ထောက်ပံ့ရေးရမှတ် ထုတ်ယူပြီ
Vol. 12 Ch. 166
တစ်ပတ်လောက် အကြာမှာတော့ လီဖူချန်းတို့ လူစုဟာ မိုးပြာရောင် ဂိုဏ်းကို ပြန်ရောက် လာခဲ့ကြပါပြီ။
အတွင်းစည်းဂိုဏ်းရဲ့ ပင်မခန်းဆောင်ထဲ မှာတော့ …
ဇောင်ဝူကျင်းက ကြေညာ လိုက်ပါတယ်။
"ချိုကန်းကလွဲပြီး မင်းတို့ အားလုံးကတော့ မြေကမ္ဘာ အဆင့်ကို ရောက်သွားကြပြီ။ ဂိုဏ်းတော်ရဲ့ စည်းကမ်းချက် အရတော့ တိုက်ရိုက်တပည့် စမ်းသပ်မှုတွေကို မလုပ်ရသေးဘဲနဲ့ မင်းတို့ကို တိုက်ရိုက် တပည့်ရာထူး ပေးလို့ မရသေးဘူး။ ဒါပေမဲ့ ဒါတွေက အပေါ်ယံတွေပါပဲ။ ရော့ ... ဒီ တိုက်ရိုက် တပည့် တံဆိပ်တော်တွေကို ယူထားလိုက်။ အခုချိန်ကစပြီး မင်းတို့အားလုံးဟာ တိုက်ရိုက် တပည့်တွေပဲ။
ဇောင်ဝူကျင်းက သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ တံဆိပ်တော် ၅ခုဟာ လီဖူချန်းတို့ဆီကို ဝဲကျလာပါတယ်။
တံဆိပ်တော်ကို လက်ခံယူ အပြီးမှာတော့ လီဖူချန်းက တစ်ချက် စစ်ဆေး ကြည့်ရှု လိုက်ပါတယ်။ တံဆိပ်တော်က ငွေရောင်အဆင်း ရှိပြီး အရှေ့ဘက် မျက်နှာပြင်မှာတော့ ပင်လယ် တစ်စင်းနဲ့ ဓားတစ်လက်ရဲ့ ပုံကို ထွင်းထု ထားပါတယ်။
ဇောင်ဝူကျင်းက ဆက်ပြောပါတယ်။
“ဒါက ငွေအဆင့် တံဆိပ်တော်ပဲ။ တိုက်ရိုက် တပည့်တွေကို အမျိုးအစား နှစ်မျိုး ခွဲထားတယ်။ အဲဒါကတော့ ရွှေအဆင့် တိုက်ရိုက်တပည့်နဲ့ ငွေအဆင့် တိုက်ရိုက် တပည့်ပဲ။ ငွေအဆင့် တိုက်ရိုက် တပည့်တွေက ဂိုဏ်းတော်က ပစ္စည်းတွေကို ရယူတဲ့နေရာမှာ ၃၀ရာခိုင်နှုန်း လျှော့ဈေး ရမယ်။ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကတော့ ၅၀ရာခိုင်နှုန်း လျှော့ဈေးရမယ်”
"ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်လာဖို့ဆိုရင် မင်းက အမွေခံ မျှော်စင်ရဲ့ ပထမအဆင့်ကို တစ်နှစ်အတွင်း ကျော်ဖြတ်နိုင်မှ ဖြစ်မယ်။ တိုက်ရိုက် တပည့်တွေတိုင်းမှာ ကြိုးစားခွင့် ၃ကြိမ် ရှိတယ်”
“မင်းတို့ကို သတင်းတစ်ခုတော့ ပေးပါရစေဦး။ ငါတို့ မိုးပြာရောင် ဂိုဏ်းမှာ တိုက်ရိုက် တပည့် ၅၀၀ ရှိတယ်။ ဒါပေမဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်ကတော့ ၃၀ ပဲ ရှိတယ် ဆိုတာပဲ။ မင်းတို့ အထဲက လူ အနည်းငယ်လောက် ကတော့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေ ဖြစ်လာမယ်လို့ ငါ မျှော်လင့်ပါတယ်”
ဇောင်ဝူကျင်းက အဲသည့်စကားကို ပြောတဲ့ အခိုက်မှာတော့ သူ့မျက်လုံးတွေက လီဖူချန်းကို စိုက်ကြည့် နေပါတယ်။
လီဖူချန်းရဲ့ အစွမ်းအစက ဘယ်လောက်ထိ ရောက်နေပြီလဲ ဆိုတာကို သူ ကောင်းကောင်း မသိပါဘူး။ ဒါပေမဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်ဖို့ ဆိုတာ ဘယ်လောက် ခဲယဉ်းလည်း ဆိုတာကိုတော့ သူ ကောင်းကောင်းကြီး သိပါတယ်။ ဓားအရူး သူတော်တို့လို လူတွေကသာ တစ်စုံတစ်ရာ ပြဿနာ မရှိဘဲ တစ်ကြိမ်တည်းနဲ့ ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်လာခဲ့တာလေ။
လျူဝူဟောင်က သူမရှင်းတဲ့ ကိစ္စတစ်ခုကို မေးလိုက်ပါတယ်။
“အကြီးအကဲခင်ဗျား ... တကယ်လို့ ကျွန်တော်တို့က အမွေခံ မျှော်စင်ရဲ့ ဒုတိယ အဆင့်ကို ကျော်ဖြတ် သွားနိုင်မယ်ဆိုရင် ဘာဖြစ်သွားမှာပါလဲ"
အချိန် တစ်နှစ်ကြီး များတောင် ပေးထားတာမို့ အမွေခံ မျှော်စင်ရဲ့ ပထမအဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ဆိုတာ လျူဝူဟောင် အတွက် လွယ်လွန်းတယ်လို့ ခံစားရပါတယ်။
ဇောင်ဝူကျင်းက ရယ်ပြီး ခေါင်းခါ ပြလိုက်ပါတယ်။
“မဖြစ်နိုင်ဘူး”
လျူဝူဟောင်က အကြောင်းရင်းကို မေးလိုက်ပါတယ်။
“ဘာကြောင့်ပါလဲ”
ဘေးနားမှာ ရှိတဲ့ အတွင်းစည်း အကြီးအကဲ တစ်ယောက်က လျူဝူဟောင်ကို ရှင်းပြပါတယ်။
“အမွေခံ မျှော်စင်ရဲ့ ပထမအဆင့်နဲ့ ဒုတိယ အဆင့်ကြားက ကွာဟချက်က အရမ်းကို ကြီးမားနေလို့ပဲ။ ငွေအဆင့် တိုက်ရိုက်တပည့် အတော်များများဟာ မြေကမ္ဘာနယ်ပယ် အဆင့်၆ကို ရောက်နေတာတောင်မှ အမွေခံ မျှော်စင်ရဲ့ ဒုတိယအဆင့်ကို မကျော်ဖြတ်နိုင်ဘူး။ ပြီးတော့ ငါမင်းတို့ကို ပြောပြရဦးမယ်။ အမွေခံမျှော်စင်ရဲ့ ဒုတိယ အဆင့်ကနေ စပြီး ကျော်ဖြတ် နိုင်တဲ့သူတွေကို ဂိုဏ်းတော်က ဆုတွေ ပေးသေးတယ်။ မင်း အဆင့်တစ်ခုကို ကျော်ဖြတ်နိုင်တာနဲ့ ကြိုက်တဲ့ အဆင့်မြင့် ပညာရပ် တစ်ခုကို ရွေးယူလို့ ရတယ်။ ကြယ်၃ပွင့် လျှို့ဝှက်နည်းစနစ်၊ ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် ဒါမှမဟုတ် ဆန်းကြယ် အထွတ်အထိပ် သိုင်းကျမ်းကွာ။ မင်းကြိုက်တာ အကုန် ရွေးနိုင်တယ်။ ဒါပေမဲ့ အမွေခံမျှော်စင်ရဲ့ ဒုတိယအဆင့်ကို ကျော်ဖြတ် နိုင်ဖို့အတွက် အနည်းဆုံးတော့ မြေကမ္ဘာနယ်ပယ် အဆင့်၃ကို ရောက်နေမှ ဖြစ်မယ်။ ဒါတောင်မှ မျှော်လင့်ချက် သေးသေးလေးပဲ ရှိတာနော်။ မြေကမ္ဘာနယ်ပယ် အဆင့်၃နဲ့ အမွေခံမျှော်စင်ရဲ့ ဒုတိယ အဆင့်ကို ဖြတ်ကျော် သွားနိုင်တဲ့ သူတွေက သမိုင်း တစ်လျှောက် မှာတောင် လက်တစ်ဆုပ်စာပဲ ရှိတာ”
“အရမ်းကို ခက်မယ့်ပုံပဲ"
ရှောင်လီနဲ့ အခြားလူတွေက လက်လျှော့ လိုက်ကြပါပြီ။
သူတို့က ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်ဖို့ကိုလည်း အဲဒီလောက်ကြီး အလေးမထားပါဘူး။ တိုက်ရိုက် တပည့် ၅၀၀မှာ ၃၀ပဲ ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်တယ် ဆိုကတည်းက ဘယ်လောက်ထိ ခက်ခဲလိမ့်မလဲ ဆိုတာကို သူတို့က ကောင်းကောင်းကြီး နားလည် သဘောပေါက် ပါတယ်။
“ဒုတိယ အဆင့်ကနေပြီးတော့ အဆင့်တစ်ဆင့်ကို ဖြတ်ကျော် နိုင်တိုင်းမှာ အဆင့်မြင့် ပညာရပ်တစ်ခု ရွေးယူလို့ ရမှာလား”
လီဖူချန်းကတော့ မျက်လုံးတွေ အရောင် တောက်နေပါပြီ။ အစစ်အမှန် ငရဲမီးတောက် ပညာရပ်ကို ရွေးယူလို့ ရမည့် အခွင့်အရေးကတော့ လာပြီလေ။ ဒါပေမဲ့ ဒုတိယ အဆင့်ကို ဖြတ်ကျော်နိုင်ဖို့ ဆိုတာ လောလောဆယ်တော့ လုံးဝ မဖြစ်နိုင်သေးဘူး ဆိုတာကို သတိပြုမိလိုက်တဲ့ အချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေက အရောင် ပြန်မှိန် သွားပါတော့တယ်။
ဇောင်ဝူကျင်းက လီဖူချန်းရဲ့ အဖြစ်ကို တွေ့မြင်သွားတဲ့ ပုံပါပဲ။ သူက လီဖူချန်းကို စိတ်သက်သာရာ ရစေမယ့် စကားတစ်ခွန်းကို ဆက်ပြောခဲ့တယ်လေ “ငါမင်းတို့ကို တစ်ခုပြောဖို့ ကျန်နေခဲ့တယ်။ အဲဒါကတော့ ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်တာနဲ့ အဆင့်မြင့် ပညာရပ် တစ်ခုကို ရွေးယူခွင့် ပေးထားတယ် ဆိုတာပဲ။ အဲဒါကတော့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေ အတွက် အထူး အခွင့်အရေးပဲ”
ဇောင်ဝူကျင်းက ချောင်းတစ်ချက် ဟန့်လိုက်ပြီး ဆက်ပြောပြန်ပါတယ်။
“ကဲ... ပြောသင့်တာတွေ အားလုံး ပြောပြီးပြီ ဆိုတော့ မင်းတို့ရဲ့ ထောက်ပံ့ရေး ရမှတ်တွေကို ထုတ်ယူရမယ့် အချိန်ရောက်ပြီ။ ဂိုဏ်းတော်က ပေးလိုက်တဲ့ သိုလှောင် အိတ်တွေကို ပြန်လာအပ်တော့”
“ဟုတ်ကဲ့ပါ အကြီးအကဲ ခေါင်ချုပ်"
ချိုကန်း အပါအဝင် သူတို့ ခြောက်ယောက်ဟာ သူတို့ရဲ့ သိုလှောင်အိတ်တွေကို ပြန်လည် အပ်နှံ လိုက်ပါတယ်။
လီဖူချန်းဆီ မှာတော့ စုစုပေါင်း သိုလှောင်အိတ် ၁၄အိတ် ရှိပါတယ်။၂အိတ်ကတော့ မိုးပြာရောင် ဂိုဏ်းက သိုလှောင်အိတ်တွေပါ။ နှမြောစရာပါပဲ။ လီဖူချန်းက ဒီအိတ်တွေကို ပြန်ပေးရမှာ သိထားတဲ့ အတွက် ဆေးပင် ဆေးမြစ်တွေကို လုံလုံလောက်လောက် မထည့်ထားခဲ့ပါဘူး။ အခုက ထောက်ပံ့ရေး ရမှတ်တွေ ပေးမှာဆိုတော့ ဘာမှမတတ်နိုင်ဘဲ သူ နုတ်ယူလာတဲ့ ဆေးပင် တော်တော် များများကို သိုလှောင်အိတ်တွေထဲ ထည့်ကာ ဂိုဏ်းတော်ကို ပြန်အပ်လိုက်ရုံပဲ ရှိပါတော့တယ်။
ဇောင်ဝူကျင်းကတော့ ပြုံးနေပါတယ်။ လီဖူချန်းဆီမှာ သိုလှောင်အိတ်တွေ အများကြီး ရှိနေမယ် ဆိုတာကို သူက သိနေပြီးသားပါပဲ။ ဒါပေမဲ့ အဲဒီအိတ်တွေက မိုးပြာရောင်ဂိုဏ်းရဲ့ သိုလှောင်အိတ်တွေ မဟုတ်တဲ့အတွက် ပြန်တောင်းစရာ အကြောင်း မရှိပါဘူး။
စာရင်းပြုစုပြီးတဲ့ နောက်မှာတော့ ရမှတ်တွေကို ကြေညာ ပါတော့တယ်။
ချိုကန်း - ထောက်ပံ့ရေးရမှတ် ၇သိန်း၆သောင်း။
ထိုကြေညာချက်ကြောင့် ချိုကန်းက ကျေနပ် သွားပါတယ်။ ထောက်ပံ့ရေး ရမှတ် ၇သိန်း၆သောင်း ဆိုတာက အတော်များတဲ့ ပမာဏပါပဲ။ ဒီအမှတ်က သူ့အတွက်တော့ အများကြီး အသုံး ဝင်တယ်လေ။
“ယုဝူရှန်း- ထောက်ပံ့ရေးရမှတ် ၈သိန်း”
“ချန်ဖန်းဟွာ - ထောက်ပံ့ရေး ရမှတ် ၉သိန်း၆သောင်း”
“ရှောင်လီ- ထောက်ပံ့ရေး ရမှတ် ၁.၉သန်း”
“လျူဝူဟောင်- ထောက်ပံ့ရေး ရမှတ် ၂.၂သန်း”
ရှောင်လီနဲ့ လျူဝူဟောင်က အခြားဂိုဏ်းက တပည့်တွေကို သတ်ခဲ့ သေးတယ်လေ။ အဲသည် အတွက်ကြောင့် သူတို့က ချိုကန်း၊ ယုဝူရှန်းနဲ့ ချန်ဖန်းဟွာတို့ထက် ရမှတ်တွေ များနေတာပါ။
နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ။
လီဖူချန်းက သူ နုတ်ယူလာတဲ့ ဆေးပင်၊ ဆေးမြစ် တော်တော်များကို ပေးအပ်လိုက်တာ ဖြစ်တဲ့အတွက် စာရင်းတွက်တဲ့ ကြီးကြပ်ရေးမှူးက တော်တော်လေး တွက်ချက် နေရပါတယ်။
“လီဖူချန်း - ၁၀.၂ သန်း"
ရှူး...
ကြေညာချက်ကို ကြားလိုက်ရတဲ့ သူအားလုံးက အသက်ရှူဖို့တောင် မေ့သွားသလိုပါပဲ။
အတွင်းစည်း အကြီးအကဲတွေရဲ့ မျက်နှာပေါ်မှာ တောင်မှ မနာလိုမှုတွေ ဖြစ်ပေါ် လာကုန်ပါတယ်။
ထောက်ပံ့ရေးရမှတ် ၁၀.၂သန်း......။ ဒါက ဘာကြီးလဲ ...။ အတွင်းစည်း အကြီးအကဲ တော်တော် များများ တောင်မှ သူတို့ရဲ့ ရာထူး အဆင့်အတန်းကို လိုက်ပြီး ထောက်ပံ့ရေး ရမှတ် ၁သောင်း၊၂သောင်းလောက်ပဲ ရတာလေ။ ထောက်ပံ့ရေး ရမှတ်တွေကို ရယူနိုင်တဲ့ အခြားသော နည်းလမ်းတွေ အများကြီး ရှိတယ်ဆိုပေမဲ့ ထောက်ပံ့ရေးရမှတ် ၁၀သန်းရဖို့က လုံးဝကို မဖြစ်နိုင် သလောက်ပါပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ ၇ရက်လောက်နဲ့ အဲဒီလောက်ရမှတ်တွေ ရသွားတယ်လေ။
ဇောင်ဝူကျင်း တောင်မှ ကြောင်အသွားတဲ့ အထိပါပဲ။ အချိန် အနည်းငယ်ကြာမှ သူလည်း သတိပြန်ဝင် လာပါတယ်။
“ကောင်းတယ်... အရမ်း ကောင်းတယ်။ ဒီထောက်ပံ့ရေးရမှတ် ၁၀သန်းနဲ့ဆိုရင် မင်းက တခြား သူတွေထက်ကို ပိုမြန်မြန် တိုးတက် လာမှာပဲ”
ဂိုဏ်းတော်ထဲမှာတော့ ထောက်ပံ့ရေး ရမှတ်တွေကို ကောင်းကောင်းကြီး သုံးဖြုန်းလို့ ရတဲ့ အလုပ်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ဆေးလုံးတွေ ဝယ်ယူတာပါပဲ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စွမ်းအင် အရင်းအမြစ် မလုံလောက်မှုကြောင့် အဆင့်မြင့် အတွင်းအား ပညာရပ်တွေကို လေ့ကျင့်တဲ့အခါမှာ အထောက်အကူပြု ဆေးဝါးတွေက လုံးဝကို လိုအပ်ပါတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေကိုပဲ စုပ်ယူနေမယ် ဆိုရင်တော့ မင်းရဲ့အတွင်းအား ကျင့်စဉ်က ဘယ်အချိန်မှ အဆင့်တစ်ဆင့် တက်နိုင်မလဲ ဆိုတာကို မသိနိုင်ပါဘူး။
ပြီးတော့ အတွင်းအား ကျင့်စဉ် အဆင့်မကောင်းဘူး ဆိုရင် ကျင့်ကြံခြင်း နယ်ပယ် အဆင့်တစ်ဆင့် တက်ဖို့လည်း မဖြစ်နိုင်တော့ဘူးလေ။
ပြီးတော့ ထောက်ပံ့ရေး ရမှတ်တွေကို တခြား နေရာတွေမှာလည်း သုံးလို့ ရပါသေးတယ်။
တိုက်ရိုက် တပည့်တွေရဲ့ နယ်မြေထဲမှာရှိတဲ့ စိတ်ဝိညာဉ် ခန်းမလို နေရာတွေကိုလည်း သွားလို့ ရသေးတယ်လေ။ သိပ်သည်းတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်တွေ ပြည့်နှက်နေတဲ့ ခန်းမထဲမှာ တစ်ရက် လေ့ကျင့်မယ်ဆိုရင် ထောက်ပံ့ရေးရမှတ် တစ်ထောင် ပေးရပါတယ်။ တစ်နှစ်လုံး လေ့ကျင့်မယ် ဆိုရင်တော့ ထောက်ပံ့ရေးရမှတ် ၃သိန်းကျော်တောင် ကျသင့်မှာပါ။
လီဖူချန်း အတွက်ကတော့ ထောက်ပံ့ရေးရမှတ် ၃သိန်းကျော် ဆိုတာက ဘာမှ မပြောပလောက်တဲ့ ပမာဏပင် မဟုတ်ပါလား။
“ချိုကန်း ... မင်းကတော့ မြေကမ္ဘာ နယ်ပယ်ကို တက်လှမ်းဖို့ လိုသေးတဲ့အတွက် ပြန်လို့ရပြီ။ ကျန်တဲ့လူတွေ ကတော့ ငါနဲ့အတူ တိုက်ရိုက်တပည့် ခန်းမဆောင်ထဲကို လိုက်ခဲ့ကြ”
ဇောင်ဝူကျင်းက လီဖူချန်းတို့ ၅ယောက်ကို သူ့နောက် လိုက်ခဲ့ဖို့ ခေါ်သွား ပါတော့တယ်။
ဂိုဏ်းတော်ရဲ့ ဝိညာဉ်သားရဲကို စီးပြီး သူတို့ ၅ယောက်ဟာ တိုက်ရိုက် တပည့်တွေရဲ့ နယ်မြေထဲကို သက်သက်သာသာနဲ့ ရောက်သွားခဲ့ပါပြီ။
တိုက်ရိုက်တပည့် နယ်မြေက အတွင်းစည်း ဂိုဏ်းနယ်မြေထက် ပိုပြီး ကြီးကျယ် ခမ်းနား လှပါတယ်။ ဒါပေမဲ့ လူဦးရေကတော့ အတွင်းစည်း ဂိုဏ်းထက်ကို ၁၀ဆလောက် နည်းပါးပါတယ်။
တိုက်ရိုက်တပည့် ခန်းမဆောင်ရဲ့ ဦးစီးကလည်း ဇောင်ဝူကျင်းပါပဲ။
အတွင်းစည်း အကြီးအကဲတွေကို ပုံမှန်အားဖြင့် နှစ်မျိုးနှစ်စား ခွဲခြားထားပါတယ်။ တစ်မျိုးက သာမန် အတွင်းစည်း အကြီးအကဲတွေ ဖြစ်ပြီး နောက်တစ်မျိုးက တိုက်ရိုက် အကြီးအကဲတွေပါ။
တိုက်ရိုက် အကြီးအကဲတွေက ၁၀ယောက်ပဲ ရှိပါတယ်။ တကယ်လို့ တိုက်ရိုက် အကြီးအကဲ တစ်ယောက်က သေသွားတာပဲ ဖြစ်ဖြစ်၊ ပျောက်ဆုံး သွားတာပဲ ဖြစ်ဖြစ် အစားထိုးဖို့ ကတော့ မလွယ်လှပါဘူး။
“ဒါက မင်းတို့ရဲ့ တိုက်ရိုက်တပည့် ဝတ်ရုံတွေပဲ။ ဓားအတွက်ကတော့ အစောကြီး ကတည်းက မင်းတို့ကို လက်ဆောင် ပေးခဲ့ပြီးပြီ။ နောက်ပြီး ဒါကတော့ မင်းတို့နေရမယ့် ခြံဝင်းရဲ့သော့ပဲ။ မင်းတို့ဒီက ထွက်သွားတာနဲ့ လက်ထောက် ကြီးကြပ်ရေးမှူး တစ်ယောက်က မင်းတို့ နေရမယ့် နေရာကို လိုက်ပြ ပေးလိမ့်မယ်”
သူ့ရဲ့ စကား ဆုံးသွားတာနဲ့ ဇောင်ဝူကျင်းက တစ်ခုခုကို အာရုံခံမိ သွားဟန် တူပါတယ်။ သူက ပြုံးလိုက်ပြီး
“ကြွရောက် လာတဲ့အတွက် ကြိုဆိုပါတယ် ဂိုဏ်းချုပ်ကြီး"
လီဖူချန်းနဲ့ အခြား လူတွေကလည်း ထိတ်လန့်သွားပြီး အနောက်ကို ကပျာကယာ လှည့်ကြည့် လိုက်ပါတယ်။
တိုက်ရိုက်တပည့် ခန်းမဆောင်ရဲ့ အပြင်ဘက်မှာတော့ အလင်းတန်း တစ်ခုက ညင်သာစွာနဲ့ ဆိုက်ရောက် လာခဲ့ပါတယ်။ အလင်းတန်းနဲ့အတူ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ အသက်၄၀အရွယ် လူလတ်ပိုင်း တစ်ယောက်က ပေါ်လာခဲ့တယ်လေ။ ထိုသူက သူ့ရဲ့ အရှိန်အဝါတွေကို ထိန်းချုပ် ထားပေမဲ့လည်း သူ့ရဲ့ခန္ဓာကိုယ်ကနေ တစ်ဖက်သားကို လွှမ်းမိုးနိုင်စွမ်း ရှိတဲ့ အငွေ့အသက်တွေ ပေးစွမ်းနေတုန်းပါပဲ။
အဖြူရောင် ဝတ်ရုံနဲ့ လူကြီး ပေါ်လာတာနဲ့ အားလုံးက ခေါင်းငုံ့ပြီး အရိုအသေ ပေးလိုက် ကြပါတယ်။
“တစ်သွေးတစ်သံ တစ်မိန့် အာဏာရှင် ဆိုတာ … ဒီလို အရှိန်အဝါတွေကို ပိုင်ဆိုင်ထား တာလား"
လီဖူချန်းရဲ့ စိတ်ထဲမှာ အတွေးတစ်ခု ဝင်လာခဲ့ပါတယ်။
***