ပြန်တွေ့ပြီ
Vol. 12 Ch. 160
လျူဝူဟောင်ရဲ့ မြေကမ္ဘာ နယ်ပယ် အဆင့်၂ကို ချိုးဖောက် ဝင်ရောက်တဲ့ ချီအရှိန်အဝါတွေက လီဖူချန်းကိုတော့ မမီပါဘူး။
လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကို နဂါးတစ်ကောင်နဲ့ ခိုင်းနှိုင်းမယ် ဆိုရင် လျူဝူဟောင်ရဲ့ ချီအရှိန်အဝါ တွေကိုတော့ မြွေကြီး တစ်ကောင်နဲ့ပဲ ခိုင်းနှိုင်းလို့ ရပါမယ်။
ဒါက သူတို့ နှစ်ယောက်ရဲ့ ကြားက ကွာဟချက်ပါပဲ။
ဒါပေမဲ့လည်း မြေကမ္ဘာနယ်ပယ် အဆင့်၂က ပညာရှင်က အဆင့်၂ပါ့ပဲလေ။ သူ့ရဲ့ ချီအရှိန်အဝါတွေက မုန်တိုင်းငယ်လေး တစ်ခုလိုပါပဲ။ ဒီဖိအားတွေက ရှောင်လီ၊ ချန်ဖန်းဟွာနဲ့ ယုဝူရှန်း တို့ကိုတော့ အတော်လေး ဖိနှိပ် ထားနိုင်ပါတယ်။
“ငါတို့ ၅ယောက်ရဲ့ စုစုပေါင်း စွမ်းရည်နဲ့ ဆိုရင်တော့ တခြား ဂိုဏ်းတွေကို လုံးဝ ကြောက်စရာ မလိုတော့ဘူးပဲ”
ရှောင်လီက လုံးဝကို ကျေနပ်နေပါတယ်။ အရင်တုန်း ကတော့ လီဖူချန်း တစ်ယောက်တည်းကသာ အခြား ဂိုဏ်းသားတွေကို ယှဉ်တိုက်နိုင်စွမ်း ရှိတာလေ။ သူတို့က ဘေးကနေ ရပ်ကြည့်နေရုံပဲ တတ်နိုင်ခဲ့တာပါ။
ထို့နောက်မှာတော့ သူတို့ ၅ယောက်ဟာ လျှို့ဝှက်နယ်မြေရဲ့ ဗဟို ချက်မထဲကို တဖြည်းဖြည်းနဲ့ ဝင်ရောက်လာခဲ့ ကြပါတယ်။
***
“ခိခိ ... နောက်ဆုံးမှာတော့ ငါလည်း မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်လာခဲ့ပြီပဲ”
လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက် အတွင်းပိုင်း တစ်နေရာမှာတော့ ကျောက်တုံး ကျောက်ခဲတွေနဲ့ ဝန်းရံထားတဲ့ ဆေးဥယျာဉ် တစ်ခု ရှိနေပါတယ်။
လီဝူရှု၊ သောင်းဟိုင်နဲ့ ရှောင်မူတို့ အားလုံးကလည်း မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်သွားခဲ့ပါပြီ။
“ကြည့်ရတာတော့ ကောင်းကင်ကြီးက ငါတို့ကို တကယ်ပဲ မျက်နှာသာ ပေးတယ်နဲ့ တူပါရဲ့။ ဘယ်သူက ဒီလို ဆေးဥယျာဉ်ထဲမှာ မြေကွဲသစ်သီး ၆လုံး တွေ့မယ်လို့ ထင်ထားခဲ့ မှာလဲ”
ရှောင်မူက ရယ်ရယ်မောမောဖြင့် ပြောလိုက်ပါတယ်။
“ငါတို့က အခုဆိုရင် လီဖူချန်းဆိုတဲ့ မျိုးမစစ်လေးကို ကောင်းကောင်းကြီး ဆုံးမနိုင်ပြီပဲ။ ငါတို့ အကုန်လုံးသာ စုစည်း လိုက်မယ်ဆိုရင် ဒီကောင့်ကို တစ်ကွက် တည်းနဲ့တောင် အမှုန့်ဖြစ်အောင် လုပ်လိုက်လို့ ရတယ်”
လီဝူရှုကတော့ လီဖူချန်းကို အမှုန့်ကြိတ် ချင်နေသည့် ပုံပါပဲ။
သန်မာတယ် ဆိုတဲ့ ခံစားချက်က လုံးဝကို နေလို့ကောင်းသည့် အရာပင် မဟုတ်ပါလား။
တခြားလူ တစ်ယောက်ရဲ့ အသက်ကို စိတ်ကြိုက် ကစားနိုင်တယ် ဆိုတာက လုံးဝကို ကျေနပ်ဖွယ်ရာ ကောင်းသည့် အရာတစ်ခုလေ။
သောင်းဟိုင်ကတော့ ဘာတစ်ခွန်းမှ ဝင်မပြောပါဘူး။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကနေ ထွက်ပေါ်နေတဲ့ လူသတ်ငွေ့တွေက တခြားသူတွေ ထက်ကို ဆိုးဆိုးရွားရွား ပြင်းထန် နေပါတယ်။
ကြည့်ရတာ လီဖူချန်းရဲ့ ဖြစ်တည်နေမှုက သူ့ရဲ့ လူသတ်ချင် စိတ်တွေကို လှုံ့ဆော်နေသည့် ပုံပါပဲ။
“ဟုတ်ပြီ ... ငါတို့ သုံးယောက်စလုံးက အဆင့် တက်သွားပြီ ဆိုတော့ကား ... ဒီတစ်ခါတော့ မင်းတို့ အလှည့်ပေါ့”
လီဝူရှုက မိစ္ဆာနက်၊ လင်းဟောင်နဲ့ ရှောင်မိုတို့ကို ပြောလိုက်ပါတယ်။
ဒီနေရာမှာ မြေကွဲသစ်သီး ၆လုံး ရှိသည့်အတွက် တစ်ဂိုဏ်းကို မြေကွဲသစ်သီး နှစ်လုံးကျစီ ဝေပုံကျ ရပါတယ်။
ရန်ချင်းဟူ၊ မိစ္ဆာဖြူနဲ့ ကဝေမယ်တို့ကတော့ နောက်တစ်ခေါက် ပေါ့လေ။
ရန်ချင်းယူ ကတော့ အစောပိုင်းတုန်း ကတည်းက မြေကွဲသစ်သီး တစ်လုံး ရပြီးပြီ ဆိုတော့ နောက်တွေ့တဲ့ မြေကွဲသစ်သီးတွေ ကျရင်တော့ မိစ္ဆာဖြူနဲ့ ကဝေမယ်ရဲ့ဟွာ တို့ကိုပဲ ဦးစားပေး ရတော့မှာပါ။
“ကောင်းပြီ"
မိစ္ဆာနက်၊ လင်းဟောင်နဲ့ ရှောင်မိုတို့က အလျင်အမြန်ပင် ထိုင်ချ လိုက်ကြပါတယ်။
သိပ်မကြာခင် မှာတော့ သူတို့က မြေကွဲ သစ်သီးတွေရဲ့ အစွမ်းကို စုပ်ယူဖို့အတွက် ကြိုးစား နေကြပါပြီ။
***
ကောင်းကင်ကြီးက မှောင်သထက် မှောင်လာပြီး ကြယ်လေးတွေတောင် မှိတ်တုတ်မှိတ်တုတ်နဲ့ ထွက်ပေါ် လာနေပါတယ်။
လီဖူချန်းတို့ အုပ်စုကတော့ ကျောက်တုံးကြီးတွေ ကြားမှာ လှည့်ပတ် သွားလာနေပြီး ဒုတိယ ဆေးဥယျာဉ်လေးများ တွေ့လိုတွေ့ငြား ဆိုပြီး ရှာဖွေနေဆဲပါပဲ။
သူတို့ရှာနေတာ အချိန် ဘယ်လောက်တောင် ကြာနေမှန်း ကိုလည်း သူတို့ ကိုယ်တိုင်တောင် မသိတော့ပါဘူး။
အဲဒီအချိန်မှာပဲ ရုတ်တရက် အရှေ့ဘက် အရပ်ကနေ စွမ်းအင်လှိုင်းတွေ တစ်ခုပြီး တစ်ခု ဖြစ်ပေါ်နေတာကို သူတို့ အားလုံးက ခံစားလိုက် ရပါတယ်။ အဲသည် စွမ်းအင်တွေရဲ့ ဗဟိုချက်မက သည်နေရာနဲ့တော့ မိုင်ပေါင်း အတော်ဝေးဝေး ရှိနေပါသေးတယ်။
“လူတွေ တော်တော်များများက အဆင့်တက်နေ ကြပါလား”
ချန်ဖန်းဟွာက တအံ့တသြဖြင့် ပြောလိုက်ပါတယ်။
“ကြည့်ရတာတော့ လီဝူရှုတို့ အုပ်စုပဲ ဖြစ်မယ်”
ရှောင်လီကလည်း အနည်းငယ် အံ့သြနေပါတယ်။
သူတို့ဘက်က စွမ်းရည်တွေ တိုးတက် လာသလို ရန်သူတွေ ဘက်ကလည်း တိုးတက် လာနေတယ်လေ။ အခုဆိုရင် ရန်သူတွေဘက်မှာ မြေကမ္ဘာနယ်ပယ် အဆင့်၂က လူတွေ ဘယ်နှယောက်တောင် ရှိနေမလဲ ဆိုတာကို ခန့်မှန်းလို့ မရတော့ပါဘူး။
“ငါတို့ နောက်ထပ် ဆေးဥယျာဉ် တစ်ခုကို အမြန်ရှာတွေ့မှ ဖြစ်တော့မယ်” လျူဝူဟောင်က ဆော်သြ လိုက်ပါတယ်။
လီဖူချန်းကလည်း ခေါင်းညိတ် ထောက်ခံပါတယ်။ ဒီလျှို့ဝှက်နယ်မြေ ထဲမှာတော့ အဆင့်တက်ဖို့ ဆိုတာ အရမ်းကို လွယ်ကူလွန်း နေတယ်လေ။ လုံလောက်တဲ့ အဆင့်မြင့် ဆေးပင်တွေကို ရှာတွေ့ဖို့ပဲ လိုတာပါ။
သူတို့က အခုဆိုရင် လျှို့ဝှက် နယ်မြေရဲ့ ဗဟိုချက်မထဲကို ရောက်နေပြီ ဖြစ်တဲ့အတွက် ဆေးပင်တွေကို ရှာတွေ့ဖို့ဆိုတာ ပိုပြီး အခွင့်အလမ်း များနေပါပြီ။
လီဖူချန်းတို့ အနေနဲ့ကတော့ နောက်ထပ် အဆင့် တက်ဖို့ကို မြေကွဲသစ်သီးတွေ အပေါ် အားကိုးနေလို့ မရတော့ပါဘူး။
မြေကွဲ သစ်သီးတွေက ပထမဆုံး တစ်ခေါက်မှာပဲ ၁၀၀ရာခိုင်နှုန်း အပြည့် အကျိုးသက်ရောက်မှု ရှိစေတာပါ။
မြေကွဲသစ်သီးကို ဒုတိယအကြိမ် စားသုံးလိုက်ရင် အကျိုး သက်ရောက်မှုက ၆၀ရာခိုင်နှုန်း လောက်ပဲ ရှိတော့တာလေ။
တတိယအကြိမ် စားသုံးရင်တော့ အကျိုး သက်ရောက်မှုက ၁၀ရာခိုင်နှုန်းပဲ ကျန်ပါတော့တယ်။
တတိယ အကြိမ်ရဲ့ နောက်ပိုင်းတွေ ဆိုရင် အကျိုး သက်ရောက်မှုက တစ်စက်မှကို မရှိတော့ပါဘူး။
ဒီလို ဖြစ်တာကလည်း ကောင်းပါတယ်။ မဟုတ်ရင် မြေကမ္ဘာ နယ်ပယ်က လူတွေက မြေကွဲသစ်သီး ၉လုံးလောက် စားပြီး မြေကမ္ဘာနယ်ပယ် အဆင့်၉ကို ရောက်သွားတော့ မှာပေါ့လေ။
***
အခုချိန်မှာ ဆိုရင်တော့ လင်းဟောင်၊ မိစ္ဆာနက်နဲ့ ရှောင်မိုတို့ ဟာလည်း သူတို့ရဲ့ အဆင့် တက်ခြင်းတွေကို အောင်မြင် သွားပါပြီ။
သူတို့ရဲ့ မျက်လုံးတွေက ဓားတစ်ချောင်းလို စူးရှတောက်ပြောင် လာပြီး …
မိစ္ဆာဓာတ်တွေ ကလည်း ပိုပြီးတော့ အားကောင်း လာပါတယ်။ လွန်ခဲ့တဲ့ ၂နာရီတုန်းက လူတွေနဲ့ တခြားစီပါပဲ။
“လီဖူချန်း ... မင်းရဲ့ လည်ပင်းကို ကောင်းကောင်းသာ ဆေးထားပေတော့” မိစ္ဆာနက်က ကြောက်မက်ဖွယ်ရာ အသံနက်ကြီးဖြင့် ကြိမ်းဝါး လိုက်ပါတယ်။
လင်းဟောင် ကလည်း …
“ဒီတစ်ခေါက် ဒီကောင်နဲ့ တွေ့ရင်တော့ ဒီကောင့်ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အပိုင်းတစ်ထောင် လောက်ကို ပိုင်းပစ်လိုက်မယ်"
"မိုးပြာရောင် ဂိုဏ်းက ကောင်မလေးကိုတော့ ငါ့အတွက် ချန်ထား ပေးပါကွာ။ ကောင်မလေးက နူးညံ့ပြီး အရသာ ရှိမယ့်ပုံပဲ။ သူမကိုတော့ လူ့ဘဝကြီးရဲ့ အကောင်းဆုံး စည်းစိမ်ကို ခံစားခိုင်းရမယ်။ သူမကို သတ်ပြီးရင်တော့ သူမရဲ့ အရေပြားတွေကို ခွာပြီး လူသား အရေခွံနဲ့ ရုပ်သေး တစ်ခုတောင် လုပ်လို့ ရသေးတယ်လေ” ဝိညာဉ်ကဝေ ဂိုဏ်းက သူငယ်တော် ရှောင်မိုက သူ့ရဲ့ ယုတ်မာတဲ့ အကြံအစည်တွေကို ထုတ်ကြွား နေပါသေးတယ်။
သူတို့နဲ့ သိပ်မဝေးတဲ့ ကျောက်တုံးကြီး တစ်ခု အပေါ်မှာတော့ ရန်ချင်းဟူ တစ်ယောက် ရှိနေပါတယ်။
ဒီတစ်ကြိမ်နဲ့ ဆိုရင် လီဖူချန်းဆိုတဲ့ နာမည်ကို သူမ ကြားနေရတာ အခါ၁၀၀ မကတော့ပါဘူး။
'ကြည့်ရတာ ဒီနှစ်ဝက်လောက် အတွင်းမှာ နင်က တော်တော်လေး အစွမ်း ထက်လာတဲ့ ပုံပဲ' ရန်ချင်းဟူရဲ့ စိတ်ထဲမှာတော့ လီဖူချန်းရဲ့ ပုံရိပ်က ထင်ဟပ် လာခဲ့ပါတယ်။
ညသန်းခေါင်ယံ မတိုင်မီလောက် မှာတော့ လီဖူချန်းတို့ အဖွဲ့က ဒုတိယ ဆေးဥယျာဉ်ကို ရှာဖွေ တွေ့ရှိ သွားပါတော့တယ်။
ဒီဥယျာဉ်ထဲ မှာတော့ မြေကွဲသစ်သီး ၂လုံးပဲ ရှိပါတယ်။ ကံကောင်းတာက လီဖူချန်းတို့ အဖွဲ့ထဲမှာ ကျန်နေတာ ကလည်း ရှောင်လီနဲ့ ချန်ဖန်းဟွာတို့ နှစ်ယောက် ဖြစ်နေတဲ့ အတွက် ကွက်တိကို ဖြစ်သွား ပါတော့တယ်။
ဥယျာဉ်ထဲက အခြား ဆေးပင်တွေ ကတော့ လီဖူချန်း အတွက်ပါပဲ။
“ငါက အစောကြီး ကတည်းက မြေကွဲသစ်သီး တစ်လုံး စားပြီးသွားပြီ။ ဒီဒုတိယမြောက် အလုံးက ငါ့အတွက်တော့ သိပ်အကျိုး ရှိတော့မှာ မဟုတ်ဘူး”
ချန်ဖန်းဟွာက သူမရဲ့ မြေကွဲသစ်သီးကို လီဖူချန်းကို ပေးရင်း အကြွေးပြန်ဆပ် လိုက်ပါတယ်။
လီဖူချန်းက ပြုံးပြီး …
“အစ်မတော်ချန်သာ ဒီမြေကွဲ သစ်သီးကို စားလိုက်မယ် ဆိုရင် မြေကမ္ဘာနယ်ပယ် အဆင့်၂ကို ရောက်ဖို့ ၁၀ရာခိုင်နှုန်းတော့ အခွင့်အရေး ရှိပါသေးတယ်” လို့ အားပေး လိုက်ပါတယ်။
ချန်ဖန်းဟွာက ခေါင်းခါလိုက်ပြီး …
“၁၀ရာခိုင်နှုန်း ဆိုတာက အရမ်းကို နည်းလွန်းတယ်။ ငါဒီသစ်သီးကို အလဟဿ မဖြစ်စေချင်ဘူး။ ပြီးတော့ မင်းက ငါ့ကို အားနည်းတယ် ဆိုပြီး ပစ်ထားမှာမှ မဟုတ်တဲ့ဟာကို"
“ဒါပေါ့။ ကျွန်တော်က အစ်မတော်ချန်ကို ဘယ်လို ပစ်ထားခဲ့ နိုင်မှာလဲ။ ကျွန်တော်က အစ်မကို ဒီနယ်မြေထဲက ထွက်တဲ့အထိ ကာကွယ် ပေးနေဦးမှာပါ”
လီဖူချန်းက နောက်ဆုံးမှာတော့ ချန်ဖန်းဟွာပေးတဲ့ မြေကွဲသစ်သီးကို လက်ခံယူလိုက် ပါတော့တယ်။
ထို့နောက်မှာတော့ သူက သိုလှောင်အိတ် တစ်အိတ်ကို ထုတ်ယူလိုက်ပြီး ချန်ဖန်းဟွာကို ပေးလိုက်ပါတယ်။
“အစ်မတော်ချန် ... ဒီအိတ်ကို ယူထားလိုက်"
မိုးပြာရောင် ဂိုဏ်းတံဆိပ် ခပ်နှိပ်ထားတဲ့ သိုလှောင်အိတ် မှန်သမျှကတော့ ဂိုဏ်းတော်ကို ပြန်အပ်ရမှာပါပဲ။ ဒါပေမဲ့ မိုးပြာရောင် ဂိုဏ်းတံဆိပ် မပါတဲ့ အိတ်မှန်သမျှ ကိုတော့ သူတို့က ယူထားခွင့် ရှိတယ်လေ။ လီဖူချန်း ပေးလိုက်တဲ့ အိတ်မှာက ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အမှတ်အသား ပါရှိနေတယ် ဆိုတော့ ဒီသိုလှောင်အိတ်ကို ချန်ဖန်းဟွာက အပိုင်ယူထား လိုက်လို့ ရတဲ့ သဘောပါပဲ။
“ကျေးဇူးပါပဲ မောင်လေးလီ ..." ချန်ဖန်းဟွာက အလှဆုံး ပြုံးပြပြီး သိုလှောင်အိတ်ကို လက်ခံ လိုက်ပါတယ်။
သိုလှောင်အိတ်တွေ ဆိုတာ ကျင့်ကြံသူတွေ အတွက်ကတော့ အင်မတန် အသုံးဝင်တဲ့ အရာတစ်ခုပါပဲ။ အပြင် လောကကို ထွက်တဲ့အခါမှာ မိန်းကလေး တစ်ယောက် အတွက် လိုအပ်တဲ့ အရာတွေက အရမ်းကို များလွန်းပါတယ်။(အလှပြင် ပစ္စည်းတို့၊ အဝတ်အစားတို့ နေမှာပေါ့။)
ဒါပေမဲ့ သိုလှောင်အိတ် ရှိနေရင်တော့ ဒီပြဿနာတွေက အသာလေး ဖြေရှင်းလိုက်လို့ ရပါပြီ။
နှစ်နာရီမျှ အကြာမှာတော့ ရှောင်လီ တစ်ယောက်လည်း မြေကမ္ဘာ နယ်ပယ် အဆင့်၂ကို ရောက်သွား ပါတော့တယ်။
ရှောင်လီကို ကြည့်လိုက်တာနဲ့ အပျော်ကြီး ပျော်နေတယ် ဆိုတာကို သိမြင် နိုင်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ ရှောင်လီက ကြယ်၄ပွင့် အရိုးတည်ဆောက် ပုံကိုပဲ ပိုင်ဆိုင် ထားခဲ့တာလေ။ မြေကမ္ဘာ နယ်ပယ် အဆင့်၂ကို ရောက်ဖို့ဆိုတာ သူ့အတွက်တော့ အနည်းဆုံး ၂နှစ်လောက် လိုပါလိမ့်မယ်။
အခုတော့ သူက အချိန်၂နှစ် သက်သာ သွားခဲ့ပါပြီ။
အရင်အသုတ်တွေ တုန်းကဆိုရင် အခုလို လျှို့ဝှက်နယ်မြေရဲ့ ဗဟိုချက်မကို ရှာဖွေနိုင်ခဲ့ကြတာ မဟုတ်ပါဘူး။ အဲဒီတုန်းက ဆိုရင် မြေကွဲသစ်သီး စားရတဲ့ အတွင်းစည်း တပည့်တွေဆိုတာ တစ်ယောက်တလေပဲ ရှိခဲ့တာပါ။
မနက်ခင်း နေရောင်ခြည်က သြကာသ တစ်ခုလုံးကို လွှမ်းခြုံသွားတဲ့ အခါမှာတော့ လီဖူချန်းတို့ ၅ယောက်ဟာ အနားယူနေရာ ကနေ ပြန်ထာလာပြီး ဗဟိုချက်မထဲမှာ လျှောက်သွား နေပြန် ပါတော့တယ်။
“နှမြောစရာကြီးကွာ … ဒီဆေးဥယျာဉ်က အကျယ်ကြီး ဖြစ်နေပေမဲ့လည်း ငါတို့ နုတ်ယူလို့ရတဲ့ ဆေးပင်တစ်ပင်မှကို ရှိမနေဘူး”
သူတို့ ၅ယောက်ဟာ ဆေးဥယျာဉ်ကြီး တစ်ခုကို ရှာဖွေ တွေ့သွားပါတယ်။ ခက်တာက ဒီဥယျာဉ်ထဲမှာက ဘာဆေးပင်မှ ရှိမနေ တော့တာပါပဲ။
လီဖူချန်းက ကျန်တဲ့လူ ၄ယောက်ကို အားပေး လိုက်ပါတယ်။
“တချို့ အဆင့်မြင့် ဆေးပင်တွေက နှစ်ပေါင်း အကြာကြီး အချိန်ပေး ရတယ်လေကွာ။ ကြည့်ရတာ ဒီဥယျာဉ်ထဲက ဆေးပင်တွေကို ငါတို့ရဲ့ ရှေ့အသုတ်တွေထဲက တစ်သုတ်က နုတ်ယူ သွားတဲ့ပုံပဲ”
ရှောင်လီက ခေါင်းညိတ်လိုက်ပြီး …
"ညီလေးလီ ပြောတာက အဓိပ္ပာယ် ရှိတယ်”
အဲသည် အချိန်မှာပဲ လူတစ်စုက ဆေးဥယျာဉ်ထဲကို လှမ်းဝင် လာပါတယ်။
“ဟားဟားဟား ... မင်းတို့ အားလုံးက ဒီကို ရောက်နေတာကိုး။ ကောင်းတယ်ဟေ့ …။ ကောင်းကင်ကြီးက ငါတို့ဘက်မှာ ရှိနေတဲ့ပုံပဲ။ လီဖူချန်း ... မင်းသေဖို့သာ ပြင်ထားတော့"
***