← Chapters

ပြည်တော် ပြန်ပြီ

Vol. 12 Ch. 165

ပြည်တော် ပြန်ပြီ

Vol. 12 Ch. 165

မိုးပြာရောင်ဂိုဏ်းရဲ့ မူလဘူတဓား ပညာရပ်က အတော်လေးကို ကျော်ကြား လှပါတယ်။

မိုးပြာရောင်ဂိုဏ်း နာမည်ကို ကြားလိုက်တာနဲ့ ထိပ်သီး ပညာရှင်တွေရဲ့ အတွေးထဲမှာ ပထမဆုံး ပေါ်လာတာက မူလဘူတ ဓားပါပဲ။

မိုးပြာရောင် ဂိုဏ်းက အခုချိန်အထိ သူတို့ရဲ့ နယ်နိမိတ်တွေကို ကောင်းကောင်းကြီး အာဏာလွှမ်းမိုး နိုင်ရတဲ့ အကြောင်းကလည်း ဒီမူလဘူတဓား ပညာရပ် ကြောင့်ပါပဲ။

မိုးပြာရောင်ဂိုဏ်း တည်ရှိရာ မိုင်ပေါင်း၂သောင်း ပတ်ပတ်လည် မှာတော့ ဒီမူလဘူတဓား ပညာရပ်က အစွမ်း အထက်ဆုံး ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ် ဆိုပြီး အားလုံးက လက်ခံ ထားပါတယ်။

မိုးပြာရောင်ဂိုဏ်းကို ပထမဆုံး တည်ထောင်ခဲ့တဲ့ ဂိုဏ်းချုပ်ကြီးဟာ ဒီမူဘူတဓားနဲ့ ထိပ်သီး ပညာရှင် အတော်များများကို သတ်ခဲ့ဖူးပါတယ်။ သူနဲ့လက်ရည် တူတဲ့ ပညာရှင်တွေ တောင်မှ ဒီမူလဘူတဓား ပညာရပ်ကို ထုတ်သုံးလိုက်ရင် ခုခံချိန်မရပဲ အရှုံးပေးခဲ့ ရတယ်လေ။

ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းမှာ ကိုယ်ပိုင် ဝှက်ဖဲတွေ ရှိကြပါတယ်။ အဲဒီအတွက်ကြောင့် ဒီမူလဘူတဓား ကလည်း မိုးပြာရောင် ဂိုဏ်းရဲ့ ဝှက်ဖဲတွေခဲက တစ်ချပ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မရှိပါဘူး။

“ဒါက ဂိုဏ်းတော်ရဲ့ မူလဘူတဓားလား။ သည်ပညာရပ်က တစ်ခါတည်းနဲ့ ဓားချီတွေ သောင်းနဲ့ချီပြီး ဖန်ဆင်းနိုင်တယ် ဆိုတာ အမှန်ပဲကိုး။ ဒီနည်းစနစ်က အတော်လေးကို အံ့သြစရာပဲ”

လီဖူချန်းက နည်းစနစ် တစ်ခုက လေ့လာတဲ့ နေရာမှာ အတော်လေး အမြင် စူးရှပါတယ်။

ဒီလေထဲမှာ လွင့်မျောနေတဲ့ ဓားချီတွေက တိုက်ခိုက်မှု စွမ်းအားတွေနဲ့ ပြည့်နှက် နေတာကို သတိပြုမိ လိုက်တယ်လေ။ ဒီသိပ်သည်းနေတဲ့ ဓားချီတွေက ကောင်းကင်နဲ့ မြေကြီးကိုတောင် ဆွဲဖြဲပစ်တော့မယ့် အတိုင်းပါပဲ။ ဒီဓားချက်ကို ထိပ်တိုက်ခုခံဖို့ မပြောနဲ့ ဘေးကနေ တစ်ချက် ကြည့်လိုက်တာ နဲ့တောင် ဒီပညာရပ်ရဲ့ ကြီးကျယ် ခမ်းနားမှုကို သိမြင်နိုင်ပါတယ်။

ဒီပညာရပ်က ဧရိယာလိုက် တိုက်ခိုက်တဲ့ နေရာမှာ သုံးတဲ့ ပညာရပ်လည်း ဟုတ်ပုံမရပါဘူး။

ဧရိယာလိုက်ကို ရည်ရွယ်ပြီး တိုက်ခိုက်တဲ့ နည်းစနစ်တွေက ထိရောက်မှုနှုန်း လျော့ကျပြီး တိုက်ခိုက်မှု အရေအတွက်ကိုပဲ များလာစေတာပါ။

ဥပမာပြောရရင် ချန်ဖန်းဟွာရဲ့ ပန်းပွင့်အသင်္ချေ ဓားသိုင်းပေါ့။ သူမရဲ့ ဓားချက် အရေအတွက်က အရမ်း များနေပေမဲ့လည်း ထိရောက်မှုပိုင်း မှာတော့ ၃၀ရာခိုင်နှုန်း လောက်ပဲ ရှိတယ်လေ။

လီဖူချန်း တစ်ယောက်ပဲ ဒီပညာရပ်ကို ကြည့်ပြီး အကြီးအကျယ် တုန်လှုပ်နေတာ မဟုတ်ပါဘူး။ ရှောင်လီနဲ့ အခြား လူတွေကလည်း လုံးဝကို အံ့သြနေကြပါတယ်။

လျုဝူဟောင်က သူ့ရဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့ကိုယ်သူ တိုင်တည် လိုက်ပါတယ်။ တစ်နေ့ကျရင် ဒီမူလဘူတဓား ပညာရပ်ကို ဆရာတစ်ဆူ ဖြစ်အောင် လေ့ကျင့်ပြီး ကမ္ဘာကြီးကို အုပ်စိုး မယ်လို့ပါပဲ။

ဝေရီပိုင်ကတော့ အံ့သြမှုတွေကို အတတ်နိုင်ဆုံး ထိန်းချုပ် ထားပါသေးတယ်။ ထို့နောက်မှာတော့ မနာလို သံကြီးဖြင့် …

“မင်းကို မူလဘူတဓား ပညာရပ် လေ့ကျင့် ထားမယ်လို့ လုံးဝ မထင်ထားခဲ့မိဘူး။ ကြည့်ရတာ မိုးပြာရောင်ဂိုဏ်းက မင်းကို အတော်လေး မျှော်လင့်ထားပုံ ရတာပဲ”

ကြယ်၅ပွင့် လျှို့ဝှက်နည်းစနစ် ဆိုတာ အကြီးအကဲ ခေါင်ချုပ်တွေကိုတောင် အလွယ်တကူနဲ့ လေ့ကျင့်ခွင့် ပေးထားတာ မဟုတ်ဘူးလေ။ ဂိုဏ်းချုပ်ကြီးရဲ့ ခွင့်ပြုချက်ရယ် အခြားသော ဂိုဏ်းထိန်းကြီးတွေရဲ့ ထောက်ခံမှုတွေနဲ့မှ လေ့ကျင့်ခွင့် ရတာပါ။

ဇောင်ဝူကျင်းက သူ့ရဲ့ ညာဘက်လက်ကို မြှောက်လိုက်တဲ့ အခါမှာတော့ ထောင်သောင်းနဲ့ ချီတဲ့ ဓားချီတွေက တိုက်ခိုက်ဖို့ကို အဆင့်သင့် ဖြစ်နေပါပြီ။

“မင်းတို့တွေက အရမ်း တိုက်ချင်နေတာ မလား။ လာလေ ... လာခဲ့စမ်းပါ ... ။ ငါ့ရဲ့ မူလဘူတဓားက တစ်ခါမှ ကောင်းကင် နယ်ပယ် အဆင့်က ပညာရှင်တွေကို မသတ်ရသေးဘူး။ ဒီနေ့မှာတော့ ငါတို့ဂိုဏ်းရဲ့ နည်းစနစ်က ကျော်သလောက် အစွမ်း ထက်မလား ဆိုတာ စမ်းကြည့် ကြတာပေါ့”

ဇောင်ဝူကျင်းက စကား ပြောနေရင်းနဲ့ သူ့ရဲ့ညာဘက် လက်ကို အရှေ့ကို တိုးလိုက်ပါတယ်။

“ခိခိ ... အကြီးအကဲဇောင် ... ဘယ်လိုဖြစ်ပြီး ဒီလောကအထိ ဒေါသကြီးနေ ရတာလဲရှင့် ... ။ ကျွန်မတို့က ရှင့်ကို ကျီစား နေတာပါရှင် ... ” အခြေအနေကို နားလည်တဲ့ ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီးကတော့ ဟန်ဆောင် အပြုံးလေးနဲ့ ဇောင်ဝူကျင်းကို လေပြည်သွေး ပါတော့တယ်။

သူမက တကယ်လည်း ဒီဇောင်ဝူကျင်း တစ်ယောက် မိုက်မိုက်ကန်းကန်းနဲ့ မူလဘူတဓားကို သုံးလိုက်မှာကို ကြောက်ပါတယ်လေ။

ဒီမူလဘူတ ဓားချက်ကို ခုခံနိုင်မယ်လို့လည်း သူမကိုယ်သူမ ယုံကြည်ချက် မရှိပါဘူး။

ဒီ ကြယ်၅ပွင့် အဆင့် လျှို့ဝှက် နည်းစနစ်က မရေမတွက်နိုင်တဲ့ ထိပ်သီးပညာရှင်တွေ ကိုတောင် သတ်ဖြတ်ခဲ့တာ မဟုတ်ပါလား။ ဓားချက်က မထုတ်ခင် အထိတော့ အဆင်ပြေ ပါသေးတယ်။ ဒါပေမဲ့ ဓားချက် ထုတ်လိုက်ပြီ ဆိုရင်တော့ တစ်ယောက်ယောက် ကတော့ မလွဲမသွေ သေဆုံး ရတော့မှာပါပဲ။ အဲသည် တစ်ယောက်က သူမတော့ မဖြစ်ချင်သေး ပါဘူးလေ။

ဟီဆန်းဟူ ကလည်း သက်ပြင်း တစ်ချက် ချလိုက်ပြီး သူ့ရဲ့ အမျက်ဒေါသကို ပြန်ထိန်း လိုက်ပါတယ်။ မူလဘူတဓားကို ထုတ်သုံးမယ့် ဇောင်ဝူကျင်းရဲ့ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်ရအောင် သူက ရူးနေတာမှ မဟုတ်တာလေ။

ဇောင်ဝူကျင်းက ဝေရီပိုင်ကို ကြည့်လိုက်ပါတယ်။

ဝေရိပိုင် ကလည်း လက်လျှော့ လိုက်ပါပြီ။

“မင်းရဲ့ စွမ်းအင် ပင်လယ်ထဲမှာ သိုလှောင်ထားတဲ့ ဓားချီတွေကို ငါခံစား နေရတယ်။ မင်းက ဓားချီတွေက အသက်ဓာတ် တွေတောင် ပါဝင်နေပြီပဲ။ မင်းရဲ့ ဓားချက်ကို ခံနိုင်ဖို့ ငါ့ကိုယ်ငါ ယုံကြည်ချက် မရှိသေးဘူး။ ဒီတစ်ခါတော့ ငါအလျှော့ပေး လိုက်မယ်။ နောက်တစ်ကြိမ် ဆိုရင်တော့ မင်းရဲ့ ဒီဓားချက်ကို ငါခုခံနိုင်မှာပါ”

ဇောင်ဝူကျင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး …

“မင်းတို့ အားလုံးက မှန်ကန်တဲ့ ရွေးချယ်မှုကို လုပ်လိုက်တာပဲ။ အကြီးအကဲလျှန် ... ခင်ဗျားရဲ့ ရတနာလေးတွေကို ခေါ်လိုက်တော့။ ကျုပ်တို့ ဒီနေရာမှာ ဆက်နေစရာ ဘာအကြောင်းမှ မရှိတော့ဘူး”

“ဟုတ်ကဲ့” အကြီးအကဲလျှန်က ခေါင်းညိတ် လိုက်ပါတယ်။

ရွှီ ...

ထို့နောက်မှာတော့ သူက လေချွန်သံ ရှည်ကြီး တစ်ချက် ပြုလုပ်လိုက် ပါတော့တယ်။

၁၅မိနစ်လောက် အကြာမှာတော့ ရွှေမွေးငှက်နဲ့ တောင်ပံပါကျားတို့က ပေါ်လာ ခဲ့ပါပြီလေ။

ဒါပေမဲ့ ဒီရွှေမွေးငှက်နဲ့ တောင်ပံပါ ကျားတို့ကို ကြည့်ရတာက ဒဏ်ရာ ရနေတဲ့ပုံပါပဲ။

နှစ်ကောင်စလုံးရဲ့ ကိုယ်ပေါ်မှာက လက်သည်း ရာတွေရယ်၊ ကိုက်ရာ တွေရယ်နဲ့ ပြည့်နှက်လို့ နေပါတယ်။

“ဘယ်လို ဖြစ်တာလဲ ... ဘယ်သူက ဒီလို ဖြစ်အောင် လုပ်လိုက်တာလဲကွ” အကြီးအကဲလျှန်ရဲ့ အသံက ဟိန်းထွက် လာပါတယ်။

ဒီရွှေမွေးငှက်နဲ့ တောင်ပံပါ ကျားတို့ကို သူက ငယ်စဉ်တောင်ကျေး ဘဝတည်းက ကျွေးမွေး စောင့်ရှောက် လာခဲ့တာပါ။ ဒီကောင် နှစ်ကောင်ကို သူ့ရဲ့ အသက် ထက်တောင် တန်ဖိုးထား မြတ်နိုး ပါသေးတယ်။

အောင်းဝ် ...

ကလေးငယ် တစ်ယောက်ရဲ့ အော်သံလို အသံတစ်ခုက ဟိုးအဝေး တစ်နေရာ ကနေ ထွက်ပေါ် လာပါတယ်။ ဒါပေမဲ့ ဒီအော်သံက ကလေးအော်သံ ထက်ကို အဆတစ်ထောင် မက ကျယ်လောင်ပါတယ်။ ထို့နောက်မှာတော့ တောင်ပံလေးခု ကောင်းကင်နတ်ဆိုး သားရဲကြီးက အနောက်ကနေ လိုက်ပါ လာခဲ့ပါပြီ။

"ဝေရီပိုင် ... မင်းတို့ဂိုဏ်းရဲ့ တောင်ပံလေးခု ကောင်းကင်နတ်ဆိုး သားရဲက ငါ့ရဲ့ ရွှေမွေးငှက်နဲ့ တောင်ပံပါကျားကို ဒဏ်ရာရအောင် လုပ်ရဲတယ် ပေါ့လေ”

အကြီးအကဲလျှန်က သူ့ရဲ့ ရတနာ ကောင်လေးတွေကို ဒဏ်ရာရအောင် လုပ်လိုက်တဲ့ တရားခံက ဒီကောင်းကင် နတ်ဆိုး သားရဲကြီးပဲ ဆိုတာကို လုံးဝ သေချာ သွားခဲ့ပါပြီ။

ဝေရီပိုင်က ရယ်မောလိုက်ပြီး …

“အသုံးမကျတဲ့ စိတ်ဝိညာဉ် သားရဲတွေက သေသွားတာတောင် ပိုကောင်းသေးတယ်”

အဲသည် အချိန်မှာပဲ တောင်ပံလေးခု ကောင်းကင်နတ်ဆိုး သားရဲက ရွှေမွေးငှက်နဲ့ တောင်ပံကျားတို့ကို မီလုနီးပါး ဖြစ်လာပါပြီ။

“သောက်ရေး မပါလိုက်တဲ့ ကောင်"

ဇောင်ဝူကျင်းက ဒေါသတကြီးနဲ့ ဓားချီတစ်ခုကို ထုတ်လွှတ် လိုက်ပါတယ်။

ရွှပ် ...

ဓားချီက တောင်ပံလေးခု ကောင်းကင် နတ်ဆိုး သားရဲကြီးကို ထိမှန်သွားတဲ့ အတွက် သားရဲကြီးက ကောင်းကင်ယံ ထက်ကနေ အရုပ်ကြိုးပြတ် ပြုတ်ကျ လာပါတယ်။

“အစွမ်း ထက်လိုက်တာ ... ဓားချီလေး တစ်ခုနဲ့တောင်မှ ကောင်းကင်နတ်ဆိုး သားရဲကြီးကို ဒဏ်ရာ အကြီးအကျယ် ရသွားစေတယ်”

ဝေရီပိုင်ကတော့ ဒေါသ အကြီးအကျယ် ထွက်နေပါပြီ။

“ဇောင်ဝူကျင်း ... မင်းက လုပ်ရဲတယ်ပေါ့လေ"

သူက ဇောင်ဝူကျင်းကို လက်သီးနဲ့ လှမ်းထိုး လိုက်ပါတယ်။ ကြောက်စရာ ကောင်းလှတဲ့ အတွင်းအားလှိုင်း တစ်ခုက ထွက်ပေါ်လာပြီး ဇောင်ဝူကျင်းကို တိုက်ခိုက် လိုက်တယ်လေ။

ရွှမ်း ...

ဇောင်ဝူကျင်းက ထိုအတွင်းအား လှိုင်းကို ဓားချက် တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ် လိုက်ပါတယ်။

“ဝေရီပိုင် ... မင်းနောက်ထပ် တစ်ခါ တိုက်ရဲရင် တိုက်ကြည့်စမ်း။ ဒီနေ့က မင်းနဲ့ငါ့ရဲ့ သူသေကိုယ်သေ တိုက်ပွဲ ဖြစ်လာလိမ့်မယ်”

“မင်း ... မင်း ... "

ဝေရီပိုင်က ရူးသွပ်မတတ် ဒေါသထွက်နေ ပေမဲ့လည်း အဆုံးသတ်မှာတော့ နောက်ထပ် တိုက်ကွက် မထွက် လာတော့ပါဘူး။ သူက ဇောင်ဝူကျင်းရဲ့ ဓားချီ ၁၀၀ လောက်ကို ရှောင်နိုင်မယ်လို့ ယုံကြည်မှု ရှိပေမဲ့ ထောင်နဲ့ချီတဲ့ ဓားချီတွေကို ဆိုရင်တော့ ရှောင်တိမ်းမယ်လို့ ယုံကြည်မှု မရှိဘူးလေ။

ဟီဆန်းဟူနဲ့ ဝိညာဉ်ကဝေ ဂိုဏ်းက အဘွားကြီးကတော့ အတော်လေး ပါးရေနပ်ရေ ရှိတယ်လို့ ဆိုရမှာပါပဲ။ သူတို့ နှစ်ယောက်စလုံးက ဒီအဖြစ်အပျက်ကို မသိချင်ယောင် ဆောင်နေကြပါတယ်။

ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်တိုက် တွေ့မှုမှာ သူတို့က ဘာအကြောင်းနဲ့မှ လက်ဝင်လျှိုစရာ မလိုပါဘူးလေ။

ပြီးတော့ ဒီမူလဘူတဓားရဲ့ အစွမ်းကို သူတို့က ကောင်းကောင်းကြီး ကြားဖူး ထားပါတယ်။

“ဒါက လုံးဝကို အကြွင်းမဲ့ အစွမ်း ထက်လွန်းတယ်”

အရင်တုန်း ကတော့ လီဖူချန်းက သူတို့ဂိုဏ်းရဲ့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ကို ဒီလောက်အထိ အစွမ်း ထက်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ အခုတော့ သူက ကောင်းကောင်းကြီး နားလည် သွားခဲ့ပါပြီ။

ရွှေမွေးငှက်နဲ့ တောင်ပံပါကျားတို့ရဲ့ ဒဏ်ရာက အပေါ်ယံလေးပဲ ဖြစ်နေလို့ တော်ပါသေးတယ်။

အတန်ကြာ ဆေးကုပေးပြီး နောက်မှာတော့ အကြီးအကဲလျှန်က သူ့ရဲ့လက်ကို ဝှေ့ယမ်း လိုက်ပါတယ်။

“မင်းတို့အားလုံး တက်လို့ရပြီ”

အကြီးအကဲလျှန်ရဲ့ အမိန့်ကို ရအပြီးမှာတော့ မိုးပြာရောင် ဂိုဏ်းသားတွေဟာ သားရဲကောင်ကြီး နှစ်ကောင် အပေါ်ကို အလျှိုလျှို တက်လိုက် ကြပါတယ်။

ဇောင်ဝူကျင်းကတော့ နောက်ဆုံးမှပဲ တက်လာ ခဲ့တယ်လေ။

အခြားဂိုဏ်း ၃ဂိုဏ်းစလုံးရဲ့ အဖွဲ့ဝင်တွေကို သေသေချာချာ စိုက်ကြည့်ပြီး နောက်မှာတော့ ဇောင်ဝူကျင်းက သူ့ရဲ့ ဓားချီတွေကို ပြန်သိမ်းလိုက် ပါတော့တယ်။

“သွားစို့”

စိတ်ဝိညာဉ် သားရဲ နှစ်ကောင်ကလည်း အရှိန်ယူပြီး ကောင်းကင်ယံကို ပျံတက် သွားခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ မိုးပြာရောင် ဂိုဏ်းသားတွေ စီးနင်းထားတဲ့ သားရဲနှစ်ကောင်ဟာ ဆေးပင်၁၀၀ ရေကန်ကနေ ပျောက်ကွယ် သွားပါတော့တယ်။

“-ီး ပဲကွာ”

ဝေရီပိုင်က သူ့ရဲ့ အမျက် ဒေါသတွေကို ကန်ရေပြင်ဆီကို လွှဲချ လိုက်ပါတယ်။ ကန်ရေပြင် တစ်ခုလုံးက ပေါက်ကွဲသံတွေနဲ့ ဆူညံ သွားခဲ့ပါပြီ။

“သွားမယ်ဟေ့”

ခရမ်းရောင် ဆေဘာဂိုဏ်းနဲ့ ဝိညာဉ်ကဝေ ဂိုဏ်းကလည်း သက်ဆိုင်ရာ စိတ်ဝိညာဉ်သားရဲ အသီးသီးကို ခေါ်ပြီး ထွက်သွား ပါတော့တယ်။

နောက်ဆုံးမှ ထွက်သွားတဲ့ သူတွေကတော့ ကောင်းကင် နတ်ဆိုးဂိုဏ်းပါပဲ။

“မိုးပြာရောင်ဂိုဏ်း ... တစ်နေ့ကျရင် မင်းတို့ဂိုဏ်းကို မျိုးဖြုတ် ပစ်မယ်ကွ”

လီဝူရှုကတော့ စိတ်ထဲကနေ ကြုံးဝါး လိုက်ပါတယ်။

***

All Chapters