ကောင်မလေး ပြန်သွားရမယ် *
Vol. 99 Ch. 1370
တည်းခိုခန်း၏ အနောက်ခြံဝန်းထဲရှိ သီးသန့်အဆောင်တစ်ခုထဲတွင် ကျန်းရီနှင့် ကျန်းရှောင်နူတို့ တိတ်တဆိတ် ထိုင်နေကြသည်။ သူတို့နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးနေကြပြီး မည်သည့်စကားကို ပြောရမည်မသိ ဖြစ်နေကြသည်။ ထို့ကြောင့် တိတ်တဆိတ်သာ ထိုင်နေကြခြင်းဖြစ်သည်။
မူဟုန်ချာက ကျန်းရီကို တွေ့ရန် ရောက်လာခဲ့သည်။ သူမက ကြီးမားသော ကမ်းလှမ်းမှုကိုလည်း လုပ်ခဲ့သည်။ သို့သော် ကျန်းရီက ထိုအရာများကို တစ်ခုမှ စိတ်မဝင်စားပေ။
နတ်ဘုရားအသုံးအဆောင် ဆယ်သန်း၊ ထိပ်တန်းအဆင့် နတ်ဘုရားအသုံးအဆောင် ဆယ်ခုနှင့် စီရင်စုနယ်အရှင်ရာထူး... ထိုအရာအားလုံးမှာ ကျန်းရီအတွက် တိမ်တိုက်များကဲ့သို့ အဓိပ္ပာယ်မဲ့သည်။ သူ့နှလုံးသားထဲတွင် အရေးအပါဆုံးသူမှာ ကျန်းရှောင်နူဖြစ်သည်။ သူက တိရှအရှင် ဖြစ်လာနိုင်မည် ဆိုလျှင်ပင် ကျန်းရှောင်နူကို သူ့ဘေးမှ ထွက်သွားရန် ဖျောင်းဖျမည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့လုပ်လိုက်ပါက သူမကို နောက်ကျောဓားနှင့်ထိုးသကဲ့သို့ ဖြစ်သွားမည် ဖြစ်၍ပင်။
ကျန်းရီသည် နက်ရှိုင်းသော နှလုံးသားနေရာတွင် ကျန်းရှောင်နူကို အိမ်ပြန်သွားစေလိုသော ဆန္ဒရှိသည်။ သို့သော် သူမကို သွားလည်းမသွားစေချင်။ မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင်တော့ ကျန်းရှောင်နူက သူ့ထံမှ ထွက်သွားရမည်ကို ကျန်းရီသိသည်။ ယင်းကို မည်သူမှ မတားဆီးနိုင်ပေ။ သူသည် ကျန်းရှောင်နူ၏ မိသားစုက သူ့အား သတ်ပစ်မည်ကို စိုးရိမ်ခြင်းမဟုတ်ဘဲ ကျန်းရှောင်နူက သူတို့ကွဲကွာသွားသည်နှင့် ရူးရူးမိုက်မိုက် လုပ်မိမည်ကို စိုးရိမ်ခြင်းသာ။ သူ စိတ်ပျံ့လွင့်နေသည်။ မည်သို့ဆက်လုပ်ရမည်ကို သူ မသိတော့ပေ။
ကျန်းရှောင်နူ၏ စိတ်ကလည်း ပျံ့လွင့်နေသည်။ တစ်ဘက်က သူမ၏ သွေရင်းမိဘများဖြစ်ပြီး ကျန်တစ်ဘက်က သူမနှင့် အရင်းနှီးဆုံးသူ သူမ၏သခင်လေးဖြစ်သည်။ အကယ်၍ သူမ ကျန်းရီကို သူမနှင့်အတူ ခေါ်သွားနိုင်မည်ဆိုလျှင် အိမ်ပြန်ရန် စဉ်းစားမည်ဖြစ်သည်။ သို့သော် မူဟုန်ချာနှင့် သိမ်းငှက်ဧကရီတို့ ပြောခဲ့သည်များကို သူမ ကြားခဲ့သည်။ သူမ၏ ခမည်းတော်က အလွန်ခက်ထန်ကာ စိတ်မြန်လက်မြန်ရှိသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကျန်းရီကို ခေါ်သွားရန် မဖြစ်နိုင်လောက်ပေ။ အကယ်၍ သိမ်းငှက်စိမ်းဘုရင် ရောက်လာလျှင် ကျန်းရီ အသတ်ပင် ခံရနိုင်ပေသည်။
“ငါ မသွားဘူး။ သေရမယ်ဆိုရင်တောင် သခင်လေးနဲ့ပဲ နေချင်တယ်”
ကျန်းရှောင်နူသည် သူမကိုယ်တိုင် ကြားရလောက်သော လေသံဖြင့် ရေရွတ်လိုက်၏။ သူမ၏ အကြည့်က ပို၍ ပို၍ ပြတ်သားလာသည်။ သူမသည် ကျန်းရီမရှိသော ဘဝတွင် မနေနိုင်လောက်ချေ။ သူမ အဆုံးမဲ့ပင်လယ်နက်ရှိ ရွှမ်ဝူနန်းတော်ထဲတွင် နေခဲ့ရသော နှစ်အနည်းငယ်က ငရဲသို့ ခံစားခဲ့ရသည်။ တစ်ရက်က တစ်နှစ်လောက် ကြာခဲ့သည်။ ကျန်းရီမရှိလျှင် ကောင်းကင်က အရောင်မဲ့ကာ ရှင်သန်ခြင်းက အဓိပ္ပာယ်မဲ့နေပေလိမ့်မည်။
ရွှီး...
အပြင်ဘက်ရှိ အကာအရံများက လင်းလက်လာ၏။ ကျန်းရှောင်နူလည်း အသိပြန်ကပ်သွားသည်။ သူမ ချက်ချင်းတုံ့ပြန်မိသည်မှာ ကျန်းရီ၏ လက်ကို ဆွဲကိုင်လိုက်ခြင်းပင်။ သူမ၏ မျက်နှာပေါ်တွင် အကြောက်တရားနှင့် ပြည့်နှက်နေသည်။ ကျန်းရီသည်လည်း စိတ်လှုပ်ရှားနေသည်။ သို့သော် သူသည် အသံပို့လွှတ်မှုကို ကြားလိုက်ရသောအခါ စိတ်ပြန်တည်ငြိမ်သွားသည်။ ရောက်လာသူမှာ သိမ်းငှက်စိမ်းဘုရင် မဟုတ်ပေ။
“ညီငယ်လေး... တံခါးဖွင့်ပါ။ ငါက မိုလင်းချိုးပါ။ အရေးကြီးကိစ္စတချို့ ပြောစရာရှိလို့ ရောက်လာတာပါ”
မိုလင်းချိုး၏ အသံပို့လွှတ်မှုကို လက်ခံရရှိလိုက်သောအခါ ကျန်းရီ ခေါင်းရှုပ်သွားသည်။ ထိုအမည်ကို သူ မရင်းနှီးပေ။ ယခင်က တစ်ခါမှ မကြားခဲ့ဖူးချေ။ ထို့ကြောင့် အတန်ကြာ တုံ့ဆိုင်းနေပြီးနောက် သူ မေးလိုက်သည်။
“ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော် ခင်ဗျားကို မသိဘူး။ ခင်ဗျားနဲ့ ဘာအကြောင်းမှလည်း မပြောချင်ဘူး”
မိုလင်းချိုးတစ်ယောက် ဆွံ့အသွားပြီး မျက်လုံးပင့်လိုက်၏။ ထို့နောက် ထပ်မံ၍ အသံပို့လွှတ်လိုက်သည်။
“ငါက တိရှစံအိမ်ရဲ့ လက်ထောက်စံအိမ်အရှင်ပါ။ သိမ်းငှက်ပြာစီရင်စုနယ်ရဲ့ တိရှစံအိမ် မဟုတ်ဘူးနော်.. တိရှဘုံရဲ့ တိရှစံအိမ်။ ငါ မင်းကို မင်းတို့နှစ်ယောက်စလုံးရဲ့ အနာဂတ်ကို ပြောဖို့ ရောက်လာတာပဲ”
“တိရှဘုံ တိရှစံအိမ်ရဲ့ လက်ထောက်စံအိမ်အရှင်လား”
ကျန်းရီ မျက်လုံးပြူးသွားသည်။ သူ့အတွက် သိမ်းငှက်ပြာစီရင်စုနယ်ကပင် လုံလောက်အောင် အရေးပါနေပြီဖြစ်သည်။ ယခုတွင် တိရှအရှင်၏ လက်ထောက်ကပင် သူ့ကို လာရှာနေပြီလော။ ထိုသူက တိရှဘုံရှိ စွမ်းအားအကြီးဆုံး သိုင်းသမားများထဲမှတစ်ယောက် ဖြစ်ရမည် မဟုတ်လော။
မိုလင်းချိုး၏ နောက်ဆုံးစကားက ကျန်းရီကို တုန်လှုပ်သွားစေခဲ့သည်။ ထို့ပြင် မိုလင်းချိုး၏ လေသံကလည်း အတော်လေး ပျော့ပြောင်းနေသည်။ သူက ကျန်းရီကို အမိန့်ပေးနေသည့်ပုံ မပေါက်ပေ။ ထို့ကြောင့် ကျန်းရီသည် ခေတ္တမျှ စဉ်းစားပြီးနောက် အကာအရံများကို ပိတ်ပေးလိုက်သည်။ ကျန်းရီသည် အဆောင်ထဲဝင်လာသူကို မြင်သောအခါ ထိုသူကို မှတ်မိသွားသည်။ ထိုသူမှာ မူဟုန်ချာနှင့်အတူ မြူထူတောအုပ်ထဲသို့ လိုက်လာခဲ့သူပင်။
ကျန်းရီ ဝန်ခံရပေမည်။ မိုလင်းချိုး၏ ရုပ်သွင်နှင့် အရှိန်အဝါတို့က မဆိုးပေ။ သူက အလွန်ယောက်ျားပီသကာ ဝံ့ကြွားမှုအငွေ့အသက် မရှိချေ။ သူသည် ဧည့်ခန်းထဲသို့ ရောက်သည်နှင့် ကျန်းရီနှင့် ကျန်းရှောင်နူတို့ကို ပြုံးပြလိုက်သည်။ ထို့နောက် အပြုံးထဲတွင် ခါးသီးမှု တစ်စွန်းတစ်စဖြင့် သူ ပြောလိုက်သည်။
“ညီငယ်လေးကျန်းရီ... ငါက မင်းကို လေးစားမှု ပြခဲ့တယ်။ ငါဆိုတာ တိရှဘုံမှ အရေးအကြီးဆုံးပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ မင်းကတော့ ငါ့ကို တံခါးပိတ်ထားခဲ့တယ်ပေါ့လေ။ အဲ့သတင်းသာ ပျံ့သွားခဲ့ရင် ဘယ်သူကမှ မင်းကို လေးစားတော့မှာ မဟုတ်ဘူး”
မိုလင်းချိုးက အလွန်တည်ငြိမ်စွာ ပြောသည်။ ကျန်းရီသည် မိုလင်းချိုး၏ ဆိုလိုရင်းကို အလွယ်တကူ နားလည်နိုင်သည်။ ထိုစကားမှနေ၍ သူ လေးစားခံရခြင်းကို ခံစားလိုက်ရသည်။ သူက ကျန်းရီပင်။ လူများက သူ့ကို လေးစားမှုပြလျှင် သူကလည်း ပြန်၍ လေးစားမှုပြမည်ဖြစ်သည်။ ထို့ကြောင့် ကျန်းရီသည် ကိုးဆယ်ဒီဂရီ ခါးကိုင်း၍ ပြောလိုက်သည်။
“ကျွန်တော် တောင်းပန်ပါတယ် အရှင်... အရှင်မှန်း မသိခဲ့လို့ပါ”
မိုလင်းချိုးက လက်ဝှေ့ယမ်းပြလိုက်ပြီး ကျန်းရှောင်နူကို ပြုံး၍ ကြည့်လိုက်သည်။
“ကောင်မလေး... အဆင်ပြေရဲ့လား။ ငါ့နာမည်က မိုလင်းချိုးပါ။ ငါက တိရှဘုံ တိရှစံအိမ်ရဲ့ လက်ထောက်စံအိမ်အရှင်ပဲ။ ငါတို့ အသက်အရွယ်အရ မင်းက ငါ့ကို ဦးလေးမိုလို့ ခေါ်ပေါ့။ အဲ.. မင်း ငါ့ကို အစ်ကိုကြီးမိုလို့ ခေါ်ချင်လည်း ရပါတယ်”
မိုလင်းချိုးတွင် မောက်မာသော အငွေ့အသက်မရှိသဖြင့် ကျန်းရှောင်နူက သူ့ကို ပုန်းရှောင်မနေပေ။ သို့သော် သူမသည် သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီး မည်သို့မှ ပြန်မပြောချေ။
မိုလင်းချိုးကလည်း များစွာ အရေးမစိုက်ပါပေ။ သူသည် အိမ်ရှင်ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှနေ၍ အကောင်းစား သေရည်တစ်အိုးကို ထုတ်လိုက်သည်။ ထို့နောက် အိုးမှနေ၍ပင် သေရည်တစ်ငုံသောက်ကာ ကျန်းရီကို ပြန်ကြည့်လိုက်သည်။
“ညီငယ်လေး... သိမ်းငှက်စိမ်းဘုရင်က လမ်းမှာ ရောက်နေပြီ။ မကြာခင် သူ ဒီကို ရောက်လာတော့မယ်။ ငါ မင်းကို ရှင်းရှင်းပဲ ပြောမယ်။ ငါ သူ့ကို တော်တော်လေး ကြောက်တယ်ကွ။ တိရှဘုံမှာ သူ့ကို မကြောက်တဲ့သူဆိုလို့ သိပ်မရှိဘူး။ သူက တော်တော် ရူးနေတာလေ...”
“ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သူက တိထျန်းအဆင့် သိုင်းသမားတွေနဲ့ တမလွန်ဘုံဘုရင်တွေကို ရာနဲ့ချီပြီး သတ်ခဲ့တာ။ သူ့ရဲ့ အကျင့်စရိုက်က ဆိုးချက်ပဲ။ အဲ့ဒါကြောင့် ငါ ဒီကို လာခဲ့တာ။ ငါ မင်းနဲ့ စကားပြောပြီး ဒီပြဿနာကို ပြေပြေလည်လည် ဖြေရှင်းဖို့ပဲ။ အဲ့ဒါမှ အားလုံးအတွက် ပျော်ရွှင်ဖွယ် အဆုံးသတ်ကို ရမှာ”
‘သိမ်းငှက်စိမ်းဘုရင်’ဆိုသော စကားကို ကြားလိုက်ရသောအခါ ကျန်းရှောင်နူရော ကျန်းရီပါ တောင့်တင်းသွားသည်။ ကျန်းရီသည် မည်သို့ပြန်ပြောရမည်ကို မသိ၍ မိုလင်းချိုး ဆက်ပြောမည်ကိုသာ တိတ်တဆိတ် စောင့်နေလိုက်သည်။ မိုလင်းချိုးက မျက်နှာထား တည်လာပြီး ဆက်ပြောသည်။
“ပထမဆုံးအနေနဲ့ ငါ ကိစ္စတစ်ခုကို ပြောထားချင်တယ်။ အဲ့ကောင်မလေးက ပြန်လိုက်ကိုလိုက်သွားရမယ်။ သိမ်းငှက်စိမ်းဘုရင်နဲ့ သိမ်းငှက်ဧကရီတို့မှာ သမီးတော်တစ်ယောက်ပဲ ရှိတာ။ သူတို့က သူ့ကို အပြင်မှာ ဆက်ပြီး လျှောက်သွားနေခွင့် ပြုမှာ မဟုတ်ဘူး...”
“ကောင်မလေး... စိတ်ငြိမ်ငြိမ်ထားပြီး ငါပြောတာကို နားထောင်ပါ။ မင်းက ကျန်းရီနဲ့ မခွဲချင်ဘူးဆိုတာကို ငါသိပါတယ်။ ဒါပေမဲ့ အခု ပြဿနာက မင်းရဲ့ ခမည်းတော်နဲ့ ကျန်းရီတို့ တွေ့သွားလို့ မဖြစ်တာပဲ။ ပြီးတော့ ကျန်းရီက မင်းနဲ့အတူ မင်ရည်တောင်ပံမျိုးနွယ်ကို လိုက်လာလို့ မရဘူး။ မဟုတ်ရင် အကျိုးဆက်တွေက ဆိုးဝါးသွားလိမ့်မယ်။ မင်းတို့ အများကြီး တွေးမနေကြနဲ့။ မင်း အိမ်ပြန်ရောက်ပြီးတာနဲ့ ကျန်းရီနဲ့ ခိုးတွေ့လို့ ရတာပဲ။ ငါပြောတာကို နားလည်လား။ အရမ်းခေါင်းမမာစမ်းပါနဲ့.. မဟုတ်ရင် အဲ့ခေါင်းမာမှုက ကျန်းရီကို သေစေလိမ့်မယ်”
ကျန်းရှောင်နူသည် ပါးစပ်ဟ၍ တစ်စုံတစ်ခုပြောရန် ဟန်ပြင်လိုက်၏။ သို့သော် မိုလင်းချိုး၏ နောက်ပိုင်းစကားများကို ကြားသောအခါ မည်သို့ပြန်ပြောရမည်မသိ ဖြစ်သွားလေသည်။ ထို့ကြောင့် ပါးစပ်ပိတ်၍သာ ဆက်နားထောင်နေလိုက်သည်။
မိုလင်းချိုး ပြုံးသည်။
“ကျန်းရီ... မင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ တစ်ခုခု လုပ်ခဲ့သေးလား။ တမလွန်ဘုံမှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ဖျက်ဆီးရမယ်ဆိုတဲ့ အမိန့်တစ်ခု ထုတ်ပြန်ထားတယ်။ ဒါပေမဲ့... ကြည့်ရတောတော့ မင်းက အစီအရင်တစ်ခု ဆင်ခဲ့တဲ့ ပုံပဲကွ.. ဟုတ်လား။ မင်းက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ချိပ်ပိတ်ခဲ့တာလား။ ငါ မှန်းတာ မမှားဘူးဆိုရင် အဲ့အစီအရင်က ကြာကြာတော့ ခံမယ်မထင်ဘူး။ အနိမ့်ဘုံမှာ အဲ့လိုအစီအရင်မျိုးကို ကြာကြာထိန်းထားနိုင်မဲ့ စွမ်းအင်မရှိဘူး။ ကဲပါ... မင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ထာဝရ ကာကွယ်ချင်လား”
“အာ...”
ကျန်းရီနှင့် ကျန်းရှောင်နူတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။ မိုလင်းချိုးက ထိုအကြောင်းကို မည်သို့ သိနေခြင်းနည်း။ ကျန်းရီ စိတ်လှုပ်တရှား မေးလိုက်သည်။
“အရှင်... အရှင်က အဲ့ဒါကို ဘယ်လိုသိတာပါလဲ”
“ဟင်းဟင်း...”
မိုလင်းချိုး ထပ်၍ ပြုံးသည်။
“မင်းတို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်နားမှာ သောင်းချီတဲ့ သေမျိုးဘုံတွေ ရှိတယ်။ အဲ့ဘုံတွေ အကုန်လုံးကို တိရှဘုံက ပိုင်တာပဲ။ အဲ့တော့ ငါတို့က အဲ့ကအကြောင်းတွေ အကုန်လုံးကို သိတာပေါ့။ ငါက မင်းကို အကုန်လုံး ပြောပြရင်တောင် မင်း နားလည်နိုင်ဦးမှာ မဟုတ်ဘူး။ ဒီတော့ ငါ သိချင်တာပဲ မင်းကို မေးမယ်။ မင်း ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်ချင်လား”
ကျန်းရီ ပြတ်သားစွာ ခေါင်းညိတ်လိုက်၏။
“ဒါပေါ့ ကျွန်တော် ကာကွယ်ချင်ပါတယ်”
“အဲ့ဒါဆို ကောင်မလေး ပြန်သွားရမယ်”
မိုလင်းချိုးက ထရပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ရှင်းရှင်းပြောရရင် ငါတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို နှစ်တစ်ထောင် ကာကွယ်ပေးနိုင်မဲ့ အစီအရင်တစ်ခုကို ဖန်တီးပေးနိုင်တယ်။ ဒါပေမဲ့ အဲ့လိုအစီအရင်မျိုးတွေက အရမ်းဈေးကြီးတယ်။ ငါတို့အတွက် သေမျိုးဘုံတစ်ဘုံ ပျက်စီးသွားတာက ကိစ္စကြီးတစ်ခု မဟုတ်ဘူး။ မကြာခင်မှာ လူသားမျိုးနွယ်အသစ်တစ်ခု ထပ်ပေါ်လာမှာပဲ။ တိရှအရှင်က သေမျိုးဘုံလေးတစ်ခုအတွက် အဲ့လောက် အကုန်အကျခံမှာ မဟုတ်ဘူး...”
“ဒါပေမဲ့... မင်ရည်တောင်ပံမျိုးနွယ်မှာ အကန့်အသတ်မရှိတဲ့ အရင်းအမြစ်တွေ ရှိတယ်။ အဲ့လိုအစီအရင်မျိုးကို တည်ဆောက်ဖို့က သူတို့အတွက် အလွယ်လေးပဲ။ ငါ သိမ်းငှက်ဧကရီနဲ့ ဆွေးနွေးပြီး သူ့ကို အဲ့လိုအစီအရင်တစ်ခု တည်ဆောက်ပေးခိုင်းလို့ရတယ်။ ဒါပေမဲ့ ကောင်မလေးကတော့ နာနာခံခံနဲ့ ပြန်သွားရမယ်။ ကောင်မလေး.. အဲ့အကြောင်းကို သေချာတွေးပါ။ မင်း ဒီမှာဆက်နေရင် ကျန်းရီကို သေစေလိမ့်မယ်။ အခုလောလောဆယ် မင်း ပြန်သွားလိုက်ပါ။ အဲ့ဒါက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်နိုင်မဲ့ တစ်ခုတည်းသော နည်းပဲ...”
“မင်း ပြန်သွားပြီးရင် နှစ်နည်းနည်းလောက် ကျင့်ကြံလိုက်။ မင်း ပိုပြီး စွမ်းအားကြီးလာတဲ့အခါကျရင် ဒီကို ပြန်ခိုးထွက်လာနိုင်ပြီ။ သိမ်းငှက်ဧကရီက မင်းကို အရမ်းချစ်ပါတယ်။ မင်း သူ့ကို အပျော့ဆွဲလေးနဲ့ တောင်းဆိုမယ်ဆိုရင် ကျန်းရီက မင်းရဲ့မျိုးနွယ်ကိုတောင် လာခွင့်ရချင်ရလိမ့်မယ်။ မင်းရဲ့မျိုးနွယ်မှာဆိုရင် ကျန်းရီက ကြီးမားတဲ့ အောင်မြင်မှုတွေကို ရမှာပဲ။ မင်းရဲ့မျိုးနွယ်မှာက အရင်းအမြစ်တွေ အများ၊ အများ၊ အများကြီး ရှိတယ် မဟုတ်လား...”
ကျန်းရီနှင့် ကျန်းရှောင်နူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မိုလင်းချိုးက သူတို့နှစ်ယောက်စလုံး၏ ပျော့ကွက်ဖြစ်သော ကောင်းကင်ကြယ်တာရာနယ်နမိတ်အကြောင်းကို သိသွားခဲ့ပေပြီ။ သူတို့နှစ်ယောက်စလုံးသည် ကောင်းကင်ကြယ်တာရာနယ်နမိတ် ဖျက်ဆီးခံရမည်ကို အဖြစ်ကို အဖြစ်မခံနိုင်ပေ။ ထို့ပြင် မိုလင်းချိုး၏ စကားများက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင် ပစ်နိုင်ခဲ့သည်။ ယခု ကျန်းရှောင်နူ ပြန်သွားလျှင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်နိုင်ရုံသာမက ကျန်းရီအတွက်လည်း အကျိုးရှိလာနိုင်သည်။ သူမသာ အနာဂတ်တွင် ကျန်းရီနှင့် တွေ့နိုင်ဦးမည်ဆိုလျှင် ပြန်လိုက်သွားရန်ကိစ္စကို သူမ အလေးအနက် တွေးတောကြည့်နိုင်သည်။
ကျန်းရီသည် ကျန်းရှောင်နူ မျက်မှောင်ကြုတ်လိုက်သည်ကို တွေ့လိုက်၏။ သူမက ပြန်လိုက်သွားရန်ကို အလေးအနက် တွေးတောနေကြောင်း ထင်ရှားသည်။ ရုတ်ခြည်းပင် သူ၏ အကြည့်က မည်းမှောင်သွားသည်။
မိုလင်းချိုးက အလွန်စကားပြောကောင်းသူဖြစ်သည်။ သို့သော် မည်သည့်အတွက်ကြောင့်မသိ မိုလင်းချိုးက သူတို့ကို လှည့်ဖြားရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ကျန်းရီ ခံစားမိနေသည်။ အကယ်၍ ကျန်းရှောင်နူက ဤတစ်ခေါက် ပြန်လိုက်သွားလျှင် သူတို့နှစ်ယောက်သည် ထပ်မံ၍ တွေ့ချင်မှ တွေ့ရလောက်မည်ဖြစ်ကြောင်း ကျန်းရီ သိပေသည်။
***