← Chapters

မြေကမ္ဘာနယ်ပယ် အဆင့်၁

Vol. 12 Ch. 159

မြေကမ္ဘာနယ်ပယ် အဆင့်၁

Vol. 12 Ch. 159

အဆောက်အဦကြီးကို ကျော်ဖြတ်လာပြီး နောက်မှာတော့ ကျောက်တုံးကြီးတွေ အများကြီး ရှိတဲ့ နေရာ တစ်နေရာကို ထပ်ရောက် လာခဲ့ပါတယ်။ အဲသည် ကျောက်တုံးကြီးတွေက ဝင်္ကပါ လိုပါပဲ။

လီဖူချန်းတို့ အဖွဲ့ဟာ ဝင်လာခဲ့တုန်း ကတော့ ဒီထဲကို ဝင်လာခဲ့တုန်း ကတော့ ဝင်လာခဲ့ပေမဲ့ ဘယ်အဆောက်အဦ ကနေ ဝင်လာခဲ့မှန်းကိုတော့ မမှတ်မိတော့ပါဘူး။

အဲဒီထက် ပိုဆိုးတာက ဒီကျောက်တုံးကြီးတွေကို ခုန်ကျော်သွားလို့ မရတာပါပဲ။

လီဖူချန်းတို့က ကြိုးစားပြီး ခုန်ကြည့်သေး ပေမဲ့လည်း ဘယ်သူမှ ၂မီတာထက် ကျော်အောင် မခုန်နိုင်ပါဘူး။ မမြင်တွေ့နိုင်တဲ့ ဖိအားတစ်ခုက ၂မီတာကို ကျော်သွားတာနဲ့ ပြန်ပြီး ဖိချလာတယ်လေ။

“ဒီကျောက်တုံး အဆောက်အဦတွေက တကယ် ထူးဆန်းတာပဲ။ ဒီနေရာကို အဆင့်မြင့် သိုင်းတန်ခိုးရှင် တစ်ယောက် တည်ဆောက်ခဲ့တယ် ဆိုတာကို ဘယ်လိုမှ သံသယ ဝင်စရာ မလိုတော့ဘူး"

ချန်ဖန်းဟွာက သူမကိုယ်သူမ ပြန်ပြောနေပါတယ်။

သူမက ဒီနယ်မြေကို တန်ခိုးရှင်တစ်ပါး တည်ဆောက်ခဲ့တယ် ဆိုတာကို အကြွင်းမဲ့ ယုံကြည် ထားပါတယ်။ ဒီလျှို့ဝှက်နယ်မြေ တစ်ခုလုံးက ထိုတန်ခိုးရှင်ရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေမှာပါပဲ။ ဒါပေမဲ့ အချိန်တွေ အတော်ကြာသွားပြီးတဲ့ နောက်မှာတော့ ထိုတန်ခိုးရှင်က ဒီနေရာကို စွန့်ခွာ သွားပုံရပါတယ်။ ဒါမှမဟုတ် သေသွားတာလဲ ဖြစ်နိုင်ပါတယ်။

ကျောက်ခင်း လမ်းပေါ်မှာ လျှောက်နေရင်းနဲ့ တစ်နေရာ အရောက်မှာတော့ လီဖူချန်းက ဆွဲငင် လက်ချောင်းကို အသုံးပြုလိုက်ပြီး အရာဝတ္ထု တစ်ခုကို လှမ်းယူ လိုက်ပါတယ်။ အဲဒါကတော့ ကျောက်တုံးကြီး တစ်ခုရဲ့ အက်ရာကြားမှာ ပေါက်နေတဲ့ အဝါရောင် အထွတ်အထိပ် အဆင့် ဆေးပင်တစ်ပင် ဖြစ်ပါတယ်။

ဒီလျှို့ဝှက်နယ်မြေ ဗဟိုချက် ထဲမှာတော့ ဒီဆေးပင်က ပေါင်းပင် တစ်ပင်လိုပဲ ကျောက်နံရံကြီးကို အမှီပြုကာ ကပ်ပေါက် နေရပါတယ်။

လူသွားစင်္ကြံလမ်းရဲ့ ဘေးတစ်ဖက် တစ်ချက်တွေရယ် နံရံတွေရယ် နောက်ဆုံး ရေနုတ်မြောင်း ဘေးတွေမှာတောင် ဆေးပင်တွေက ပေါက်နေ ကြတယ်လေ။

သူတို့ထဲက တွေ့ရတာ အများဆုံးကတော့ အဝါရောင် အကောင်းစား ဆေးပင်တွေနဲ့ အဝါရောင် အထွပ်အထိပ် အဆင့် ဆေးပင်တွေပါပဲ။ တစ်ခါတစ်ရံမှာတော့ ဆန်းကြယ် အဆင့်နိမ့် ဆေးပင်တွေကို တွေ့ရပါတယ်။

“ဒီနယ်မြေရဲ့ အရှင်သခင်ကိုတော့ ငါတို့ လုံးဝ နားလည်နိုင်မှာ မဟုတ်ဘူးပဲ”ရှောင်လီ ခေါင်းတခါခါနဲ့ ဖြစ်နေပါပြီ။

ဒီနယ်မြေထဲမှာ ရှိနေတဲ့ ဆေးပင်တွေရဲ့ ပေါကြွယ်ဝမှုက လုံးဝကို အံ့အားသင့် စရာပါပဲ။

အစောပိုင်းတုန်းက ဆေးပင်တွေကို တွေ့ခဲ့ရလို့ အတော်လေး စိတ်လှုပ်ရှားခဲ့ ပေမဲ့လည်း နောက်ပိုင်းမှာတော့ အားလုံးက နေသားကျ သွားခဲ့ပါပြီ။

အခုချိန်မှာတော့ စိတ်ဝိညာဉ်ပင်၊ မြေကွဲသစ်သီးနဲ့ အခြားဆန်းကြယ် အဆင့်မြင့် ဆေးပင်တွေကသာ သူတို့ကို စိတ်လှုပ်ရှား စေတော့မှာပါ။

တစ်နာရီလောက် အကြာမှာတော့ သူတို့ ငါးယောက်ဟာ ကျောက်တုံးဝင်္ကပါ ထဲကနေ ထွက်လာနိုင်ခဲ့ပြီး အတော်အသင့် ရှိတဲ့ ခြံဝင်းတစ်ခုကို ရောက်လာခဲ့ပါတယ်။ ခြံဝင်းရဲ့ အနောက်ဘက် ပိုင်းမှာတော့ ဆေးဥယျာဉ်ငယ်လေး တစ်ခု ရှိနေပါတယ်။

“ဟိုမှာ ရှိနေတာက မြေကွဲသစ်သီး မဟုတ်ဘူးလား”

ယုဝူရှန်းက ဥယျာဉ်ရဲ့ အလည်ကို လက်ညှိုးထိုး ပြလိုက်ပါတယ်။

သူတို့က သွားကြည့်လိုက်တဲ့ အခါမှာတော့ ဆေးပင်၂၀လောက် စိုက်ပျိုးထားတဲ့ ဆေးဥယျာဉ်လေး တစ်ခုကို တွေ့လိုက် ရပါတယ်။ အဲသည် ဥယျာဉ်ရဲ့ အလယ်မှာတော့ မြေကွဲသစ်သီး ၃လုံး ရှိနေပါတယ်။

“တစ်ခါတည်းနဲ့ မြေကွဲသစ်သီး ၃လုံးကို တန်းတွေ့တာပဲ။ ငါတို့ရဲ့ ကံကတော့ တကယ့်ကို မယုံနိုင်စရာပဲဟေ့”

ရှောင်လီကတော့ စိတ်လှုပ်ရှားလွန်းလို့ ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင် နေပါပြီ။

ချန်ဖန်ဟွာကတော့ အကြံတစ်ခု ပြုလိုက်ပါတယ်။

“ညီမတို့ စည်းကမ်းချက် တစ်ခု ထုတ်မှ အဆင်ပြေမယ် ထင်တယ်။ မဟုတ်ရင် မောင်လေးလီ အတွက် အရမ်းနစ်နာ သွားလိမ့်မယ်”

လီဖူချန်းက သူတို့အသက် ရှင်ကျန်ရခြင်းရဲ့ အကြီးမားဆုံး အကြောင်းပြချက် တစ်ခုပါပဲ။

ရှောင်လီက ခေါင်းညိတ်လိုက်ပြီး …

“ညီမလေးချန် ပြောတာမှန်တယ်။ ဒီလို လုပ်ရအောင်။ ရှားပါးတဲ့ ဆေးပင်တွေကို တွေ့ရင် ညီလေးလီက တစ်ဝက် ယူလိုက်ပေါ့။ ကျန်တဲ့ တစ်ဝက်ကိုမှ ငါတို့လေးယောက် ခွဲယူရအောင်။ ဒီဆုံးဖြတ်ချက်ကို မကျေနပ်ရင် ထုတ်ပြောလို့ ရတယ်နော်”

လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ နှစ်ယောက်စလုံးက ဒီဆုံးဖြတ်ချက်ကို မကျေနပ် ပေမဲ့လည်း ဘာမှတော့ ဝင်မပြောပါဘူး။ သူတို့ နှစ်ယောက်စလုံးက လူပါးလူနပ်တွေ ဖြစ်တဲ့အတွက် အခြေအနေကို ကောင်းကောင်းကြီး သဘောပေါက် ပါတယ်။ သူတို့ မကျေနပ်ကြောင်း ပြောရင်လည်း ချန်ဖန်းဟွာနဲ့ ရှောင်လီက လီဖူချန်းဘက်မှာ ရှိနေတဲ့အတွက် အလကား ဖြစ်သွားမှာပါပဲ။

“တစ်ယောက်မှ မပြောဘူး ဆိုတော့ အားလုံးက ကျေနပ်ပုံ ရတယ်။ ဟုတ်ပြီလေ ... ဒါဆိုလည်း အဲဒီအတိုင်းပဲ ခွဲဝေ ယူကြတာပေါ့"

“ညီလေးလီ ... မင်းဘက်ကကော ကျေနပ်ရဲ့လား”

ရှောင်လီက လီဖူချန်းကို ကြည့်ပြီး မေးလိုက်ပါတယ်။

လီဖူချန်းက ပြုံးပြီး ခေါင်းညိတ်ကာ …

“ကျွန်တော်ကတော့ ကျေနပ်ပါတယ်ဗျာ”

သူက ဒီနေရာမှာတော့ အားနာနေမှာ မဟုတ်ပါဘူး။ သူရသင့် ရထိုက်တယ် လို့လည်း လက်ခံ ထားပါတယ်။

သူတို့ဟာ မြေကွဲသစ်သီး ၃လုံးအပြင် စိတ်ဝိညာဉ်ပင် ၄ပင်နဲ့ အခြားသော ဆန်းကြယ် အဆင့်နိမ့် ဆေးပင်အချို့ကိုပါ ရှာဖွေတွေ့ရှိ ခဲ့ပါတယ်။

လီဖူချန်းက …

“ကျွန်တော်က မြေကွဲသစ်သီး တစ်လုံးနဲ့ ကျန်တဲ့ ဆေးပင်တွေကို ယူလိုက်မယ်။ အစ်ကိုတို့ကတော့ ကျန်တဲ့ မြေကွဲသစ်သီး၂လုံးကို ခွဲဝေ ယူလိုက်ပါ”

မြေကွဲသစ်သီး တစ်လုံးရဲ့ တန်ဖိုးက အခြားသော ဆေးပင်တွေထက် အများကြီး တန်ဖိုးရှိတဲ့ အတွက် လျူဝူဟောင်တို့ ကလည်း လက်ခံ လိုက်ပါတယ်။

လီဖူချန်းက ဘာဖြစ်လို့ မြေကွဲသစ်သီး တစ်လုံးပဲ ယူရသလဲ ဆိုတော့ မကြာခင် တိုက်ပွဲကြီးတစ်ခု စတော့မယ် ဆိုတာကို ရိပ်မိနေတဲ့ အတွက်ပါပဲ။ သူတစ်ယောက်တည်း စွမ်းနေလို့ ကတော့ အခြားဂိုဏ်း ၃ဂိုဏ်းကို အနိုင်ယူနိုင်ဖို့ မဖြစ်နိုင်ပါဘူးလေ။ ကျန်တဲ့ မိုးပြာရောင် ဂိုဏ်းသား ၄ယောက်စလုံး ကလည်း ထိုက်သင့်တဲ့ အစွမ်းတွေ ရှိနေမှကို ဖြစ်မှာပါ။

အဲသည်ထက် ပိုအရေးကြီးတာက ဒီလျှို့ဝှက်နယ်မြေ ဗဟိုချက်ထဲမှာ အခြား မြေကွဲသစ်သီးတွေကို ထပ်ရှာတွေ့ လိမ့်မယ်လို့ သူက ယုံကြည် ထားတာပါ။

“ကျွန်တော် မြေကွဲသစ်သီး တစ်လုံးကို လိုချင်တယ်။ နောက်တွေ့မယ့် ဆေးပင်တွေကို ခွဲဝေတဲ့ အခါကျရင် ကျွန်တော့်ဝေစုကို လျှော့ယူပါ့မယ်”ယုဝူရှန်းက မြေကမ္ဘာ အဆင့်ကို အမြန် ရောက်ချင်နေတဲ့ အတွက် မြေကွဲသစ်သီး တစ်လုံးကို တောင်းဆို လိုက်ပါတယ်။

“ငါလည်း တစ်လုံး လိုချင်တယ်”လျုဝူဟောင်ကလည်း တောင်းဆိုပါတယ်။

ရှောင်လီက ခေါင်းညိတ်လိုက်ပြီး…

“ရတယ်လေ။ ဒီမြေကွဲသစ်သီး ၂လုံးကို မင်းတို့နှစ်ယောက် အရင်ယူလိုက်။ ငါတို့က နောက်မှ ယူမယ်”

ယုဝူရှန်းရဲ့ ကျင့်ကြံမှု အဆင့်က အရမ်းနိမ့်နေတဲ့ အတွက် မြေကွဲသစ်သီး တစ်လုံး ရဖို့အတွက် ထိုက်တန်ပါတယ်။

လျုဝူဟောင်ကတော့ လီဖူချန်းပြီးရင် အစွမ်း အထက်ဆုံး ဖြစ်တဲ့အတွက် သူသာ မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်သွားရင် သူတို့ မိုးပြာရောင်ဂိုဏ်းက ပိုပြီး အစွမ်းထက်လာ နိုင်တယ်လေ။

ဒီလိုနဲ့ပဲ ဥယျာဉ် တစ်ခုလုံးမှာရှိတဲ့ ဆေးပင်တွေ အကုန်လုံးက ပြောင်တလင်း ခါသွားခဲ့ပါပြီ။

လီဖူချန်းက မြေကွဲသစ်သီးက လွဲပြီး တခြား ဆေးပင်တွေကို သိုလှောင်အိတ် ထည့်လိုက်ပါတယ်။

ထို့နောက်မှာတော့ မြေပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး စတင် လေ့ကျင့်ပါတော့တယ်။

ယုဝူရှန်းကလည်း ထိုင်ချလိုက်ပါပြီ။

လျူဝူဟောင်တို့ သုံးယောက်ကတော့ အဆင့်တက်ဖို့ ကြိုးစားနေတဲ့ သူနှစ်ယောက်ကို ကာကွယ်ပေး နေပါတယ်။

ကြက်သွေးရောင် လျှို့ဝှက်မီးတောက် ကျင့်စဉ်ကို အကြိမ်ရေ အတော်များများ လေ့ကျင့်ပြီး နောက်မှာတော့ လီဖူချန်းက မြေကွဲသစ်သီးကို စားသုံးလိုက်ပါပြီ။

လီဖူချန်းက မကြာခင်မှာပဲ ပတ်ဝန်းကျင် အခြေအနေကို မေ့လျော့သွားပြီး အတွင်းအား ကျင့်စဉ်ထဲမှာပဲ ဈာန်ဝင်သွား ပါတော့တယ်။ ဒီမြေကွဲ သစ်သီးရဲ့ သန့်စင်တဲ့ စွမ်းအားတွေက စိတ်ဝိညာဉ်ပင် ထက်ကို ၁၀ဆလောက် ပိုကာင်းမွန်ပါတယ်။ မြေကွဲသစ်သီးရဲ့ ဆေးဖက်ဝင် စွမ်းပကားတွေက လီဖူချန်းရဲ့ သွေးကြောတွေထဲကို စိမ့်ဝင် သွားခဲ့ပါပြီ။

၁၅မိနစ် ... တစ်နာရီ ...

၂နာရီလောက် အကြာမှာတော့ ကောင်းကင် တစ်ခုလုံးက စတင် မှောင်မည်း လာခဲ့တယ်လေ။

မှောင်ရီဝေ ဝိုးတစ်ဝါး အချိန်မှာတော့ ယုဝူရှန်းက မြေကမ္ဘာ နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် သွားခဲ့ပါပြီ။

ကြောက်စရာ ကောင်းလှတဲ့ စွမ်းအင် အရှိန်အဝါတွေက ယုဝူရှန်းရဲ့ ကိုယ်ကနေ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကိုပါ လွှမ်းခြုံ လာပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါ ကလည်း နဂိုကနဲ့ မတူတော့ပဲ အနည်းငယ် ပြောင်းလဲ သွားပါပြီ။ သူအသက်ရှူ လိုက်တိုင်းမှာ ထူးခြားတဲ့ အငွေ့အသက်တွေကို ဖြစ်ပေါ် လာစေတယ်လေ။

ဝုန်း ...

နောက်ထပ် သိပ်မကြာခင်မှာပဲ နောက်ထပ် ချီအရှိန်အဝါ တစ်ခု ပြန်ထွက်ပေါ် လာပြန်ပါတယ်။

အဲဒါကတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါ ဖြစ်ပါတယ်။

“ကြောက်စရာ ကောင်းလှချည်လားဟ”

ရှောင်လီတို့ သုံးယောက်ကတော့ လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကြောင့် အသက်ကိုတောင် ခက်ခက်ခဲခဲ ရှူနေရပါတယ်။

သူတို့အားလုံး မြေကမ္ဘာ နယ်ပယ်ကို ချိုးဖောက် ဝင်ရောက် ခဲ့တုန်းကတောင် လီဖူချန်းလောက် စွမ်းအင်လှိုင်းတွေ မသိပ်သည်းခဲ့ပါဘူး။

သူတို့ရဲ့ ခံစားမှုတွေ အရဆိုရင် ယုဝူရှန်းရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတဲ့ ချီအရှိန်အဝါတွေထက် လီဖူချန်းရဲ့ ချီအရှိန်အဝါတွေက သုံးဆလောက် ပိုများပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ်က အဆုံးမရှိတဲ့ အသူရာ ချောက်ကြီး တစ်ခုလိုပါပဲ။ ပတ်ဝန်းကျင် တစ်ခုလုံးက ကောင်းကင်နဲ့ မြေကြီးမှာ ရှိနေတဲ့ စွမ်းအင်တွေ အကုန်လုံးကို အားရပါးရ စုပ်ယူနေပါတယ်။

နောက်ထပ် အသစ်ပေါ်လာတဲ့ ချီအရှိန်အဝါရဲ့ ဖိအားကြောင့် ယုဝူရှန်းရဲ့ ချီအရှိန်အဝါက တောင့်မခံနိုင်တော့ပဲ ပျက်စီးစ ပြုလာပါပြီ။ ထို့ကြောင့် ယုဝူရှန်းက အလျင်အမြန်ပဲ သူ့ရဲ့ ချီအရှိန်အဝါတွေကို ပြန်သိမ်း လိုက်ပါတယ်။

ဝုန်း ...

ထူးဆန်းတဲ့ ပေါက်ကွဲမှုတစ်ခု သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်သွားတာကို ခံစားရပြီး နောက်မှာတော့ ယုဝူရှန်းက မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ကောင်းကောင်းကြီး ခြေချမိ သွားပါပြီ။

ယုဝူရှန်းက မျက်လုံးတွေကို တဖြည်းဖြည်း ဖွင့်လိုက်ပြီး ကျေနပ်စွာ ပြုံးလိုက်ပါတယ်။

မြေကမ္ဘာ အဆင့်ကို ရောက်ရှိ သွားတာက လုံးဝကို သက်သောင့်သက်သာ ရှိလှတယ်လေ။ သူ့ရဲ့ ခံစားမှုအာရုံကို အသုံးချပြီး သူ့အနားမှာ စီးဆင်းနေတဲ့ စွမ်းအင် လှိုင်းတွေကိုတောင် ခံစား နေနိုင်ပါတယ်။ အဲသည် ခံစားချက်က သူ့ကို တကယ့် တန်ခိုးရှင် တစ်ပါးလို ခံစားရ စေပါတယ်။

ဒါပေမဲ့ သူ့ရဲ့အကြည့်က လီဖူချန်းဆီကို ရောက်သွားတဲ့ အခါမှာတော့ ယုဝူရှန်းရဲ့ ကျေနပ်နေတဲ့ ပီတိတွေက ပျောက်ကွယ် သွားခဲ့ပါပြီ။

လီဖူချန်းရဲ့ ခေါင်းပေါ်မှာတော့ နတ်မိစ္ဆာ တစ်ကောင်ရဲ့ အရှိန်အဝါတွေ ဖုံးလွှမ်းနေပြီး ပတ်ဝန်းကျင် တစ်ခုလုံးက စွမ်းအင်လှိုင်းတွေက လီဖူချန်းဆီကို စီးဆင်း နေတယ်လေ။

ကောင်းကင်နဲ့ မြေကြီးဆီက ဝင်လာတဲ့ သဘာဝ စွမ်းအင်တွေက သူ့ခန္ဓာကိုယ်ထဲကို စီးဝင်လာပြီး အသွေးအသားတွေကို သန့်စင်ပေး နေတာကို လီဖူချန်းက ခံစားသိရှိ နေပါတယ်။

မရေမတွက်နိုင်တဲ့ ပေါက်ကွဲမှု အသေးစားလေးတွေက သူ့ခန္ဓာကိုယ်ထဲမှာ ဖြစ်ပေါ်ပြီး နောက်မှာတော့ နေရာတာ ပိုသက်သောင့်သက်သာ ရှိလာတယ်လို့ ခံစားရ လာပါတယ်။

အဲသည် အချိန်မှာပဲ ကြောက်စရာ ကောင်းလှတဲ့ ချီအရှိန်အဝါ တစ်ခုက တစ်ဖန် ထွက်ပေါ် လာပြန်ပါပြီ။

လျူဝူဟောင်တို့ လေးယောက်စလုံးက မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ရောက်နေ ပေမဲ့လည်း လီဖူချန်းရဲ့ အရှိန်အဝါ ဖိအားတွေ အောက်မှာတာ့ နေရတာ အဆင်မပြေ ဖြစ်လာပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က ပိုပြီး လေးလံ လာသလိုလည်း ခံစားလာရပါပြီ။

'ဒါကမှ တကယ့် မြေကမ္ဘာအဆင့်က ပညာရှင် တစ်ယောက်ရဲ့ အစွမ်းတွေပါလား ... ။ ငါက မျက်လုံးတွေ မှိတ်ထားတာ တောင်မှပဲ တခြားသူတွေရဲ့ တည်ရှိမှုကို အာရုံခံလို့ ရနေတယ်'

သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ် ထဲကနေပြီး လီဖူချန်းက အားလုံးကို ရှင်းရှင်းလင်းလင်း တွေ့မြင် နေရပါတယ်။

အချိန်အတန်ကြာ လေ့ကျင့် ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းကလည်း မြေကမ္ဘာနယ်ပယ်နဲ့ အသားကျသွားပြီ ဖြစ်တဲ့အတွက် မျက်လုံးကို ဖွင့်ပြီး ထရပ်လိုက် ပါတော့တယ်။

“ဂုဏ်ယူတယ်ဟေ့ ... ငါ့ရဲ့ ဂိုဏ်းတူညီ နှစ်ယောက်စလုံးက မြေကမ္ဘာ နယ်ပယ်ကို တက်လှမ်း နိုင်ခဲ့ပြီပဲ”

ရှောင်လီက နှစ်ယောက်စလုံးကို ရယ်ရယ်မောမောဖြင့် နှုတ်ဆက် လိုက်တယ်လေ။

လီဖူချန်း တစ်ယောက် မြေကမ္ဘာ နယ်ပယ်ကို ရောက်လာပြီ ဆိုတော့ ရှောင်လီက ဘာမှကို စိုးရိမ်မနေ တော့ပါဘူးလေ။

“မောင်လေးလီ ... မင်းရဲ့ အခြေအနေက အခုဆို ဘယ်အထိ ရောက်သွားပြီလဲ”ချန်ဖန်းဟွာက သိချင်စိတ် ပြင်းပြစွာဖြင့် မေးလိုက်ပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး …

“ဓားတစ်ချက်တည်းနဲ့ လူတိုင်းကို သတ်နိုင်ပြီလို့တော့ ထင်တာပဲလေ”လို့ ပြန်ဖြေ လိုက်ပါတယ်။

သူ့ရဲ့ စိတ်ဝိညာဉ် နယ်ပယ် အဆင့်၉ကနေ မြေကမ္ဘာနယ်ပယ် အဆင့်၁ကို တက်လှမ်း နိုင်ခဲ့တာက တော်ရုံတော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူ့ရဲ့ အဘက်ဘက်က စွမ်းရည်တွေကို နှစ်ဆလောက် မြှင့်တက် သွားစေတယ်လေ။ လီဖူချန်းက သူကိုယ်တိုင်တောင် ဘယ်လောက် အစွမ်း ထက်လာသလဲ ဆိုတာကို ဝေခွဲမရ နိုင်သေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက နယ်ပယ်ကြီး တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ခဲ့တာ ဖြစ်နေလို့ပါပဲ။

"ကောင်းလိုက်တာ”

ချန်ဖန်းဟွာရဲ့ မျက်လုံးတွေက အရောင်တောက် သွားခဲ့ပါတယ်။

“ညီလေးလျူ ... အချိန်ရှိတုန်း မင်းလည်း မြေကမ္ဘာနယ်ပယ် အဆင့်၂ကို တက်လှမ်း လိုက်ပါလား။ ညီလေးလီ တစ်ယောက်လုံး ရှိနေမှတော့ ဘာအနှောင့်အယှက်မှ ဝင်လာမှာ မဟုတ်တော့ဘူး”

ရှောင်လီက လျူဝူဟောင်ကို အဆင့်တက်ဖို့ အတွက် အကြံပေး လိုက်ပါတယ်။

လျူဝူဟောင်ကလည်း ခေါင်းညိတ် လိုက်ပါတယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ မျှော်လင့်ချက်တွေ အပြည့်နဲ့ပါပဲ။ သူသာ တကယ်လို့ မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ချိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့ရင် လီဖူချန်းနဲ့ ရင်ပေါင်တန်းပြီး တခြားဂိုဏ်းက လူတွေကို တိုက်ခိုက် နိုင်မှာလေ။

***

All Chapters