← Chapters

အောင်သွယ်တော်သမီးလေး

Vol. 7 Ch. Chapter 35

အောင်သွယ်တော်သမီးလေး

Vol. 7 Ch. Chapter 35

ငါက သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 35 - အောင်သွယ်တော်သမီး​လေး

ပန်ဒရာဂွန်တွေရဲ့စံအိမ်ကိုရောက်တော့ သူတို့ကိုစားပွဲကြီးတစ်ခုက စောင့်ကြိုနေတာ တွေ့ရတယ်။

ဒါပေမဲ့ မက်ဒါနာကတော့ စားစရာတွေထဲကို စိတ်မရောက်ဘူးရယ်။ ခန်းမထဲမှာ ကိုင်းတိုတို့ကို မြင်ရမလားလိုက်ကြည့်ပေမဲ့ အော်သာရီရာကိုတောင် မတွေ့ရတော့ဘူး။

"အဖွားက တခြားသားရဲတွေနဲ့ ထပ်သွားပြီးဆွေးနွေးတယ်ထင်တယ်။ ဖီးနစ်က ခေါင်းအမာဆုံးလို့ပြောရမလားပဲ။"

ဖရာလီတာ​က ပြောလိုက်တယ်။ မက်ဒါနာလည်း သက်ပြင်းချလိုက်ပြီး စားလက်စ ဆွီဒင်ပေါင်မုန့်အစာသွပ်ကို တစ်ဝက်နဲ့ဘဲ ရပ်ထားလိုက်ပြီး ခုံကထလိုက်ပါတယ်။

"မက်ဒါနာ၊ နင်မစားတော့ဘူးလား။"

"လောလောဆယ် စားချင်စိတ်မရှိသေးဘူး။" ခန်းမထဲကနေအထွက် ဖရာလီတာကို မက်ဒါနာက ဒီလိုပြောလိုက်တယ်။ လီဆာကတော့ နောက်ကနေလိုက်လာပြီး မက်ဒါနာရဲ့လက်မောင်းတစ်ဖက်ကိုဆွဲတယ်။

"မေမေ၊ ပန်းခြံထဲ လမ်းဆင်းလျှောက်ကြမလား။"

လီဆာက သူ့ကိုမိဘတစ်ယောက်လိုသဘောထားနေမှန်းသိပေမဲ့ မေမေလို့အခေါ်ခံရတာကို အသားကိုမကျနိုင်တာ။ စိတ်ထဲမွန်းကျပ်နေတဲ့အတွက် သူလီဆာကို ခေါင်းညိတ်ပြလိုက်တယ်။ မိနစ်အနည်းငယ်ကြာတော့ စံအိမ်ထဲကနေ အပြင်ကိုရောက်နေပြီဖြစ်ပြီး ပန်းခြံလေးထဲမှာပါ။

"ဒီမှာရှိနေတုန်း သမီးကို ဖွားဖွားတို့က အများကြီးလေ့ကျင့်ပေးထားလို့ တိုးတက်နေပြီ။" လီဆာက မက်ဒါနာနဲ့ဆန့်ကျင်ဘက်ကိုသွားပြီး လက်ကိုနောက်ပစ်ရင်း ပြုံးပြောပြတယ်။ မက်ဒါနာလည်း ပြုံးလိုက်ပြီး သူ့လက်ကို ဆန့်ထုတ်တယ်။ ငွေရောင်စစ်သည်ဝတ်စုံက ပျံသန်းရောက်ရှိလာပြီး သူ့ကိုယ်မှာဝတ်ပြီးသားဖြစ်သွားပါပြီ။

"ဒီတော့ လက်ရည်စမ်းကြည့်ကြမလား။" ငွေရောင်စစ်သည်ဆီကနေ စကားသံထွက်လာတယ်။ လီဆာလည်း ပြုံးလိုက်ပြီး ဟန်ချက်ကျကျပြေးဝင်လာပြီး

အနားရောက်တော့ ခုန်ကာခြေဖနောင့်နဲ့ကန်ဖို့လုပ်တယ်။ ငွေရောင်စစ်သည်က ဓားမထုတ်သေးဘဲ လက်နှစ်ဖက်ကိုမြှောက်ကာ တံတောင်နဲ့ကာလိုက်တယ်။

ခက်... ခရက်....

ငွေရောင်စစ်သည်ရပ်နေခဲ့တဲ့ အုတ်စီစင်္ကြန်လမ်းက အုတ်တွေမြေကြီးထဲ ပိုနစ်ဝင်သွားပြီး အုတ်အကျိုးအပဲ့တွေ မြောက်တက်လာတယ်။ ဝတ်စုံထဲမှာရှိနေတဲ့

မက်ဒါနာလည်း ပြုံးလိုက်ပြီးတော့

"မဆိုးဘူး၊ ဒီလိုဆိုရင်ရော။" ငွေရောင်စစ်သည်က လီဆာရဲ့ခြေထောက်ကို ဖမ်းဆုပ်လိုက်ပြီး ဆောင့်ဆွဲလိုက်တယ်။ လီဆာလည်း အငိုက်ဖမ်းခံရလို့ ပါလာပေမဲ့ လီဆာကလည်း ကိုယ်ကိုလှည့်ပြီး နောက်ခြေတစ်ချောင်းနဲ့ ကန်လိုက်ပြန်တယ်။ ငွေရောင်စစ်သည်က လက်ဖျံနဲ့ကာလိုက်ပေမဲ့ လီဆာရဲ့အမြီးပါလှုပ်ရှားပြီး ငွေရောင်စစ်သည်ကို အဝေးလွှင့်အောက် ရိုက်ပစ်လိုက်နိုင်တယ်။

ဘုန်း....

ငွေရောင်စစ်သည်က စံအိမ်ထဲက သစ်သားဟောင်းတွေပုံထားတဲ့အပေါ်ကို ပြုတ်ကျသွားပေမဲ့ ချက်ချင်းပြန်ထလိုက်တယ်။ လီဆာကတော့ မက်ဒါနာပြုတ်ကျသွားတာကိုကြည့်ပြီး အော်ဟစ်ရယ်မောနေတယ်။

"မေမေက သမီးကိုညှာဖို့ကြိုးစားနေတာပဲ။ တကယ်တိုက်စမ်းပါ။"

လီဆာရဲ့ခန္ဓာကိုယ်ပေါ်မှာ အကြေးခွံတွေပေါ်လာပြီး

ခြေနဲ့ကြမ်းပြင်ကိုကန်ကာ ဆောင့်ထွက်တယ်။ သူ့ပြေးနှုန်းက မြန်လွန်းလို့ လေထုအရံအတားပေါက်ကွဲသွားပြီး ဘုန်းခနဲအသံကြီးကို ကြားလိုက်ရတယ်။ တစ်ခဏကြာတော့ မက်ဒါနာရှေ့မှာပြန်ပေါ်လာပြီဖြစ်ပြီး အသံမြန်နှုန်းနဲ့တိုက်ခိုက်မှုကို စတင်ထုတ်ဖော်တယ်။

"အသံမြန်နှုန်းကို ချိုးဖောက်သွားနိုင်ပြီလား၊ တကယ့်ကို မဆိုးဘူးပဲ။"

အသံမြန်နှုန်းကို ချိုးဖောက်တယ်ဆိုတာက S rank တိုင်းတောင် ပိုင်ဆိုင်နိုင်တဲ့ စွမ်းအားမျိုးမဟုတ်ဘူး။ စွမ်းအားကြီးဖို့အပြင် ကံကောင်းဖို့ပါလိုသေးတယ်။ ပြီးတော့ လီဆာက အခုမှငယ်ငယ်လေးပဲရှိသေးတာကို ဒီလိုလုပ်နိုင်နေပြီ။ ငွေရောင်စစ်သည်ရဲ့မျက်လုံးနေရာက အပြာရောင်အလင်းဖြာထွက်သွားပြီး Void Streamတွေကို အားအပြည့်ထုတ်သုံးတယ်။ သူလည်း လေထုအရံအတားကို ထိုးဖောက်သွားပြီး အသံမြန်နှုန်းနဲ့ပြန်ခုခံတယ်။

ဘုန်း...

ငွေရောင်စစ်သည်က အတောင်ပံကို ဖြန့်လိုက်ပြီး လီဆာရဲ့ဝမ်းဗိုက်ကို လက်ဝါးနဲ့ရိုက်ချလိုက်တယ်။ လီဆာနာကျင်စွာနဲ့ ရုန်းကန်လိုက်ပေမဲ့ အခုသူတို့တွေက

လေပေါ်ရောက်နေပါပြီ။ လီဆာ​က အမြီးကိုသုံးပြီး ငွေရောင်စစ်သည်ကို ရိုက်ချဖို့လုပ်လို့ ငွေရောင်စစ်သည်ရှောင်လိုက်ရချိန်မှာ လီဆာကလည်း သူ့ရဲ့နဂါးလိုတောင်ပံငယ်လေးကို ထုတ်သုံးလာပြီး မြေပေါ်ကို အသာအယာဆင်းချလိုက်တယ်။ ငွေရောင်စစ်သည်လည်း နောက်ကနေ လိုက်ဆင်းတယ်။

"အဲဒီဓားကို ဘာလို့အခုထိထုတ်မသုံးသေးတာလဲ။"

တိုက်ခိုက်နေရင်းနဲ့ သွေးဆာလာပြီဖြစ်တဲ့ လီဆာက မက်ဒါနာရဲ့ကျောနောက်မှာချိတ်ထားတဲ့ မြေဆွဲအားဓားကို လက်ညိုးနဲ့ညွန်ပြလိုက်ရင်း ပြောလိုက်တယ်။

မက်ဒါနာကတော့ ပခုံးတွန့်ပြလိုက်တယ်။

"မင်းက ငါ့ရန်သူမဟုတ်ဘူးလေ။"

"ဟား....." လီဆာကတော့ ရန်သူမဟုတ်ဘူးလို့ပြောလိုက်တဲ့အတွက် အတော်စိတ်တိုသွားပုံပဲ။ ပြီးတော့ သူတို့တွေက စံအိမ်ထဲမှာမဟုတ်တော့ဘဲ တောအုပ်ထဲရောက်နေပြီမလို့ လီဆာက အင်အားထိန်ချန်မထားတော့ဘဲ စတိုက်တယ်။ သူ့လှုပ်ရှားမှုတွေက အသံမြန်နှုန်းကို ချိုးဖောက်နေတဲ့အပြင် ခွန်အားအပြည့်ပါတယ်။ ပြီးတော့ အကြေးခွံတွေက စပြီးတော့

ပတ်ဝန်းကျင်နဲ့ရောနှောနိုင်စွမ်းကိုပြတယ်။

ကိုယ်ပျောက်လုနီးပါးဖြစ်နေတဲ့ လီဆာက ငွေရောင်စစ်သည်ကို ဗဟိုမှာထားပြီး ထောင့်ပေါင်းစုံကနေဝင်တိုက်တယ်။ ဒါပေမဲ့ ငွေရောင်စစ်သည်က ဝတ်စုံစနစ်ကိုအားကိုးပြီး သိုင်းပညာပေါင်းစုံနဲ့ ပြန်တိုက်ထုတ်နိုင်တယ်။

"ပွဲပြီးပြီ။" ငွေရောင်စစ်သည်က လက်မြှောက်ပြီး ဓားသဏ္ဍာန်လက်သီးဟန်နဲ့ လီဆာရဲ့ပခုံးကိုထိုးချလိုက်တယ်။ လီဆာက နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်ကိုလွင့်သွားတယ်။ သူတို့က အသံမြန်နှုန်းမှာ တိုက်ခိုက်နေတာဖြစ်လို့ ငွေရောင်စစ်သည်ရဲ့ဓားသဏ္ဍာန်လက်သီးက ပုံမှန်လူတွေရဲ့အသားကို ဖောက်နိုင်တဲ့အထိ ပြင်းပါတယ်။ ဒါပေမဲ့ လီဆာကိုတော့ လွင့်ထွက်သွားအောင်ပဲ လုပ်လိုက်နိုင်တယ်။

"လီဆာ၊ ခနလေးမတွေ့ရရုံပဲရှိသေးတာကို S rank စစ်သည်တစ်ယောက် ဖြစ်လာခဲ့ပြီပဲ။ တကယ့်ကို အထင်ကြီးစရာပဲ။"

ငွေရောင်စစ်သည်က S rank တွေရဲ့အထွတ်အထိပ်

တည်ရှိမှုမျိုးဖြစ်ပါတယ်။ သူ့ကိုယှဥ်နိုင်တဲ့ S rank ဆိုတာ တစ်ကမ္ဘာလုံးမှာ လက်ချိုးရေလို့ရတယ်။ ဒီတော့ လီဆာရဲ့လက်ရှိစွမ်းဆောင်ရည်က ညံ့တယ်လို့

ပြောမရဘူး။ ဒါပေမဲ့ လီဆာကတော့ ဒီလောက်နဲ့ရပ်မယ့်သူမဟုတ်ပါဘူး။

"ပွဲမပြီးသေးဘူး။" လီဆာရဲ့ခန္ဓာကိုယ်က နဂါးပုတ်သင်အပြည့်အဖြစ်ပြောင်းသွားတယ်။ နောက်တော့ အမြန်နှုန်းရောခွန်အားပါ တက်သွားပြီး ငွေရောင်စစ်သည်ကို စတိုက်တယ်။

ငွေရောင်စစ်သည်က အရင်လိုပဲ တိုက်ကွက်တွေကို တားဆီးဖို့ကြိုးစားပေမဲ့ လက်တစ်ဖက်လုံးကျင်တက်သွားပြီး နောက်ကိုလွင့်သွားလို့ လက်နက်မဲ့ဆက်ယှဥ်နေဖို့ မဖြစ်နိုင်မှန်း သတိထားမိလိုက်ပြီး ဓားကိုဆွဲထုတ်လိုက်တယ်။

"ဒါနဲ့အဆုံးသတ်ကြတာပေါ့။" ငွေရောင်စစ်သည်က ​မြေဆွဲအားကို ရှစ်ဆအထိမြှင့်လိုက်ပြီး ပြေးဝင်လာနေတဲ့ လီဆာရဲ့ပခုံးပေါ်ကို ဓားပြားကြီးနဲ့ရိုက်ချလိုက်တယ်။ လီဆာက ဖိအားကိုမခံနိုင်တော့ဘဲ ပြိုလဲသွားပြီး ပုံမှန်ကလေးမလေးပြန်ဖြစ်သွား​လေရဲ့။ မက်ဒါနာကတော့ ခေါင်းစွပ်ကို ချွတ်လိုက်ပြီး လီဆာရဲ့အခြေအနေကို ကြည့်လိုက်တယ်။ ကြီးကြီးမားမား ထိခိုက်ထားတာတော့မရှိဘူး။

"နာသွားသေးလား...." မက်ဒါနာက မေးလိုက်ပေမဲ့ လီဆာကတော့ လက်မထောင်ပြပါတယ်။

"ဘာမှမဖြစ်ဘူး။ နောက်ထပ် ဆယ့်လေးငါးချက်လောက် အရိုက်ခံနိုင်သေးတယ်လို့ထင်တယ်။"

မက်ဒါနာလည်း လီဆာပြောတဲ့စကားကြောင့် ရယ်လိုက်မိပေမဲ့ လီဆာကို ပြန်ထူပေးလိုက်တယ်။ သူတို့နားက တောအုပ်ကတော့ ဥက္ကာပျံပြုတ်ကျထားသလိုမျိုး တစ်စစီဖြစ်နေပြီ။

"မေမေ၊ အစ်မကြီးဖရာလီတာပြောတာတော့ မေမေ့မှာ ခွေးနက်ကြီးပုံစံရှိသေးတယ်ဆို။ အဲဒါက ပိုစွမ်းလား။"

"ခွန်အားနဲ့ခံနိုင်ရည်သာသွားတာကလွဲရင် ပုံမှန်ငွေရောင်စစ်သည်ပါပဲ။" မက်ဒါနာက တွေးတွေးဆဆနဲ့ပြောလိုက်တယ်။ လီဆာကတော့ သက်ပြင်းချလိုက်လေရဲ့။

"ကြည့်ရတာ မေမေတို့ကို လိုက်မီီဖို့ဆိုရင် အများကြီးကြိုးစားရဦးမယ့်ပုံပဲ။"

"စကော်ပီယိုရော အဆင်ပြေလား။"

"အင်း၊ ဖွားဖွားပြောတာတော့ မကြာခင်မှာ သမီးကိုယ်ထဲ နဂါးပြာပြောင်းပေးပြီး သူ့ကိုကုပေးလို့ရတော့မယ်တဲ့။"

လီဆာရဲ့ရည်မှန်းချက်က သူ့အစ်မကြီးစကော်ပီယိုကို ကယ်တင်ဖို့ပါ။ မက်ဒါနာက လီဆာရဲ့ပခုံးကို ပုတ်ပေးလိုက်ရင်း အခုလိုပြောလိုက်လေရဲ့။

"နင်ဖြစ်ချင်တာတွေ မကြာခင်မှာ ဖြစ်လာတော့မှာပေါ့၊ လီဆာ။" လီဆာက စကော်ပီယိုကို အများကြီး သံယောဇဥ်ရှိတယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ကိုယ့်ထက်ကြီးတဲ့ ချွေးမလေးတစ်ယောက်ရတော့မှာလားလို့တောင် တွေးမိလိုက်သေး။

"အင်း၊ ဒါပေမဲ့ ဖွားဖွားအော်သာရီရာက အခုတခြားသားရဲတွေနဲ့ဆွေးနွေးပွဲမှာ သိပ်အကောင်းမမြင်သလိုပဲ။"

အခုထိမက်ဒါနာအနေနဲ့ သားရဲတွေဘာအကြောင်း ဆွေးနွေးနေမှန်း အသိပေးမခံရသေးဘူး။ လီဆာကလည်း ပေးသိချင်သေးပုံမပေါ်ဘူး။ "မကြာခင်တော့ ဖွားဖွားအော်သာရီရာတို့က မေမေ့ကိုပေးသိမယ်ထင်တာပဲ။ ဒီကိစ္စမှာ မေမေက အဓိကအကျဆုံးတဲ့။"

ရုတ်တရက် လေပြေးအေးတစ်ချက် ဝေ့တိုက်လာတယ်။ သူတို့အပြင်ရောက်နေတာ တော်တော်ကြာပြီမလို့ မက်ဒါနာလည်း စံအိမ်ဆီပြန်သွားဖို့ ဆုံးဖြတ်လိုက်တယ်။

"လီဆာ၊ တို့တွေပြန်ရအောင်။ အကြာကြီးအပြင်ရောက်နေရင် သူတို့တွေစိတ်ပူနေဦးမယ်။"

"အင်း...." လီဆာက ခေါင်းညိတ်လိုက်တယ်။ နောက်တော့ သူတို့တွေ စံအိမ်ဆီကို ပြန်လာကြပါတယ်။

....

"မက်ဒါနာ နင်ပြန်ရောက်လာပြီလား။ နင်တို့ကို ငါစောင့်နေတာ အကြာကြီးပဲ။"

မုန့်ဖုတ်ဆိုဒါမပါဘဲဖုတ်တဲ့ ဗီယန်နာချောကလက်ကိတ်ကြမ်းကို လက်ဖက်ရည်နဲ့သောက်နေတဲ့ လင်ဒါက သူတို့ကိုလက်လှမ်းပြတယ်။ တခြားသူတွေကိုတော့ ခန်းမထဲမှာ မတွေ့ရတော့ဘူး။ ဖရာလီတာလည်း ရှိနေသေးပေမဲ့ စားပွဲခုံပေါ်မှာမှောက်ပြီး အိပ်ပျော်နေပြီ။

"ဟုတ်သားပဲ၊ အိပ်ချိန်ရောက်နေပြီကိုး။" မက်ဒါနာက နာရီကိုမော့ကြည့်လိုက်တော့ ညဆယ်နာရီခွဲနေပြီ။ အဖွဲ့ထဲမှာ အကြီးဆုံးလိုဖြစ်နေတဲ့ ဖလေရာက အစောဆုံးအိပ်ရာဝင်ဖို့အတွက် အလောဆုံးဖြစ်တတ်သူပါ။ မေးလိုက်ရင် အသားအရေထိခိုက်မှာစိုးလို့ဆိုတာချည်းပဲ။

"ဟဲ့... ဟဲ့...." ရုတ်တရက် လီဆာက မက်ဒါနာလက်ကိုဆွဲပြီး လင်ဒါဆီပြေးသွားတယ်။ အဲဒီနောက်တော့ လင်ဒါလက်ကိုပါဆွဲလိုက်ပြီး ဘယ်လိုမှထင်မထားတဲ့ စကားတစ်ခွန်းကို ပြောလိုက်လေရဲ့။

"မေမေလင်ဒါ၊ မေမေမက်ဒါနာ။ ဒီနေ့ည သမီးတို့မိသားစု တစ်အိပ်ရာထဲမှာ အတူတူအိပ်ကြမယ်လေ။"

"ဘယ်လိုဘယ်လို...." မက်ဒါနာတော့ နားမလည်နိုင်တော့ဘူး။ ဒီကောင်မလေး ဘာတွေကြံနေမှန်းမသိပေမဲ့ ကောင်းတဲ့အကြံမဟုတ်မှန်း အသိသာကြီးရယ်။ လီဆာရဲ့အသံစာစာကြောင့် နိုးလာတဲ့ ဖရာလီတာလည်း အိပ်ချင်မူးတူးနဲ့ လီဆာတို့မိသားစုကို ထကြည့်လိုက်တယ်။ အိပ်ပျော်နေတာမလို့ ခုနကပြောတဲ့စကားကို သူသေချာသဘောမပေါက်သေးဘူးထင်တယ်။

"လီဆာ၊ လက်ထပ်မထားတဲ့ မိန်းကလေးနှစ်ယောက်

အတူတူအိပ်တာက သင့်တော်ပါ့မလား။" လင်ဒါက မခို့တရို့ရှက်နေတဲ့ ပုံစံလေးနဲ့ပြောတော့ လီဆာက ဒေါသထွက်နေတဲ့ပုံစံနဲ့ ခါးထောက်လိုက်ပြီး

"ဘာလက်မထပ်ရသေးတာလဲ၊ ဟောဒီက သမီးတစ်ယောက်လုံးကို မွေးထားပြီးတော့ ခုမှမုန်လာဥလုပ်လို့ရမလား။ မရဘူး၊ သမီးလည်း တခြားမိသားစုတွေလိုမျိုး မိသားစုစုံစုံလင်လင်နဲ့ ညအိပ်ချင်တာပေါ့။"

ဖရာလီတာကတော့ လီဆာပြောနေတဲ့ စကားတွေကိုနားထောင်ရင်း မျက်လုံးပြူးနေပါပြီ။ လီဆာက စိတ်ဆိုးနေတဲ့ပုံစံနဲ့ မက်ဒါနာကိုကြည့်ပြီး ဖရာလီတာကို လက်ညိုးထိုးပြလိုက်တယ်။

"ပြီးတော့ တိုကျိုမှာတုန်းက မေမေမက်ဒါနာက ဒီကဗြိတိသျှအရူးမနဲ့ တစ်ခန်းတည်းတည်းခဲ့တာမဟုတ်လား။ နေ့တိုင်းအကြွားခံရတာ ရိုးလို့။ မရဘူး၊ မေမေလင်ဒါနဲ့မေမေမက်ဒါနာ ဒီညသမီးနဲ့လာမအိပ်ရင် မိဘအ​ဖြစ်ကနေ အမွေပြတ်စွန့်ပစ်လိုက်မှာ။"

"......" ဘာပြောလို့ပြောရမှန်းမသိဖြစ်သွားတဲ့ မက်ဒါနာ။

"ဖူး..." သောက်လက်စ လက်ဖက်ရည်ကို ထွေးထုတ်မိလိုက်တဲ့ လင်ဒါ။

"ငါဘာတွေကြားလိုက်ရတာလဲဟင်။" ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်နေတဲ့ ဖရာလီတာ။

....

ဒါပေမဲ့ နောက်ဆယ့်ငါးမိနစ်လောက်ကြာတော့ သုံးဦးသား စံအိမ်က မိသားစု အိပ်ခန်းတစ်ခန်းထဲမှာ ရောက်နေပြီ။ လီဆာက သူတို့နှစ်ယောက်လုံးကို ဒီညအလွတ်မပေးမဲ့ပုံစံနဲ့ သေချာလိုက်စောင့်ကြည့်နေတယ်။ မသိရင် သူအိပ်နေတုန်း လှည့်ထားခဲ့မှာကို စိုးရိမ်နေတဲ့အတိုင်းပဲ။

မက်ဒါနာကတော့ အိပ်ရာပေါ်မှာလှဲနေရင်း နဖူးပေါ်လက်တင် စဥ်းစားနေတယ်။ "ငါ့ဘဝမှာ ကလေးတစ်ယောက် ဖိအားပေးတာ ခံရမယ်လို့ တွေးကိုမတွေးမိခဲ့ဖူးဘူး။"

လင်ဒါကတော့ အခန်းတံခါးကိုစေ့ရင်း သော့ခတ်လိုက်ပြီး အိပ်ရာပေါ်တက်ထိုင်ကာ သူဝတ်ထားတဲ့ အနက်ရောင်ဒေါက်ဖိနပ်ကို ချွတ်လိုက်ပါတယ်။ နောက်တော့ စကော့တင်အနက်ကိုပါ ချွတ်လိုက်ပြီး ညအိပ်ဝတ်စုံပြောင်းဝတ်တယ်။

လီဆာကတော့ အကြံဆိုးကြီးနဲ့ပြုံးနေပြီး အိပ်ရာအလယ်မှာ စောင်လေးခြုံအိပ်ဖို့ပြင်နေတယ်။ မသိရင် အပြစ်ကင်းစင်တဲ့ ကလေးမလေးကျလို့။

"ဘယ်တတ်နိုင်မလဲ မက်ဒါနာရေ၊ ငါတို့က သူ့မိဘတွေဖြစ်ပြီး သူနဲ့မတွေ့ရတာ တော်တော်ကြာနေပြီလေ။ အတူရှိနေတုန်းလေး ကလေးဖြစ်ချင်တာကို ဖြစ်ခွင့်ပေးလိုက်ပါ။"

လင်ဒါကတော့ မိဘကောင်းကြီးအထာနဲ့ ပြောလိုက်လေရဲ့။ မက်ဒါနာကတော့ သက်ပြင်းကြီးကြီးချရင်း

လေပူတွေမှုတ်ထုတ်လိုက်တယ်။ "ကောင်းပြီလေ။"

လင်ဒါအဝတ်လဲလို့ပြီးတော့ ဆံပင်ကိုစုချည်ထားတဲ့ ခေါင်းစည်းကွင်းကို ဖယ်လိုက်တဲ့အတွက် သူ့ရဲ့အညိုရောင်ဆံနွယ်တွေက ကျောပေါ်ကို ကပိုပရိုကျဆင်းလာတယ်။ နောက်တော့ အိပ်ချင်ယောင်ဆောင်နေတဲ့ လီဆာလေးမှာ ဝင်လှဲရင်း မက်ဒါနာကိုကြည့်နေတယ်။

မက်ဒါနာကတော့ အလှလေးတစ်ယောက်နဲ့အိပ်ရာတစ်ခုတည်းမှာ အတူလှဲနေရတဲ့အတွက် ရင်တွေခုန်လာပြီး မနေတတ်ဖြစ်လာတယ်။ ဖရာလီတာနဲ့လည်းခရီးသွားဖူးပေမဲ့ အသေးမလေးကို ညီမလေးတစ်ယောက်လို သဘောထားလို့ရတယ်လေ။ ​ဒါပေမဲ့ လုံးဝလှပနေတဲ့ အရွယ်ရောက်ပြီးသား လင်ဒါနဲ့ကျတော့ မတူတော့ဘူးလေ။

"ကောင်းသောညပါ။" လင်ဒါက သူ့ကိုပြုံးပြရင်း မျက်လုံးကိုမှိတ်ပြီး စအိပ်ဖို့ကြိုးစားတယ်။ မက်ဒါနာလည်း သက်ပြင်းရှည်ကြီးထပ်ချရင်း ပြန်ပြောကာ အိပ်ဖို့ကြိုးစားရတယ်။

"ကောင်းသောညပါ။"

.....

ဒီညအတွက် ကောင်းသောညလေး မဖြစ်နိုင်တဲ့ တစ်ယောက်တည်းသောသူကတော့ ဖရာလီတာပါပဲ။ စင်္ကြန်ထောင့်အကွယ်တစ်ခုကနေပြီး မက်ဒါနာတို့အခန်းကို လှမ်းချောင်းနေရင်း ဒေါသတွေအလိပ်လိုက်ထွက်နေလေရဲ့။

"အဲဒီကောင်မလေးကို ကလေးဆိုပြီး ငါလွှတ်ထားလိုက်တာ လက်စသတ်တော့ ဟိုရဲမေမရဲ့တပ်ကူဖြစ်နေတာပဲ။ အောင်မလေးလေ၊ လက်တောက်လောက်ဟာမလေးက လူကြီးနှစ်ယောက်ကို အောင်သွယ်ပေးနေရတယ်လို့။"

"နေပါဦး၊ နင်လည်း လက်တောက်လောက်လေးပဲ မဟုတ်ဘူးလား။" ရုတ်တရက် ဖရာလီတာက လေပေါ်မှာ ပေါလောမျောနေတဲ့ အာကာသနတ်သူငယ်မလေးရဲ့ဇောက်ထိုးမျက်နှာကို မြင်လိုက်ရလို့ လန့်အော်မိလုနီးပါးပဲ။

"ဆိုဖီယာ၊ နင်ဘယ်တုန်းက ရောက်နေတာလဲ။"

"နင် မက်ဒါနာတို့အုပ်စုကို ချောင်းနေတုန်းကတည်းကလေ။"

ဖရာလီတာက ဆိုဖီယာကို ခေါင်းအစခြေအဆုံးကြည့်လိုက်တယ်။ တကယ်တော့ ဆိုဖီယာရဲ့ခန္ဓာကိုယ်က သူ့ထပ်ပိုသေးနေတယ်လေ။ တစ်ပြိုင်နက်တည်းဆိုသလို ဖရာလီတာရဲ့နက်မှောင်နေတဲ့ ဟာသဉာဏ်က အသက်ဝင်လာတယ်။

"နေစမ်းပါဦး၊ နင်ကရော ဘယ်လောက်များထွားကြိုင်းနေလို့ ငါ့ကိုလက်တောက်လောက်လေးလို့ လာပြောနေရတာလဲ။"

ဆိုဖီယာကတော့ လေထဲမှာဇောက်ထိုးနေနေရင်းကနေ လက်ပိုက်ပြီးပြန်ဖြေတယ်။ "နတ်သူငယ်တွေထဲမှာဆိုရင် ငါ့ခန္ဓာကိုယ်က အတော်လေးလူစဥ်မီပါတယ်ဟဲ့။ နင်တို့ကမ္ဘာမှာ အာရှသားတွေက ဥရောပသားတွေထက် အရပ်ပုသလိုပေါ့။"

သူတို့နှစ်ယောက် စကားပြောနေတုန်း အေမီက သူ့ဝတ်စုံမှာတပ်တဲ့ အလင်းဒြပ်စင်ရိုင်ဖယ်ကြီးယူလာပြီး မက်ဒါနာတို့အခန်းရှေ့မှာ လာစတည်းချတယ်။ ဖလေရာနဲ့ဖရက်ကလည်း သူတို့သက်ဆိုင်ရာလက်နက်တွေယူလာပြီးတော့ အခန်းနံရံမှာလာမှီပြီး အိပ်ဖို့ကြိုးစားတယ်။

"နေပါဦး၊ နင်တို့က လက်နက်အပြည့်အစုံနဲ့ ငါ့အိမ်စင်္ကြန်လမ်းမှာ မစ်ရှင်လုပ်မလို့လား။"

အေမီကတော့ ဖရာလီတာကို ဦးညွှတ်လိုက်ပြီး အခုလိုပြောပါတယ်။ "ကျွန်မတို့က သခင်မလေးကို လင်ဒါဆိုတဲ့အရူးမ တစ်ခုခုလုပ်တာနဲ့ ဝင်ပြီးဖမ်းဖို့အသင့်ပြင်ထားတဲ့သဘောပါ။ ကလေးမလေးရဲ့ မိသားစုဝင်တွေမလို့ အတူအိပ်တယ်ဆို​တဲ့ အကြောင်းပြချက် က ခိုင်လုံလွန်းနေတာကိုး။"

ဖရာလီတာကတော့ မျက်နှာကျက်ကို မော့ကြည့်လိုက်ရင်း ကူရာမဲ့စွာနဲ့ ပြောလိုက်တယ်။ "နင်တို့လုပ်ချင်ရာလုပ်ကြ။ ဒါပေမဲ့ နင်တို့အကြံလည်း မဆိုးဘူးထင်တာပဲ။ ငါလည်းပါမယ်လေ။" ဒီလိုနဲ့ မက်ဒါနာရဲ့အခန်းရှေ့မှာ ဟာရမ်တပ်မကြီးတစ်ခုလုံး အိပ်ဖန်စောင့်ဖြစ်သွားတယ်။

အခန်းထဲမှာတော့ လီဆာက အပြင်ကအသံတွေကို နားထောင်ရင်း ဆက်အိပ်ချင်ယောင်ဆောင်နေတယ်။

ဒါပေမဲ့ ညဆယ့်နှစ်နာရီခွဲတော့ အကုန်လုံးတိတ်ဆိတ်သွားပြီး အိပ်မောကျကုန်တဲ့ပုံပဲ။ အဲဒီအချိန်​ရောက်မှ

လီဆာက သူ့မေမေနှစ်ယောက် အိပ်မအိပ်ကြည့်ပြီး ပြုံးလိုက်တယ်။

"ဟုတ်ပြီ၊ ငါစီစဥ်ထားတဲ့အတိုင်း ဖြစ်လာတာပဲ။ မေမေတို့ကို ပေးစားဖို့အချိန်ကျပြီ။"

နောက်တော့ လီဆာက အိပ်ရာထဲကနေ မသိမသာခိုးထွက်ပြီး လင်ဒါနဲ့မက်ဒါနာတို့ခြုံထားတဲ့ စောင်တွေကို ဆွဲဖယ်ပြီး အခန်းပြတင်းပေါက်ကို ဖွင့်လိုက်တယ်။ လေအေးတွေကတော့ တဟူးဟူးနဲ့ပေါ့။

"သူတို့ချမ်းလာရင် အပူငွေ့ရှာရင်း တစ်ယောက်နဲ့တစ်ယောက် ဖက်မိကုန်မှာပဲမဟုတ်လား။ ငါ့အနေနဲ့ အချိန်ကောင်းစောင့်ဖို့ပဲလိုတယ်။ အဟိဟိ။"

All Chapters