← Chapters

မိုးပြာရောင် ဂိုဏ်းချုပ်

Vol. 12 Ch. 167

မိုးပြာရောင် ဂိုဏ်းချုပ်

Vol. 12 Ch. 167

“ကြိုဆိုပါတယ် ဂိုဏ်းချုပ်ကြီး..."

လူအားလုံးက တညီတညွတ်တည်း နှုတ်ဆက် လိုက်ကြပါတယ်။

ဝတ်ရုံအဖြူနဲ့ လူက လီဖူချန်းတို့ တစ်သိုက်ကို  ပြုံးပြလိုက်ပြီး

“မင်းတို့ ကြုံခဲ့ရတာတွေကို ငါ အားလုံး ကြားသိခဲ့ပြီးပြီ။ မင်းတို့အားလုံး  တော်ကြပါပေတယ်။ မင်းတို့အားလုံးက ငါတို့ မိုးပြာရောင်ဂိုဏ်းကို မျက်နှာ မပျက်စေခဲ့ဘူး။ ငါကိုယ်တိုင်ကလည်း မင်းတို့ကို ဆုတစ်ခု ပေးဦးမယ်ကွာ။ လီဖူချန်းကလွဲပြီး ကျန်တဲ့ လေးယောက်ကို ဓားကျောက်တိုင်မှာ ၁၀ရက် အလကား လေ့ကျင့်ခွင့် ပေးလိုက်မယ်။ လီဖူချန်း ... မင်းကိုတော့ ဓားကျောက်တိုင်မှာ ၁လတိတိ လေ့ကျင့်ခွင် ပေးမယ်"

“ဓားကျောက်တိုင် မှာလား” လျူဝူဟောင်နဲ့ အခြားလူတွေက အလွန်အမင်း စိတ်လှုပ်ရှား သွားကြပါတယ်။

ဓားကျောက်တိုင် ဆိုတာ မိုးပြာရောင်ဂိုဏ်းရဲ့ အထွတ်အမြတ် ထားရတဲ့ နေရာတွေထဲက တစ်ခု အပါအဝင် ဖြစ်ပါတယ်။ အဲသည်နေရာက သိုင်းတာအိုနဲ့ ပတ်သက်ပြီး အလွန် ကျော်ကြားပါတယ်။ ဓားကျောက်တိုင် ဆိုတာက သဘာဝအတိုင်း ဖြစ်နေတဲ့ အလွန်မာကျောတဲ့ ကျောက်တိုင်ကြီး တစ်ခုပါ။ မိုးပြာရောင်ဂိုဏ်းကို စတင် တည်ထောင်ခဲ့ ကတည်းက ထိုကျောက်တိုင်ကြီးက တည်ရှိနေခဲ့တာလေ။ ဒီကျောက်တိုင်ကြီးက ဘာမှ ထွေထွေထူးထူး  အစွမ်း ရှိနေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီကျောက်တိုင်ကြီးက ဓားဆန္ဒတွေကို မှတ်တမ်းတင်ထား နိုင်တယ်လေ။

ထိုကျောက်တိုင်ကြီး ပေါ်မှာ ခေတ်အဆက်ဆက်က နာမည် ကျော်ကြားတဲ့  တပည့်တွေက ဓားစမ်းခဲ့တဲ့ အတွက် မရေမတွက်နိုင်တဲ့ ဓားချက်တွေ ဖြစ်ပေါ် နေပါတယ်။ နောင်လာမယ့် မျိုးဆက်သစ် လူငယ်တွေက ထိုဓားချက်တွေကို ကြည့်ပြီး ဓားတာအိုမှာ ဉာဏ်အလင်း ရသွားစေဖို့အတွက် ရည်ရွယ်ပြီး ဓားဆန္ဒတွေကို ချန်ထားခဲ့ကြတာပါ။

ဓားကျောက်တိုင်မှာ လေ့ကျင့်ခွင့်ရတဲ့ သူတွေက သူတို့ရဲ့ ဓားတာအို အခြေခံကို ပိုပြီး ခိုင်ခိုင်မာမာနဲ့ ကြီးထွားလာအောင် လုပ်ဖို့ အခွင့်အရေး ရသလိုပါပဲ။ တိုက်ရိုက်တပည့် တော်တော် များများဟာ ဒီဓားကျောက်တိုင် ပေါ်က ဓားချက်တွေကို လေ့လာပြီး ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတွေရဲ့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်အထိကို ရောက်သွားကာ ဓားဆန္ဒကို နားလည် အသုံးပြု နိုင်လာတာပါ။

လျူဝူဟောင်နဲ့ ရှောင်လီက ဓားဆန္ဒကို နားလည်ပြီးသား ဆိုပေမဲ့လည်း ဓားလမ်းစဉ် ဆိုတာက လုံလောက်တယ်လို့မှ မရှိတာပဲလေ။ ဒီ၁၀ရက်လောက် အတွင်းမှာကို သူတို့ရဲ့ ဓားတာအိုက နောက်ထပ် တစ်ဆင့် ရောက်ရင် ရောက်သွား နိုင်ပါသေးတယ်။ ပြောရမယ်ဆိုရင် ဒါက  ဓားလမ်းစဉ်ကို ဖြတ်လမ်းက လိုက်သလိုပါပဲ။ ဓားကျောက်တိုင်မှာ ၁၀ရက်လောက် လေ့လာခွင့် ရလိုက်တာက  ရက်၁၀၀လောက် လေ့ကျင့်ရမှာတွေကို နားလည် သွားစေ နိုင်ပါတယ်။

ပြီးတော့ ဒီဓားကျောက်တိုင်ကို လေ့လာဖို့အတွက် ပေးရတဲ့ ထောက်ပံ့ရေး ရမှတ်က တစ်ရက်ကို အမှတ်၁သောင်း ရှိတယ်လေ။ ဒါကြောင့် ဒီအခွင့်အရေးကြီးက လျူဝူဟောင်တို့ အတွက်ကတော့ မဟာ အခွင့်အရေးကြီးပါပဲ။

“တစ်ရက်ကို တစ်သောင်း...… တစ်လ ဆိုရင်တော့ သုံးသန်းပဲဟ”

လီဖူချန်းက အမှတ်၃သန်း ချွေတာလို့ ရသွားတဲ့အတွက် လုံးဝကို ကျေနပ် နေပါတယ်။

သူက ဒီအခွင့်အရေးကို ဘယ်လို အကျိုးရှိရှိ အသုံးချရမလဲ ဆိုတာကိုတောင် ကြိုတင် အကွက်ချ နေပါပြီ။ သူ့ရဲ့ ဓားပညာကို အဆင့်တစ်ခု တက်ခါနီးတဲ့ အထိတော့ သူက စောင့်နေပါဦးမယ်။ သူ့ရဲ့ ဓားပညာက ကန့်သတ်ချက်ကို ရောက်သွားပြီ ဆိုတော့မှ သူက ဓားကျောက်တိုင်မှာ သွားလေ့ကျင့်မှာပါ။ အဲသည်နည်းလမ်းက လုံးဝ အကောင်းဆုံး နည်းလမ်း ဆိုတာကို သူက အကြွင်းမဲ့ ယုံကြည် ထားပါတယ်။

“မင်းတို့ကောင်တွေ ... အခုထက်ထိ ဂိုဏ်းချုပ်ကြီးကို ကျေးဇူးတင်ကြောင်း မပြောဘဲ ဘာလုပ်နေတာလဲ”

အားလုံးက ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေကြတဲ့အတွက် ဇောင်ဝူကျင်းက လှမ်းသတိ ပေးလိုက်ပါတယ်။

“ကျေးဇူးအထူး တင်ရှိပါတယ်  ဂိုဏ်းချုပ်ကြီး...”

လီဖူချန်းတို့က ထိုအချိန်မှ သတိဝင်လာပြီး ကျေးဇူးတင်ကြောင်း ပြောပါတော့တယ်။

အဖြူရောင် ဝတ်ရုံနဲ့လူက လက်ကာ ပြလိုက်ပြီး

“ငါ့ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက မင်းတို့တွေနဲ့ ထိုက်တန်လို့ ရတာပါ”

အဖြူရောင် ဝတ်စုံနဲ့ လူက လီဖူချန်းကို သေသေချာချာ စိုက်ကြည့်ပြီး မေးခွန်းတစ်ခု မေးလိုက်ပါတယ်။

“မင်းက သာမန် အရိုးတည်ဆောက်ပုံပဲ ရှိတာလား”

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး

“ဂိုဏ်းချုပ်ကြီး ခင်ဗျား ... ကျွန်တော်က ဆေးပင် ၁၀၀ လျှို့ဝှက် နယ်မြေမှာတုန်းက ကံအကြောင်းသင့်ပြီး ခုနစ်ရောင်ခြယ် စပျစ်သီးကို စားခဲ့ရပါတယ်။ အခု ကျွန်တော့် အရိုး တည်ဆောက်ပုံက ကြယ်၁ပွင့် ဖြစ်သွားပါပြီ”

“ခုနစ်ရောင်ခြယ် စပျစ်သီးလား”

ဝတ်ရုံဖြူဝတ် လူကြီးရဲ့ အံ့သြတဲ့ လေသံနဲ့ ရေရွတ် လိုက်ပါတယ်။ မြေကမ္ဘာအဆင့် ဆေးပင်တွေဆိုတာ မိုးပြာရောင်ဂိုဏ်းထဲမှာ တောင်မှ အတော်လေး ရှားပါးတဲ့ အရာတွေ မဟုတ်ပါလား။ မြေကမ္ဘာဆေးပင် တစ်ပင် တွေ့လိုက်ပြီ ဆိုတာနဲ့ အဲသည်ဆေးပင်ကို ရတနာခန်းမထဲမှာ ထည့်ပြီး သိမ်းထား လိုက်တာပဲလေ။

တကယ်လို့သာ လီဖူချန်း တွေ့ခဲ့တဲ့ မြေကမ္ဘာအဆင့် ဆေးပင်က တခြားဆေးပင် ဆိုရင်တောင် သူက အနည်းငယ် မနာလိုဖြစ်ရင် ဖြစ်နေပါဦးမယ်။ အခုက ခုနစ်ရောင်ခြယ် စပျစ်သီးဆိုတော့  စိတ်တောင် မဝင်စားတော့ပါဘူး။

“မင်း ပြောချင်တာက အရင်တုန်းကတော့ သာမန် အရိုးတည်ဆောက်ပုံပဲ ရှိတာပေါ့လေ။  အံ့သြစရာပဲ”

အဖြူရောင် ဝတ်ရုံနဲ့ လူက လီဖူချန်းရဲ့ အနားကို ကပ်လာပါတယ်။

“မကြောက်နဲ့နော် လီဖူချန်း ... ငါက မင်းရဲ့ အရိုး တည်ဆောက်ပုံကို စမ်းသပ်ပေးမလို့”

မိုးပြာရောင် ဂိုဏ်းချုပ်က အတွေ့အကြုံ ရင့်ကျက်နေတဲ့ လူတစ်ယောက်  ဖြစ်တဲ့အတွက် လီဖူချန်းဟာ သာမန်အရိုး တည်ဆောက်ပုံ ပိုင်ရှင် လုံးဝမဖြစ်နိုင်ဘူး ဆိုတာကို ခန့်မှန်းမိပါတယ်။ သူ ထင်နေတာက လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံက  စမ်းသပ် ကျောက်တုံးတွေနဲ့ စမ်းသပ်လို့ မရတဲ့ အထူး အရိုးတည်ဆောက်ပုံများ ဖြစ်နေမလားလို့ပါ။

သူ့လို ပြန်လည် ဝင်စားခြင်း နယ်ပယ်က လူတစ်ယောက် ကတော့ စိတ်အာရုံခံပြီး အရိုး တည်ဆောက်ပုံကို အလွယ်တကူ စမ်းသပ် စစ်ဆေး နိုင်တယ်လေ။

လီဖူချန်းကတော့ ဘာမှ ပြန်မပြော လိုက်ပါဘူး။ ဒါပေမဲ့ သူက တော်တော်လေး စိတ်လှုပ်ရှား နေပါတယ်။ ဒီကိစ္စက အခြေအနေ ကောင်းလာ မလား ဆိုးသွားမလား ဆိုတာကို သူ မသိနိုင်ဘူးလေ။ တကယ်လို့ သူ့စိတ်ဝိညာဉ် နယ်ပယ်ထဲက ရွှေရောင်လက်ဖွဲ့ အဆောင်ကို တွေ့သွားရင် ဘာတွေ ဖြစ်လာမှာလည်း။ သူကော ဘာတွေ ဖြစ်သွားမှာလဲ။

အဖြူရောင် ဝတ်ရုံနဲ့ လူက သူ့ရဲ့ ညာဘက်လက်ကို လီဖူချန်းရဲ့ ပခုံးပေါ်မှာ ညင်ညင်သာသာ ဖိထားလိုက်ပြီး သူ့ရဲ့ စိတ်ဝိညာဉ်အာရုံကို လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ပို့ဆောင် လိုက်ပါတယ်။

အံ့သြစရာပါပဲ။ လီဖူချန်းက ဘာကိုမှ ထူးထူးထွေထွေ မခံစားရပါဘူး။ အပြင်ကနေ ဝင်လာတဲ့ စိတ်ဝိညာဉ်အာရုံက လီဖူချန်းရဲ့ ခန္ဓာကိုယ်နဲ့ အလိုက်သင့် ပေါင်းစပ် သွားပါတယ်။

ရွှေရောင်လက်ဖွဲ့ အဆောင်ကတော့ ရွှေရောင် အလင်းတန်းတွေ ဖြန့်ကြက်လာပြီး လီဖူချန်းရဲ့ ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်ကို ဖုံးအုပ် လိုက်တယ်လေ။ ကြည့်ရတာ ရွှေရောင်လက်ဖွဲ့ အဆောင်က  လီဖူချန်းရဲ့ စိုးရိမ်ပူပန်မှုကို သိနေတဲ့ ပုံပါပဲ။

အဖြူရောင်ဝတ်ရုံနဲ့ လူကတော့ လုံးဝကို ကြောင်အမ်းအမ်း ဖြစ်သွားပါတယ်။ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို ရှာဖွေပြီးပေမဲ့လည်း ဘာမှ ထူးဆန်းတာကို မတွေ့ခဲ့ရဘူးလေ။ လက်ရှိ လီဖူချန်းက တကယ်ကို ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပါ။

“ဒီကလေးက သာမန်မဟုတ်တဲ့ ထိုးထွင်း သိမြင်မှုကို ပိုင်ဆိုင်ထားတာပဲ။ ကြည့်ရတာ အကြောင်းအရင်းက ဦးခေါင်းပိုင်းမှာပဲ  ဖြစ်ရမယ်"

အဖြူရောင် ဝတ်ရုံနဲ့လူက သူ့ရဲ့ စိတ်ဝိညာဉ် အာရုံက လီဖူချန်းကို ထိခိုက်သွားမှာ ကိုတော့ လုံးဝ စိတ်ပူသည့်ဟန် မရှိပါဘူး။ သူက လုံးဝကို ယုံကြည်မှု အပြည့် ရှိတယ်လေ။ သူ့ရဲ့ အတွေး တစ်ချက်နဲ့တင် စိတ်ဝိညာဉ် အာရုံကို ကောင်းကောင်းကြီး ထိန်းချုပ် နိုင်ပါတယ်။ အချိန် အနည်းငယ် အကြာမှာတော့ ထိုလူက ခေါင်းခါပြီး စိတ်ဝိညာဉ် အာရုံကို ပြန်ခေါ် လိုက်ပါတယ်။ သူက လီဖူချန်းရဲ့ ဦးခေါင်းထဲမှာလည်း ဘာမှ ထူးခြားတာ မတွေ့ဘူးလေ။ သူ့ရဲ့ မျက်နှာပေါ်မှာလည်း စိတ်ပျက် နေသည့်ဟန်ကို အထင်းသား တွေ့နေရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ အဲသည် စိတ်ပျက်နေသည့် အမူအရာက ပျောက်သွား ပါတော့တယ်။

“ငါစစ်ဆေး ကြည့်ရသလောက် ကတော့ မင်းရဲ့ အရိုး တည်ဆောက်ပုံက တကယ်ပဲ သာမန် အဆင့်ပဲကွ။ ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဉ်က အရမ်းကို ထူးဆန်းပြီး သန်မာလွန်းတယ်။ ဒါကြောင့် မင်းက ပညာရပ်တွေကို အလျင်အမြန် နားလည်ပြီး တတ်ကျွမ်း နေနိုင်တာပဲ။ စိတ်ဝိညာဉ် နယ်မြေထဲကိုတော့  ငါလည်း မစမ်းသပ်ရဲဘူး”

လူသားတွေ အတွက်ကတော့ စိတ်ဝိညာဉ် ဆိုတာက လုံးဝကို ထူးခြား ဆန်းကြယ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ စိတ်ဝိညာဉ် နယ်ပယ်ဆိုတာ နတ်ဘုရားတို့နဲ့ ဆက်နွှယ်နေတဲ့ နယ်မြေ တစ်ခုပါ။

“မင်းရဲ့ အရိုး တည်ဆောက်ပုံက သာမန် ဖြစ်နေလို့ဆိုပြီး စိတ်တော့ မပျက်သွားပါနဲ့။ မင်းက အကောင်းဆုံး ကြိုးစား နေသရွေ့တော့ ဂိုဏ်းတော် ဘက်ကလည်း  အကောင်းဆုံး ထောက်ပံ့သွားမှာပါ။ ပြီးတော့ ငါကိုယ်တိုင်ကလည်း မင်း ဘယ်လောက်အထိ အစွမ်းထက်လာမလဲ ဆိုတာကို စောင့်ကြည့် သွားချင်သေးတယ်”

မိုးပြာရောင် ဂိုဏ်းချုပ်က  ဒီနေ့ ဒီနေရာကို လာခဲ့ရတဲ့ တစ်ခုတည်းတော  အကြောင်းအရင်းက လီဖူချန်းကြောင့်ပါပဲ။ ဒါပေမဲ့ နှမြောစရာပါပဲ။ သူလာခဲ့တာက အလဟဿ ဖြစ်သွားခဲ့ရပြီလေ။

“ဟုတ်ပြီ ... အကြီးအကဲဇောင် ... ကျန်တာကိုတော့ အကြီးအကဲ လက်ထဲပဲ အပ်ခဲ့တော့မယ်။ ကျွန်တော် သွားတော့မယ်”

ဝတ်ရုံဖြူနဲ့လူက သူစိတ်ဝင်စားစရာ မရှိတော့တဲ့အတွက် ဆက်မနေတော့ဘဲ ထွက်သွား ပါတော့တယ်။

“ဖြည်းဖြည်း သွားပါ ဂိုဏ်းချုပ်ကြီး”

ဇောင်ဝူကျင်းက လေးစားစွာဖြင့်  ဝတ်ရုံဖြူနဲ့ လူကို  လိုက်ပို့ပါတယ်။

ဂိုဏ်းချုပ်ကြီး ထွက်သွားပြီး သိပ်မကြာခင် မှာတော့ ရွှေရောင် လက်ဖွဲ့ အဆောင်ကလည်း သူ့ရဲ့ ရွှေရောင် အလင်းတန်းတွေကို ပြန်ရုပ်သိမ်း လိုက်ပါတော့တယ်။ လီဖူချန်းရဲ့ တစ်ကိုယ်လုံး ကတော့ ချွေးစေးတွေနဲ့ ရွှဲရွှဲစိုနေပါပြီ။

ဂိုဏ်းချုပ်ကြီးကို ပြန်ပို့ပြီး ရောက်လာတဲ့ ဇောင်ဝူကျင်းက လီဖူချန်းရဲ့ အဖြစ်ကို သတိပြုမိ သွားတဲ့အတွက်  ရယ်လိုက်ပြီး

“အဲဒီလောက်ကြီး စိတ်လှုပ်ရှား မနေပါနဲ့ ကောင်လေးရ။ ဂိုဏ်းချုပ်ကြီးက မင်း ခန္ဓာကိုယ်ကို စစ်ဆေးပေးတယ် ဆိုတာက မင်းကို အတော်လေး မျှော်လင့်ထားလို့ပဲ။ ဓားအရူး သူတော်တောင်မှ မင်းလို ကံမကောင်းခဲ့ဘူး”

'ဓားအရူး သူတော်တောင်မှ ဒီလို ကံမကောင်းခဲ့ဖူးဘူး ဟုတ်လား။ သူက ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံလေဗျာ။ သူ့ဟာသူ ဘယ်လောက်ပဲ တော်တော် အချိန်တန်ရင် ကြယ်၄ပွင့် အရိုး တည်ဆောက် ပုံလောက်ပဲ စွမ်းမှာဘဲ။ ကျုပ်ရဲ့  စိတ်ဝိညာဉ် ပင်လယ်ထဲမှာက ဆင့်ကဲ ပြောင်းလဲနေတဲ့ စိတ်ဝိညာဉ် တစ်ခုနဲ့ ဘာမှန်းမသိတဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်တစ်ခု ရှိနေတာဗျ။ ဒါကို စမ်းသပ် မိသွားရင် ဘယ်လို လုပ်မှာတုံး။ ဒီလို ကံကောင်းမှုကတော့ ဘယ်တော့မှ လာမကောင်းနဲ့ဗျာ'

လီဖူချန်းက စိတ်ထဲကနေ ဇောင်ဝူကျင်းကို ကျိန်ဆဲ လိုက်ပါ သေးတယ်။

အပြင်ဘက်မှာတော့ အဲဒီလို မပြောရဲတဲ့အတွက် ပြုံးပဲ ပြလိုက်ပါတယ်လေ။

ဇောင်ဝူကျင်းက သူတို့ ၅ယောက်စလုံးကို ကြည့်လိုက်ပြီး

“အားလုံးပဲ ကြိုးစားထားကြ။ တိုက်ရိုက်တပည့် ဖြစ်လာတယ် ဆိုတာက အစပဲ ရှိသေးတယ်။ ကမ္ဘာကြီးက မင်းတို့ ထင်ထားတာ ထက်တောင် ကြီးမား ကျယ်ပြန့်ပြီး လျှို့ဝှက် ဆန်းကြယ်သေးတယ်။ တစ်နေ့ကျရင် ကမ္ဘာအနှံ့ကို ခြေဆန့်ပြီး အတွေ့အကြုံ ရှာမယ်ဆိုရင်  မင်းတို့ရဲ့ ကျင့်ကြံမှုတွေက လုံလောက်တဲ့ အဆင့်အထိ ရှိနေရမယ်။ မင်းတို့ရဲ့ ကျင့်ကြံမှုကို လက်မလျှော့လိုက်နဲ့”

သူ့ရဲ့ စကား ဆုံးတာနဲ့ ဇောင်ဝူကျင်းက လက်ထောက် ကြီးကြပ်ရေးမှူးတွေကို အချက်ပြလိုက် ပါတယ်။

လက်ထောက် ကြီးကြပ်ရေးမှူးတွေက လီဖူချန်းတို့ကို နေရမယ့် နေရာတွေကို လိုက်ပြ ပေးတယ်လေ။

ပထမတန်းစား အတွင်းစည်း တပည့်တွေလိုပါပဲ။  တိုက်ရိုက် တပည့်တွေရဲ့ ခြံဝင်းတွေကလည်း တောင်တန်းတွေ ပေါ်မှာ ရှိနေပါတယ်။

ဒါပေမဲ့  မတူတာ တစ်ခုက တိုက်ရိုက် တပည့်တွေ နေတဲ့ တောင်ကြီးတွေက မိုးထိအောင် မြင့်မားလှပြီး တိမ်တွေနဲ့ ရစ်သိုင်း နေတာပါပဲ။ ဒီနေရာမှာ ရှိတဲ့ စွမ်းအင်တွေကလည်း အခြား နေရာတွေထက် ပိုသန့်စင် တယ်လေ။

“တောင်ခါးပန်းရဲ့ အောက်မှာတော့  ငွေရောင်အဆင့် တိုက်ရိုက် တပည့်တွေရဲ့ ခြံဝင်းတွေ ရှိတယ်။ တောင်ခါးပန်းရဲ့ အထက်မှာတော့ ရွှေရောင်အဆင့် တိုက်ရိုက် တပည့်တွေရဲ့ ခြံဝင်းတွေပဲ”

လက်ထောက် ကြီးကြပ်ရေးမှူးက လီဖူချန်းကို ရှင်းပြပါတယ်။

လီဖူချန်း ခေါင်းကို မော့ကြည့်ခိုက်တဲ့ အခါမှာတော့ မိုးထိအောင် မြင့်ကာ တိမ်တွေကို ထိုးဖောက်သွားတဲ့ တောင်ထွတ်တွေကို မြင်လိုက် ရတယ်လေ။ တောင်ခါးပန်းရဲ့ အထက်မှာတော့ တိမ်တွေက လွင့်မျောနေပြီး ကြည့်ရတာ နတ်ဘုံနတ်နန်းကို ရောက်နေသည့် အလားပါပဲ။

“လီဖူချန်း ... ညီလေးနေရမယ့် နေရာကတော့ ဒီမှာပဲ”

သိပ်မကြာခင်မှာပဲ လက်ထောက် ကြီးကြပ်ရေးမှူးက လီဖူချန်းကို သူနေရမယ့် နေရာကို ခေါ်ဆောင် လာခဲ့ပါတယ်။

“ကျေးဇူးပဲ” လီဖူချန်းက ပြုံးပြပြီး တံခါးမကြီးကို တွန်းဖွင့်ကာ အထဲကို ဝင်လိုက်ပါတယ်။

ခြံဝင်း တစ်ခုလုံးကတော့ သန့်ရှင်း သပ်ရပ် နေတာပါပဲ။ ဘာမှကို ထပ်ပြီး လုပ်စရာကို မလိုတော့ပါဘူး။

လီဖူချန်းက ခြံဝင်းထဲမှာ တစ်ယောက်တည်း ရပ်နေရင်းနဲ့ ရုတ်တရက် အထီးကျန် လာသလို ခံစားလိုက် ရပါတယ်။

သူက ဒီမိုးပြာရောင် ဂိုဏ်းကို ရောက်လာ ကတည်းက တစ်ခါမှ အိမ်ကို မပြန်ရသေးပါဘူး။ သူ့ရဲ့ အဖေနဲ့ အမေကိုတောင် လွမ်းလာသလိုပါပဲ။ သူ့မှာလည်း လုံလောက်တဲ့ အစွမ်းအစ ရှိနေပြီဆိုတော့ အိမ်ပြန်ချိန် တန်ပါပြီ။

ဒါပေမဲ့ အိမ်ကို မပြန်ခင်မှာ အမွေခံ မျှော်စင်ရဲ့ ပထမအဆင့်ကို ဖြတ်ကျော် ရပါဦးမယ်။ ရွှေရောင်အဆင့် တိုက်ရိုက်တပည့် ဖြစ်ပြီးမှ အိမ်ပြန်တာက ပိုပြီး အဆင်ပြေမယ်လို့ သူက ယူဆ ထားတယ်လေ။ ပြီးတော့ သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကိုလည်း ယူချင်ပါသေးတယ်။

“ယုံဝူမြို့ ... အချိန်အကြာကြီး ခွဲခွာပြီး နောက်မှာတော့ ငါ ပြန်လာတော့မယ်။ မင်းကော အများကြီး ပြောင်းလဲ နေပြီလား” လီဖူချန်းရဲ့ မျက်လုံးတွေက  ရီဝေနေပြီး အတိတ် နေ့ရက်တွေကို ပြန်ပြောင်း သတိရနေပုံပါပဲ။

***

နောက်တစ်နေ့ မနက်မှာတော့ လီဖူချန်းက အမွေခံ မျှော်စင်ကို ရောက်လာ ခဲ့ပါတယ်။

အမွေခံ မျှော်စင်က အတော်ကို ကြီးမားတဲ့ အဆောက်အဦကြီး ဖြစ်ပါတယ်။

ဒီမျှော်စင်မှာ အထပ် ၁၀ထပ် ရှိပါတယ်။ လီဖူချန်း ရောက်သွားတဲ့ အချိန်မှာတော့ မျှော်စင်ကြီးရဲ့ အပြင်ဘက်မှာ တိုက်ရိုက်တပည့် တော်တော်များများ စုရုံး ရောက်ရှိ နေကြပါပြီ။

“ဟင်... ဒီညီလေးကို ကြည့်ရတာ အတော်လေး စိမ်းနေတယ်။ လူသစ်များလားဟ” တိုက်ရိုက် တပည့် အချို့က လီဖူချန်းကို ကြည့်ပြီး သို့လော သို့လော ဖြစ်နေပါတယ်။

“မင်းက သတင်းရတာ အရမ်း နောက်ကျတာပဲ။ အဲဒီညီလေးက အခု နောက်ပိုင်းမှာ နာမည်ကြီးနေတဲ့ လီဖူချန်းလေ။ သူ့ရဲ့ ဘွဲ့နာမည်က ဓားနတ်ဆိုးတဲ့။ သူ့ဘာသာသူ ပေးထားတဲ့ နာမည် မဟုတ်ဘူးနော်။ အတွင်းစည်း တစ်ဂိုဏ်းလုံးက တညီတညွတ်တည်း ပေးထားတဲ့ နာမည်”

“ဒီနှစ် ဆေးပင်၁၀၀ လျှို့ဝှက် နယ်မြေထဲမှာလည်း ဂိုဏ်း၃ဂိုဏ်းက တပည့်တွေ ပေါင်းတိုက်တာကို တစ်ယောက်တည်း ခံပြီး ပြန်တိုက်တာ လို့လည်း သတင်းတွေ ထွက်နေတယ်။ ပြီးတော့ သူက ဂိုဏ်း ၃ဂိုဏ်းစလုံးက တပည့်တွေ တော်တော်များများ ကိုလည်း သတ်ခဲ့သေးတယ်တဲ့။ ဒီကောင်လေးက ဂိုဏ်းတူအစ်ကို ဓားအရူး သူတော် ငယ်တုန်းက ထက်တောင် အစွမ်းထက်တယ်ဟ”

တစ်ရက်တည်းမှာပဲ လီဖူချန်းရဲ့ အကြောင်းတွေ ကတော့ တိုက်ရိုက် တပည့်တွေ ကြားထဲမှာ ပျံ့နှံ့နေပါပြီ။ သိပ်မကြာခင် ရက်ပိုင်း အတွင်းမှာတော့ ဒီသတင်းက အတွင်းစည်း ဂိုဏ်းနဲ့ အပြင်စည်းဂိုဏ်း တစ်ခုလုံးကို ပျံ့နှံ့ သွားဦးမှာပါ။

***

All Chapters