← Chapters

အရေးကြီးပုဂ္ဂိုလ်

Vol. 69 Ch. 952

အရေးကြီးပုဂ္ဂိုလ်

Vol. 69 Ch. 952

အချိန်အများစုတွင် " ဒါပေမဲ့ " ဆိုသည့် စကားလုံးမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိပေသည်။ ရှဲ့ဟေးရန်အတွက်လည်း ထိုနည်းတူပင်။ ထို့ကြောင့် သူသည် ရုတ်တရက်ဆိုသလို မျက်ဝန်းများ အရောင်တောက်ပသွားရတော့သည်။

" လူကြီးမင်း၊ ကျေးဇူးပြုပြီး ဆက်ပြောပါ "

" ရှဲ့လေး။ ငါကိုယ်တိုင် မကူညီပေးနိုင်တာ မှန်ပေမဲ့ ငါ့ဆီမှာ တပည့်တစ်ယောက် ရှိတယ်ကွ။ သူက ချန်ရှင်းနဲ့ တော်တော်လေးကို ရင်းနှီးတယ်။ မင်းသာ သူ့ကို သိမ်းသွင်းနိုင်မယ်ဆိုရင်... သူ့ဘက်က စကားတစ်ခွန်းနှစ်ခွန်းလောက် ပြောလိုက်ရုံနဲ့ မင်းရဲ့ ပြဿနာတွေအကုန်လုံး ပြေလည်သွားမှာ "

ရှဲ့ဟေးရန်မှာ ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး အသက်ရှူသံများ မြန်ဆန်လာ၏။ သူသည် သူ့ကိုယ်သူ စိတ်တည်ငြိမ်အောင်ပင် မထားနိုင်တော့ဘဲ အသံလွှင့်ကျောက်စိမ်းပေလွှာအား လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ အလောတကြီး ဆိုလိုက်မိတော့သည်။

" လူကြီးမင်းခဗျား။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို အဲဒီ ကြီးမြတ်လှတဲ့ တာအိုရောင်းရင်းနဲ့ မိတ်ဆက်ပေးပါ။ ကျွန်တော့်ဘက်က ဘာပဲ ပေးရပေးရ သဘောတူဖို့ အဆင်သင့်ပါပဲ "

" ကြီးမြတ်လှတဲ့ တာအိုရောင်းရင်း... " မီးတောက်ခေါင်းဆောင်ကြီး၏ လေသံမှာ အနည်းငယ် ထူးဆန်းနေ၏။ အကယ်၍ အခြားတစ်ချိန်ချိန်တွင်သာ ဆိုပါက ရှဲ့ဟေးရန်မှာ ထိုအချက်အား ချက်ချင်းသတိထားမိသွားမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် စိုးရိမ်ပူပန်နေရသဖြင့် သတိမထားမိနိုင်ဘဲ ဖြစ်နေရ၏။

" ရှဲ့လေး...။ ငါ့ရဲ့ တပည့်က နည်းနည်းလေးတော့ မာနကြီးပြီး မောက်မာဝင့်ကြွားတယ်ကွ။ သူက သူစိမ်းတွေဆို လွယ်လွယ်နဲ့ အတွေ့ခံတာမဟုတ်ဘူး။ အဲတာမလို့ မင်း သူ့ဆီက အကူအညီလိုချင်ရင် ငွေပေးရုံနဲ့ မရလောက်ဘူး။ သူက လောကီစည်းစိမ်‌တွေကို သိပ်ပြီးတော့ အလေးထားတာ မဟုတ်ဘူးလေ "

" မောက်မာဝင့်ကြွားတယ် ဟုတ်လား " ထိုအခါ ရှဲ့ဟေးရန်မှာ မှင်တက်သွားရ၏။ သူ မီးတောက်ခေါင်းဆောင်ကြီး၏ စကားများကို ကြားလိုက်ရစဉ်တုန်းက မည်သည့်အကြောင်းကြောင့်မှန်းမသိ ဖက်တီးလေးတစ်ယောက်မှာ သူ၏ အတွေးထဲ၌ အရင်ဆုံးပေါ်ပေါက်လာသည်။ သို့သော် သူသည် ထို ပုဂ္ဂိုလ်မှာ ‌မောက်မာဝင့်ကြွားသည်ဟု ကြားသိလိုက်ရသောအခါ ထို ဖက်တီးလေး၏ ပုံရိပ်အား ချက်ချင်း မေ့ပျောက်ထားလိုက်ရသည်။

သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ မာနကြီးကာ မောက်မာဝင့်ကြွားသည်ဆိုသည့် စကားလုံးများနှင့် ကိုက်ညီမှု လုံးဝမရှိပေ။ သူသည် ကြယ်နယ်မြေအဆင့် အစွမ်းထက်ကျင့်ကြံသူများပင်လျှင် ဩချရလောက်သည့်အထိ မျက်နှာပြောင်ကာ အရေထူသော လူတစ်ယောက်သာ ဖြစ်ပေသည်။ သို့သော် ရှဲ့ဟေးရန်မှာ ထိုကဲ့သို့ တွေးမိနေသည့်တိုင်အောင် မေးမြန်းကြည့်လိုက်ဆဲပင်။

" လူကြီးမင်း။ လူကြီးမင်းက ဝမ်ပေါင်လဲ့အကြောင်း ပြောနေတာလား "

" အဲဒီကောင်လေးက ငါ့ရဲ့တပည့် မဖြစ်သေးဘူးကွ " မီးတောက်ခေါင်းဆောင်ကြီးမှာမူ ပြုံးကာ ပြန်ဖြေလိုက်သည်။ အပေါ်ယံတွင် သူသည် ငြင်းဆိုလိုက်သည့်ပုံ ပေါက်နေပါသော်လည်း အကယ်၍ ရှဲ့ဟေးရန်သာ အမှန်အတိုင်း သိထားမည်ဆိုပါက သူ၏ အဖြေမှာ အခြားအဓိပ္ပါယ်တစ်ခုအား ဆိုလိုနေခြင်းသာဖြစ်ကြောင်း သဘောပေါက်သွားမည် ဖြစ်သည်။

သူသည် ရှဲ့ဟေးရန်၏ မေးခွန်းအား ငြင်းဆိုခဲ့ခြင်း မရှိဘဲ အချက်တစ်ချက်ကိုသာ ထုတ်ပြောလိုက်သည် မဟုတ်ပါလော။

သို့သော် ရှဲ့ဟေးရန်မှာ ဖြစ်ကြောင်းကုန်စင်အား မသိထားသောကြောင့် သဘောမပေါက်ပေ။ ထို့ကြောင့် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ စကားများကို ကြားလိုက်ရသောအခါ သူ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း မှတ်ယူလိုက်၏။ ထို ပုဂ္ဂိုလ်မှာ ထို ဖက်တီးလေး မဖြစ်နိုင်ပေ။

ပထမဦးဆုံးအနေနှင့် သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ တပည့် မဟုတ်ပေ။ ဒုတိယအချက်အနေနှင့် သူ၏ အကျင့်စရိုက်မှာ မောက်မာဝင့်ကြွားမှာ မရှိပေ။ ထို့ကြောင့် သူသည် သက်ပြင်းချကာ မီးတောက်ခေါင်းဆောင်ကြီးအား အသနားခံ၍ အကူအညီ ဆက်တောင်းလိုက်၏။

သို့သော် နောက်ဆုံးတွင်မူ မီးတောက်ခေါင်းဆောင်ကြီးမှာ အကူအညီပေးရန် သဘောတူခဲ့ခြင်း မရှိဘဲ သူ့အား ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကြိုးစားရန်သာ ပြန်ပြောခဲ့သည်။

ထိုသို့ဖြင့် ထို အသံလွှင့်အကြောင်းကြားစာ အဆုံးသတ်သွားချိန်တွင် ရှဲ့ဟေးရန်မှာ အသံလွှင့်ကျောက်စိမ်းပေလွှာအား လက်ထဲတွင်ကိုင်ရင်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲနေပြီ ဖြစ်သည်။ သူသည် မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်ဆိုသူအား သိရှိအောင်လုပ်ကာ သူနှင့် ခင်မင်ရင်းနှီးမှုတည်ဆောက်နိုင်မည့် နည်းလမ်းများကို တစ်ခေါင်းလုံး ထူပူသွားအောင် စဉ်းစားတွေးတောနေလိုက်တော့သည်။

" မီးတောက်ခေါင်းဆောင်ကြီးရဲ့ ဟိုးအရင်တုန်းက တပည့်ဟောင်းတွေအကုန်လုံးက သေသွားပြီလို့ ငါကြားထားတယ်။ အခု သူ့ရဲ့ လ‌က်အောက်မှာ ရှိနေတဲ့ တပည့်သစ်တွေက နောက်ပိုင်းမှ တပည့်ဖြစ်လာကြတဲ့လူတွေ... ဟူး... ဘာသဲလွန်စမှလဲ မရှိပါလား " ရှဲ့ဟေးရန်မှာ ခေါင်းတကုတ်ကုတ် ဖြစ်နေရပါသော်လည်း လက်လျှော့ရန် အစီအစဉ်မရှိပေ။ မီးတောက်ခေါင်းဆောင်ကြီး၏ တပည့်ဆိုသူမှာ ချန်ရှင်းနှင့် ခင်မင်ရင်းနှီးသည့် ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမည်ဟု မှတ်ယူလိုက်၏။ ထို ပုဂ္ဂိုလ်မှာ သူ့အတွက် အကြီးမားဆုံး မျှော်လင့်ချက် ဖြစ်ပေသည်။

" ငါ အဲဒီ အရေးကြီးပုဂ္ဂိုလ်နဲ့ ဆုံတွေ့ခွင့်ရရင် သူနဲ့ သေချာပေါက် မိတ်ဆွေဖွဲ့နိုင်မှာပါ " ရှဲ့ဟေးရန်မှာ သူ့ကိုယ်သူ အပြည့်အဝယုံကြည်ထား၏။

" အဲတာမလို့ လောလောဆယ်မှာ အရေးကြီးဆုံးက အဲဒီ အရေးကြီးပုဂ္ဂိုလ်က ဘယ်သူလဲဆိုတာကို သိအောင်လုပ်ဖို့ပဲ "

ရှဲ့ဟေးရန်တစ်ယောက် ထိုကဲ့သို့ ဦးနှောက်အခြောက်ခံ၍ စဉ်းစားနေစဉ် သူ မိတ်ဆွေဖွဲ့ချင်နေသည့် ထို အရေးကြီးပုဂ္ဂိုလ်မှာ ဒွိဟများဖြစ်နေရပြီ ဖြစ်သည်။ သူသည် သူ၏ရှေ့တွင် ပေါ်ပေါက်လာသည့် လူပုံစံစက္ကူရုပ်ကြီးအား ကြံရာမရဖြစ်နေသည့် အမူအရာဖြင့် စိုက်ကြည့်နေ၏။

သူတို့အား အနားယူခွင့် ပေးထားသည့် ခုနစ်ရက်၏ ပထမဆုံး နေ့သို့ပင် မရောက်သေးဘဲ မိုး‌လင်းရန် နာရီအနည်းငယ်ခန့် လိုသေးသည်။ သို့သော်လည်း လူပုံစံစက္ကူရုပ်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသဖြင့် ဝမ်ပေါင်လဲ့၏ အစီအစဉ်များမှာ ပျက်ပြားသွားရ၏။

" ရဲ့တလု။ ငါ မင်းကို ကူညီပေးပြီးသွားပြီနော်။ အခု မင်းအလှည့်ပဲ "

" လူကြီးမင်း။ ကျွန်တော် မကူညီပေးချင်တာမဟုတ်ပါဘူး။ ဒီ အတောအတွင်းမှာ လူကြီးမင်း ကျွန်တော့်ကို အများကြီး အကူအညီပေးခဲ့တာ အမှန်ပါပဲ။ အဲတာမလို့ ကျွန်တော်ကလည်း ကျွန်တော်တို့ရဲ့ သဘောတူညီချက်ကို လိုက်နာရမှာပေါ့။ ဒါပေမဲ့ ကျွန်တော် တောင်းဆိုချင်တာလေး တစ်ခုရှိတယ် " ဝမ်ပေါင်လဲ့မှာ သတိကြီးကြီးထားကာ ဆိုလိုက်၏။ သူသည် လိမ်ညာနေခြင်း မဟုတ်ပေ။

" ကျွန်တော် ဂြိုဟ်အဆင့် ရောက်တဲ့အချိန်အထိ စောင့်ပြီးမှ လူကြီးမင်းကို ကူညီပေးလို့ရမလား။ အဲတာဆိုရင် အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းလည်း ပိုများလာမှာလေ " ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့်သို့ ရောက်ရှိသွားပါက တာအိုဂါ‌ထာတော်အား ပို၍ရွတ်ဖတ်နိုင်လိမ့်မည်ဟု ခံစားနေရ၏။ ထို့အပြင် သူသည် သူ့ကိုယ်သူ အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ဦးမည်လည်း ဖြစ်သည်။

ထိုအခါ လူပုံစံစက္ကူရုပ်ကြီးမှာ ခေါင်းယမ်းကာ ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်အား ငြင်းဆန်လိုက်၏။

" မင်း ဂြိုဟ်အဆင့်ကို တက်လှမ်းပြီးသွားရင် အပြင်ဘက်ကို ချက်ချင်းပြန်ရောက်သွားမှာ။ အချိန်မရှိဘူး... သွားကြစို့ " ၎င်းမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား စဉ်းစားခွင့်ပင် မပေးဘဲ ၎င်း၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အဖြူရောင်စက္ကူများမှာ လေထဲ၌ ဝဲပျံလာကာ ဝမ်ပေါင်လဲ့အား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွားပြီးနောက် ထို လူပုံစံစက္ကူရုပ်ကြီးနှင့်အတူ အခန်းထဲမှ ပျောက်ကွယ်သွားတော့သည်။

၎င်း ပြန်လည်ပေါ်ပေါက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ ဘေးပတ်ဝန်းကျင်အား မမြင်နိုင်ခင်မှာပင် စက္ကူပင်လယ်ကြီး၏ တမူထူးခြားသော လှိုင်းသံများကို ကြားလိုက်ရ၏။ ထို့နောက် သူ၏ အမြင်အာရုံ ပြန်လည် ကြည်လင်ပြတ်သားလာချိန်တွင် သူသည် သူ၏ရှေ့၌ အနက်ရောင် စက္ကူပင်လယ်ကြီးအား မြင်လိုက်ရတော့သည်။

ဝမ်ပေါင်လဲ့မှာ စက္ကူပင်လယ်ကြီးအား ငေးကြည့်နေရင်း အတွေးများ ယောက်ယက်ခတ်သွား၏။ သူသည် စိုးရိမ်တကြီး ဖြစ်နေရသလို ခိုကိုးရာမဲ့သလို ခံစားနေရပါသော်လည်း အခြားရွေးချယ်စရာ မရှိကြောင်း သိထားသည်။ သို့သော် သူသည် တာအိုဂါထာတော်အား အဆုံးအထိ ရွတ်ဖတ်လိုက်မည်ဆိုပါက လူပုံစံစက္ကူရုပ်ကြီး ပြောခဲ့သည့် ပြိုင်ဘက်ကင်း အသိစိတ် ပိုင်ရှင်ကြီး စကြဝဠာကြီး၏ အခြားတစ်ဖက်မှနေ၍ သူ့အား လက်ညှိုးလှမ်းထိုးလိုက်မည်ကို စိုးရိမ်နေသည်။

" အဲလိုကြီး မဖြစ်လောက်ပါဘူးလေ " ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ စိုးရိမ်စိတ်များဖြင့် ပြည့်နှက်နေရသဖြင့် သူ့ကိုယ်သူ အားပေးကာ ထို စိုးရိမ်စိတ်များကို ဖြေဖျောက်လိုက်ရသည်။

" မင်း ဘာလို့ အခုလို စိုးရိမ်တကြီး ဖြစ်နေရတာလဲကွ " လူပုံစံစက္ကူရုပ်ကြီးမှာမူ နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ မေးလိုက်သည်။ ၎င်းမှာ မျက်ဝန်းများ တလက်လက် တောက်ပနေသဖြင့် အကယ်၍ သူသာ ဝမ်ပေါင်လဲ့၏ အဖြေအား စိတ်ကျေနပ်မှုမရှိပါက သူ့အား ရန်ပြုမည့်ပုံစံ ပေါက်နေတော့သည်။

၎င်းမှာ လူပုံစံစက္ကူရုပ်တစ်ရုပ်သာ ဖြစ်ရာ ထိုကဲ့သို့ ရန်ပြုလိုသည့်ပုံစံ ပေါက်နေစရာအကြောင်း မရှိပေ။ သို့သော် ဝမ်ပေါင်လဲ့မှာမူ ထိုကဲ့သို့ ခံစားနေရဆဲပင်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ တည်ကြည်စွာဆိုလိုက်၏။

" အမှန်အတိုင်းပြောရရင် အဲဒီ ပုဂ္ဂိုလ်ကြီးက ကျွန်တော့်ရဲ့ အကြီးအကဲတစ်ယောက်ပါ။ အခု သူက အိပ်မောကျနေတာမလို့ အခုလို သူ့ကို ခဏခဏ နှောင့်ယှက်မိသွားမယ်ဆိုရင် သူ မကျေမနပ်ဖြစ်သွားမှာ စိုးရိမ်လို့ပါ "

" မင်းနဲ့ အဲဒီ အကြီးအကဲကြီးရဲ့ ကြားက ဆက်ဆံရေးက ဘာလဲ " လူပုံစံစက္ကူရုပ်ကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ ထပ် မေးလိုက်ပြန်သည်။

" သူက ကျွန်တော့် ယောက္ခမကြီးပါ " ဝမ်ပေါင်လဲ့မှာလည်း တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

လူပုံစံစက္ကူရုပ်ကြီးမှာမူ နှုတ်ဆိတ်သွားပြီး ဝမ်ပေါင်လဲ့အား လျစ်လျူရှုလိုက်၏။ ထို့နောက် ၎င်းမှာ ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့၏ လက်ကောက်ဝတ်အား လှမ်းဆွဲလိုက်သည်။ ဝမ်ပေါင်လဲ့တစ်ယောက် မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားစဉ်မှာပင် ၎င်းမှာ သူ့အား အနက်ရောင် စက္ကူပင်လယ်ကြီးထဲသို့ ခေါ်သွားတော့သည်။

သူတို့ အနက်ရောင် စက္ကူပင်လယ်ကြီးထဲသို့ ရောက်သွားသည်နှင့် ပင်လယ်ကြီးထဲမှ အနက်ရောင်ချီ အမြောက်အမြားမှာ သူတို့ဆီတို့ ဦးတည်ပျံ့လွင့်လာကြ၏။ သို့သော် ထူးဆန်သည်မှာ ၎င်းတို့ သူတို့နှစ်ယောက်၏ အနီးသို့ရောက်လာသည်နှင့် လူပုံစံစက္ကူရုပ်ကြီး၏ ခန္ဓာကိုယ်မှာ အလင်းရောင်စက်ဝန်းတစ်မျိုးကို ထုတ်လွှတ်လိုက်သဖြင့် ၎င်းမှာ ပြင်ပကမ္ဘာကြီးနှင့်တသီးတခြားစီ ဖြစ်သွားရသည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အနည်းငယ်ခန့် စိတ်သက်သာရာ ရသွား၏။ သူ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် လူပုံစံစက္ကူရုပ်ကြီးမှာ သူ၏လက်အား ဆွဲကာ သူ့အား အနက်ရောင် စက္ကူပင်လယ်ကြီး၏ အောက်ပိုင်းသို့ ခေါ်သွားနေပြီဖြစ်သည်။

သူတို့ အောက်ပိုင်းသို့ ပိုရောက်လာလေလေ အနက်ရောင် စက္ကူပင်လယ်ကြီးထဲ၌ အနက်ရောင်ချီများ ပို၍စုဝေးလာလေလေ ဖြစ်နေ၏။ လူပုံစံစက္ကူရုပ်ကြီးဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာ မှော်ဆန်လောက်အောင် အစွမ်းထက်သည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ထို အလင်းစက်ဝန်းကြီး သူ၏ရှေ့၌ အနက်ရောင် စက္ကူများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားနေသည်ကို မြင်လိုက်ရသဖြင့် ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။

ကံကောင်းစွာဖြင့် ထို အလင်းရောင်စက်ဝန်းကြီး တစ်ခုလုံး အနက်ရောင်စက္ကူများအဖြစ် ပြောင်းလဲသွားချိန်တွင် လူပုံစံစက္ကူရုပ်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ထို အလင်းရောင်စက်ဝန်းကြီးမှာလည်း ချက်ချင်းဆိုသလိုပင် တစ်စစီကြေမွသွား၏။ ထို့နောက် နောက်ထပ် အလင်းရောင်စက်ဝန်းတစ်ခု ပေါ်ပေါက်လာသည်။ သို့သော် လူပုံစံစက္ကူရုပ်ကြီး၏ ခန္ဓာကိုယ်မှာမူ အနည်းငယ်ခန့် ပိန်ကျသွားသည့်ပုံပင်။

ထိုသို့ဖြင့် လူပုံစံစက္ကူရုပ်ကြီးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးခွင်းသွားနေရင်း ဝမ်ပေါင်လဲ့အား အနက်ရောင် စက္ကူပင်လယ်ကြီး၏ အောက်ပိုင်းသို့ ဖြည်းဖြည်းချင်း ခေါ်ဆောင်သွားတော့သည်။ သူတို့နှစ်ယောက် ပင်လယ်ကြီး၏ အောက်ခြေသို့ ရောက်ခါနီးတွင် ထို လူပုံစံစက္ကူရုပ်ကြီး၏ ပတ်ပတ်လည်၌ ပေါ်ပေါက်လာခဲ့သည့် နဝမမြောက် အလင်းရောင်စက်ဝန်းကြီးမှာ အနက်ရောင်စက္ကူများအဖြစ် ပြောင်းလဲသွားပြီး ဒဿမမြောက် အလင်းရောင်စက်ဝန်းကြီး ပေါ်ပေါက်လာပြီ ဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်မှာလည်း တစ်ဝက်တိတိ ပိန်ကျသွားပြီဖြစ်သည်။ ထိုအချိန်တွင် သူတို့မှာ အနက်ရောင် စက္ကူပင်လယ်ကြီး၏ အောက်ဆုံးသို့ ရောက်ရှိလာတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးသွားရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ပင်လယ်ကြီး၏ အောက်ခြေရှိ အနက်ရောင်စက္ကူရွက်ပေါင်း မြောက်မြားစွာ၏ အောက်တွင် ဧရာမ မန္တန်အစီအရင်ကြီးတစ်ခု ရှိနေသည်ကို အဝေးမှနေ၍ လှမ်းမြင်လိုက်ရသောကြောင့်ပင်။

ထို မန္တန်အစီအရင်ကြီးအား အဖြူရောင်ကျောက်တိုင်ပေါင်း ရာပေါင်းများစွာဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ ၎င်းမှာ အလွန်အင်မတန်မှ ကြီးမား၏။ ထို့အပြင် ထို မန္တန်အစီအရင်ကြီး၏ အလယ်၌ ပေတစ်ထောင်ကျော် ရှည်လျားသည့် ကြေးမုံတစ်ချပ်လည်း ရှိနေသေးသည်။

ပို၍ တိတိကျကျ ဆိုရမည်ဆိုပါက ၎င်းမှာ ကြေးမုံပုံစံ အချုပ်အနှောင်ကြီးတစ်ခု ဖြစ်ပေသည်။ ထို အချုပ်အနှောင်ကြီးပေါ်တွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီး အနက်ရောင်လး အခိုးအငွေ့များမှာ ထို အက်ကွဲကြောင်းများထဲမှနေ၍ အဆက်မပြတ် စိမ့်ထွက်လာနေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသည်။

သို့ဖြစ်ရာ ဤနေရာကြီးမှာ... အနက်ရောင် စက္ကူပင်လယ်ကြီး၏ မူလဇစ်မြစ်နေရာကြီး ဖြစ်ရပေမည်။ ထို ကြေးမုံအချုပ်အနှောင်ကြီး ကွဲအက်သွားသောကြောင့် ပင်လယ်ကြီးမှာ အနက်ရောင်ပြောင်းသွားရခြင်း ဖြစ်ပေသည်။

ထို့အပြင် ဝမ်ပေါင်လဲ့မှာ ထို ကြေးမုံကြီး၏ အလယ်တွင် လူတစ်ယောက် တင်ပျဉ်ခွေထိုင်နေသည်ကို မြင်လိုက်ရသေးသည်။ ၎င်းမှာ လူပုံစံစက္ကူရုပ်တစ်ရုပ် မဟုတ်ဘဲ အသွေးအသားများဖြင့် တည်ဆောက်ထားသည့် လူတစ်ယောက် ဖြစ်ပေသည်။

ထိုသူမှာ အဖြူရောင် ဝတ်စုံများ ဆင်မြန်းထားသည့် အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး လူသေကောင်တစ်ယောက်ကဲ့သို့ အသက်မဲ့နေသည်။ သို့သော် ထို အခြင်းအရာများမှာ သူမ၏ ချောမောလှပသည့် မျက်နှာလေးအား ဖုံးကွယ်ထားနိုင်စွမ်း မရှိပေ။

ကြေးမုံပေါ်ရှိ အက်ကွဲကြောင်းများထဲမှ ထွက်ပေါ်လာနေသော အ‌နက်ရောင်ချီ အမြောက်အမြားမှာ ထို အမျိုးသမီး၏ ရုပ်အလောင်းအား ဝန်းရံထား၏။ အဝေးမှ ကြည့်လိုက်မည်ဆိုလျှင် ထို အနက်ရောင်ချီများမှာ ထိုအမျိုးသမီးအား ဝါးမျိုနိုင်ရန် ကြိုးစားနေသည့်ပုံ ပေါက်နေတော့သည်။

All Chapters