက် တစ်ချက် လှုပ်လိုက်တာနဲ့ မရေမတွက်နိုင်တဲ့ ကြယ်ပျံ ဓားရောင်တွေက ထွက်ပေါ် လာခဲ့ပါတယ်။

ချွင် ... ချွင် ... ထန် ... ထန် ...

ရွပ် ...

ဖြူနက်မိစ္ဆာ နှစ်ကောင်က သူတို့နေရာကို သူတို့ ပြန်ဆုတ် သွားရပါတယ်။ ဒါပေမဲ့ သူတို့နဲ့အတူ ထိခိုက်မှုတွေ အပြင် ဓားဒဏ်ရာ အမြောက်အမြား ကလည်း လက်ဆောင် အဖြစ် ပါလာပါ သေးတယ်။

“လခွီးပဲ ... ။ ဒီကောင်က ဘာဖြစ်လို့ ဒီလောက် အစွမ်းထက် နေရတာလဲ”

မိစ္ဆာနက်က ဒဏ်ရာရနေတဲ့ သူ့ရင်ဘတ်ကို ငုံ့ကြည့်ပြီး ညည်းညူ လိုက်ပါတယ်။

မိစ္ဆာဖြူရဲ့ ဘယ်ဘက်လက် ကတော့ လုံးဝကို သုံးမရတော့ပါဘူး။ လီဖူချန်းရဲ့ ဓားချီတွေက ဘယ်ဘက်လက် တစ်လျှောက်လုံးက သွေးကြောတွေကို ပျက်စီး သွားစေခဲ့တယ်လေ။

“အားလုံး စုပေါင်းပြီး ဒီကောင့်ကို တိုက်ကြရအောင်။ ဒီကောင်က ငါတို့ ၁၀ယောက် စလုံးကိုတော့ နိုင်မယ်မထင်ပါဘူး”

လင်းဟောင်က အားလုံးကို အော်ဟစ်ကာ အကြံပြု လိုက်ပါတယ်။ သူ့ရဲ့ ဒဏ်ရာတွေက ပျောက်ကင်းနေတာ ကြာနေပေမဲ့လည်း လီဖူချန်းနဲ့ တစ်ယောက်ချင်း တိုက်ဖို့ကို လင်းဟောင်က မရဲတော့ပါဘူး။

“သတ်”

အခုချိန်မှာတော့ သူတို့ ၁၀ယောက်စလုံးက ဘာသိက္ခာတွေ၊ စည်းတွေကိုမှ စောင့်မနေ နိုင်တော့ပါဘူး။

အရှက်တရား အကြောင်းကိုတော့ လီဖူချန်း သေပြီးမှပဲ ဆက်ပြော ပါတော့မယ်။

လီဖူချန်း ကလည်း သူတို့ ၁၀ယောက်ကို ထိပ်တိုက် ရင်ဆိုင်နေမယ့် ရူးကြောင်ကြောင်ကောင် ဟုတ်မနေတာ ကတော့ အတော်လေး ဆိုးတာပါပဲ။

လီဖူချန်းက ပတ်ပြေး နေပါတယ်။ ပြီးတော့ တစ်ချက် တစ်ချက်မှာ သူတိုက်ခိုက် လိုက်တဲ့သူက ထို၁၀ယောက်ထဲမှာ အင်အားအနည်းဆုံး တစ်ယောက် ဖြစ်နေတတ် ပါသေးတယ်။

ဟူး ... နတ်ဘုရားတို့ရဲ့ ခြေလှမ်းကို အသုံးပြုလိုက်တဲ့ အခါမှာတော့ လီဖူချန်းက မြင်ကွင်းထဲ ကနေ လုံးဝ ပျောက်ကွယ် သွားပါပြီ။ သူပြန်ပေါ်လာတဲ့ အချိန်မှာတော့ ဝိညာဉ်ကဝေ ဂိုဏ်းသား တစ်ယောက်ရဲ့ အနားမှာဖြစ်ပြီး ထိုဝိညာဉ်ကဝေ ဂိုဏ်းသားကတော့ မည်သည့် အချိန်က သေလို့ သေသွားမှန်းတောင် မသိလိုက်ရပါဘူး။

ဝိညာဉ်ကဝေ ဂိုဏ်းသားရဲ့ ခေါင်းက ပြတ်ထွက်သွားပြီး ထိုလည်ပင်း ငုတ်တိုကနေ သွေးတွေက ရေတံခွန် အလား ပန်းထွက် နေပါတယ်။

“ဟီးဟီး ... မင်းက ဝိညာဉ်ကဝေ ဂိုဏ်းသား တစ်ယောက်ကို သတ်ပြီး အလွယ်တကူ ထွက်သွားလို့ ရမယ် ထင်နေတာလား”

သူငယ်တော် ရှောင်မိုက နာမည်နဲ့ လိုက်အောင် သေးသေး ကွေးကွေးလေးပဲ ရှိပါတယ်။ သူက သေဆုံးသွားတဲ့ ဝိညာဉ်ကဝေ ဂိုဏ်းသားရဲ့ နောက်ကျောကနေ ရုတ်တရက် ပေါ်လာပြီး လီဖူချန်းကို စုတ်တံနဲ့ ထိုးစိုက် လိုက်ပါတယ်။

“မင်းအဖေက ပြောထားလို့လား ... သွားစမ်းပါ”

လီဖူချန်းရဲ့ ခြေထောက် တစ်ဖက်က မြောက်တက်လာပြီး ရှောင်မိုကို ကန်ကျောက် လိုက်ပါတယ်။

အရိပ်မဲ့ ခြေထောက် ဆိုတဲ့အတိုင်း ရှောင်မိုကတော့ ဘာမှကို သေသေချာချာ မြင်သွားဟန်တောင် မပေါ်ပါဘူး။ လေထဲကို မြောက်တက်သွားပြီး ပြန်အကျမှာတော့ သွေးတစ်လုတ်မျှ အန်လိုက် ရပါတယ်။

ဒီကောင်က ဓားသိုင်းအပြင် ခြေသိုင်းမှာပါ အစွမ်းထက် နေပါရောလား။

“ငါ့ကို ကြည့်စမ်း”

ကဝေမယ်ရဲ့ဟွာက ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိဘဲ လီဖူချန်းကို စိုက်ကြည့်ကာ စိတ်ညှို့ လိုက်ပါတယ်။ သူမရဲ့ မျက်လုံးတွေက အသူရာ ချောက်တမျှ နက်ရှိုင်းနေပြီး လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို စုပ်ယူဖို့ ကြိုးစားနေပါတယ်။

“ဟိတ်”

လီဖူချန်းက မာန်တစ်ချက် သွင်းလိုက်တဲ့ အခါမှာတော့ အပြာရောင်နဲ့ အစိမ်းရောင် ရောနှောနေတဲ့ အလင်းတန်း တစ်ခုက သူ့မျက်လုံးထဲ ကနေ ထွက်ပေါ်လာပါတယ်။

“ဝေါ့ ... "

နှစ်ဖက်စလုံးက တိုက်ခိုက်မှု တစ်ချက်မှ မလှုပ်လိုက် ရပေမဲ့လည်း ကဝေမယ်ရဲ့ဟွာ ကတော့ သွေးစိမ်းရှင်ရှင် တစ်လုတ်မျှ အန်လိုက်ရပါပြီ။

ဒါက တစ်ဖက်လူကို မလွှမ်းမိုးနိုင်တဲ့ အတွက် ပြန်ခံရတဲ့ ဆိုးကျိုးပါပဲ။

“သူ့ရဲ့ စိတ်ဝိညာဉ် စွမ်းအားက အရမ်း သန်မာလွန်းတယ်။ ငါနောက်ဆုတ်မှပဲ ဖြစ်တော့မယ်”

ကဝေမယ် ရဲ့ဟွာကတော့ လုံးဝကို ကြောက်ရွံ့ သွားပါပြီ။ သူမက လီဖူချန်းကို အထင်သေးမိ သွားပြီ ဆိုတာကိုလည်း ကောင်းကောင်း သဘောပေါက် သွားတယ်လေ။

သူမရဲ့ စိတ်လှည့်စားမှု အတတ်ပညာက ဒီကောင်လေး အပေါ်မှာ လုံးဝကို တိုးမပေါက်ပါဘူး။

“အရူးမိစ္ဆာ ဓားချက် ၂၈ချက်”

“တစ္ဆေအရိပ် လက်ဝါး”

“သွေးနဂါးလှံ”

လီဖူချန်းက တစ်ချက်လောက် ငေးငိုင်သွားတဲ့ အချိန်မှာပဲ လီဝူရှုတို့ သုံးယောက်ရဲ့ အစွမ်းဆုံး တိုက်ကွက်တွေက ဝင်ရောက် လာခဲ့ပါတယ်။

ဒါပေမဲ့ အဲသည် အချိန်မှာတော့ လီဖူချန်းက အသိအာရုံ ပြန်ဝင် နေခဲ့ပါပြီ။

သူက ကြယ်ပျံဓားသိုင်းရဲ့ ဒုတိယ အကွက်ကို ထုတ်သုံးလိုက်ပြီး တိုက်ခိုက်မှုတွေကို ကာကွယ် လိုက်ပါတယ်။

လီဝူရှုတို့ရဲ့ တိုက်ခိုက်မှုတွေက သူ့ကို ခြေလှမ်း၃လှမ်းပဲ ဆုတ်စေလိုက် နိုင်တယ်လေ။

“ဒီကောင်က လူကော ဟုတ်သေးရဲ့လား"

ခရမ်းရောင် ဆေဘာဂိုဏ်းက ရှန်ဖေးဟီက လီဖူချန်းကို တိုက်ခိုက်ဖို့ စိတ်မပါတော့ပဲ အနောက်ကို ဆုတ်သွားကာ ဂူထဲကို လှမ်းပြီး ကြည့်လိုက်ပါတယ်။

သူ့ရဲ့ အစီအစဉ်ကတော့ ဂူထဲက လွယ်ကူတဲ့ လူတွေကို သွားသတ်ဖို့ပါပဲ။

“မင်းက ဂူထဲကို ဝင်ချင်နေတာလား ... သေစမ်း ... "

လီဖူချန်းက နတ်ဘုရား ခြေလှမ်းကို အသုံးပြုလိုက်ပြီး ရှန်ဖေးဟီကို အရင်ဦးအောင် တိုက်ခိုက် လိုက်ပါတယ်။

ကြက်သွေးရောင် မီးဆန္ဒနဲ့ ကြယ်ပျံဓားဆန္ဒ ပေါင်းထားတဲ့ ဓားချက်က ရှန်ဖေးဟီကို လေထဲမြောက်တက် သွားစေပါတယ်။ ပြန်ကျလာတဲ့ အခါမှာတော့ သူက လုံးဝ လှုပ်ရှားမှု မရှိတော့ပဲ ငြိမ်သက် သွားခဲ့ပါပြီ။ သေသလား ရှင်သလား ဆိုတာကိုလည်း မသိရတော့ပါဘူး။

တိုက်ပွဲက အချိန်ကြာလာတာနဲ့ အမျှ ပိုပြီး ပြင်းထန် လာပါတယ်။

တစ်နာရီလောက် ကြာသွားပြီး နောက်မှာတောင် လီဖူချန်းကတော့ အကောင်းပကတိ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ရန်သူတွေကတော့ သွေးအလိမ်းလိမ်းနဲ့ ဖြစ်နေကြပါပြီ။

စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉မှာပဲ ရှိသေးတဲ့ လူတစ်ယောက်က ဒီလောက် အစွမ်းထက်နေ လိမ့်မယ်လို့ ဘယ်သူက ယုံနိုင်မှာလဲလေ။

သူက အစွမ်းထက်နေရုံ သက်သက်ပဲ ဆိုရင် ခံသာပါသေးတယ်။ အခုတော့ ဒီခွေးမသားလေးက သူတို့ကို ထိပ်တိုက် ရင်မဆိုင်ပဲ ပတ်ပြေးကာ အမှည့်ခြွေ ခြွေနေတာက ပိုခံရ ခက်ပါတယ်။

လီဖူချန်းရဲ့ ကိုယ်ဖော့ပညာ ကိုလည်း ဘယ်သူမှ လိုက်မမီ နိုင်တဲ့အတွက် ဒီကောင် ထင်တိုင်းကြဲနေတာကို ငြိမ်ခံနေရ တော့တာပါပဲ။

သူတို့က လက်မခံချင် ပေမဲ့လည်း လက်ခံ လိုက်ရပါပြီ။

ဒီအတိုင်းသာ ဆက်တိုက် သွားမယ်ဆိုရင် သူတို့ အကုန်လုံးသာ သေရင် သေသွားပါမယ်။ လီဖူချန်းကတော့ ဘာမှ ဖြစ်မှာ မဟုတ်ပါဘူး။ သူ့ကို ကြည့်ရတာ နောက်ထပ် တစ်နာရီလောက် ကတော့ ဟိုခုန်ဒီပျံ လုပ်နေနိုင်ဦးမည့် ပုံပါပဲ။

“သွားကျစို့"

အခြေအနေကို သဘောပေါက်တဲ့ လီဝူရှုက ချာခနဲ လှည့်ထွက် သွားပါတော့တယ်။

ဟူး ... ဟူး ... ဟူး ...

လူရိပ်တွေ ကလည်း တစ်ရိပ်ပြီး တစ်ရိပ် ထွက်ခွာ သွားပါပြီ။ လင်းဟောင်ကတော့ ရှန်ဖေးဟီကို ပွေ့ချီ သွားပါသေးတယ်။

နောက်ဆုံးမှ ထွက်ခွာသွားတဲ့ သူကတော့ အရူးဆေဘာ သောင်းဟိုင်ပါပဲ။

သူက ကောင်းကင်ကြီးကို မော့ကြည့်ကာ အားရပါးရ အော်ဟစ်ပြီး ထွက်သွားတာပါ။

လီဖူချန်းက တစ်ယောက်ကိုမှ မတားဆီးပဲ အသာလေး ရပ်ကြည့်ပြီး ကျန်နေခဲ့ပါတယ်။

ဒီတိုက်ပွဲကြီးက သူ့ကို အတော်လေး အားအင် ကုန်ခန်း သွားစေတယ်လေ။ တကယ်လို့သာ သူက လီဝူရှုတို့ကို သွားခွင့်မပြု လိုက်ဘူးဆိုရင် သူသေကိုယ်သေ တိုက်ပွဲကြီးတစ်ခု ဖြစ်လာပြီး နှစ်ဖက်စလုံး ပျက်စီး သွားနိုင်ပါတယ်။

တိုက်ပွဲတစ်ခုကို အဆုံးစွန်ထိ တိုက်ခိုက်တာက တစ်ခါတစ်ရံမှာ ထင်မှတ်မထားတဲ့ ပြဿနာတွေကို ဖြစ်ပေါ်လာစေ နိုင်ပါတယ်။

ဒါကြောင့် ရပ်သင့်တဲ့ အချိန်မှာ ရပ်လိုက်တာက အကောင်းဆုံး ဆုံးဖြတ်မှု တစ်ခုပါပဲ။

***

All Chapters