← Chapters

ခုနစ်ရောင်ခြယ် စပျစ်သီး

Vol. 12 Ch. 162

ခုနစ်ရောင်ခြယ် စပျစ်သီး

Vol. 12 Ch. 162

ပဉ္စမနေ့ကို ကုန်လွန်ပြီး သွားတဲ့နောက် မှာတော့ လီဖူချန်းရဲ့ အိတ်ထဲမှာ မြေကွဲသစ်သီး ၅လုံးနဲ့ စိတ်ဝိညာဉ် ဆေးပင် ၂၄ ပင် ရှိနေပါပြီ။

ဒီမြေကွဲသစ်သီး ၅လုံးကိုသာ အကျိုးရှိရှိ အသုံးချနိုင်ခဲ့မယ် ဆိုရင် မြေကမ္ဘာအဆင့် ပညာရှင် ၅ယောက်ကို မွေးထုတ်ပေး နိုင်မှာပါ။

ကြယ်၂ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ မြေကမ္ဘာအဆင့်ကို ရောက်ရှိဖို့ အခွင့်အရေး ၂၀ရာခိုင်နှုန်းပဲ ရှိပါတယ်။

လူတစ်ယောက်ဟာ ဆန်းကြယ်အဆင့် အတွင်းအား ပညာရပ်တွေကို မလေ့ကျင့် ထားဘူးဆိုရင် စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်၉ကနေ မြေကမ္ဘာနယ်ပယ် အဆင့်၁ကို ချိုးဖောက်ဝင်ရောက် နိုင်ဖို့က အင်မတန် ခဲယဉ်းပါတယ်။

ဒီမြေကွဲသစ်သီးကို မစားသုံးခင်မှာ အနည်းဆုံးတော့ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေရင်တော့ အကောင်းဆုံးပေါ့လေ။

“အဖေက ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ရှိပေမဲ့ အမေကတော့ သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာ။ ဒီ၃နှစ်အတွင်းမှာ သူတို့ နှစ်ယောက်စလုံးကို မြေကမ္ဘာအဆင့် တက်လှမ်းနိုင်အောင် ငါကူညီပေးရမယ်”

လီဖူချန်းက လက်သီးရဲ့ အရေးပါပုံကို အစောကြီး ကတည်းက နားလည် သဘောပေါက် ထားပြီးပါပြီ။

တကယ်လို့သာ သူ့အဖေက မြေကမ္ဘာအဆင့် ပညာရှင်ဆိုရင် ကလန်ရဲ့ ဘိုးဘေးကြီးက သူ့ကို ဥပေက္ခာ ပြုနိုင်ဦးမှာလား။

ကလန်တစ်ခုမှာ ခေါင်းဆောင် ဆိုတာက အကြွင်းမဲ့ စွမ်းရည်ကို ပိုင်ဆိုင် ထားရပါမယ်။ ခေါင်းဆောင် တစ်ယောက်ရဲ့ စကားဟာ တစ်သွေး၊ တစ်သံ၊ တစ်မိန့်တည်း ဖြစ်နေရပါမယ်။ ခေါင်းဆောင်က ရုပ်ပြခေါင်းဆောင် ဖြစ်နေလို့ မရပါဘူး။

ဆဋ္ဌမမြောက် နေ့မှာတော့ လီဖူချန်းတို့ဟာ အလွန်ကြီးမားတဲ့ ဆေးဥယျာဉ် တစ်ခုကို ရှာဖွေတွေ့ရှိ သွားကြပါပြီ။

သူတို့အရင်က တွေ့ခဲ့တဲ့ ဆေးဥယျာဉ်တွေ အားလုံးကို ပေါင်းလိုက်ရင်တောင် အခုတွေ့ရတဲ့ ဆေးဥယျာဉ်ရဲ့ အကျယ်အဝန်းကို မမီနိုင်သေးပါဘူး။

“ဟိုဟာက ဆေးပင်ပဲလား” ချန်ဖန်းဟွာက ဥယျာဉ်ရဲ့ အလယ် တစ်နေရာကို လက်ညှိုးထိုးပြ လိုက်ပါတယ်။ သူမကိုယ်တိုင် ကလည်း ထိုအရာကို ဝေခွဲမရသည့် ပုံပါပဲ။

သူတို့လူစုက ဆေးဥယျာဉ် အနားကို ရောက်သွားတဲ့ အခါမှာတော့ ဥယျာဉ်ထဲမှာ ဘာဆေးပင်မှ ရှိမနေပဲ အလယ်ကောင်မှာသာ ထူးဆန်းတဲ့ နွယ်ပင်တစ်ပင် ရှိနေတာကို တွေ့လိုက် ရပါတယ်။ အဲသည်နွယ်ပင်က နှစ်မီတာလောက် ရှိပြီး လက်ဝါး ပုံသဏ္ဌာန် သစ်ရွက်တွေကို ပိုင်ဆိုင် ထားပါတယ်။ နွယ်ပင်ရဲ့ အမြင့်ပိုင်းမှာတော့ အသီးတစ်ခိုင် သီးနေပါတယ်။ အဲသည် အသီးတွေက စပျစ်သီးတွေ လို့တော့ ထင်ရတာပါပဲ။

စုစုပေါင်း အရေအတွက် ၇လုံးရှိပြီး တစ်လုံးချင်းစီက သလင်းကျောက် လေးတွေလို ထွင်းဖောက် မြင်နေရပါတယ်။ ပြီးတော့ အသီး တစ်လုံးချင်းစီ ကနေ အရောင်၇မျိုး ဖြာထွက် နေတယ်လေ။

“ဒါ ... ဒါက ... မြေကမ္ဘာအဆင့် ဆေးပင်လား"

လီဖူချန်းတို့ လူစုကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ။

ဆေးပင် ဆေးမြစ်တွေကို …

အဝါရောင်အဆင့်၊ ဆန်းကြယ်အဆင့်၊ မြေကမ္ဘာအဆင့်၊ ကောင်းကင်အဆင့် ဆိုပြီး လေးမျိုးလေးစား ခွဲခြားထားပါတယ်။

အဝါရောင်အဆင့် ဆေးပင်တွေကတော့ ဒီအတိုင်း တွေ့မြင်နေကျ ဆေးပင်တွေပါပဲ။

ဆန်းကြယ်အဆင့် ဆေးပင်တွေမှာတော့ မယုံနိုင်စရာ ကောင်းတဲ့ ဆန်းကြယ်မှုတွေ အနည်းငယ် ပါဝင်လာပါပြီ။

မြေကမ္ဘာအဆင့် ဆေးပင်တွေ ကတော့ မြေကြီးရဲ့ စွမ်းအင်တွေကို စုပ်ယူနိုင်စွမ်း ရှိတဲ့အတွက် လုံးဝကို ဆန်းကြယ်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

ဆန်းကြယ်အဆင့် ဆေးပင်တွေ ကတော့ ဒဏ္ဍာရီထဲမှာပဲ ရှိတာပါ။ ဘယ်သူမှလဲ မမြင်ဖူးသေးပါဘူး။

“အဲဒါက မြေကမ္ဘာ အဆင့်နိမ့် ဆေးပင် အမျိုးအစားထဲက ခုနစ်ရောင်ခြယ် စပျစ်သီးပဲ”

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် သွားပြီး အသက်ရှူနှုန်း တွေတောင် မြန်လာပါတယ်။

မိုးပြာရောင် ဂိုဏ်းမှာတုန်းက ဘာမှလုပ်စရာ မရှိဘူးဆိုရင် သူက စာကြည့်တိုက်ကို သွားပြီး စာအုပ်အချို့ကို ဖတ်ရှုလေ့ ရှိပါတယ်။ သူဖတ်ခဲ့တဲ့ စာအုပ်တစ်အုပ် ဆေးပင်နှင့် ဆေးမြစ်ဆိုင်ရာ ကျမ်းပါပဲ။

အဲသည် ကျမ်းစာအုပ်ရဲ့ နောက်ဆုံး စာမျက်နှာမှာ ဒီစပျစ်သီးရဲ့ အကြောင်းပါပါတယ်။

ဒီစပျစ်သီးက ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံရဲ့ အောက်မှာရှိတဲ့ လူတွေကို ကြယ်တစ်ပွင့် တိုးလာစေပါတယ်။ ဥပမာ သာမန်အရိုး တည်ဆောက်ပုံရှိတဲ့ သူက ဒီစပျစ်သီး တစ်လုံးကို စားလိုက်မယ် ဆိုရင် ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သွားနိုင်ပါတယ်။ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က စားလိုက်မယ် ဆိုရင်တော့ ကြယ်၂ပွင့် ဖြစ်သွားမှာ ပေါ့လေ။ ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်က စားလိုက်ရင်တော့ ကြယ်၃ပွင့်ပေါ့။ ကြယ်၃ပွင့်နဲ့ အထက် ဆိုရင်တော့ အကျိုး သက်ရောက်မှု မရှိတော့ပါဘူး။

လီဖူချန်းအတွက် ကတော့ ဒီစပျစ်သီးက မဟာ အခွင့်အရေးကြီး တစ်ခုပါပဲ။ တကယ်လို့သာ သူ့ရဲ့ အရိုး တည်ဆောက်ပုံက ကြယ်၁ပွင့် ဖြစ်သွားမယ် ဆိုရင် ရလာမယ့် အကျိုး ကျေးဇူးတွေက အများကြီး ဖြစ်လာမှာပါ။ သူ့ရဲ့ စွမ်းရည်တွေက အဘက်ဘက် ကနေ အနည်းငယ်စီ တိုးတက် လာမယ့်အပြင် ကျင့်ကြံခြင်း မှာလည်း ပိုပြီး မြန်လာ နိုင်တယ်လေ။ ဒီဆေးပင်က သူ့အတွက်တော့ အခြား ဆေးပင်တွေ ထက်ကို တန်ဖိုးရှိပါတယ်။

“ခုနစ်ရောင်ခြယ် စပျစ်သီးလား”

လျူဝူဟောင်နဲ့ ယုဝူရှန်းကတော့ အကြီးအကျယ်ကို စိတ်ပျက် သွားပါတယ်။

ဒီဆေးပင်က မြေကမ္ဘာ အဆင့်နိမ့် အမျိုးအစား ဆိုပေမဲ့ သူတို့ အတွက်ကတော့ အမှိုက်ပါပဲ။ သူတို့ရဲ့ အရိုး တည်ဆောက်ပုံတွေက ကြယ်၅ပွင့် ဖြစ်နေတဲ့အတွက် ဘာမှ အကျိုးမရှိပါဘူး။

“ဒီဆေးပင်က မြေကမ္ဘာ အဆင့်လို့တောင် သတ်မှတ်ဖို့ မတန်ပါဘူးကွာ”

ယုဝူရှန်းက မကျေမနပ်ဖြင့် ပြောလိုက်ပါတယ်။ သူက ဒီစပျစ်သီးတွေ အစား အခြား ဆေးပင်တစ်ခုသာ ဖြစ်လိုက် စမ်းစေချင်ပါတယ်။ မြေကမ္ဘာအဆင့် ဆေးပင်မကလို့ ဘာကြီးပဲ ဖြစ်နေပါစေ။ သူ့အတွက် အသုံးမဝင်လို့ ကတော့ ဘာထူးမှာလည်းလေ။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ကနေ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံကို ပြောင်းပေးနိုင်တယ် ဆိုရင်တော တစ်မျိုးပေါ့။

ရှောင်လီကတော့ မှတ်ချက် ပေးပါတယ်။

“အဲလိုကြီးတော့ တရားသေ ပြောလို့မရဘူး ညီလေး ယုဝူရ ... ။ ဒီ ခုနစ်ရောင်ခြယ် စပျစ်သီးက ငါတို့အတွက်တော့ အသုံးမဝင်ပေမဲ့ ကြယ်သုံးပွင့် အဆင့်ထက် နိမ့်ကျနေတဲ့ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အတွက်တော့ အသက်ထက်သမျှ တန်ဖိုး ရှိတယ်လေ”

အရိုး တည်ဆောက်ပုံကို တစ်ဆင့် မြင့်ပေးတယ် ဆိုတာက လူတစ်ယောက်ရဲ့ ကံကြမ္မာကိုပါ ပြောင်းလဲ ပေးလိုက် သလိုပါပဲ။ အဆင့်မြင့်ပါတယ် ဆိုတဲ့ တန်ခိုးရှင်တွေ တောင်မှ ဒီလို ကံကြမ္မာကို မပြောင်းလဲပေးနိုင်ဘူး။ ဒါပေမဲ့ ဒီစပျစ်သီး တစ်လုံးကတော့ ပြောင်းလဲပေး နိုင်ပါတယ်။

ဒီလို ဆေးပင်ကိုမှ မြေကမ္ဘာ အဆင့်လို့ မသတ်မှတ်ရင် ဘယ်ဆေးပင်ကို သတ်မှတ် ရမည်နည်း။

“မောင်လေးလီက သာမန်အရိုး တည်ဆောက်ပုံပဲ ရှိတာ။ ဒီခုနစ်ရောင်ခြယ် စပျစ်သီးကို သူ့ကို ပေးလိုက်တာ အကောင်းဆုံးပဲ”

ချန်ဖန်းဟွာက သူမရဲ့ အမြင်ကို ပြောလိုက်ပါတယ်။

“ဒါပေါ့” ရှောင်လီကလည်း ထောက်ခံ လိုက်ပါတယ်။ သူက လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ရဲ့ အမြင်ကိုတောင် မေးမနေတော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက ဒီနှစ်ယောက်ရဲ့ စိတ်ဓာတ်ကို ကောင်းကောင်းကြီး သဘောပေါက် နေလို့ပါပဲ။

ရှောင်လီ တွေးတာက မှန်ပါတယ်။ ယုဝူရှန်းနဲ့ လျူဝူဟောင်တို့က ဒီလောက်အထိ သဘောထား သေးသိမ်တဲ့ သူတွေ မဟုတ်ပါဘူး။ သူတို့ နှစ်ယောက်ကလည်း ချန်ဖန်းဟွာ ပြောတာကို သဘောတူ ပါတယ်လေ။

အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး လီဖူချန်းက ခုနစ်ရောင်ခြယ် စပျစ်သီး နွယ်ပင်နားကို တစ်လှမ်းချင်း ချဉ်းကပ် သွားပါပြီ။

“ညီလေးလီ ... သတိထားဦးနော်။ အစ်ကိုကြားဖူး တာကတော့ ဒီမြေကမ္ဘာအဆင့် ဆေးပင်တွေက အနားကပ်လာတဲ့ သူတွေကို အလိုအလျောက် တိုက်ခိုက် တတ်တယ်တဲ့”

ရှောင်လီက သတိပေး လိုက်ပါသေးတယ်။

ဘုန်း ...

ရှောင်လီရဲ့ စကားသံ ဆုံးတာနဲ့ ခုနစ်ရောင်ခြယ် စပျစ်နွယ်ပင်ရဲ့ လက်ဝါးပုံသဏ္ဌာန် သစ်ရွက်တစ်ခုက လီဖူချန်းကို ရိုက်ထုတ်ဖို့ ကြိုးစား လိုက်ပါတယ်။

လေထုထဲမှာတော့ သက်တံရောင်တွေ ဖြာထွက်လာပြီး ခုနစ်ရောင်ခြယ် လက်ဝါးတစ်ခုက ပေါ်ထွက် လာတယ်လေ။

လီဖူချန်းကလည်း သူ့ရဲ့ အရည်ပျော် လက်ဝါးနဲ့ ခုခံလိုက်ပါတယ်။

ဝုန်း ...

လီဖူချန်းက အနောက်ကို ခြေ၃လှမ်း ဆုတ်လိုက် ရပါတယ်။

“ပြင်းလိုက်တဲ့ စွမ်းအားပါလား”

လီဖူချန်းက အနည်းငယ်တောင် အံ့အားသင့် သွားမိပါတယ်။

ဒါကမြေကမ္ဘာအဆင့် ဆေးပင် တစ်ပင်ပဲလေ။ ဒီလောက်အထိ စွမ်းအား ကြီးစရာ လိုလို့လား။

ရွှမ်း ...

လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး အရှေ့ကို ပြန်တိုး လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ လီဖူချန်းက ခုနစ်ရောင်ခြယ် စပျစ်နွယ်ပင်ရဲ့ လက်ဝါး ရိုက်ချက်ကို အလွယ်တကူ ဖြိုခွဲလိုက် နိုင်ပါတယ်။

ဒါပေမဲ့ လီဖူချန်းက စပျစ်နွယ်ပင်နဲ့ ခြေလှမ်း၃၀ အကွာကို အရောက်မှာတော့ နောက်ထပ် ခုနစ်ရောင်ခြယ် သစ်ရွက်လက်ဝါး ၁၀ခုက ထွက်ပေါ်လာပြီး ပြန်တိုက်ခိုက် ပြန်ပါတယ်။

ဒါပေမဲ့ လက်ထဲမှာ ဓားတစ်ချောင်း ရှိနေတဲ့ လီဖူချန်းကိုတော့ သစ်ရွက် လက်ဝါးတွေက မတားဆီး နိုင်ခဲ့ပါဘူး။

လီဖူချန်းရဲ့ ဓားချက် တစ်ချက်က သက်ရွက်လက်ဝါး ၁၀ခုစလုံးကို ဖြတ်တောက်ပစ် လိုက်ပါတယ်။

ခြေလှမ်း၂၀ အကွာအဝေးကို အရောက်မှာတော့ ...

စပျစ်နွယ်ပင် ပေါ်မှာ ရှိနေတဲ့ လက်ဝါး ပုံသဏ္ဌာန် သစ်ရွက်တွေ အကုန်လုံးက တစုတစည်းတည်း လီဖူချန်းကို တိုက်ခိုက် လိုက်ပါပြီ။

ခုနစ်ရောင်ခြယ် လက်ဝါးတွေက ကောင်းကင် တစ်ခုလုံးကိုတောင် ဖုံးလွှမ်း သွားပါတယ်။

တကယ်လို့ လီဖူချန်း နေရာမှာသာ တခြား တစ်ယောက် ဆိုရင်တော့ ဒီလက်ဝါး ရိုက်ချက်တွေကြောင့် အသက်ပျောက် သွားနိုင်ပါတယ်။ ဒါပေမဲ့ လီဖူချန်းကတော့ လီဖူချန်းပါပဲ။

“ပျက်စီးစမ်း"

လီဖူချန်းရဲ့ နက်ရွှေမှော်ဓားက အဆင်မပြတ် လှုပ်ရှားသွားပြီး နောက်မှာတော့ ကြယ်ပျံ ဓားဆန္ဒတွေက ပေါ်လာခဲ့ တယ်လေ။

သိပ်မကြာခင် မှာတော့ လီဖူချန်းရဲ့ ဓားရိပ်တွေကပဲ ကောင်းကင် တစ်ခုလုံးကို ကြီးစိုး သွားခဲ့ပါပြီ။

ခြေလှမ်း ၁၀လှမ်း ။

ဝုန်း ...

စူးရှတောက်ပတဲ့ သက်တံရောင် အလင်းတန်းတွေက တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြီး ဆယ်မီတာ ပတ်လည်ကို ကာဆီး ထားလိုက်ပါတယ်။

ဒီဆယ်မီတာ ထဲမှာတော့ ကြီးမားတဲ့ ဖိအားတစ်ခု ဖြစ်ပေါ် လာတယ်လေ။ ဖိအားက ဘယ်လောက်အထိ ပြင်းထန်သလဲ ဆိုတော့ မြေပြင်ကိုတောင် ၃လက်မလောက် ကျွံဝင် သွားစေပါတယ်။

ဒါပေမဲ့ အဲသည်ဖိအားက လီဖူချန်းကိုတော့ ကြီးကြီးမားမား သက်ရောက်မှု မရှိပါဘူး။

ခုနစ်ရောင်ခြယ် စပျစ်နွယ်ပင်ရဲ့ အရှိန်အဝါတွေက ခြေလှမ်း၅လှမ်း အတွင်းကို အရောက်မှာတော့ လျော့ကျ သွားခဲ့ပါပြီ။

“မင်းက မြေကမ္ဘာအဆင့် ဆေးပင်ဆိုတဲ့အတိုင်း ငါ့ကိုတော့ အံ့သြစေခဲ့တာပဲ"

လီဖူချန်းက ခုနစ်ရောင်ခြယ် စပျစ်နွယ်ပင် တစ်ခုလုံးကို အမြစ်ပါမကျန် နုတ်ယူပြီး သိုလှောင်အိတ်ထဲကို ထည့်သိမ်း လိုက်ပါတယ်။ သူက စပျစ်သီးတွေကိုပဲ ခူးယူလိုက်မယ် ဆိုရင် ရက်အနည်းငယ် ကြာတာနဲ့ ဆေးဖက်ဝင် အစွမ်းတွေက လျော့ကျ သွားနိုင်တယ်လေ။

လီဖူချန်းက ဒီစပျစ်သီးတွေကို သူ့မိဘတွေ အတွက်ပါ ရည်စူးထားတာပါ။ ပြီးတော့ လီဖူချန်းက ဒီစပျစ်နွယ်ပင်ရဲ့ ပင်မအမြစ် တချို့ကိုတော့ ချန်ထားခဲ့ ပါသေးတယ်။ ဒါမှ ဒီစပျစ်နွယ်ပင်က မျိုးမတုံး သွားမှာလေ။

“ညီလေးလီ ... အချိန်တွေ ရှိနေသေးတာပဲ။ ဘာဖြစ်လို့ စပျစ်သီးတစ်လုံးကို အရသာ မခံကြည့်တာလဲ”

ရှောင်လီက အကြံပေး လိုက်ပါတယ်။

“ဟုတ်ပြီလေ” လီဖူချန်းက ခေါင်းညိတ်ပြီး စပျစ်သီး တစ်လုံးကို ဖြုတ်ယူကာ ပါးစပ်ထဲ ပစ်ထည့် လိုက်ပါတယ်။

***

All Chapters