← Chapters

ဂိုဏ်း၃ဂိုဏ်းရဲ့ အမျက်ဒေါသ

Vol. 12 Ch. 163

ဂိုဏ်း၃ဂိုဏ်းရဲ့ အမျက်ဒေါသ

Vol. 12 Ch. 163

လူတစ်ယောက်ရဲ့ အရိုး တည်ဆောက်ပုံက သူ့ရဲ့ မွေးရာပါ အစွမ်းအစနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ အရိုး တည်ဆောက်ပုံ ကောင်းတယ် ဆိုတာနဲ့ ထိုသူရဲ့ အစွမ်းအစကလည်း ခေမှာ မဟုတ်တော့ပါဘူး။

အရိုး တည်ဆောက်ပုံ ဆိုတာက လူတစ်ယောက်ရဲ့ အခြေခံပါပဲ။ လူတွေရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို အရိုးတွေက ကျားကန် ပေးထားတာပါ။ အရိုးအဆစ်တွေ ကောင်းမွန်တာက တခြား သူတွေထက်ကို ခေါင်းတစ်လုံးမက သာနေတာနဲ့ အတူတူပါပဲ။

စပျစ်သီး တစ်လုံးကို စားပြီးတာနဲ့ လီဖူချန်းက မရေမတွက်နိုင်တဲ့ ပုရွက်ဆိတ်လေးတွေ သူ့ခန္ဓာကိုယ်အနှံ့ လျှောက်သွား နေသလို ခံစားလိုက် ရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းပိုင်း အနက်ရှိုင်းဆုံး တစ်နေရာကနေ ထွက်ပေါ်လာတဲ့ နာကျင်မှုတစ်ခုက သူ့ကို ပါးစပ်ကနေ ထုတ်အော်စေမိတဲ့ အထိပါပဲ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တစ်ဆတ်ဆတ် တုန်ယင်နေပြီး ဒွါရ၉ပေါက်ကနေ အမည်းရောင် အရည်တွေတောင် စိမ့်ထွက် လာပါတယ်။

လီဖူချန်းက နာကျင်လွန်းလို့ သတိတောင် လစ်သွားသလိုပါပဲ။

တော်ပါသေးတယ်။ ဒီနာကျင်မှုက အချိန် သိပ်မကြာလို့ပေါ့။

သိပ်မကြာခင်မှာပဲ လီဖူချန်းက လူနဲ့စိတ် ပြန်ကပ်လာပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး မှာတော့ အမည်းရောင် ပျစ်ချွဲချွဲ အရည်တွေက ရှိနေပါတယ်။ အဲသည် အရည်တွေရဲ့ အနံ့ကလည်း ပုပ်အဲ့အဲ့ ဖြစ်နေပြီး သူကိုယ်တိုင်တောင် ဒီအနံ့တွေကို ရှုပြီး မူးချင်လာ သလိုလို ဖြစ်လာပါတယ်။

' ဒါက ငါ့ခန္ဓာကိုယ် အတွင်းပိုင်းထဲမှာ ရှိနေတဲ့ မသန့်စင် မှုတွေလား'

လီဖူချန်းက သူ့ကိုယ်သူ ပြန်ကြည့်ရင်း တွေးနေမိပါတယ်။

“ညီလေးလီ ... မင်းသတိ ရလာပြီလား”

ရှောင်လီတို့ လေးယောက်က သူ့ဆီကို လျှောက်လာ ကြပါတယ်။

လီဖူချန်းက ပြုံးလိုက်ပြီး …

“အချိန် ဘယ်လောက်တောင် ကြာသွားတာလဲ” လို့ မေးလိုက်ပါတယ်။

ချန်ဖန်းဟွာက …

“ဒီနေ့က ခုနစ်ရက်မြောက် နေ့ရဲ့ မနက်ပဲ”

“ခုနစ်ရက်မြောက် နေ့ရဲ့ မနက်တောင် ရောက်သွားပြီလားဟ”

လီဖူချန်းက မျက်လုံးပြူး သွားပါတယ်။

သူ့ကိုယ်သူတော့ မျက်လုံးလေး ခဏမှိတ် သွားတယ်ပဲ ထင်ထားတာပါ။

ချန်ဖန်ဟွာက ဆက်မေး လိုက်ပါသေးတယ်။

“မောင်လေးလီ ... ဘယ်လို ခံစားရလဲ"

လက်သီးတွေကို တစ်ချက် ဆုပ်လိုက်ပြီး လီဖူချန်းက ပြန်ဖြေ လိုက်ပါတယ်။

“အဲသည် ခံစားချက်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဆက်သွယ်မှုတွေကို ပိုပြီး နားလည် လာသလိုပဲ”

ရှောင်လီက ခေါင်းညိတ်လိုက်ပြီး …

“အရိုး တည်ဆောက်ပုံ ဆိုတာ ကောင်းကင်နဲ့ မြေကြီးရဲ့ ထူးခြား ဆန်းကြယ်မှုတွေကို နားလည်နိုင်အောင် ဆက်သွယ်ပေးတဲ့ ကြားခံနယ် တစ်ခုပဲ။ ညီလေး ပြောတာက ဖြစ်နိုင်လောက် ပါတယ်"

“ဟား ... ဟား ... မောင်လေးလီ။ နင့်ကိုတော့ ဘယ်သူမှ လိုက်မီနိုင်တော့မှာ မဟုတ်ဘူး။ သာမန်အရိုး တည်ဆောက်ပုံ နဲ့တောင် ဒီလောက် အစွမ်းထက်နေတာ။ အခုလို ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံနဲ့ ဆိုရင်တော့ ... အား ... ယား ... အစ်မတောင် မစဉ်းစားရဲတော့ဘူး”

သူမရဲ့ စကားကို ကြားလိုက်ရတဲ့ လျူဝူဟောင်နဲ့ ယုဝူရှန်းတို့ရဲ့ မျက်နှာကတော့ အီးမှန် သွားသလိုပါပဲ။

သူတို့ နှစ်ယောက်ကလည်း အစောကြီး ကတည်းက ဒီပြဿနာကို စဉ်းစားမိပါတယ်။

သာမန်အရိုး တည်ဆောက်ပုံနဲ့ လီဖူချန်းကိုတောင် သူတို့က မယှဉ်နိုင်တာ။ အခုလို ကြယ်၁ပွင့် အရိုး တည်ဆောက်ပုံနဲ့ လီဖူချန်းဆိုရင်တော့ ရှေ့ဆက် ဘာတွေဖြစ် လာမလဲ ဆိုတာကို ဘယ်သူမှ ကြိုတင် မခန့်မှန်း နိုင်တော့ပါဘူးလေ။

တော်ပါသေးတယ်။ ဒီခုနစ်ရောင်ခြယ် စပျစ်သီးက တစ်ကြိမ်ပဲ စားလို့ရတာမို့ပါ။ မဟုတ်လို့ ကတော့ လီဖူချန်း စပျစ်သီး ၃လုံးစားပြီး ကြယ်၃ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သွားရင်တော့ ပြီးပါပြီ။ လုံးဝကို ပွဲသိမ်းပါပဲ။ သူတို့ ဆယ်သက် ဆယ်ဘဝ ကြိုးစားရင်တောင်မှ လီဖူချန်းဆိုတဲ့ အရိပ်မည်းကြီး အောက်က ရုန်းထွက်နိုင်မှာ မဟုတ်တော့ပါဘူး။

လီဖူချန်းက သူတို့ စခန်း ချနေတဲ့နားက စမ်းချောင်းလေး တစ်ခုဆီကို သွားပြီး ရေမိုးချိုးကာ အဝတ်အစားတွေ လဲလိုက်ပါ သေးတယ်။

သူတို့၅ယောက် လျှို့ဝှက် နယ်မြေရဲ့ ဗဟိုချက်ထဲက ထွက်လာတဲ့ အချိန်မှာတော့ ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေ ကလည်း ပိတ်ခါနီး နေပါပြီ။

သူတို့၅ယောက်ရဲ့ အရှေ့မှာတော့ ရွှေအိုရောင် သန်းနေတဲ့ တံခါးဝကြီးတစ်ခု ရှိနေပါတယ်။

“ဒီဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲကို လာခဲ့ရတဲ့ ခရီးကတော့ ငါ့ဘဝ တစ်လျှောက်လုံးမှာ မမေ့နိုင်မယ့် အမှတ်တရ တစ်ခုပဲဟေ့”

ရှောင်လီက ရွှေအိုရောင် သန်းနေတဲ့ တံခါးဝကြီးကို ကြည့်ရင်းနဲ့ အိပ်မက်ဆန်တဲ့ ခရီးအကြောင်းကို ပြန်တွေးနေ မိပါတယ်။

လီဖူချန်းက ရှောင်လီရဲ့ ပခုံးကို ပုတ်လိုက်ပြီး …

“ဒါက ကျွန်တော်တို့ အတွက်တော့ ကြီးကျယ်တဲ့ အခွင့်အလမ်း တစ်ခုပါပဲ။ ဒါတွေအားလုံးက အိပ်မက် ဆန်ပေမဲ့ လက်တွေ့ ဖြစ်ခဲ့တဲ့ အရာတစ်ခုပဲ မဟုတ်လား အစ်ကိုရှောင်”

“ဒါပေါ့ ... ဒါပေါ့ ... ဒါတွေအားလုံးက ငါတို့အတွက် အခွင့်အလမ်း တစ်ခုပါပဲ” ရှောင်လီက ခေါင်းညိတ် လိုက်ပါတယ်။

“ငါတို့အားလုံး ... ဒီထဲက မထွက်တော့ ဘူးလား” ချန်ဖန်းဟွာက ဦးဆောင်ပြီး လျှို့ဝှက်နယ်မြေထဲက ထွက်သွားပါပြီ။

ထို့နောက်မှာတော့ ကျန်တဲ့လူတွေ ကလည်း ကပ်လိုက် သွားကြပါတော့တယ်။

***

“လျှို့ဝှက် နယ်မြေက ပိတ်တော့မယ်ဟေ့။ ဟား ... ဟား ... မင်းတို့အားလုံး ငါ့ကို ရွှေပြားတွေ ပေးဖို့ ပြင်ထား ကြပေတော့”

ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ် ဝေရီပိုင်က လုံးဝ အပိုင်ကြီး တွက်ထားသည့် ပုံပါပဲ။ သူက သူတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ တပည့်တွေ အပေါ်မှာ အကြွင်းမဲ့ ယုံကြည် ထားတယ်လေ။

တကယ်လို့ အရေအတွက်အရ ပြောမယ်ဆိုရင် သူတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက ၁၃ယောက်တောင် ဝင်သွားတာပါ။

အရည်အချင်း အရ ပြောမယ် ဆိုရင်လည်း သူတို့ဆီမှာ လီဝူရှု၊ ဖြူနက်မိစ္ဆာ နှစ်ကောင်၊ တစ္ဆေလက်သည်း ကျန်းရှန်နဲ့ ရန်ချင်းဟူတို့လို ထိပ်သီးတွေလည်း ပါသွား ပါသေးတယ်။ နောက်ထပ် ပါသွားတဲ့ သူတွေကလည်း ခေတဲ့ သူတွေတော့ မဟုတ်ပါဘူး။

ဒါကြောင့်မို့ သူတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက ရှုံးနိမ့်စရာ ဘာအကြောင်းမှ မရှိပါဘူးလေ။

“ဟား ... ဟား ... ရှင်ထင်သလို ဖြစ်လာမှာ မဟုတ်ဘူး ဝေရီပိုင် ... ။ ငါတို့ ဝိညာဉ်ကဝေ ဂိုဏ်းက လုပ်ကြံသတ်ဖြတ်တဲ့ နေရာမှာ နာမည်ကြီးတယ် ဆိုတာ အလကား မဟုတ်ဘူး။ သူတို့က ဘယ်သူမှ မအောင် လှုပ်ရှားနိုင်စွမ်း ရှိတယ်။ ငါ့ကိုသာ နင့်ရွှေပြားတွေ ကြိုပေးထား လိုက်စမ်းပါ” ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီး ကလည်း သူ့ဂိုဏ်းသားတွေ အပေါ်ကို ယုံကြည်မှု အပြည့် ရှိသည့်ပုံပါပဲ။

“ပြောရဲ သေးတယ်နော် ... ငါက တစ်ခုပဲ ကြောက်နေတာ။ အဲဒါက မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက တပည့်တွေ အကုန်လုံး အရူးဆေဘာ သောင်းဟိုင်ကြောင့် သေကုန်မှာကိုပဲ။ မင်းတို့ဂိုဏ်းက တပည့်တွေအကုန် သေရင်တော့ ငါ့မျက်နှာ ဘယ်နားသွားထား ရမလဲကို မသိတော့ ပါဘူးကွာ”

ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲခေါင်ချုပ် ဟီဆနန်းဟူ ကလည်း အပိုင်ကို တွက်ထားသည့် ပုံပါပဲ။ သူ့ပုံကို ကြည့်ရတာက အဖြေကိုတောင် ကြိုသိနေ သလိုပင်။

အကြီးအကဲ ခေါင်ချုပ် လေးယောက် ထဲမှာတော့ ဇောင်ဝူကျင်း တစ်ယောက်ပဲ အသံမထွက် နိုင်တာပါ။

သူရထားတဲ့ သတင်းတွေ အရဆိုရင် ဒီနှစ်မှာ ဝင်သွားတဲ့ လူတွေထဲမှာ သူတို့မိုးပြာရောင် ဂိုဏ်းက အညံ့ဆုံးပါပဲ။ ဇောင်ဝူကျင်းက လောင်းကြေးကို အရှုံးလို့ကို တွက်ထား ပြီးပါပြီ။ သူ့အတွက်ကတော့ မိုးပြာရောင် ဂိုဏ်းသားတွေ တစ်ယောက်လောက် ထွက်လာရင်ကို အမြတ်ပါပဲ။

အရင်အသုတ်တွေ တုန်းကဆိုရင်တော့ မိုးပြာရောင် ဂိုဏ်းသားတွေက အနည်းဆုံးတော့ တစ်ဝက်လောက် ပြန်ထွက် လာပါသေးတယ်။ ဒီနှစ်မှာတော့ အခြားဂိုဏ်း ၃ဂိုဏ်းက တပည့်တွေက လွန်လွန်ကဲကဲကို အစွမ်း ထက်နေတယ်လေ။ မိုးပြာရောင် ဂိုဏ်းသား ၃ယောက်လောက် ပြန်ထွက်လာ နိုင်ရင်တော့ ကောင်းကင်က ပေးသနားတဲ့ ဆုပါပဲ။

“လီဖူချန်း၊ လျူဝူဟောင်၊ ယုဝူရှန်း ... မင်းတို့ သုံးယောက်ကတော့ ဘယ်လိုဖြစ်ဖြစ် အသက်ရှင်ပြီး ပြန်လာမှ ဖြစ်မယ်”

ဇောင်ဝူကျင်းက လောက၃ပါးမှာ ရှိတဲ့ နတ်တွေ၊ ဘုရားတွေ အကုန်လုံးကို တိုင်တည်ဆုတောင်း နေပါပြီ။

သူက တခြား လူတွေကို အဲလောက်ကြီး ဂရုမစိုက်ပါဘူး။ သည်သုံးယောက် ... သည်သုံးယောက်လေး အသက်ရှင်လျက် ပြန်ထွက် လာရင်ကို ကျေနပ် ပါတယ်လေ။ ကြိုက်တဲ့လူ သေသွားလို့ ရပါတယ်။ ဒီသုံးယောက် ကတော့ လုံးဝသေလို့ မဖြစ်ပါဘူး။

လီဖူချန်းက အလားအလာ အရှိဆုံး ဂိုဏ်းသား တစ်ယောက်ဖြစ်ပြီး ကျန်တဲ့ နှစ်ယောက်က ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေလေ။

သူတို့ထဲက တစ်ယောက် သေသွားတာနဲ့ ဂိုဏ်းတော်အတွက် အများကြီး ဆုံးရှုံး သွားနိုင်ပါတယ်။

တဖြည်းဖြည်းနဲ့ မြူခိုးမြူငွေ့တွေက ကန်ရေပြင် ထက်မှာ ပေါ်လာပြန်ပါပြီ။ ဒီလို မြင်ကွင်းမျိုးကို လွန်ခဲ့တဲ့ ၇ရက်တုန်း ကလည်း တစ်ခါ မြင်ခဲ့ဖူးပါတယ်။

အပြင်ဘက်က လူတွေကတော့ အသက်ကိုတောင် ရဲရဲမရှူဘဲ မြူခိုးတွေထဲကို စောင့်ကြည့် နေကြပါတယ်။

တချို့ကတော့ မျှော်လင့်ခြင်းတွေနဲ့ ...

တချို့ကတော့ ရင်ခုန်ခြင်းတွေနဲ့. ...

တချို့ကတော့ ဆုတောင်းတိုင်တည် နေရင်းနဲ့ ပေါ့လေ ... ။

ပထမဆုံး ထွက်လာတဲ့ သူတွေကတော့ ခရမ်းရောင် ဆေဘာဂိုဏ်းက တပည့်တွေပါပဲ။

တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... ။

ခရမ်းရောင် ဆေဘာဂိုဏ်းက သုံးယောက်ပဲ ထွက်လာပါတယ်။

ထို့နောက်မှာတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းက တပည့်တွေပေါ့ ...

တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... လေးယောက် ... ငါးယောက် ... ။

ကောင်းကင် နတ်ဆိုးဂိုဏ်းကတော့ ငါးယောက်ပါ။

ဝိညာဉ်ကဝေ ဂိုဏ်း ...

ဒီကောင်တွေ ကတော့ ပုန်းလျှိုးကွယ်လျှိုး လုပ်တဲ့နေရာမှာ အလွန်တော်တဲ့ ဂိုဏ်းဆိုတဲ့ အတိုင်း ၅ယောက်တောင် ထွက်လာပါတယ်။

နောက်ဆုံးမှာတော့ မိုးပြာရောင်ဂိုဏ်းက ထွက်လာခဲ့ပါပြီ။

တစ်ယောက် ... နှစ်ယောက် ... သုံးယောက် ... လေးယောက် ...

ဇောင်ဝူကျင်းက ရေတွက်နေရင်းနဲ့ လေးယောက်မြောက်ကို အရောက်မှာတော့ ပြုံးယောင်သန်း လာပါပြီ။ မဆိုးဘူးပဲ ... လူတော်တော်လေး အသက်ရှင် ကျန်ခဲ့တာပဲ။

ငါးယောက် ...

ခြောက်ယောက် ... ...

မိုးပြာရောင်ဂိုဏ်း ကတော့ လူ၆ယောက် ထွက်လာခဲ့ပါတယ်။

လူအားလုံးကို အံ့အားသင့် သွားစေတဲ့ တစ်ယောက်ကတော့ ချိုကန်းပါပဲ။

သူက အခုအချိန်ထိ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အဆင့်၉မှာပဲ ရှိပါသေးတယ်။ သူက ဆေးပင်၁၀၀လျှို့ဝှက် နယ်မြေထဲကို ရောက်တာနဲ့ တောင်တစ်တောင်မှာ သွားရောက် ခိုအောင်းနေပြီး ၇ရက်ပြည့်မှ ထွက်လာခဲ့တာပါ။ ဒီကြားထဲမှာတော့ သူက ညဘက်တွေမှာ တိတ်ဆိတ်စွာ လှုပ်ရှားပြီး ဆေးပင်တွေကို စုဆောင်း ခဲ့ပါသေးတယ်။

“ဟား ... ဟား ... ကြည့်ရတာ ငါတို့ရဲ့ မိုးပြာရောင်ဂိုဏ်းက အနိုင်ရသွားပြီပဲ။ ကဲကဲ ... အခုလို လှူဒါန်းတဲ့ အတွက် ကျေးဇူး တင်ပါတယ်ဗျာ” ဇောင်ဝူကျင်းက အားရဝမ်းသာစွာနဲ့ ရယ်လိုက်ပါတယ်။

ဆယ်ယောက်ထဲမှာ ခြောက်ယောက်က အသက်ရှင်လျက် ပြန်ထွက် လာခဲ့တယ်။ ဒါက တကယ့်ကို အံ့ဖွယ်ဘနန်းပါပဲ။ ဒီဂိုဏ်းကြီး ၄ဂိုဏ်းထဲမှာ သူ့တို့ မိုးပြာရောင်ဂိုဏ်းက အင်အား အနည်းဆုံးပဲလေ။

“မဖြစ်နိုင်ဘူး ... ဒါက လုံးဝကို မဖြစ်နိုင်ဘူး။ ဘယ်လို ဖြစ်ခဲ့တာလဲ ... ငါ့ကို တိတိကျကျ ပြောစမ်း” ဝေရီပိုင်က ဒေါသတကြီးနဲ့ မိစ္ဆာနက်ကို မေးလိုက်ပါတယ်။

သူ့ရဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက ၁၃ယောက် ဝင်သွားတာလေ။ အခုတော့ ၅ယောက်ပဲ ပြန်ထွက်လာ နိုင်ပါတယ်။ သဘောက ၈ယောက်တောင် သေသွားတယ်ပေါ့။ ဒါက လုံးဝ မဖြစ်နိုင်ပါဘူး။

ထို့အတူ ဟီဆန်းဟူ ကလည်း မီးပုံယမ်းကျ ပေါက်ကွဲနေပါပြီ။ သူ့ရဲ့ ခရမ်းရောင် ဆေဘာဂိုဏ်းက လူ၃ယောက်ပဲ ပြန်ထွက်လာ တာကို လုံးဝ လက်မခံနိုင်ပဲ ဖြစ်နေပါတယ်။

ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီးကလည်း သူမရဲ့ ဂိုဏ်းဝင်တွေကို မေးမြန်းစုံစမ်း နေပါပြီ။

သူမ မေးနေတာ ကတော့ ဘာဖြစ်လို့ မိုးပြာရောင် ဂိုဏ်းသားတွေ အများကြီး အသက်ရှင်လျက် ထွက်လာတာ လဲလို့ပါ။

မိစ္ဆာနက်ကတော့ ငိုချင်လျက် လက်တို့ ဆိုသလိုပါပဲ။ သူက အောင့်အည်း ထားသမျှတွေကို ဝေရိပိုင်ကို လှမ်းတိုင် ပါတော့တယ်။

“အကြီးအကဲချုပ် ... ကျွန်တော်တို့ ကောင်းကင် နတ်ဆိုးဂိုဏ်းကို လူတွေက သွေးဆာနေတဲ့ မိစ္ဆာနတ်ဆိုးတွေလို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ တကယ် သွေးဆာနေတဲ့ မိစ္ဆာတစ်ကောင် ရှိပါတယ်။ အဲကောင်ကတော့ မိုးပြာရောင်ဂိုဏ်းက လီဖူချန်းပါပဲ။ သေသွားတဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းသား တစ်ဝက်လောက်ကို သတ်ပစ်တဲ့ တရားခံက လီဖူချန်းပါ။ ဒီကောင်က မိစ္ဆာဖြူကိုလည်း သတ်ပစ် လိုက်ပါတယ်”

မိစ္ဆာဖြူနဲ့ မိစ္ဆာနက်တို့ဆိုတာ တကယ့် ညီအစ်ကို အရင်းတွေထက် ချစ်ကြပါတယ်။ မိစ္ဆာဖြူ သေသွားတဲ့ ကိစ္စကို မိစ္ဆာနက်က လုံးဝ မကျေအေး နိုင်ပါဘူး။ တစ်နေ့ကျရင် လီဖူချန်းကို ကိုယ်တိုင် သတ်ပစ်ရမှ ကျေနပ်နိုင်မှာပါ။

တခြား တစ်ဖက်မှာလည်း သွေးဆေဘာ လင်းဟောင်က ဟီဆန်းဟူကို အကြောင်းစုံ ပြောပြ နေပါတယ်။

“ကျွန်တော်တို့ဂိုဏ်းရဲ့ အဓိက အတွင်းစည်း တပည့်တွေ အားလုံးနီးပါးကို လီဖူချန်း ဆိုတဲ့ကောင်က သတ်ပစ် လိုက်ပါတယ် အကြီးအကဲ။ ရှန်ဖေးဟီလည်း ဒီကောင့် လက်ချက် မိသွားပါတယ်”

“ကျွန်တော်တို့ထဲက အနည်းဆုံး သုံးယောက် ကတော့ လီဖူချန်းဆိုတဲ့ ကောင်လေးကြောင့် သေသွားတာပါ။ သူငယ်တော် ရှောင်မိုလည်း လီဖူချန်းနဲ့တွေ့ပြီး သေသွားပါပြီ” မှင်စာသခင်လေး ရှောင်မူက ဝိညာဉ်ကဝေ ဂိုဏ်းရဲ့ အကြီးအကဲ ခေါင်ချုပ် အဘွားအိုကို အကြောင်းစုံ ရှင်းပြ လိုက်ပါတယ်။

ဂိုဏ်း၃ဂိုဏ်း စလုံးရဲ့ အကြည့်တွေက လီဖူချန်းဆီကို ရောက်နေတာကြောင့် ဇောင်ဝူကျင်းက အခြေအနေကို သဘောပေါက် သလိုလိုတော့ ရှိသွားပါတယ်။ ဂိုဏ်းသုံးဂိုဏ်း စလုံးက တပည့်တွေ တော်တော်များများကို သတ်ပစ် လိုက်တာက လီဖူချန်း ဖြစ်ဖို့ များနေပါတယ်။

တစ်ယောက်တည်းနဲ့ ဂိုဏ်း၃ဂိုဏ်းကို ရင်ဆိုင်နိုင်တာလား။

ဒီလိုဖြစ်ရပ်မျိုးကို ဓားအရူးသူတော် အလှည့်တုန်းက တစ်ခါ မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဓားအရူး သူတော်က အခြား ဂိုဏ်းသားတွေကို မသတ်ခဲ့ပါဘူး။

***

All Chapters