← Chapters

ရှဲ့ဟေးရန်၏ ပူပန်သောက

Vol. 69 Ch. 951

ရှဲ့ဟေးရန်၏ ပူပန်သောက

Vol. 69 Ch. 951

ဝမ်ပေါင်လဲ့မှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လက်ရိုက်တံတစ်ချောင်း တရိုတသေ ဆက်သနေသည့် လူငယ်လေးကို စိုက်ကြည့်နေရင်း မျက်လုံးများ မှေးသွား၏။ ထို့နောက် သူ၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပသွားသည်။

ထိုအခိုက်အတန့်တွင် အတိတ်မှ ဖြစ်ရပ်တစ်ခုမှာ သူ၏ အတွေးထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။

" ကြယ်‌သန္ဓေတာအိုများလား " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ ထို့နောက် သူသည် ထိုဖြစ်ရပ်အား ပြန်လည်မှတ်မိသွားရသည့် အကြောင်းရင်းအား နားလည်သွားသည်။ သေသေချာချာ တွေးကြည့်လိုက်မည်ဆိုပါက သူ၏ရှေ့တွင် ရှိနေသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ကျယ်ပြန့်တာအိုနန်းတော်မှ ညနတ်ဆိုးဧကရာဇ်ကြီး၏ ဇနီးဖြစ်သူနှင့် အလွန်အင်မတန်မှ ဆင်တူနေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့တစ်ယောက် သူမအား‌ ငေးကြည့်နေစဉ်မှာပင် သူတို့ဆယ်ယောက်၏ လက်ထဲမှ လက်ရိုက်တံများမှာ ဝင်းလက်တောက်ပလာကြ၏။ တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများ စတင် ထွက်ပေါ်လာပြီ ဖြစ်သည်။ သို့ဖြစ်ရာ ဤ အရည်အချင်းစမ်းသပ်ပွဲကြီး ပြီးဆုံးသွားပြီဖြစ်သလို သူတို့ ဆယ်ယောက်မှာလည်း နောက်ဆုံး အထူး အခွင့်အရေးကြီးအား ရရှိနိုင်ရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။

သူတို့ ရယူပိုင်ဆိုင်နိုင်မည့် ဂြိုဟ်အမျိုးအစားများမှာ သူတို့၏ ကံကြမ္မာပေါ်တွင်သာ မူတည်နေမည်ဖြစ်သည်။

အခြားသူများမှာမူ လက်ရိုက်တံများ ရယူပိုင်ဆိုင်နိုင်ခဲ့ခြင်း မရှိပါသော်လည်း ကြယ်သုဿာန်ထဲ၌ အထူးအခွင့်အရေးကြီးအား ရရှိနိုင်ရန်မှာ မလွယ်ကူကြောင်း နားလည်ထားကြပြီးသား ဖြစ်သည်။ သူတို့မှာ ထို အခွင့်အရေးအား ခံစားခွင့်ရရှိနိုင်ရန် ဤနေရာ၌ လာရောက်ယှဉ်ပြိုင်ကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ အရည်အချင်းစမ်းသပ်ပွဲထဲ၌ ကျရှုံးသွားခဲ့လျှင်တောင် သူတို့၏ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိသားစုမျိုးနွယ်စုများဆီသို့ ပြန်ရောက်သွားချိန်တွင် အနိမ့်ဆုံး အင်မော်တယ်ဂြိုဟ်များကို လက်ခံရရှိသွားကြမည်သာ ဖြစ်သည်။

ထိုသို့ဖြင့် သူတို့အားလုံး လေထဲ၌ မျောလွင့်နေစဉ် တည်နေရာ ပြောင်းရွှေ့ခြင်းအလင်းရောင်များ ဝင်းလက်တောက်ပလာပြီး ကမ္ဘာကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။ ထို့နောက် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ထိုနေရာရှိ လူရိပ်များအားလုံးမှာလည်း တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

တစ်အောင့်ခန့်အကြာ သူတို့အားလုံး အမြင်အာရုံများ ပြန်လည် ကြည်လင်ပြတ်သားလာသည့် အချိန်တွင် သူတို့မှာ အရည်အချင်းစမ်းသပ်ပွဲထဲတွင် ရှိမနေတော့ဘဲ ကြယ်သုဿာန်အင်ပါယာမှ သူတို့အတွက် စီစဉ်ပေးထားသည့် စံအိမ်ကြီးထဲ၌ ပြန်လည် ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ အမှန်အတိုင်း ဆိုရင်လျှင် သူတို့မှာ သူတို့၏ ကိုယ်ပိုင်အခန်းများထဲသို့ ပြန်ရောက်နေကြ၏။

သို့ဖြစ်ရာ သူတို့မှာ လွန်ခဲ့သည့် ရည်အနည်းငယ်ခန့်တုန်းက သူတို့၏ အခန်းများထဲ၌ အရည်အချင်းစမ်းသပ်ပွဲအား စောင့်ဆိုင်းနေခဲ့စဉ်တုန်းက အတိုင်းပင်။ မည်သည့်အရာမှ ပြောင်းလဲသွားခဲ့ခြင်း မရှိပေ။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာလည်း အိပ်မက်တစ်ခုကဲ့သို့ပင်။

ဝမ်ပေါင်လဲ့မှာလည်း မှင်တက်နေရပြီ ဖြစ်သည်။ သူသည် သူ၏လက်ထဲမှ လက်ရိုက်တံအား ငုံ့ကြည့်လိုက်ပြီးနောက် သူ၏ ဘေးပတ်ပတ်လည် အခန်းထဲရှိ သူ မြင်ဖူးနေသည့် အရာများအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူ၏ သိုလှောင်အိတ်အား ကြည့်လိုက်သည်။ သူသည် ထို သိုလှောင်အိတ်ထဲရှိ သလင်းကျောက်နီ အရေအတွက် လျော့ကျသွားခြင်းမရှိကြောင်း သိလိုက်ရသောအခါမှသာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။

တစ်ချိန်ထဲမှာပင် အရည်အချင်းစမ်းသပ်ပွဲ တစ်ခုချင်းတိုင်းစီ၏ အစ၌ ပေါ်ပေါက်လာတတ်သည့် လူပုံစံစက္ကူရုပ်ကြီး၏ စကားသံမှာလည်း လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

" ကြယ်လမ်းညွှန် လက်ရိုက်တံကို ရယူနိုင်ခဲ့တဲ့ ပြင်ပနယ်မြေထဲက မိတ်ဆွေလေးဆယ်ယောက်ကို ဂုဏ်ပြုပါတယ်။ မင်းတို့တွေ ပြင်ဆင်ချိန် ခုနစ်ရက်ရမယ်။ ခုနစ်ရက်နေရင် ကြယ်သုဿာန်အင်ပါယာက မိုးကောင်းကင်ပူဇော်ပွဲကို ကျင်းပမှာဖြစ်တယ်။ အဲဒီအချိန်ရောက်ရင် မင်းတို့တွေက မိုးကောင်းကင်စည်ကြီးကို တီးခတ်ပြီးတော့ ကြယ်တွေကို ဆင့်ခေါ်ရမှာ "

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွားပြီး နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာ၏။ ထိုခုနစ်ရက်အတွင်းတွင် အရာရာတိုင်းသာ အဆင်ပြေ ချောမွေ့နေမည်ဆိုပါက သူသည် ဂြိုဟ်အဆင့်သို့ သေချာပေါက် တက်လှမ်းနိုင်သွားမည်သာ ဖြစ်သည်။

" ငါ့ရမယ့် ဂြိုဟ်က ဘယ်အဆင့်မှာများ ရှိနေမလဲမသိဘူး " ဝမ်ပေါင်လဲ့မှာ မျှော်လင့်တကြီး ဖြစ်နေ၏။ သူသည် အနိမ့်ဆုံး အင်မော်တယ်ဂြိုဟ်တစ်လုံး ရရှိနိုင်ရန် ရည်ရွယ်ထားသည်။ အထူးဂြိုဟ်တစ်လုံး ရရှိနိုင်ပါက ပို၍ပင် ကောင်းပေသည်။

" အစွမ်းကုန်ကြိုးစားရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ သန္နိဋ္ဌာန်ချကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများမှိတ်၍ တရားထိုင်နေလိုက်တော့သည်။

သူသည် နောက်ထပ် ခုနစ်ရက်တိတိ အပြင်သို့မထွက်ရန် ဆုံးဖြတ်ထား၏။ ထိုခုနစ်ရက်အတွင်းတွင် သူသည် အရာအားလုံးကို အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားမည် ဖြစ်သည်။

ထိုအချိန်တွင် ကြယ်သုဿာန်အပြင်ဘက်ရှိ အဆုံးမဲ့တာအိုနယ်မြေ၏ အဆုံးအစမရှိလောက်အောင် ကျယ်ပြောနေသော စကြဝဠာကြီးထဲတွင် သံမဏိဂြိုဟ်ကြီးတစ်လုံးမှာ အလွန်အင်မတန်မှ အားကောင်းသည့် ဖိအားများကို ထုတ်လွှတ်နေရင်း စကြဝဠာကြီးအား တရွှီးရွှီးမြည်အောင် ထိုးခွင်းလာနေ၏။

ထို သံမဏိဂြိုဟ်ကြီးပေါ်တွင် ကျင့်ကြံသူ အမြောက်အမြား ရှိနေပြီး သူတို့အားလုံးမှာ အလုပ်ကိုယ်စီ ရှုပ်နေကြသည်။ ထို ဂြိုဟ်ကြီးထဲမှ သားရဲကြီးများ၏ အော်ဟစ်မြည်တမ်းသံများ မကြာခဏဆိုသလို ထွက်ပေါ်လာနေသည်ကိုလည်း ကြားနိုင်ပေသည်။ အကယ်၍ ခပ်လှမ်းလှမ်းမှ လှမ်းကြည့်လိုက်မည်ဆိုပါက ထို သံမဏိဂြိုဟ်ကြီးမှာ ဧရာမ ပေါင်းအိုးကြီးတစ်လုံးနှင့် တူနေ၏။

ကျင့်ကြံသူများမှာမူ အင်ဂျင်နီယာများကဲ့သို့ ထို သံမဏိဂြိုဟ်ကြီး၏ လည်ပတ်မှုအား ထိန်းချုပ်ပေးနေကြသည်။ တစ်ချိန်ထဲမှာပင် ထို ဂြိုဟ်ကြီးထဲမှ ထွက်ပေါ်လာနေသည့် တအုန်းအုန်းမြည်သံများနှင့် သားရဲကြီးများ အော်ဟစ်သံများမှာလည်း ရပ်တန့်သွားခြင်းမရှိပေ။

စကြဝဠာကြီးထဲ၌ ပျံသန်းနေကြသည့် ကျင့်ကြံသူများအားလုံးမှာ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေစေကာမူ ထိုဂြိုဟ်ကြီးအား မြင်လိုက်ရသည်နှင့် အမူအရာများ ပြောင်းလဲသွားကြပြီး ခေါင်းများငုံ့ကာ ၎င်းအား ရှောင်တိမ်းနိုင်ရန် ကြိုးစားလိုက်ကြသည်သာ ဖြစ်သည်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူများပင်လျှင် မောက်မာဝင့်ကြွားရဲကြခြင်း မရှိပေ။

အဘယ်ကြောင့်ဆိုသော ထို သံမဏိဂြိုဟ်ကြီးမှာ အနိမ့်ဆုံး ထာဝရကြယ်အဆင့်တွင် ရှိနေသည့် ရှဲ့မိသားစုဝင်များသာလျှင် ပိုင်ဆိုင်ခွင့်ရှိသော အထူးယာဉ်တစ်စင်း ဖြစ်နေသောကြောင့်ပင်။

ရှဲ့မိသားစုမှာ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့် မိသားစုတစ်ခုဖြစ်ရာ နေရာအနှံ့အပြားတွင် ဩဇာအာဏာ ကြီးမားရုံသာမက သူတို့၏ ကိုယ်ပိုင်လုပ်ငန်းများကိုပါ ပိုင်ဆိုင်ထားကြ၏။ သူတို့မှာ အခြားသူများဆီမှ ကုန်ပစ္စည်းများ ဝယ်ယူလေ့ရှိသလို သူတို့ကိုယ်တိုင်လည်း ထုတ်လုပ်ရောင်းချနိုင်စွမ်း ရှိပေသည်။ ဤ သံမဏိဂြိုဟ်ကြီးအား ဧရာမ စက်ရုံကြီးတစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရသည်။ ထို ဂြိုဟ်ကြီးထဲ၌ ဓမ္မလက်နက်များကို အချိန်တိုင်း ဖန်တီးထုတ်လုပ်နေကြသည်သာ ဖြစ်သည်။

ယခုတွင် ထို သံမဏိဂြိုဟ်ကြီးထဲ၌ ဆံပင်များ ဖွာလန်ကြဲကာ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသည့် သက်လတ်ပိုင်း လူကြီးတစ်ယောက်မှာ ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ထားရင်း အဆက်မပြတ် အော်ဟစ်နေ၏။

" မီးဖိုနံပါတ်သုံးက ကောင်တွေ။ မင်းတို့တွေ ထမင်းမစားထားဘူးလား။ အားအကုန်ထုတ်ကြလေကွာ "

" အရည်ကျိုစက်နံပါတ်ကိုးက ကောင်တွေ။ မင်း၊ မင်း၊ မင်း၊ မင်းတို့တွေ အကုန်လုံး တစ်ကောင်မှ သုံးစားလို့ကိုမရဘူး။ အခုချက်ချင်း စက်ပိတ်လိုက်တော့ "

" ‌ရွှေကျောက်တုံးတွေကိုလည်း လုံလုံလောက်လောက် စုထားပါလို့ ငါ မင်းတို့ကို အစကတည်းက မပြောခဲ့ဘူးလား။ အသုံးမကျလိုက်တဲ့ ကောင်တွေ "

ထို သက်လတ်ပိုင်းလူကြီးမှာ မျက်ဝန်းများ နီမြန်းနေပြီး ဣန္ဒြေပင် မဆည်နိုင်တော့ဘဲ အမိန့်များ ဆက်တိုက်ပေးကာ သံမဏိဂြိုဟ်ကြီးတစ်ခုလုံးအား မရပ်မနား မောင်းနှင်နေသဖြင့် ၎င်းဆီမှ ထစ်ချုန်းသံများ အဆက်မပြတ် ပေါ်ထွက်လာနေတော့သည်။

သူ၏ရှေ့တွင်မူ လူငယ်လေးတယောက်မှာ ပင်ပန်းနွမ်းလျနေသည့် အမူအရာဖြင့် ထိုင်နေ၏။ သူသည် ခိုကိုးရာမဲ့နေသည့် မျက်ဝန်းများဖြင့် ထို သက်လတ်ပိုင်းလူကြီးအား စိုက်ကြည့်နေသည်။ ထို့အပြင် သူသည် စကားပြောရန် အကြိမ်ကြိမ် ကြိုးစားခဲ့ပါသော်လည်း ထို သက်လတ်ပိုင်းလူကြီးမှာ သူ့အား လျစ်လျူရှုထားသည်သာ ဖြစ်သည်။

နောက်ဆုံးတွင် ထို လူငယ်လေးမှာ နဖူးပေါ်တွင် သွေးကြောကြီးများ ထောင်လာပြီး ဆက်လက်သည်းခံနိုင်စွမ်း မရှိတော့သည့်ပုံပင်။ သူသည် ရုတ်တရက်ဆိုသလို ခုန်ထလာပြီး ထို သက်လတ်ပိုင်းလူကြီး၏ ဘေးသို့ ပြေးသွားလိုက်၏။ ထို့နောက် သူသည် ထိုလူကြီး၏ လက်ထဲမှ ကျောက်စိမ်းပေလွှာကို လှမ်းယူကာ အောက်သို့ ပစ်ချလိုက်ပြီးနောက် အသံကုန် အော်ဟစ်လိုက်တော့သည်။

" အဘိုးကြီးရှဲ့။ ကျွန်တော် ပြောမယ့် စကားကို ခဏလောက်ပဲ နားထောင်ပေးလို့ မရဘူးလား "

" ကောင်စုတ်လေး။ ငါက မင်း အဖေလေ။ အဲတာကို ဘာကိစ္စ ငါ့ကို အဘိုးကြီးလို့ ခေါ်နေရတာလဲကွ " ထို သက်လတ်ပိုင်းလူကြီးမှာ ထို လူငယ်လေးအား စိန်စိန်ဝါးဝါး စိုက်ကြည့်ကာ မေးလိုက်၏။

" ကျွန်တော် ပြောမယ့် စကားကို ခဏလောက်လေးပဲ နားထောင်မယ်ဆိုရင် အစ်ကိုကြီးလို့ ခေါ်ခိုင်းလည်း ခေါ်ပေးပါ့မယ်ဗျာ... " ထို လူငယ်လေးမှာ သက်ပြင်းအရှည်ကြီးချကာ ဆိုလိုက်၏။ ထို့နောက် သူသည် သက်လတ်ပိုင်းလူကြီး၏ မျက်ဝန်းများထဲရှိ မကျေမနပ်ဖြစ်နေသည့် အရိပ်အယောင်များကို သတိထားမိလိုက်သဖြင့် ချက်ချင်းပြန်ပြောလိုက်၏။

" အဖေ။ ချန်ရှင်းက လွတ်လာတော့မှာ။ အဲတာကို ဘာလို့ အဖေက အခုလို စိတ်လွတ်လက်လွတ် နေနေရတာလဲဗျ။ ချန်ရှင်းလို စိတ်မျိုးနဲ့ဆို သူက လွတ်လာတာနဲ့ အဖေ့ဆီ တန်းရောက်လာမှာ။ အဲဒီအချိန်ကျရင် ခေါင်းဆောင်ကြီးက အဖေ့အတွက်နဲ့ ချန်ရှင်းကို ရင်ဆိုင်ပေးမှာ မဟုတ်ဘူးနော်... "

" ဒီလို အခြေအနေမျိုး ရောက်နေတာတောင် အဖေက အဆောင်ပစ္စည်းတွေ ဖန်တီးသန့်စင်နေရသေးတယ်လို့ဗျာ... "

ထို လူငယ်လေးမှာ ရှဲ့ဟေးရန်ဖြစ်ပြီး သက်လတ်ပိုင်းလူကြီးမှာမူ သူ၏ ဖခင် ဖြစ်ပေသည်။

ရှဲ့ဟေးရန်၏ စိုးရိမ်စကားများကို ကြားလိုက်ရသောအခါ ထို သက်လတ်ပိုင်းလူကြီးမှာ မျက်ခုံးပင့်ကာ ဆိုလိုက်၏။

" တွေးကြောက်နေလို့ ဘာအကျိုးရှိမှာလဲ။ ပြီးတော့ အခု မင်းက ငါ့ကိုယ်စား စိတ်ပူပေးနေတာ မဟုတ်ဘူးလား။ တစ်ယောက်ဆို ရပြီပေါ့။ ဘာပဲ ဖြစ်ဖြစ်ပါ။ မင်းအဖေရဲ့ အသက်က မင်းလက်ထဲမှာပဲ။ မင်း အစွမ်းအစရှိရင် ဖြေရှင်းပေးလိုက်။ အေး မရှိရင်လည်း ငါက နောက်ဆက်တွဲအကျိုးဆက်ကို လက်ခံဖို့အဆင်သင့်ပဲ " သက်လတ်ပိုင်းလူကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ရှဲ့ဟေးရန် အောက်သို့ ပစ်ချလိုက်သည် ကျောက်စိမ်းပေလွှာအား လှမ်းကောက်လိုက်၏။ ထို့နောက် သူ အမိန့်များ ထပ်ပေးရန် ပြင်နေစဉ်မှာပင် ရှဲ့ဟေးရန်မှာ စိတ်သောကရောက်နေသည့် လေသံဖြင့် ထပ်ဆိုလိုက်ပြန်သည်။

" အဘိုးကြီးရှဲ့။ ခဗျားက ကျွန်တော့် အဖေလေဗျာ။ ကျွန်တော်က ခဗျားရဲ့ အဖေမှ မဟုတ်ဘဲ။ ဘာကိစ္စ ကျွန်တော့်ကိုပဲ အမြဲတမ်း အားကိုးနေရတာလဲ။ ကျွန်တော်တို့တွေ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်နေပြီနော် "

" ငါ ဘာလုပ်ပေးရဦးမှာလဲကွ။ မင်း မဖြေရှင်းနိုင်ဘူးဆိုရင်လည်း မြန်မြန် လစ်တော့ကွာ။ ဒီမှာရှိနေတာ မျက်စိနောက်တယ်။ ငါ အဆောင်ပစ္စည်း‌တွေ အများကြီး သန့်စင်ပြီးတော့ ‌ခြေကုန်လက်ပန်းကျနေခဲ့တဲ့ အချိန်တုန်းက မင်းရဲ့အမေသာ ငါ့ကို အခွင့်ကောင်းမယူခဲ့ဘူးဆိုရင် အခုချိန် ငါ လူပျိုဘဝနဲ့ အေးအေးဆေးဆေး နှပ်နေရုံပဲ " ထို သက်လတ်ပိုင်းလူကြီးမှာ စိတ်မရှည်တော့သည့် လေသံဖြင့် ရှဲ့ဟေးရန်အား စိုက်ကြည့်ကာ အော်ပြောလိုက်၏။

" ခ...ခ... ခဗျားကြီးနော်... " ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာလုမတတ် ဖြစ်သွားရ၏။ ထို့ကြောင့် သူသည် သူ၏အင်္ကျီလက်အား ဝှေ့ယမ်းကာ နောက်သို့လှည့်၍ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။

သက်လတ်ပိုင်းလူကြီးမှာမူ ရှဲ့ဟေးရန်၏ နောက်ကျောအား လှမ်းကြည့်နေရင်း မျက်ဝန်းများထဲ၌ နူးညံ့သိမ်‌မွေ့မှု အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ သူသည် စိတ်ထဲတွေကျိတ်၍ သက်ပြင်းချနေသည့်ပုံပင်။ သို့သော် သူ သူ၏ မျက်ဝန်းထဲရှိ နူးညံ့သိမ်မွေ့မှု အရိပ်အယောင်များကို ကွယ်ဝှက်နိုင်စွမ်း မရှိခင်မှာပင် ရှဲ့ဟေးရန်မှာ ရုတ်တရက်ဆိုသလို နောက်သို့လှည့်လာ၏။ ထို့ကြောင့် ထို သားအဖနှစ်ယောက်မှာ အကြည့်ချင်းဆုံသွားတော့သည်။

" အဘိုးကြီးရှဲ့ ဂရုစိုက်ဗျာ "

" မြန်မြန် လစ်တော့ကွာ "

ရှဲ့ဟေးရန်မှာ ထိုသို့ နှုတ်ဆက်စကား ဆိုလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူလိုက်၏။ ယခုအကြိမ်တွင်မူ သူသည် နောက်သို့ ပြန်မလှည့်တော့ဘဲ သံမဏိဂြိုဟ်ကြီး၏ ပင်မထိန်းချုပ်ခန်းထဲမှ ထွက်ခွာလာသည်။ သူသည် အပြင်ဘက်သို့ ရောက်လာသောအခါ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် အသံလွှင့်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ သူ၏ စိတ်ခံစားချက်များကို တည်ငြိမ်အောင် ထိန်းသိမ်းလိုက်သည်။ ထို့အပြင် သူသည် ပူပန်သောက ရောက်နေရပါသော်လည်း တည်ကြည်မှု အပြည့်ရှိကာ စိတ်ဓာတ်ပြတ်သားသည့် လေသံ ပေါက်‌နေအောင် တစ်ယောက်တည်း အကြိမ်ကြိမ် စကားစမ်းပြောကြည့်လိုက်သေးသည်။ နောက်ဆုံးတွင် သူသည် အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့လိုက်တော့သည်။

" မီးတောက်ခေါင်းဆောင်ကြီးခဗျား... ကျွန်တော် ရှဲ့ဟေးရန်ပါ "

" အဲ... အခုလို နှောင့်ယှက်ရတဲ့အတွက် စိတ်မရှိပါနဲ့။ ကျွန်တော် ဟိုအရင်တစ်ခေါက်က လူကြီးမင်းကို တောင်းဆိုထားတာလေး စဉ်းစားပြီးသွားပြီလားဗျ "

" လူကြီးမင်း လိုချင်တာရှိရင် ပြောသာပြောပါ။ ကျွန်တော် အစွမ်းအစရှိသလောက် ကြိုးစားပေးဖို့ ကတိပေးပါတယ် "

ရှဲ့ဟေးရန်မှာ ထိုသို့ဆိုလိုက်ပြီးနောက် အသံလွှင့် ကျောက်စိမ်းပေလွှာအား လက်ထဲတွင်ကိုင်ရင်း ရင်တမမနှင့် စောင့်ဆိုင်းနေလိုက်၏။ သူသည် အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်အထိ စောင့်ဆိုင်းပြီးသွားသောအခါ သူ၏ စိုးရိမ်စိတ်များကို ချုပ်တည်းနိုင်စွမ်းမရှိတော့သဖြင့် မေးခွန်းများ ထပ်မေးရန် ပြင်နေပြီ ဖြစ်သည်။ သို့သော် ထိုအချိန်တွင် သူ၏ အသံလွှင့် ကျောက်စိမ်းပေလွှာမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားပြီး မီးတောက်ခေါင်းဆောင်ကြီး၏ ပျင်းရိပျင်းတွဲ စကားသံကြီး ထွက်ပေါ်လာတော့သည်။

" ရှဲ့လေး။ ငါက ကူညီပေးချင်ပေမယ့် ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာကွ။ မင်းသိတဲ့အတိုင်း ချန်ရှင်းက တဇောက်ကန်းသမားလေ "

ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အားအင်များ ကုန်ခန်းသွားသလို ခံစားလိုက်ရပြီး မျက်ဝန်းများ အရောင်မှိန်သွားရ၏။ သူ စဉ်းစားမိသမျှ လူများထဲတွင် မီးတောက်ခေါင်းဆောင်ကြီးမှာ ချန်ရှင်းအား အဆက်အသွယ် လုပ်နိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ သို့ဖြစ်ရာ ထို ပုဂ္ဂိုလ်ကြီး၏ အကြောင်းပြန်စာကြောင့် သူ၏ နှလုံးသားတစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်သွားသည့်အလား ခံစားလိုက်ရ၏။ သို့သော် သူ ထိုကဲ့သို့ မှိုင်တွေငေးငိုင်နေစဉ်မှာပင် မီးတောက်ခေါင်းဆောင်ကြီး၏ စကားသံမှာ အသံလွှင့် ကျောက်စိမ်းပေလွှာထဲမှ ထပ်၍ ထွက်ပေါ်လာပြန်သည်။

" ဒါပေမဲ့... "

All Chapters