← Chapters

လျှို့ဝှက် နယ်မြေထဲက အဓိက နယ်မြေ

Vol. 12 Ch. 158

လျှို့ဝှက် နယ်မြေထဲက အဓိက နယ်မြေ

Vol. 12 Ch. 158

ဆေးဝါးတွေ အတော်များများကို အသုံးပြုပြီးတဲ့ နောက်မှာတော့ လျူဝူဟောင်နဲ့ အခြားသူတွေဟာ အလျင်အမြန်ပဲ ပြန်ကောင်း လာပါတယ်။ ၂နာရီလောက် အကြာမှာတော့ သူတို့ အားလုံးဟာ နဂိုအခြေအနေ နီးပါးကို ပြန်ဖြစ် လာကြပါပြီ။

လီဖူချန်း ပြန်ဝင်လာတာကို သိလိုက်တာနဲ့ ရှောင်လီက မျက်လုံးတွေကို ဖွင့်ပြီး မေးလိုက်ပါတယ်။

“ညီလေးလီ ... သူတို့တွေကော”

“သူတို့ အကုန်လုံး ထွက်သွားပြီလေ”လီဖူချန်းက ရယ်ကျဲကျဲဖြင့် ပြန်ဖြေ လိုက်ပါတယ်။

ရှောင်လီက မယုံနိုင်သည့် ပုံဖြင့် …

“အကုန်လုံး ထွက်သွားပြီ ဟုတ်လား ... "

သူတို့တွေ ထွက်သွားပြီ ဆိုတဲ့ အဓိပ္ပာယ်ကို ရှောင်လီက ကောင်းကောင်းကြီး နားလည်ပါတယ်။ တိုက်ပွဲတစ်ပွဲမှာ အရေးမနိမ့် ပဲနဲ့တော့ ဘယ်သူကမှ ထွက်သွားမှာ မဟုတ်ပါဘူး။ သေချာတာ ကတော့ ဒီဂိုဏ်း၃ဂိုဏ်းက တပည့်တွေ စုပေါင်းပြီး တိုက်တာတောင် လီဖူချန်းကို မယှဉ်နိုင်လို့ပဲ ဖြစ်ရပါမယ်။

လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ ကလည်း လေ့ကျင့်နေတာကို ရပ်လိုက်ကြပါပြီ။ သူတို့က ရှုပ်ထွေးနေတဲ့ ခံစားချက် ကိုယ်စီ ခံစားနေရတယ်လေ။ သူတို့ လက်ခံသည် ဖြစ်စေ၊ လက်မခံသည် ဖြစ်စေ လီဖူချန်းက သူတို့ကို ကျော်ဖြတ်သွားပြီ ဆိုတာကတော့ ဘယ်လိုမှ ငြင်းလို့ မရနိုင်တော့ပါဘူး။ သူတို့ ထင်ထားတာ ထက်တောင် အများကြီး သာလွန် နေပါသေးတယ်။

ဒါပေမဲ့ သူတို့ နှစ်ယောက်စလုံးက စိတ်ပျက်ပြီး လက်လျှော့ သွားကြမယ့် ပုံလည်း လုံးဝ မပေါ်ပါဘူး။

သိုင်းပညာတာအို လမ်းစဉ်က အခုမှ စလုံးရေးစပဲ ရှိပါသေးတယ်။ နောက်ဆုံးမှာ ဘယ်သူက အနိုင်ရပြီး ရယ်မော နေနိုင်မယ် ဆိုတာကို ဘယ်သူကမှ တပ်အပ် မပြောနိုင် သေးပါဘူးလေ။

ထို့နောက်မှာတော့ သူတို့ ၅ယောက်ဟာ ဂူထဲက ထွက်လာပြီး ဆေးပင်တွေကို ရှာဖို့ လုပ်ဆောင် ကြပါတော့တယ်။

မြေကွဲ သစ်သီးတွေက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကနေ မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ချိုးဖောက် ဝင်ရောက်တဲ့ အခါမှာပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ မြေကမ္ဘာနယ်ပယ် အဆင့်၁က လူကလည်း မြေကွဲသစ်သီးကို စားလိုက်ရင် မြေကမ္ဘာနယ်ပယ် အဆင့်၂ကို တက်လှမ်း သွားနိုင်ပါတယ်။ အဲဒီအတွက်ကြောင့် လီဖူချန်းတို့ တစ်သိုက်ဟာ ဆေးပင်တွေကို ကြိုးစားပမ်းစား ရှာဖွေနေဆဲပါပဲ။

သိုလှောင်အိတ် ၈အိတ်ကို ပိုင်ဆိုင်ထားတဲ့ လီဖူချန်းကတော့ တွေ့သမျှ ဆေးပင်တွေကို သိမ်းကျုံးပြီး နုတ်ယူ နေပါတယ်။ အဝါရောင် အဆင့်သော ဆန်းကြယ်အဆင့် သောတွေကို ခွဲခြား မနေတော့ပါဘူး။

တခြား လူတွေအတွက် ကတော့ ...

ရှောင်လီနဲ့ လျူဝူဟောင်မှာက သိုလှောင်အိတ် ၂အိတ်စီ ရှိပါတယ်။ ချန်ဖန်းဟွာ ကတော့ အစက တစ်အိတ်ပဲ ရှိပေမဲ့ လီဖူချန်းက လုရှောင်ဖေးရဲ့ အိတ်ကို ပေးထားတယ်လေ။ ဒါပေမဲ့ ဒီအိတ်ပေါ်မှာ မိုးပြာရောင် ဂိုဏ်းရဲ့ အမှတ်အသား ရှိနေတာက စိတ်မကောင်း စရာပါပဲ။ ဒီအိတ်က ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေက ထွက်ရင် ဂိုဏ်းတော်ကို ပြန်အပ်ရမှာပါ။

ဒီလူ၅ယောက်ထဲမှာ အိတ်တစ်အိတ်ပဲ ရှိတာဆိုလို့ ယုဝူရှန်းပဲ ရှိတာပါ။

မြစ်ကမ်းတစ်ခုရဲ့ နံဘေးမှာတော့ ရှောင်လီက စိတ်ဝိညာဉ်ပင် တစ်ပင်ကို ရှာဖွေ တွေ့ရှိသွားပါတယ်။

“ညီလေး ယုဝူ ... ရော့ ... မင်းအတွက်”

ရှောင်လီက ထိုဆေးပင်ကို ယူဝူရှန်းဆီကို ပစ်ပေး လိုက်ပါတယ်။

“ကျေးဇူး တင်ပါတယ် အစ်ကိုရှောင်”

ယုဝူရှန်းက အရမ်းကို ကျေနပ် သွားပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း နယ်ပယ်က အရမ်းကို နိမ့်လွန်း နေတယ်လေ။ ဒီလျှို့ဝှက် နယ်မြေထဲကို စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၇နဲ့ ရောက်လာတဲ့ လီဖူချန်းတောင်မှ သူ့ကို ကျော်တက် သွားခဲ့ပါပြီ။ အဲသည် အဖြစ်အပျက်က သူ့စိတ်ကို မအီမသာ ဖြစ်နေစေခဲ့တာပါ။

သူ့ဘေးနားမှာ လူ၄ယောက် ရှိနေတဲ့အတွက် ယုဝူရှန်းက နောက်ဆံ တင်းမနေတော့ပဲ စိတ်ဝိညာဉ်ပင်ကို စတင်ပြီး သန့်စင် လိုက်ပါတယ်။

၂နာရီလောက် အကြာမှာတော့ ယုဝူရှန်းကလည်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကို ရောက်သွားခဲ့ပါပြီ။

သူက မြေကမ္ဘာ နယ်ပယ်ကို ရောက်ဖို့အတွက် မြေကွဲသစ်သီးကို ရှာတွေ့ဖို့ပဲ လိုပါတော့တယ်။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ မြေကွဲသစ်သီးကို ရှာတွေဖို့ဆိုတာ စိတ်ဝိညာဉ်ပင်ကို ရှာတွေ့ဖို့ထက် ၁၀ဆလောက် ခဲယဉ်းပါတယ်။ အခုချိန်အထိ သူတို့ထဲမှာ မြေကွဲသစ်သီးကို စားဖူးတာ ဆိုလို့ ချန်ဖန်းဟွာပဲ ရှိပါသေးတယ်။ ကျန်တဲ့ သူတွေကတော့ ဒီအတိုင်း ကျင့်ကြံပြီးတော့ မြေကမ္ဘာ အဆင့်ကို ရောက်လာကြတာပါ။

'ဒီဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေရဲ့ မိုင်၂၀၀ အတွင်းမှာတော့ စိတ်ဝိညာဉ် ဆေးပင်တွေနဲ့ မြေကွဲ သစ်သီးတွေက အများကြီး ရှိနေမှာပဲ'

လီဖူချန်းက သူ့အတွက်တင် သာမက သူ့မိဘတွေ အတွက်ကိုပါ စဉ်းစား နေပါတယ်။ တကယ်လို့သူသာ စိတ်ဝိညာဉ်ပင် အတော်များများကို သယ်သွားနိုင်မယ် ဆိုရင် သူ့မိဘ နှစ်ပါးစလုံးက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉ကိုတောင် ရောက်သွား နိုင်တယ်လေ။

ဝုန်း ...

လီဖူချန်း တစ်ယောက် အတွေးကမ္ဘာထဲ နယ်ချဲ့နေစဉ်မှာပဲ ဆယ်မိုင်လောက် အကွာမှာ အဖြူရောင် စွမ်းအင် အလင်းတန်းကြီး တစ်ခုက ကောင်းကင်သို့ တိုင်အောင် ထိုးထွက် လာခဲ့ပါတယ်။

ထိုစွမ်းအင် အလင်းတန်းကြီးကို ဒီလျှို့ဝှက် နယ်မြေထဲကို ရောက်နေတဲ့ လူအားလုံးက လှမ်းမြင် နိုင်ပါတယ်။

“လျှို့ဝှက် နယ်မြေရဲ့ အဓိကနေရာပဲ။ တစ်ယောက်ယောက် ကတော့ လျှို့ဝှက်နယ်မြေရဲ့ ဗဟိုမဏ္ဍိုင်ကို ရှာတွေ့သွားပြီ”ရှောင်လီက ရေရွတ် လိုက်ပါတယ်။

ဒီဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေဟာ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေ အတော်လေး ကြွယ်ဝတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်နယ်မြေ ထဲမှာလည်း အဓိက နယ်မြေတစ်ခု ရှိနေပါသေးတယ်။ အလယ် ဗဟိုချက်ပေါ့လေ။ အဲသည် နေရာမှာ ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေက ပိုသိပ်သည်းသည့် အပြင် ပိုရှားပါးတဲ့ ဆေးပင်၊ ဆေးမြစ်တွေကလည်း ပေါက်ရောက် နေပါသေးတယ်။

ဒီဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲကို ဝင်ခဲ့တဲ့ အသုတ်တွေထဲမှာ ဒီဗဟိုချက်ကို ရှာဖွေမိတာ ဆိုလို့ တစ်ခါ ဒါမှမဟုတ် နှစ်ခါလားပဲ ရှိပါတယ်။

ဒါက လွယ်လွယ်ကူကူနဲ့ ရှာတွေ့နိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။

“လာဟေ့ ... ငါတို့လည်း အဲနေရာကို သွားရအောင်”

လီဖူချန်းက အားလုံးကို ခေါ်ပြီး ပြေးထွက် သွားပါတော့တယ်။

စွမ်းအင် အလင်းတန်းကြီးက တောက်ပလွန်း လှတဲ့ အတွက် လီဝူရှုတို့ကလည်း လှမ်းမြင် လိုက်ရပါတယ်။

“ငါက လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်ထဲကို အမြန်ဆုံး ရောက်အောင်သွားမှ ဖြစ်မယ်။ တကယ်လို့သာ မြေကွဲသစ်သီး တစ်လုံးလောက် ရှာတွေ့ခဲ့မယ် ဆိုရင် ငါက မြေကမ္ဘာ အဆင့်၂ကို ရောက်သွားမှာပဲ။ အဲသည် အချိန်ကျရင် ဟိုမျိုးမစစ်ကလေး လီဖူချန်းကို အနိုင်ယူလို့ ရပြီ”

လီဝူရှုက ခံစားချက်ကြီးဖြင့် ကြုံးဝါး လိုက်ပါတယ်။

မြေကမ္ဘာနယ်ပယ် အဆင့်ဆိုတာက သိုင်းပညာ လမ်းစဉ်ရဲ့ တတိယမြောက် ခြေလှမ်း ဖြစ်တဲ့အတွက် အဆင့်တစ်ဆင့် တက်သွားရင်တောင်မှ မယုံနိုင် လောက်အောင် အစွမ်းထက်လာ စေတယ်လေ။ အဆင့် တစ်ဆင့်သာ တက်သွားမယ် ဆိုရင် လီဖူချန်းကို အနိုင်ယူဖို့ဆိုတာ ဘာမှ မခဲယဉ်းတော့ပါဘူး။

ဒါပေမဲ့ ဒီလိုအတွေးကို တွေးနေတာက လီဝူရှု တစ်ယောက်တည်း မဟုတ်ပါဘူး။

အစောပိုင်းတုန်းက လီဖူချန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ လူအားလုံးကလည်း သူ့လိုပဲ မြေကွဲသစ်သီးကို ရှာဖို့ တွေးနေကြတာပါပဲ။

လျှို့ဝှက် နယ်မြေရဲ့ အလယ်ဗဟိုချက် မှာတော့ ရှေးခေတ် အဆောက်အဦကြီးတွေ အများကြီး ရှိနေပါတယ်။ ဒီအဆောက်အဦကြီးတွေကို ကျောက်တုံး၊ ကျောက်ခဲကြီး တွေနဲ့ပဲ တည်ဆောက် ထားခဲ့တာပါ။

အလွန် ထူးခြား ဆန်းကြယ်တဲ့ အရှိန်အဝါတွေ ကလည်း ထိုအဆောက်အဦကြီး တွေကနေ ထွက်ပေါ် နေပါတယ်။

အဆောက်အဦ ကြီးတွေရဲ့ အလယ်မှာတော့ ဆေးဥယျာဉ်လေး တစ်ခု ရှိနေတြယ်လေ။ ထိုဆေးဥယျာဉ်လေး ထဲမှာတော့ မိန်းမပျိုလေး တစ်ယောက်က ကျောက်တုံးကြီး တစ်တုံးအပေါ်မှာ ထိုင်ကာ ကျင့်ကြံနေတာကို တွေ့မြင်ရမှာပါ။ သူမကတော့ ရန်ချင်းဟူပါပဲ။

သူမက ဒီနေရာမှာ ကျင့်ကြံနေတာ ဘယ်အချိန် တည်းကမှန်းကို မသိတော့ဘူး။

ရုတ်တရက် ကောင်းကင်နဲ့ မြေကြီးက စွမ်းအင်တွေက ရန်ချင်းဟူရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင် လာခဲ့ပါတယ်။

ရန်ချင်းဟူရဲ့ ချီအရှိန်အဝါတွေက တဖြည်းဖြည်းနဲ့ တောက်ပ လာခဲ့ပါပြီ။ သူမရဲ့ ဆံပင်ရှည်တွေ ကလည်း လေမတိုက်ပါပဲနှင့် လေထဲမှာ လွင့်မျော နေပါတယ်။ သူမကို ကြည့်ရတာက ပန်းပုသူဇာ ရုပ်လေးတစ်ရုပ် အသက် ဝင်လာသည့် အလားပါပဲ။

ဘုန်း ...

သူမရဲ့ မျက်လုံးတွေကို ဖွင့်လိုက်တဲ့ အခါမှာတော့ လှပပြီး အေးစက်တဲ့ မျက်ဝန်းအစုံက တစ်ဖိတ်ဖိတ် တောက်ပ နေပါတော့တယ်။

“နောက်ဆုံးတော့ မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်ခဲ့ပြီပဲ”

ရန်ချင်းဟူက သူမရဲ့ အနက်ရောင် လခြမ်းကွေးဓားကို ထုတ်ပြီး ပိုင်းချ လိုက်ပါတယ်။

ဝုန်း ...

သူမနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ ကျောက်တုံးကြီး တစ်တုံးက တိတိရိရိကို နှစ်ပိုင်း ပြတ်ထွက် သွားပါတယ်။ သူမရဲ့ ဓားချီတွေက အဲသည်မှာပင် ရပ်မသွားပဲ မြေပြင်ကိုပါ ချိုင့်ကြီးတစ်ခု ဖြစ်ပေါ် လာစေတယ်လေ။

ဒါပေမဲ့ သိပ်မကြာခင်မှာပဲ ကျောက်တုံးကြီးက ပြန်ပေါင်းစည်း သွားပြီး မြေပြင်ကလည်း ပုံမှန်အတိုင်း ပြန်ဖြစ် သွားပါတယ်။

ရန်ချင်းဟူက ဒီနေရာမှာ အပျက်အစီးတွေကို နဂိုအတိုင်း ပြန်ဖြစ်စေနိုင်တဲ့ စွမ်းရည် ရှိနေတယ် ဆိုတာကို နားလည် သဘောပေါက် သွားပါတယ်။

"တစ်ယောက်ယောက် ကတော့ လာနေပြီပဲ”ရန်ချင်းဟူက အဆောက်အဦကြီးရဲ့ ဝင်ပေါက်ကို လှမ်းကြည့် လိုက်ပါတယ်။

“အိုး ... ညီမလေး ချင်းဟူပါလား ... ။ ညီမက မြေကမ္ဘာနယ်ပယ် အဆင့်၁ကိုတောင် ရောက်သွားပြီလား”

ဝင်လာတဲ့ လူစုရဲ့ ခေါင်းဆောင် ကတော့ လီဝူရှုပါပဲ။

ရန်ချင်းဟူကို တွေ့လိုက်တဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေဂိုဏ်းက လူတွေက လူသတ်ချင် စိတ်တွေ ထိန်းမနိုင် သိမ်းမနိုင် ထွက်ပေါ် လာပါတယ်။ သူတို့က လီဖူချန်းထက် စာရင် ရန်ချင်းဟူကို ပိုပြီး သတ်ချင်တာလေ။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ချင်းဟူကို သတ်နိုင်ခဲ့ရင် ဂိုဏ်းတော်က ဆုကြေးတွေ မနည်းမနော ပေးမှာ ဖြစ်လို့ပါပဲ။

လီဖူချန်းကတော့ လောလောဆယ် အစွမ်းထက်ရင် ထက်နေပါ လိမ့်မယ်။ ဒါပေမဲ့ သူတို့ရထားတဲ့ သတင်း အချက်အလက်တွေ အရဆိုရင် လီဖူချန်းက သာမန် အရိုးတည်ဆောက် ပုံကိုပဲ ပိုင်ဆိုင် ထားတာပါ။ တစ်ချိန်ချိန် မှာတော့ သူက အမြင့်ကနေ ပြုတ်ကျသွားနိုင် ပါသေးတယ်။

ဒါပေမဲ့ ရန်ချင်းဟူ ကတော့ မတူပါဘူး။ သူမက ဒဏ္ဍာရီတွေထဲက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါ။ သူမကသာ မတော်တဆ ဖြစ်ရပ်တွေနဲ့ မကြုံတွေ့ခဲ့ ရင်တော့ အနာဂတ်မှာ ဘယ်သူမှ မယှဉ်နိုင်တဲ့ သူတစ်ယောက် ဖြစ်လာဖို့က လုံးဝ ကျိန်းသေပါပဲ။

နှစ်ယောက်စလုံးကို သတ်ပစ်လိုက် နိုင်ရင်တော့ အကောင်းဆုံးပေါ့လေ။

'အခုအချိန်က နောက်ထပ် ရန်သူတစ်ယောက် ထပ်တိုးလာဖို့ ကောင်းတဲ့ အခြေအနေ မဟုတ်ဘူး။ နောက်ဆုံးနေ့ အထိ စောင့်လိုက်တာပဲ ကောင်းပါတယ်လေ' မှင်စာသခင်လေး ရှောင်မူက စိတ်ထဲကနေ တေးမှတ် ထားလိုက်ပါတယ်။

လီဖူချန်းတို့ အဖွဲ့ကတော့ အခြားသော အဆောက်အဦတွေ ဘက်ကနေ ဝင်ရောက် လာခဲ့ပါတယ်။

“ဒီနေရာမှာ အရင်တုန်းက တစ်ယောက်ယောက် အခြေချ နေထိုင်ခဲ့ တာလားဟ”

လီဖူချန်းက ရင်သပ်ရှုမောဖွယ် ရှေးခေတ် အဆောက်အဦတွေကို ကြည့်ရင်းနဲ့ ရေရွတ် လိုက်ပါတယ်။

ရှောင်လီက ရှင်းပြပါတယ်။

“ဒဏ္ဍာရီတွေထဲက အတိုင်းဆိုရင် တန်ခိုးရှင် တစ်ဦးက ဒီနေရာမှာ အခြေချပြီး ဆေးပင်တွေကို စတင် စိုက်ပျိုး ခဲ့တယ်လို့ ဆိုတယ်”

လီဖူချန်းက ခေါင်းညိတ်ပြ လိုက်ပါတယ်။ သူကလည်း ဒီလို ဆင်တူရိုးမှား ဒဏ္ဍာရီတွေကို ဖတ်ခဲ့ဖူး တယ်လေ။ တချို့သော သိုင်းတန်ခိုးရှင်တွေက လေနဲ့မိုးကိုတောင် ဆင့်ခေါ် နိုင်တယ်လို့ သူကြားဖူးပါတယ်။

တချို့တွေ ပြောကြတာ ကတော့ တိုက်ပွဲတစ်ရာ နယ်မြေထဲက လက်ငါးချောင်း တောင်ကြီးတွေဟာ သိုင်းတန်ခိုးရှင် တစ်ယောက်ရဲ့ လက်ဝါး ရိုက်ချက်ကြောင့် ဖြစ်ပေါ်လာတာတဲ့။

ဒါပေမဲ့ ဒဏ္ဍာရီ ပုံပြင်တွေဆိုတာက ဒဏ္ဍာရီ ပုံပြင်တွေ သက်သက်ပါပဲ။ ဒါတွေက မှန်လား၊ မှားလား ဆိုတာတောင် ဘယ်သူမှ မသိနိုင်ပါဘူး။

ပြောရမယ် ဆိုရင် ဒီအကန့်အသတ်မဲ့ ကုန်းမြေကြီးမှာတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်က ပညာရှင်တွေက အဆင့် အမြင့်ဆုံးပါပဲ။

ပြန်လည် ဝင်စားခြင်း နယ်ပယ် အဆင့်ထက် မြင့်တဲ့ သူတွေကိုတော့ ဘယ်သူမှ မမြင်ဖူး ကြသေးဘူးလေ။

ဖြစ်နိုင်တာ တစ်ခုကတော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ရောက်ပြီးမှသာ နောက်ထပ်အဆင့်က ပညာရှင်တွေကို တွေ့နိုင်မည့် ပုံထင်ပါတယ်လေ။

အဆောက်အဦကြီး ထဲကို ဝင်လိုက်တဲ့ အခါမှာတော့ သူတို့ ၅ယောက်စလုံးက သိပ်သည်းတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကို ခံစား လိုက်ရပါတယ်။ အသက်တစ်ချက် ရှူသွင်း လိုက်တိုင်းမှာ သန့်စင်လှတဲ့ စွမ်းအင်တွေက ခန္ဓာကိုယ်ထဲကို စီးဝင်သွားပြီး သွေးကြောတွေကို သန့်စင် ပေးနေပါတယ်။ အပိုတွေ ပြောနေတာတော့ မဟုတ်ပါဘူး။ သာမန်လူ တစ်ယောက်ကတောင် ဒီနေရာမှာ အချိန်အတော်ကြာ နေလိုက်မယ် ဆိုရင် သူတို့ရဲ့ ခန္ဓာကိုယ်ကနေ အတွင်းအား တချို့ ထုတ်သုံး လာနိုင်မှာပါ။ ဒီနေရာမှာ ကျင့်ကြံတာက အပြင်လောကမှာ ကျင့်ကြံတာထက် ၁၀ဆမက ပိုမြန်စေ နိုင်ပါတယ်။

***

All Chapters