← Chapters

ငါ ကျိန်တယ် *

Vol. 99 Ch. 1371

ငါ ကျိန်တယ် *

Vol. 99 Ch. 1371

မိုလင်းချိုးက အမှန်ပင် ကျန်းရှောင်နူကို လှည့်စားနေခြင်းဖြစ်သည်။

သို့သော် သိမ်းငှက်စိမ်းဘုရင်အကြောင်းကိုတော့ မလိမ်ခဲ့ပေ။ သူက ပြဿနာကို ချဲ့ကား၍ ပြောခဲ့ခြင်းသာ။ ဥပမာအနေဖြင့် သူတို့အတွက် အစီအရင်ကြီးတစ်ခုကို တည်ဆောက်ရန်မှာ အနည်းငယ် ကရိကထ များနိုင်သော်လည်း မဖြစ်နိုင်ခြင်း‌တော့ မဟုတ်ပေ။ ထိုကရိကထများမှုမှာလည်း သိမ်းငှက်ဧကရီက သူတို့အပေါ် ကျေးဇူးကြွေးတစ်ခု တင်သွားမည်ဆိုလျှင် တန်ပေသည်။

ထို့ပြင် ကျန်းရှောင်နူ ပြန်လိုက်သွားပြီးသည်နှင့် ထပ်မံ၍ ထွက်လာနိုင်တော့မည် မဟုတ်ချေ။ အနည်းဆုံးတော့ အချိန်တိုအတွင်း သူမဘာသာ ထွက်လာနိုင်မည် မဟုတ်ပေ။ နှစ်အနည်းငယ် ကြာပြီးလျှင်လည်း ကျန်းရှောင်နူက ကျန်းရီကို မေ့သွားလောက်ပြီ မဟုတ်လော။

မိုလင်းချိုးသည် အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို အရေးမစိုက်ပေ။ သူက သိမ်းငှက်ဧကရီအပေါ်တွင် ကျေးဇူးတစ်ခု ရှိထားလိုခြင်းသာ။ ယင်းအပြင် သိမ်းငှက်စိမ်းဘုရင်က တိရှဘုံထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားအောင် လုပ်မည်ကိုလည်း သူ မလိုလားပေ။ သိမ်းငှက်စိမ်းဘုရင် ဒေါသထွက်သွားလျှင် မည်သူက အရင်ဆုံး အသတ်ခံရမည်ကို မည်သူ ပြောနိုင်ပါသနည်း။ တိရှဘုံရှိ မည်သူကမှ သူ့အပေါ် အပြစ်မပြုမိဝံ့ကြပေ။ ကောင်းကင်ဘုံတွင်ပင် သူ့ကို ရန်စဝံ့သူ အနည်းငယ်သာ ရှိပေသည်။

ကျန်းရှောင်နူသည် မိုလင်းချိုး၏ ကမ်းလှမ်းချက်ကို အ‌လေးအနက် စဉ်းစားနေသည်။ ကျန်းရီကမူ နှုတ်ဆိတ်နေသည်။ သူသည် ကျန်းရှောင်နူကို ထွက်မသွားစေလိုသော်လည်း ကောင်းကင်ကြယ်တာရာနယ်နမိတ်က အနိမ့်ဘုံအချိန် ဆယ်နှစ်သာ ‌တောင့်ခံနိုင်မည်ဖြစ်သည်။ သူ၏ဇနီးများ၊ သူ ချစ်ခင်ရသူများနှင့် သူ၏မျိုးနွယ်ဝင်များအားလုံးက ကောင်းကင်ကြယ်တာရာနယ်နမိတ်တွင် ရှိနေကြသည်။ ထို့ကြောင့် ထိုနေရာ ဖျက်ဆီးခံရမည်ကို သူ မလိုလားချေ။ သူ ကျဉ်းထဲကြပ်ထဲ ရောက်နေပေပြီ။ ဤအခြေအနေတွင် သူ ကျန်းရှောင်နူကိုသာ ဆုံးဖြတ်ခိုင်းရတော့ပေမည်။

ကျန်းရှောင်နူသည် အတော်ကြာ တွေးတောနေ၏။ နောက်ဆုံးမှ သူမ မိုလင်းချိုးကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

“တကယ်လို့ ကျွန်မ ပြန်လိုက်သွားရင် တကယ်ပဲ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကယ်တင်နိုင်မှာလား”

“သေချာပေါက်ပါပဲ”

မိုလင်းချိုးက ယုံကြည်မှုရှိရှိ ပြန်ဖြေသည်။

“ကောင်မလေး... မင်းက မင်းရဲ့ မယ်တော်နဲ့ မင်းမျိုးနွယ်ရဲ့ စွမ်းဆောင်နိုင်စွမ်းတွေကို လျှော့တွက်နေတာပဲ။ အစီအရင်တစ်ခုကို မတည်ဆောက်ဘူး ဆိုရင်တောင် မင်းရဲ့ ခမည်းတော်က သူ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်ချင်တယ်လို့ ပြောလိုက်ရုံနဲ့ တမလွန်ဘုံက ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ထိရဲတော့မှာ မဟုတ်ဘူး။ မင်း ငါ့ကို မယုံဘူးဆိုရင် ငါ ကတိပေးနိုင်ပါတယ်။ တကယ်လို့ မင်းရဲ့ မယ်တော်က အစီအရင်တစ်ခု မတည်ဆောက်ပေးဘူးဆိုရင် တိရှဘုံ တိရှစံအိမ်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ကာကွယ်ပေးဖို့ အစီအရင်ကြီးတစ်ခု တည်ဆောက်ပေးမယ်။ ကဲ.. ဘယ်လိုလဲ”

“ဟင့်အင်း...”

ကျန်းရှောင်နူက အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်မ ရှင့်ကို ကောင်းကင်ဘုံဧကရာဇ်သွေးသစ္စာဆိုစေချင်တယ်။ တကယ်လို့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က တစ်ခုခု ဖြစ်သွားရင် ရှင် အသေဆိုးနဲ့သေရမယ်လို့ ကျိန်ပါ”

“...”

မိုလင်းချိုးတစ်ယောက် လုံးဝဆွံ့အသွား၏။ သူက မည်သူနည်း။ အဆင့်အတန်းမြင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်ဖြစ်သော သူ့ကိုပင် မယုံကြည်သည်လော။ သူ၏ စကားလုံးများက ရွှေနှင့်တူသည်။ သူ ပြောလိုက်ပြီဆိုလျှင် သေချာပေါက် လုပ်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့် သူက ထိုကောင်မလေးကို လိမ်ရမည်နည်း။

သို့သော် ကျန်းရှောင်နူ၏ မျက်လုံးဝိုင်းကြီး နှစ်လုံးက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်သောအခါ မိုလင်းချိုး ခါးသီးစွာသာ ပြုံးနိုင်လိုက်တော့သည်။

“ကောင်းပြီ... ငါ ကောင်းကင်ဘုံဧကရာဇ် သွေးသစ္စာ ဆိုမယ်။ တကယ်လို့ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ငါ အသေဆိုးနဲ့ သေပါစေ။ မမလေးခင်ဗျာ... အဲ့ဒါဆို ကျေနပ်ပါပြီလား”

“ဟင့်အင်း...”

ကျန်းရှောင်နူက ထပ်၍ ခေါင်းခါသည်။ ထို့နောက် ကျန်းရီကို လှည်ကြည့်ကာ ပြောလိုက်သည်။

“ကျွန်မရဲ့ သခင်လေးလည်း လုံခြုံလိမ့်မယ်လို့ ကျိန်ပါ။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင် ရှင် အသေဆိုးနဲ့ သေပါစေလို့ ကျိန်ပါ”

“...”

မိုလင်းချိုးသည် ရုတ်တရက် ကျန်းရှောင်နူကို ပါးဖြတ်ရိုက်ပစ်လိုစိတ် ပေါက်လာသည်။ ထိုကောင်မလေးက သူ့ကို သူမ၏မိသားစုကျွန်ဟု သဘောထားနေခြင်းလော။ သူ မိုလင်းချိုးကို ကျန်းရီ၏ စောင့်ရှောက်သူ ဖြစ်ရအောင် ကျိန်ခိုင်းဝံ့သည်လော။ အဘယ်ကြောင့် သူက ကျန်းရီ၏ လုံခြုံရေးကို အာမခံရပါမည်နည်း။ ကျန်းရှောင်နူက ပြန်လိုက်သွားပြီးသည်နှင့် ပြန်ထွက်လာနိုင်တော့လောက်မည် မဟုတ်။ သို့ဆိုလျှင် သူက ကျန်းရီကို သူ့ဘဝတစ်လျှောက်လုံး ကာကွယ်ပေးနေရမည်လော။ ကျန်းရီက အရုပ်တစ်ရုပ် မဟုတ်။ လက်များ၊ ခြေများရှိသည်။ လမ်းလျှောက်နိုင်သည်။ သူက ကျန်းရီအနောက်သို့ တစ်ဘဝလုံး တစ်ကောက်ကောက်လျှောက်လိုက်ကာ ကာကွယ်ပေးနေရမည်လော။ ကျန်းရီက သူ့ကိုယ်သူ သတ်သေသွားလျှင်ရော အသို့နည်း။

မိုလင်းချိုး၏ မျက်နှာထားက ခါးသီးလာသည်။ ထို့နောက် သူ ခေါင်းခါ၍ ပြန်ပြောလိုက်သည်။

“ကောင်မလေး.. ငါ အဲ့ဒါကိုတော့ မကျိန်နိုင်ဘူး။ ငါ ပြောနိုင်တာက ကျန်းရီ တိရှဘုံထဲမှာ ရှိနေသ၍ ငါ သူ့ကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားမယ်ဆိုတာပဲ။ ငါက တိရှဘုံရဲ့ လက်ထောက်အရှင်မလား။ သူ တိရှဘုံထဲက ထွက်မသွားသ၍ ငါ သူ့ကို ကာကွယ်ပေးဖို့ ပြဿနာမရှိလောက်ပါဘူး”

“မရဘူး...”

ကျန်းရှောင်နူက ခေါင်းမာစွာဖြင့် အံကြိတ်၍ ပြောသည်။

“ကျွန်မ ရှင့်ကို ကောင်းကင်ဘုံဧကရာဇ် သွေးသစ္စာ ဆိုစေချင်တယ်။ မဟုတ်ရင် ကျွန်မ ပြန်လိုက်သွားမှာ မဟုတ်ဘူး...”

ဟူး...ဟူး...

မိုလင်းချိုး မျက်နှာလွှဲ၍ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့ရင်ထဲမှ ဒေါသများကို အကောင်းဆုံး ထိန်းထားလိုက်သည်။ ကျန်းရှောင်နူသာ အခြားတစ်ယောက်ဆိုပါက ယခုလောက်ဆို သူ ဒေါသမထိန်းနိုင်တော့ဘဲ သူမကို သတ်ပစ်ပြီးနေလောက်ပေပြီ။ သို့သော် သူက ကျန်းရှောင်နူကိုမူ အဘယ်သို့ လုပ်နိုင်ပါမည်နည်း။ ထို့ကြောင့် သူသည် ပျို့တက်လာသော ဒေါသများကို အတတ်နိုင်ဆုံးသာ ထိန်းချုပ်ထားရလေသည်။

“ဟူး...”

ကျန်းရီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။ ကျန်းရှောင်နူက ကောင်းကင်ကြယ်တာရာနယ်နမိတ်နှင့် သူ့အတွက် အိမ်ပြန်လိုက်သွားရန် ဆုံးဖြတ်လိုက်ပေပြီ။ သူမက ရိုးသားသော်လည်း တုံးအသူ မဟုတ်ပေ။ သိမ်းငှက်စိမ်းဘုရင် ရောက်လာသည်နှင့် အခြေအနေက ပိုဆိုးသွားနိုင်ကြောင်း သူမ သိသည်။ ကျန်းရီပင် အသတ်ခံလိုက်ရနိုင်သည်။

ထို့ကြောင့် ကျန်းရှောင်နူသည် မိမိ၏ဆန္ဒကို မျိုသိပ်ကာ အရင်ဆုံး အိမ်ပြန်လိုက်သွားရန် ရွေးချယ်ခဲ့ခြင်းပင်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က လုံခြုံသွားသည်နှင့် သူမက ကျန်းရီကို လိုက်ရှာနိုင်ရန် နည်းလမ်းတစ်ခု ရှာနိုင်သည် မဟုတ်လော။

ကျန်းရှောင်နူက စိတ်ဆုံးဖြတ်ပြီးသွားပြီဖြစ်၍ ကျန်းရီ ဝင်ပြောနေလျှင်လည်း အကျိုးရှိတော့မည် မဟုတ်ချေ။ ထိုစဉ် မိုလင်းချိုးက ဒေါသမထိန်းနိုင် ဖြစ်သွားတော့မည်ကို မြင်လိုက်သောအခါ ကျန်းရီ ခြောက်ကပ်ကပ် ရယ်လိုက်သည်။

“ကဲပါ.. ရှောင်နူ.. အရှင်မိုကို အခက်တွေ့ရအောင် မလုပ်ပါနဲ့။ သူ့လို ကျင့်ကြံခြင်းအဆင့် မြင့်တဲ့ စွမ်းအားကြီး သိုင်းသမားတစ်ယောက်ရဲ့ စကားက ယုံရမှာပါ။ ပြီးတော့ လောမျိုးနွယ်နဲ့ လော့မျိုးနွယ်က စွမ်းအားကြီး သိုင်းသမားတွေကိုလည်း သတ်ပြီးသွားပြီပဲ။ သခင်လေးအတွက် အန္တရာယ်ရှိတော့မှာ မဟုတ်ပါဘူး”

ကျန်းရှောင်နူက ကျန်းရီ၏စကားများကို အနာခံဆုံးဖြစ်သည်။ ကျန်းရီပြောလိုက်သည်နှင့် သူမ ချက်ချင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမ မျက်ရည်ဝဲလာပြီး စတင်၍ မျက်ရည်ကျလာလေသည်။ သို့သော် သူမ မည်သို့မှတော့ မပြောပေ။ သူမသည် နှုတ်ခမ်းကိုက်ကာ တစ်စုံတစ်ခု ပြောလိုနေပုံ ပေါ်သော်လည်း နောက်ဆုံးတွင် စကားလုံးများကို မျိုချလိုက်ပေသည်။ ကျန်းရီတွင်လည်း ပြောစရာ မရှိတော့ပေ။ သူသည် ကျန်းရှောင်နူကို အသာအယာ ဆွဲခေါ်၍သာ တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။

ထိုအခါမှ မိုလင်းချိုး သက်ပြင်းချနိုင်သည်။ သူသည် ကျန်းရီနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်ကာ ပြောလိုက်သည်။

“ငါတို့ ထပ်ပြီး အချိန်ဆွဲနေလို့ မရဘူး။ သိမ်းငှက်စိမ်းဘုရင်က အချိန်မရွေး ရောက်လာတော့မယ်။ ငါ အခုပဲ သိမ်းငှက်ဧကရီကို သွားသတင်းပို့ပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်မှာ အစီအရင်ဆင်ဖို့ လူစေလွှတ်ခိုင်းလိုက်မယ်။ မစိုးရိမ်ပါနဲ့... တကယ်လို့ ကောင်းကင်ကြယ်တာရာနယ်နမိတ် တစ်ခုခု ဖြစ်သွားရင် အပြစ်ခံယူတဲ့အနေနဲ့ ငါ့ကိုယ်ငါ သတ်သေမှာပါ။ မင်းတို့ နှုတ်ဆက်စကား ပြောကြပါ။ ခဏနေရင် သိမ်းငှက်ဧကရီက ကောင်မလေးကို လာခေါ်လိမ့်မယ်”

မိုလင်းချိုး ထွက်သွားသောအခါ ကျန်းရှောင်နူ စတင်ငိုကြွေးလေသည်။ ယခုတွင် သိမ်းငှက်ဧကရီက အချိန်မရွေး ရောက်လာတော့မည်ဖြစ်သည်။ သူမနှင့် ကျန်းရီလည်း ခွဲရပေတော့မည်။

ကျန်းရှောင်နူသည် သူမ၏အမေအရင်းနှင့် ထွက်သွားရမည်ဖြစ်သော်လည်း သူစိမ်းတစ်စုနှင့် လိုက်သွားရမလိုမျိုး ခံစားနေရသည်။ သူမနှင့် ကျန်းရီက မည်သည့်အခါတွင်မှ ပြန်ဆုံတွေ့ရမည်ကို မည်သူမှ မသိပေ။ ကျန်းရှောင်နူ၏ ရင်ထဲတွင် တွေးကြည့်၍ပင် မရနိုင်သော တုန်လှုပ်မှု၊ ကြောက်ရွံ့မှု၊ နာကျင်မှုတို့နှင့် ပြည့်နှက်လာသည်။

“ရှောင်နူ....”

ကျန်းရီက ခံစားချက်များ တစ်ဆို့နေသော အသံနှင့် ခေါ်လိုက်၏။

“မကြောက်ပါနဲ့။ မင်းရဲ့မယ်တော်က မင်းကို ဘယ်လောက်ချစ်တယ်ဆိုတာ ငါ မြင်နိုင်ပါတယ်။ မင်း မင်ရည်တောင်ပံမျိုးနွယ်ကို ရောက်သွားတဲ့အခါကျရင်လည်း ရူးရူးမိုက်မိုက်တွေ မလုပ်ပါနဲ့။ ကြိုးစား ကျင့်ကြံပါ။ မင်း အလုံအလောက် စွမ်းအားကြီးလာတဲ့အခါကျရင် ကိုယ့်အားကိုယ်ကိုးပြီး ငါ့ကို လာရှာပေါ့။ ငါလည်း ကြိုးစားကျင့်ကြံမှာပါ...”

“ငါ ကြိုးစားကျင့်ကြံပြီး မင်းရဲ့ခမည်းတော်ထက် ပိုသန်မာလာအောင် လုပ်မယ်။ တကယ်လို့ မင်းရဲ့ခမည်းတော်က မင်းကို ငါ့ကို သွားရှာဖို့ ခွင့်မပြုဘူးဆိုရင် ငါ မင်းကို ပြန်လာခေါ်တဲ့အချိန်အထိ စောင့်နေပါ။ သခင်လေးကို ယုံပါ။ မင်းက အမြဲတမ်း ငါ အချစ်ရဆုံးရှောင်နူ၊ ငါ အချစ်ရဆုံးညီမလေး ဖြစ်နေမှာပါ။ သခင်လေးက မင်းကို ဘယ်တော့မှ ချန်ထားခဲ့မှာ မဟုတ်ဘူး”

“အွန်း...”

ကျန်းရှောင်နူသည် ကြက်ကလေး အစာကောက်သကဲ့သို့ ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။ ထို့နောက် ကျန်းရီအား ဆုံးရှုံးရမည်ကို စိုးသည့်အလား တင်းကြပ်စွာ ဖက်ထားလိုက်၏။ အတော်ကြာ ငိုပြီးနောက်မှ သူမ ကျန်းရီကို မျက်ရည်လျှံနေသော မျက်ဝန်းများဖြင့် မော့ကြည့်လိုက်သည်။

“သခင်လေး... ကျွန်မ အကောင်းဆုံးကြိုးစားပြီး ကျင့်ကြံမှာပါ။ ပြီးရင် သခင်လေးကို သေချာပေါက် လာရှာမယ်။ ရှောင်နူကို စောင့်နေပါ။ ရှောင်နူက အမြဲ သခင်လေးရဲ့ ညီမလေးပဲ ဖြစ်နေမှာပါ။ ကျွန်မ သခင်လေးကို တစ်ဘဝလုံး အလုပ်အကြွေးပြုမှာပါ”

“အင်းပါ...”

ကျန်းရီ ခပ်သဲ့သဲ့ပြုံး၍ ခေါင်းညိတ်လိုက်ပြီး ကျန်းရှောင်နူ၏ ပါးပေါ်မှ မျက်ရည်စများကို သုတ်ပေးလိုက်သည်။ ထို့နောက် နူးညံ့သော အကြည့်များဖြင့် ပြောလိုက်၏။

“ရှောင်နူ.. မငိုပါနဲ့တော့။ ငါ့တို့ရဲ့ အားနည်ချက်တွေကို ငါတို့ရဲ့ နှလုံးသားထဲမှာပဲ ဖွက်ထားရမယ်။ တခြားလူတွေကို အဲ့အားနည်းချက်တွေ အမြင်မခံပါနဲ့။ မင်းက အမြဲ ငါ့ရဲ့ ဂုဏ်ယူစရာ၊ ငါ့ရဲ့ ပျော်ရွှင်မှု ဖြစ်နေမှာပါ။ မင်း အပြုံးနဲ့ ထွက်သွားပြီး အပြုံးနဲ့ ပြန်လာတာကိုပဲ ငါ မြင်ချင်တယ်။ ငါ့ရဲ့ရှောင်နူလေးက အမြဲအကောင်းဆုံး ဖြစ်နေမှာပါ”

ထိုစကားများက ကျန်းရှောင်နူကို ချက်ချင်း အငိုတိတ်သွားစေသည်။ သို့သော် သူမ၏ခန္ဓာကိုယ်လေးကတော့ တုန်ယင်နေသေးသည်။ သူမသည် မျက်လုံးမှိတ်၍ ကျန်းရီ၏ ရင်ခွင်ထဲတွင် မျက်နှာအပ်ထားလိုက်သည်။ သူ၏ အရှိန်အဝါကို သူမ ခံစားနေရသည်။ အတော်ကြာပြီးနောက် သူမသည် သတ္တိအသစ် ပြည့်နေသော လေသံဖြင့် ပြတ်သားစွာ ပြောလိုက်သည်။

“သခင်လေး.. တကယ်တော့ ကျွန်မက သခင်လေးရဲ့ ညီမလေး ဖြစ်ချင်တာ မဟုတ်ဘူး။ ကျွန်မ သခင်လေးကို လာရှာတဲ့အခါကျရင်... သခင်လေး ကျွန်မကို လက်ထပ်နိုင်မလား။ အဲ့ကိစ္စကနေ ရှောင်မပြေးပါနဲ့။ ကျွန်မ သခင်လေးရဲ့ စိတ်ရင်းအမှန်ကို ကြားချင်တယ်”

“အာ...”

ကျန်းရီသည် နောက်ဆုံးအခိုက်တွင် ကျန်းရှောင်နူက ထိုမေးခွန်းကို မေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူသည် ကျန်းရှောင်နူ၏ သူ့အပေါ်ထားသော ခံစားချက်ကို အမြဲသိနေခဲ့သည်။ သို့သော် ထိုခံစားချက်မှနေ၍ သူ အမြဲရှောင်ပြေးခဲ့သည်။ ဤတစ်ချိန်လုံး သူသည် ကျန်းရှောင်နူကို သူ၏ညီမလေးတစ်ယောက်အဖြစ်သာ မြင်ခဲ့သည်။ ထိုအခိုက်တွင်မူ ကျန်းရှောင်နူ၏ ငံ့လင့်နေသော မျက်ဝန်းများကို ကြည့်၍ သူ ရင်မဆိုင်ရဲသော တစ်စုံတစ်ခုကို သူ ခံစားလိုက်ရလေသည်။

“ငါ..ငါ...”

ကျန်းရီတစ်ယောက် စကားထစ်ငေါ့နေသည်။ ထိုစဉ် အပြင်ဘက်မှ ခြေသံဖျော့ဖျော့များကို ကြားလိုက်ရ၏။ သိမ်းငှက်ဧကရီတို့ ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ကျန်းရီသည် မည်သို့ လုပ်ရမည်ကို မသိတော့ဘဲ အံကြိတ်၍သာ ပြောလိုက်ရသည်။

“ရှောင်နူ... ဒီတစ်ခေါက် ငါ အဲ့ကိစ္စကို အလေးအနက် စဉ်းစားမှာပါ။ မင်း ပြန်လာတာနဲ့ ငါ မင်းကို အဖြေတစ်ခု ပေးပါမယ်”

“အွန်း...”

ကျန်းရှောင်နူက ချိုသာစွာ ပြုံးလိုက်၏။ သိမ်းငှက်ဧကရီက မိုလင်းချိုး၊ မူဟုန်ချာနှင့် ကျန်လူများနှင့်အတူ တံခါးအပြင်တွင် ရပ်နေပြီး အထဲသို့ ဝင်မလာကြပေ။ သူမတို့သည် ကျန်းရှောင်နူ ထွက်လာမည်ကိုသာ စောင့်နေကြသည်။ ကျန်းရှောင်နူသည် ရုတ်ခြည်း ငြိမ်းအေးမှုကို ခံစားလိုက်ရ၏။ ထို့နောက် မျက်လုံးမှိတ်ကာ ကျန်းရီ၏ ရင်ခွင်ထဲသို့ ထပ်မံ၍ တိုးဝင်လိုက်ပြီး ပြုံးလိုက်၏။ ခေတ္တမျှ ဖက်ပြီးနောက်တွင် သူမ ကျန်းရီ၏ မျက်ဝန်းများကို နက်ရှိုင်းစွာ စိုက်ကြည့်လိုက်သည်။ ပြီးမှ သူမ နောက်လှည့်၍ အပြင်သို့ လျှောက်ထွက်သွားလိုက်လေသည်။

ကျန်းရှောင်နူ၏ ခြေလှမ်းများက တည်ငြိမ်သည်။ တစ်ချက်မှ တုန်ယင်မနေပေ။ သူမသည် ကျန်းရီကိုပင် ပြန်လှည့်မကြည့်ဘဲ တစ်ကြိမ်လျှင် တစ်လှမ်းဖြင့် သိမ်းငှက်ဧကရီဆီသို့ လျှောက်သွားလိုက်သည်။ သို့သော် သူမက သိမ်းငှက်ဧကရီကို မကြည့်ဘဲ အေးစက်စက်လေသံဖြင့်သာ ပြောလိုက်၏။

“သွားကြစို့”

ကျန်းရီသည် ကျန်းရှောင်နူ ထွက်ခွာသွားသည်ကို မကြည့်ပေ။ ကြည့်မိလျှင် သူမကို ထွက်သွားခွင့် မပေးနိုင်‌တော့ဘဲ ဆွဲခေါ်ထားမိမည်ကို သူ စိုးသည်။ ကျန်းရှောင်နူကလည်း နောက်လှည့်မကြည့်ဝံ့ပေ။ နောက်လှည့်ကြည့်မိလျှင် ထွက်မသွားနိုင်တော့မည်ကို သူမ စိုးရိမ်သည်။

ဘုတ်...

သိမ်းငှက်ဧကရီက ကျန်းရှောင်နူကို အဝေးသို့ ခေါ်သွားသောအခါ ကျန်းရီတစ်ယောက် ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ် လဲကျသွားသည်။ သူက စိတ်ဝိညာဉ်ကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင်။ သူ၏ မျက်နှာထားက အသက်ကင်းမဲ့နေသည်။ သို့သော် သူ လက်သီးနှစ်ဘက်စလုံးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ တဖြည်းဖြည်းဖြင့် သူ၏ မျက်နှာထားက ပို၍ ပို၍ ခက်ထန်လာသည်။ ထို့နောက် သူ ဝမ်းခေါင်းသံကြီးဖြင့် အော်လိုက်သည်။

“ငါ ပိုပြီး သန်မာလာချင်တယ်။ ငါ့ရဲ့ ကံကြမ္မာကို တခြားသူတွေ မဆုံးဖြတ်နိုင်တော့တဲ့အထိ ငါ သန်မာလာချင်တယ်။ ရှောင်နူ ငါ့ကို စောင့်နေပါ။ မင်းရဲ့ ခမည်းတော်က မင်းကို ငါ့ကို လာရှာဖို့ ခွင့်မပြုရင် ငါ မင်ရည်တောင်ပံမျိုးနွယ်ကို အရောက်လာပြီး မင်းကို လာခေါ်မယ်။ ငါ ကျိန်တယ်...”

***

All Chapters