အစစ်အမှန် ငရဲမီးတောက်
Vol. 12 Ch. 168
တစ်နာရီလောက် စောင့်အပြီးမှာတော့ လီဖူချန်းရဲ့ အလှည့်ကို ကျရောက် လာခဲ့ပါပြီ။
အမွေခံ မျှော်စင်ကနေ ဆင်းလာခဲ့တဲ့ လူတွေကလည်း လီဖူချန်းရဲ့ အခြေအနေကို စိတ်ဝင်စားတဲ့ အတွက် ပြန်မသွားသေးဘဲ အကဲခတ်နေ ကြပါတယ်။ လီဖူချန်းက ပထမ အဆင့်ကိုများ ဖြတ်ကျော် သွားနိုင်မလား ပေါ့လေ။
“တိုက်ရိုက်တပည့် ဖြစ်ပြီးတာနဲ့ တစ်နှစ်အချိန် ရပါသေးတယ်။ ညီလေးလီက အရမ်း စိတ်စောနေတဲ့ပုံပဲ။ ပထမတစ်ကြိမ်မှာ ကျရှုံးသွားရင် သူ့ရဲ့ ယုံကြည်မှုတွေ ယိုင်နဲ့ သွားနေဦးမယ်”
“သူက ဂိုဏ်း၃ဂိုဏ်းက တပည့်တွေကို တစ်ယောက်တည်း ခုခံတိုက်ခိုက် နိုင်ခဲ့တယ် ဆိုတဲ့ သတင်းသာ အမှန်ဆိုရင် ညီလေးလီက ပထမ အဆင့်ကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပဲ”
“ငါကတော့ မထင်ဘူး။ အခုမှ တိုက်ရိုက် တပည့်ဖြစ်တာ ဒုတိယရက်ပဲ ရှိသေးတယ်လေ။ ညီလေးလီက လုံးဝကို ယုံကြည်မှု လွန်ကဲနေတာပဲ”
***
အဲသည် အချိန်မှာတော့ လီဖူချန်းက အမွေခံ မျှော်စင်ထဲကို ဝင်သွားခဲ့ပါပြီ။
လီဖူချန်းက အထဲကို ရောက်သွားတာနဲ့ ပထမအဆင့်ရဲ့ အင်းကွက်တွေက အသက် ဝင်လာပြီး အဆင့်၃ အလယ်အလတ် အဆင့်ရှိတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင်ကို ဖြစ်ပေါ် လာစေပါတယ်။ အဲဒီကောင်ကြီး ကတော့ ငွေလမိစ္ဆာဝံပုလွေလို့ ခေါ်ပါတယ်။
“ပထမအဆင့်ပဲ ရှိသေးတာကို ... အဆင့်၃ အလယ်အလတ်အဆင့် မိစ္ဆာသားရဲကြီး ပေါ်လာတာလားဟ။ လူတော်တော် များများက ပထမအဆင့်ကို မဖြတ်ကျော်နိုင်တာ ဘာထူးဆန်းလို့လဲ"
လီဖူချန်း မျက်မှောင်ကြုတ် လိုက်ပါတယ်။
အဆင့်၃ အလယ် အလတ်အဆင့် မိစ္ဆာသားရဲ တစ်ကောင် ဆိုတာက မြေကမ္ဘာနယ်ပယ် အလယ် အလတ် အဆင့်က ပညာရှင် တစ်ယောက်နဲ့ ညီမျှတယ်လေ။
ဒီလို မိစ္ဆာသားရဲကြီးတွေက အလွန်ပဲ သန်စွမ်း ကြပါတယ်။ ဒါကြောင့်လည်း တိုက်ရိုက် တပည့်၅၀၀မှာ ရွှေအဆင့် တိုက်ရိုက် တပည့်တွေက ၃၀ပဲ ရှိတာ နေမှာပါပဲ။
မြေကမ္ဘာနယ်ပယ် အဆင့်၁နဲ့ ဒီကောင်ကြီးတွေကို အနိုင် တိုက်ရမယ် ဆိုတာကြီးက လုံးဝကို ညစ်ပတ်တာပါပဲ။
ဝေါင်း...
ဒီငွေလမိစ္ဆာ ဝံပုလွေက အင်းကွက်ကနေ ပေါ်လာတယ် ဆိုပေမဲ့လည်း သူ့ရဲ့ လျင်မြန်မှုက တကယ့် ငွေလမိစ္ဆာ ဝံပုလွေနဲ့ ဘာမှ မကွာခြား လှပါဘူး။ သူ့ရဲ့ နဖူးတည့်တည့်မှာ ပေါက်နေတဲ့ ချိုကနေလည်း လျှပ်စီးတွေပစ်ပြီး လီဖူချန်းကို တိုက်ခိုက် ပါသေးတယ်။
ဖတ်... ဖတ်...
လီဖူချန်းက သူ့ဆီ တိုးဝင်လာတဲ့ လျှပ်စီးကြောင်းကို လှလှပပလေးပဲ ရှောင်တိမ်း လိုက်တယ်လေ။
“အရမ်း မြန်တယ်... ဒီကောင်ကြီး ပစ်တဲ့ လျှပ်စီးကြောင်းတွေက အရမ်း မြန်လွန်းတယ်။ ငါ ဒီကောင့််ကို နောက်ထပ် လျှပ်စီးတွေ ပစ်ဖို့ အခွင့်အရေး ပေးလို့ မဖြစ်ဘူး”
လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်ပြီး အနီးကပ် တိုက်ခိုက်ဖို့ ကြိုးစား လိုက်ပါတယ်။
ရွှမ်း... ရွှမ်း....ရွှမ်း...
လီဖူချန်းရဲ့ ကြယ်ပျံတစ်စင်း ကြွေကျသလို မြန်ဆန်လွန်းတဲ့ ဓားချက်တွေက ငွေလမိစ္ဆာ ဝံပုလွေရဲ့ ခန္ဓာကိုယ်ပေါ်ကို တော်တော်များများ ကျရောက် သွားခဲ့တယ်လေ။
ဒါပေမဲ့ အဲသည် ဓားချက်တွေက ငွေလမိစ္ဆာဝံပုလွေကို အနိုင်ရဖို့ အတွက်တော့ မလုံလောက် သေးပါဘူး။
မိစ္ဆာသားရဲကြီး ခန္ဓာကိုယ်ကို တစ်ချက် ခါလိုက်တာနဲ့ အဲသည် ဓားဒဏ်ရာတွေက တစ်မုဟုတ်ချင်း ပျောက်ကွယ် သွားခဲ့ပါတယ်။
လီဖူချန်းကတော့ မအံ့သြတော့ပါဘူး။ ဒီလို အင်းကွက်ကနေ အသက်ဝင်လာတဲ့ မိစ္ဆာသားရဲ တော်တော် များများနဲ့ တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံအရ အဓိက ချက်ကောင်းကို မထိမချင်း ဒီသားရဲတွေက ပျောက်ကွယ် သွားမှာ မဟုတ်ဘူး ဆိုတာကို သိနေပြီးသားပါပဲ။
ငွေရောင် အလင်းတန်းတွေက ဖြာထွက်လာပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပါပြီ။ ငွေလမိစ္ဆာဝံပုလွေက သူ့ရဲ့ လက်သည်းကြီးတွေနဲ့ အဆက်မပြတ်ကို ကုတ်ခြစ် နေတာပါ။
လီဖူချန်းက လေအရိပ်ခြေလှမ်းကို အသုံးပြုကာ သားရဲကြီးရဲ့ တိုက်ခိုက်မှု စက်ကွင်းထဲကနေ ခုန်ထွက် လိုက်ပါတယ်။
အဲသည်လို ခုန်ထွက် သွားရင်းနဲ့ လီဖူချန်းရဲ့ မျက်စိက ဟာကွက် တစ်ခုကို သတိပြုမိ လိုက်ပါတယ်။
သူက ချက်ချင်းပဲ အရိပ်မဲ့ ခြေကွက်နဲ့ ပြန်ခုန်ဝင်လာပြီး ငွေလမိစ္ဆာဝံပုလွေရဲ့ လည်ပင်းနဲ့ ပခုံး ဆက်နေတဲ့ကြားက ဟာကွက်ကို ခုတ်ချ လိုက်ပါတယ်။
ရွှမ်း...
ငွေလမိစ္ဆာ ဝံပုလွေကြီးက အတော်လေး အထိနာ သွားသည့် ပုံပါပဲ။ သူက အနောက်ကို ဆုတ်သွားပြီး တကိန်ကိန်နဲ့ အော်မြည် နေပါတယ်။
လီဖူချန်းကတော့ လုံးဝ အလွှတ် မပေးပါဘူး။
“သေစမ်း"
သူ့ရဲ့ မီးနဂါး လျှို့ဝှက် နည်းစနစ်ကို အသုံးပြုလိုက်တဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကြက်သွေးရောင် မီးတောက်ချီတွေက မီးနဂါးချီတွေနဲ့ ပေါင်းစည်း သွားခဲ့တယ်လေ။ ကျောက်ရည်ပူတွေလို စီးဆင်းနေတဲ့ မီးနဂါးချီတွေက လီဖူချန်းအတွက် မဟာ ခွန်အားကို ပေးစွမ်း နေပါတယ်။
"ကြယ်ကြွေ”
လုံးဝကို ပြင်းထန် ရက်စက်တဲ့ ကြယ်ကြွေ ဓားကွက်က ထွက်ပေါ် လာခဲ့ပါပြီ။
ရွှမ်း...
လီဖူချန်းရဲ့ ဒီဓားချက်က အထိနာနေသည့် ငွေလမိစ္ဆာ ဝံပုလွေ ကြီးရဲ့ ခေါင်းကို အညှာအတာ ကင်းမဲ့စွာ ဖြတ်ချ လိုက်ပါတယ်။
သိပ်မကြာခင်မှာတော့ ငွေလမိစ္ဆာဝံပုလွေ အသေကောင်ကြီးက မှုန်ဝါး ရီဝေလာပြီး ပျောက်ကွယ် သွားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ပထမထပ်ရဲ့ အပြင်မှာရှိတဲ့ မီးအိမ်လေး တစ်ခုက ထွန်းလင်း လာခဲ့ပါပြီ။
“သူက ပထမထပ်ကို အောင်မြင် သွားပြီလား ... မြန်လိုက်တာကွာ”
အပြင်ဘက်မှာ စောင့်ကြည့်နေကြတဲ့ တိုက်ရိုက် တပည့်တွေက ပါးစပ် အဟောင်းသား ဖြစ်သွားပါတယ်။
သူတို့က လီဖူချန်း တစ်ယောက် အမွေခံ မျှော်စင်ရဲ့ ပထမအဆင့်ကို ကျော်ဖြတ် နိုင်မလား၊ မကျော်ဖြတ်နိုင် ဘူးလား ဆိုတာကို ငြင်းခုံနေတုန်းပဲ ရှိပါသေးတယ်။ လီဖူချန်းကတော့ ပထမအဆင့်ကို အောင်မြင် သွားခဲ့ပါပြီ။ ဒီကောင်က လူက မွေးတာမှ ဟုတ်သေးရဲ့လား...။
“ညီလေးလီရဲ့ အစွမ်းအစကတော့ တကယ့်ကို ကြောက်ဖို့ ကောင်းလွန်းတာပဲ။ အေးချမ်းနေတဲ့ တိုက်ရိုက်တပည့် နယ်မြေကတော့ အခုချိန်ကစပြီး ဆူဆူပူပူ ဖြစ်တော့မယ်နဲ့ တူပါရဲ့ကွာ”
“ဒါပေါ့ကွာ…။ တိုက်ရိုက် တပည့်တွေထဲမှာ နတ်ဘုရားတွေရဲ့ သားတွေလို အစွမ်း ထက်တဲ့သူတွေ အများကြီး ရှိနေတာပဲ။ ငါတို့လို အသက်၃၀မှ တိုက်ရိုက် တပည့် ဖြစ်တဲ့သူတွေက ဒီကောင်တွေနဲ့ သွားယှဉ်လို့ မရပါဘူးကွာ”
အပြင်ဘက်က တိုက်ရိုက် တပည့်တွေကတော့ လီဖူချန်းရဲ့ အလားအလာကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ကြပါတယ်။
အမွေခံမျှော်စင်ရဲ ပထမအဆင့်ကို အောင်မြင်ပြီး ပေမဲ့လည်း လီဖူချန်းက ထွက်သွားဖို့ကို မစဉ်းစားသေးပါဘူး။
သူက ဒုတိယထပ်မှာရှိတဲ့ မိစ္ဆာသားရဲက ဘယ်လောက် အစွမ်းထက်သလဲ ဆိုတာကို စမ်းကြည့်ချင် သေးတယ်လေ။
လီဖူချန်း မျှော်လင့်ထားတဲ့ အတိုင်းပါပဲ။ ဒုတိယထပ်မှာ ပေါ်လာတာ ကတော့ အဆင့်၃ အထက်တန်းစား မိစ္ဆာသားရဲကြီးပါပဲ။
အဆင့်၃ အထက်တန်းစား သားရဲတွေက အရမ်းကို ရက်စက် ကြမ်းကြုပ်ပြီး ရန်မူလိုစိတ် အပြည့် ရှိပါတယ်။
အဆင့်၃ အထက်တန်းစား သားရဲဆိုမှ လီဖူချန်းက ရယ်စရာ အဖြစ်အပျက်လေး တစ်ခုကိုတောင် သွားသတိရလိုက် ပါသေးတယ်။
ဆေးပင်၁၀၀ လျှို့ဝှက်နယ်မြေ ပွင့်တုန်းက အဖြစ်အပျက်လေး တစ်ခု ရှိပါတယ်။ အဲသည် အသုတ်ကတော့ တကယ့်ကို သနားစရာပါပဲ။ လျှို့ဝှက် နယ်မြေထဲမှာ ဆေးပင်တွေ ရှာရင်းနဲ့ ဘယ်သကောင့်သားက လက်ယားပြီး အဆင့်၃ အထက်တန်းစား မိစ္ဆာသားရဲ တစ်ကောင်ကို သွားရန်စ လိုက်မိတယ် မသိပါဘူး။ ထိုသားရဲကြီးက ထွက်လာပြီး ဂိုဏ်း၄ဂိုဏ်းစလုံးက လူတွေကို လိုက်တိုက်ခိုက်တဲ့ အတွက် ဘယ်သူမှ ဆေးပင်တွေ မရှာနိုင်ဘဲ ၇ရက်လုံးလုံး ပတ်ပြေး နေရဖူးပါတယ်။
လီဖူချန်း အခု ရင်ဆိုင်နေရဲတဲ့ သားရဲကတော့ အနီရောင် ကွက်စိပ်တွေနဲ့ ဝက်ဝံ တစ်ကောင်ပါ။ ဒီဝက်ဝံ အမျိုးအစားကို ကော်ဇောနီ ဝက်ဝံတွေလို့ ခေါ်ပါတယ်။ လီဖူချန်းရဲ့ ဓားချက်တွေက ဝက်ဝံကြီးရဲ့ အရေပြားတွေ ကိုတောင် မဖောက်ထွင်း နိုင်ပါဘူး။
ဝက်ဝံကြီးရဲ့ ရိုးရိုး ဟိန်းဟောက်သံ ကတောင် လီဖူချန်းရဲ့ အတွင်းအား လမ်းကြောင်းတွေကို အနှောင့်အယှက် ပေးစွမ်း နိုင်ပါတယ်။
ဝုန်း ...
ကော်ဇောနီ ဝက်ဝံကြီးက စိတ်မရှည်သည့် ပုံဖြင့် လက်တစ်ချက် ပုတ်လိုက်ရာ လီဖူချန်းက ဘယ်လိုမှ တောင့်မခံနိုင်ဘဲ မျှော်စင်နံရံတွေနဲ့ မိတ်ဆက် သွားပါတော့တယ်။
“ငါသေရင်သာ သေသွားမယ်...။ ဒီကောင်ကြီး ကိုတော့ နိုင်မှာ မဟုတ်ဘူး”
လီဖူချန်းက နှုတ်ခမ်းထောင့်က စီးကျလာသည့် သွေးတွေကို လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ပွတ်သုတ် လိုက်ကာ ဒုတိယထပ်က လှည့်ထွက် သွားပါတော့တယ်။
သူ တွေးတာကလည်း ဟုတ်တော့ ဟုတ်ပါသည်။ သူမှ မနိုင် နိုင်တဲ့ဟာကို အနာခံပြီး တိုက်ရအောင် ရူးနေတာမှ မဟုတ်တာ။
“ညီလေးလီ ထွက်လာပြီဟေ့...”
အပြင်မှာ စောင့်နေကြတဲ့ တိုက်ရိုက် တပည့်တွေက လီဖူချန်းဆီကို ပြေးလာပြီး ဝိုင်းဝန်း ဂုဏ်ပြုကြပါတယ်။
“ဂုဏ်ယူပါတယ် … ညီလေးလီ ... တိုက်ရိုက် တပည့်ဖြစ်ပြီး ဒုတိယနေ့မှာပဲ ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်သွားခဲ့ပြီ"
ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်နဲ့ ရင်းနှီးမှု ရထားတာက မကောင်းတဲ့ အရာမှ မဟုတ်တာလေ။
လီဖူချန်းကလည်း အားနာတာနဲ့ ဂုဏ်ပြုတဲ့ လူအားလုံးကို တစ်ယောက်ချင်းစီ ပြန်နှုတ်ဆက် နေရပါတယ်။ သူက အရင်လို ပြဿနာကောင် မလုပ်ချင်တော့ပါဘူး။
ထို့နောက်မှာတော့ လီဖူချန်းက တိုက်ရိုက်တပည့် ခန်းမဆောင်ကို ပြန်လည် ရောက်ရှိ လာပါတယ်။
“မင်းက အမွေခံမျှော်စင်ရဲ့ ပထမအဆင့်ကို ဖြတ်ကျော် နိုင်သွားပြီလား”
ဇောင်ဝူကျင်းကလည်း အကြောင်း တိုက်ဆိုင်စွာဖြင့် ခန်းမထဲမှာ ရောက်နှင့် နေပါတယ်။ သူက လီဖူချန်းကို မြင်လိုက်တာနဲ့ အကြောင်းရင်းကို တန်းပြီး သိလိုက်ပါတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး “ကျွန်တော် နည်းနည်း ကံကောင်း သွားတာပါ”
“မင်းကတော့ လူတွေကို အံ့သြအောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို ကောင်းကောင်းကြီး သိနေတာပဲ။ ငါထင်ထားတာက နောက်ထပ် တစ်လ၊ နှစ်လလောက်မှ မင်း အဲဒီမျှော်စင်ကို သွားမယ်ပေါ့”
ဇောင်ဝူကျင်းက ရယ်ရုံကလွဲပြီး ဘာမှ ဆက်မပြောတော့ပါဘူး။ ဒါက သိပ်လည်း မထူးဆန်းပါဘူးလေ။ လီဖူချန်းက ဂိုဏ်း ၃ဂိုဏ်းစလုံးက တပည့်တွေကိုတောင် တစ်ယောက်တည်း သတ်ဖြတ် ထားပြီးမှတော့ ဒီမျှော်စင်လေးရဲ့ ပထမ အဆင့်ကိုလည်း ကျော်ဖြတ်နိုင်မှာပါပဲ။
“ရော့... ဒါက မင်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တံဆိပ်တော်ဘဲ။ ငါမင်းကို ပေးထားတဲ့ ငွေတံဆိပ်တော်ကို ပြန်ပေးခဲ့တော့” ဇောင်ဝူကျင်းက အစောကြီး ကတည်းက လီဖူချန်းအတွက် ရွှေတံဆိပ်တော်ကို ပြင်ဆင် ထားပြီးပါပြီ။ ဒါကြောင့်မလို့ လီဖူချန်း ရောက်လာတာနဲ့ တစ်ခါတည်း တန်းပေး လိုက်ပါတယ်။
“အကြီးအကဲ ခေါင်ချုပ်ခင်ဗျား... အခုဆိုရင် ကျွန်တော်က ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်သွားပြီဆိုတော့ သိုင်းကျမ်းဆောင်ထဲက အစစ်အမှန် ငရဲမီးတောက် အတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ခွင့် ရပြီလား ခင်ဗျ”
လီဖူချန်းက အချိန်မဆွဲဘဲ သူ သိချင်တာကို မေးလိုက်ပါတယ်။
“ရတာပေါ့ကွ။ သွား … သွား... မြန်မြန် သွားယူလိုက်”
ဇောင်ဝူကျင်းက ပြုံးပြီး ခွင့်ပေး လိုက်ပါတယ်။
“ကျေးဇူးတင်ပါတယ် အကြီးအကဲခေါင်ချုပ်"
လီဖူချန်းက တိုက်ရိုက်တပည့် ခန်းမဆောင်ထဲက အမြန် ထွက်သွားပြီး သိုင်းကျမ်းဆောင်ကို တက်သုတ်ရိုက် သွားနေပါပြီ။
အစစ်အမှန် ငရဲမီးတောက် ကျင့်စဉ်က ထောက်ပံ့ရေးရမှတ် ၁.၈သန်း တ်ပါတယ်။ လီဖူချန်းက ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်တဲ့အတွက် ထောက်ပံ့ရေးရမှတ် ၉သိန်းပဲ ပေးရတယ်လေ။
ဒါပေမဲ့ ကျင့်စဉ်ရဲ့ အစောပိုင်း အဆင့်၁၈အထိဘဲ ယူခွင့် ရှိပါသေးတယ်။ အဆင့်၁၈ အထိ ရောက်ပြီးမှသာ နောက်ပိုင်း ကျန်နေတဲ့ အပိုင်းတွေကို ယူခွင့်ရမှာပါ။
'ဒီလောက်နဲ့ပဲ လုံလောက် ပါတယ်လေ'
လီဖူချန်းက လောဘကြီးတဲ့လူ မဟုတ်ပါဘူး။ သူ့ရဲ့ လက်ရှိ အဆင့်နဲ့လည်း အစစ်အမှန် ငရဲမီးတောက် ကျင့်စဉ်ကို ဘယ်အဆင့်ထိမှ ရောက်အောင် လေ့ကျင့်နိုင်မှာ မဟုတ်သေးဘူး ဆိုတာကို ကောင်းကောင်း သဘောပေါက် တယ်လေ။
***
ရွှေအဆင့် တိုက်ရိုက်တပည့် ဖြစ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းက တောင်ခါးပန်း အပေါ်ဘက်ကို ပြောင်းခဲ့ပါပြီ။
တိုက်ရိုက် တပည့်တွေ နေတဲ့ တောင်တွေက ၅လုံး ရှိပါတယ်။
တစ်တောင်စီမှာ တိုက်ရိုက် တပည့် ၁၀၀ စီ နေကြပါတယ်။ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကတော့ တောင်တစ်တောင်မှာ ၆ယောက်စီ နေရတာပေါ့လေ။
လီဖူချန်းနေတဲ့ တောင်ပေါ်မှာတော့ ရွှေအဆင့် တိုက်ရိုက်တပည့် ၇ယောက် ဖြစ်သွားတာပေါ့။
လူ၇ယောက်က ဒီတောင်ထိပ်ပေါ်မှာ နေတာတောင်မှာ လီဖူချန်းက တခြား ရွှေအဆင့် တိုက်ရိုက် တပည့်တွေနဲ့ တစ်ခါမှ မတွေ့သေးပါဘူး။
“ဒီနေရာက တကယ် ကောင်းတာပဲ”
လီဖူချန်း ရထားတဲ့ အိမ်ကြီးက သုံးထပ် ရှိပါတယ်။ အပေါ်ဆုံး အထပ်က လေတဖြူးဖြူးနဲ့ အတော်လေး နေလို့ကောင်းပြီး မိတ်ဆွေတွေလာရင် လက်ဖက်ရည် သောက်လို့ ကောင်းတဲ့ နေရာ လေးပါ။
ထို့နောက် မှာတော့ လီဖူချန်းက သူ့ရဲ့ အခန်းထဲကို ဝင်ပြီး အစစ်အမှန် ငရဲမီးတောက် ကျင့်စဉ်ကို စတင် လေ့ကျင့်ပါတော့တယ်။
သုံးရက် အကြာမှာတော့ လီဖူချန်းက သူ့ရဲ့ ကြက်သွေးရောင် လျှို့ဝှက်မီးတောက် အဆင့်၁၅ အတွင်းအားကို အစစ်အမှန် ငရဲမီးတောက် အဆင့်၁၃ အဖြစ် အောင်အောင်မြင်မြင် ပြောင်းလဲ နိုင်ခဲ့ပါပြီ။
***