← Chapters

နတ်သိမ်းငှက်မြို့အရှင်

Vol. 99 Ch. 1372

နတ်သိမ်းငှက်မြို့အရှင်

Vol. 99 Ch. 1372

ကျန်းရှောင်နူ ထွက်သွားမှုက ကျန်းရီကို အဆုံးမဲ့ ချောက်နက်ထဲ ကျသွားစေ၏။ သူသည် ကျန်းရှောင်နူ၏ အကြောင်းများကိုသာ တွေး၍ ရင်နာနေလေသည်။ သိမ်းငှက်ဧကရီ၊ မိုလင်းချိုး၊ ရှောင်ဟုန်နှင့် အခြားသူများအားလုံးက ထွက်သွားခဲ့ပေပြီ။ ခြင်္သေ့ပြာမြို့ထဲရှိ မည်သူကမှ မည်သည့်ကိစ္စများ ဖြစ်ပျက်သွားခဲ့ကြောင်းကို မသိချေ။ မြို့အရှင်သည်ပင် သိခွင့်မရှိပေ။ ထို့ကြောင့် မည်သူကမှ ကျန်းရီကို လာမနှောင့်ယှက်ပါပေ။ သူသည် အဆောင်၏ ဧည့်ခန်းထဲတွင် အနိမ့်ဘုံအချိန် သုံးရက်ကြာအောင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။

ရှပ်...ရှပ်...ရှပ်...

ခြေသံများက ကျန်းရီကို အသိပြန်ကပ်လာစေသည်။ မကြာခင် အဆောင်ထဲသို့ လူနှစ်ယောက်ဝင်လာ၏။ ထိုနှစ်ယောက်မှာ မိုလင်းချိုးနှင့် ရှောင်ဟုန်တို့ပင်။ ကျန်းရီက ခေါင်းမော့၍ ထိုနှစ်ယောက်ကို ကြည့်လိုက်၏။ ထို့နောက် ခေါင်းပြန် ငိုက်လိုက်သည်။ သူက အသက်ဓာတ်ကင်းမဲ့နေပြီး စွမ်းအင် ကုန်ခမ်းနေသည်။ ထိုအခိုက်တွင် သူ့အတွက် မည်သည့်အရာကမှ အရေးမပါတော့သလိုပင်။

“ကောင်လေး.. မင်းက အရမ်းကံကောင်းပါတယ်။ ငါတို့ တိရှမြို့ကို ရောက်တော့ အဲ့မှာ သိမ်းငှက်စိမ်းဘုရင် ရောက်နေပြီ။ ငါတို့သာ တစ်စက္ကန့်လောက် နောက်ကျသွားရင် သူက ခြင်္သေ့ပြာမြို့ကို အပြေးလာတော့မှာ။ အဲ့ကျရင် မင်းလည်း သေသွားနိုင်တယ်”

မိုလင်းချိုးက ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။

“သိမ်းငှက်ဧကရီက ဒီကိစ္စကို ဖုံးထားလိုက်လို့ မင်း စိတ်အေး‌အေးနေလို့ ရပါတယ်။ သိမ်းငှက်စိမ်းဘုရင်က မင်းသမီးလေးကို အိမ်ပြန်ခေါ်သွားပါပြီ။ မင်းရဲ့ ကောင်းကင်ကြယ်တာရာနယ်နမိတ်လည်း လုံခြုံသွားပါပြီ။ အစီအရင်က လဝက်အတွင်း ပြီးသွားလိမ့်မယ်။ မင်း တိရှဘုံမှာပဲ ဆက်နေပြီး စိတ်အေးအေးနဲ့ ကျင့်ကြံနိုင်ပြီ။ မင်းမှာ တခြားပြဿနာတွေ ရှိသေးရင် ရှောင်ဟုန်ကို သွားရှာနိုင်ပါတယ်”

မိုလင်းချိုးအတွက် ကျန်းရီမှာ ပမွှားလေးတစ်ယောက်သာဖြစ်သည်။ သူ ဤသို့ တစ်‌ခေါက် ပြန်လာရခဲ့ရခြင်းမှာ ကျန်းရှောင်နူ၏မျက်နှာကြောင့်သာ။ ထို့ပြင် လူများက သူ့ကို ကတိမတည်သူတစ်ယောက်ဟု ဆိုမည်ကိုလည်း သူ မလိုလားပေ။ သူသည် ကျန်းရီက လုံးဝစိတ်ဓာတ်ကျနေသည်ကို မြင်လိုက်သောအခါ အပြင်သို့ ပြန်ထွက်သွားလိုက်သည်။ သူ ပြန်သွားတော့မည့်အခိုက်တွင် တစ်စုံတစ်ခုကို တွေးမိသွားပြီး ရှောင်ဟုန်ကို လှည့်ကြည့်လိုက်သည်။

“အဲ့ကောင်လေးကို ဂရုစိုက်လိုက်ပါ”

“ဟုတ်ကဲ့ပါ အရှင်”

‌ရှောင်ဟုန်က ဦးညွှတ်၍ မိုလင်းချိုးကို လိုက်ပို့ရန် ဟန်ပြင်လိုက်၏။ သို့သော် မိုလင်းချိုးက လက်ခါ၍ ပြောလိုက်သည်။

“ငါ့ကို လိုက်ပို့နေစရာ မလိုဘူး။ ငါ့ဘာသာ သွားနိုင်တယ်။ အဲ့ကောင်လေးကိုပဲ ကောင်းကောင်းဂရုစိုက်လိုက်ပါ။ သူ သေသွားရင် မင်းတာဝန်ပဲ”

ထို့နောက် မိုလင်းချိုးသည် အဖြူရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းလဲ၍ ခြင်္သေ့ပြာမြို့ဆီသို့ ပျံတက်သွားလေသည်။ ရှောင်ဟုန်တစ်ယောက် အကြပ်ရိုက်၍ ကျန်ခဲ့သည်။ မိုလင်းချိုးက သူ့အား ခက်ခဲသောတာဝန်တစ်ခုကို ပေးခဲ့ပေသည်။ ယခုတွင် သူသည် အာလူးပူတစ်လုံး လွှဲပေးခံလိုက်ရသကဲ့သို့ ခံစားနေရလေသည်။

ရှောင်ဟုန်သည် ကျန်းရှောင်နူက အချိန်တစ်ခုလောက်အထိ ပြန်မလာနိုင်သည်ကို မသိပေ။ ထို့ပြင် ကျန်းရီက မင်ရည်တောင်ပံမျိုးနွယ်မှ မင်းသမီးလေး၏ သခင်လေးဖြစ်သည်။ အကယ်၍ သူက ကျန်းရီကို ကောင်းကောင်းစောင့်ရှောက်မထားလျှင် မင်းသမီးပြန်ရောက်လာပြီး သူ့ကို ပြဿနာရှာပါက ရှောင်မျိုးနွယ် အဆုံးသတ်သွားပေလိမ့်မည်။

‘သူ့ကို သိမ်းငှက်ပြာတောင်ဆီ ခေါ်သွားရမလား’

ရှောင်ဟုန်၏ ခေါင်းထဲတွင် အထက်ပါအတွေး ထွက်ပေါ်လာ၏။ သို့သော် သူသည် ထိုအတွေးကို ချက်ချင်း ခေါင်းထဲမှ ထုတ်ပစ်လိုက်သည်။

ရိုးရိုးသားသား ဆိုရလျှင် ရှောင်ဟုန်သည် ကျန်းရီကို မကြည်ပေ။ မူဟုန်ချာက ကျန်းရီနှင့် ကျန်းရှောင်နူတို့ကြောင့် ရှောင်တိနှင့် လောမျိုးနွယ်မှ လူများကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ သူသည် ကျန်းရှောင်နူကိုတော့ အပြစ်မပြုဝံ့၍ သူ့ဒေါသများကို ကျန်းရီအပေါ်သာ ပုံချရပေမည်။ သို့ဖြစ်ရာ သူက အဘယ်သို့ ကျန်းရီကို သိမ်းငှက်ပြာတောင်ဆီ ခေါ်သွားနိုင်ပါမည်နည်း။

ထို့ပြင် ကျန်းရီ၏ မှတ်တမ်းများအရ သူက ပြဿနာကောင်တစ်ကောင်ဖြစ်ပုံပင်။ အကယ်၍ သူ့ကို သိမ်းငှက်ပြာတောင်သို့ ခေါ်သွားလိုက်လျှင် နေ့တိုင်း ပြဿနာရှာနေနိုင်လောက်သည်။ ထိုအခါ သိမ်းငှက်ပြာတောင်တစ်လုံးလုံး သူ့ကြောင့် ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားပေလိမ့်မည်။

‘တိရှစံအိမ် လောမျိုးနွယ်... ဟုတ်ပြီ’

ရှောင်ဟုန်သည် ရုတ်တရက် လောမျိုးနွယ်အကြောင်း တွေးမိကာ အကြံတစ်ခု ရသွား၏။ ယခုတွင် လောရှန်း သေသွားပြီဖြစ်ရာ နတ်သိမ်းငှက်မြို့တွင် မြို့အရှင်မဲ့သွားပြီဖြစ်သည်။ အဘယ်ကြောင့် ကျန်းရီကို နတ်သိမ်းငှက်မြို့အရှင်ရာထူး မပေးဘဲ နေရမည်နည်း။ သို့ဆိုလျှင် ကျန်းရီက နတ်သိမ်းငှက်မြို့၌ ခြေချုပ်မိသွားပေလိမ့်မည်။

သာမန်နတ်ဘုရားလေးက မြို့အရှင်ရာထူးကို ရမည်ဆိုလျှင် သေချာပေါက် ကျေနပ်သွားမည်ဖြစ်သည်။ ကိုယ်ပိုင်မြို့တစ်မြို့ ရှိနေပြီဆိုလျှင် သူက အဘယ်ကြောင့် လျှောက်သွားနေဦးမည်နည်း။ ထို့အပြင် ကျန်းရီကို ကာကွယ်ရန် ကိုယ်ရံတော်တစ်ယောက်လည်း ထားလိုက်ဦးမည်ဆိုလျှင် အစီအစဉ်က ပြီးပြည့်စုံသွားမည် မဟုတ်လော။ ထိုမှ ကျန်းရှောင်နူ ပြန်လာသည့်အခါတွင် ကျန်းရီက ကောင်းစားနေသည်ကို မြင်သွားပြီး သူ့ကို ပြဿနာလာမရှာတော့မည် ဖြစ်သည်။

ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်မှ ဖြစ်နေပြီး ပုံမှန်ဆိုလျှင် မြို့အရှင်များက တိရှစံအိမ်မှသာ ဖြစ်သည့် ကိစ္စမှာမူ အရေးမကြီးပေ။ မိုလင်းချိုးကိုယ်တိုင် အခြေအနေများကို စောင့်ကြည့်နေရာ မည်သူက ထိုကိစ္စကို ဆန့်ကျင်ဝံ့မည်နည်း။ ကျန်းရီက မြို့အရှင် ဖြစ်လာသည်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်၏ ကျန်းရီအပေါ် အမြင်က ပြောင်းလဲသွားပေလိမ့်မည်။ ထိုအခါကျလျှင် မိစ္ဆာသတ်ဖြတ်စံအိမ်သည် စွမ်းအားကြီး သိုင်းသမားများစေလွှတ်၍ ကျန်းရီကို ကာကွယ်ပေးမည်ဖြစ်သည်။ ယင်းက အစီအစဉ်ကို ပို၍ပင် ပြီးပြည့်စုံသွားစေပေလိမ့်မည်။

‘မဆိုးဘူး...’

ရှောင်ဟုန်သည် ထိုအစီအစဉ်အတိုင်းသာ လုပ်ရန် ဆုံးဖြတ်လိုက်၏။ သို့သော် ကျန်းရီ၏ စိတ်ဓာတ်ကျနေပုံကို မြင်လိုက်သောအခါ တုံ့ဆိုင်းသွားပြန်သည်။ သူက ကျန်းရီကို နတ်သိမ်းငှက်မြို့အထိ ချီသွား၍ မရသည် မဟုတ်လော။ သူ့တွင် အခြားလုပ်စရာကိစ္စများစွာ ရှိသေးသည်။ ကျန်းရီ စိတ်ပြန်တက်ကြွလာသည်အထိ စောင့်နေရန် အချိန်မရှိပေ။

ရှောင်ဟုန်သည် ကျန်းရီကို စိုက်ကြည့်၍ ရုတ်တရက် အော်ပြောလိုက်သည်။

“ကျန်းရီ... နိုးထလိုက်တော့”

ရှောင်ဟုန်၏ အော်သံထဲတွင် စိတ်ဝိညာဉ်စွမ်းအင် ပါပေသည်။ ကျန်းရီသည် နဖူးမှခြေဖျားအထိ တုန်ယင်သွားပြီး ဆတ်ခနဲ အသိကပ်သွား၏။ သူ့မျက်ဝန်းများကလည်း အသက်ပြန်ဝင်လာသည်။ ရှောင်ဟုန်က အေးစက်စက် ဆက်ပြောသည်။

“ဘာလို့ မင်းလို လူငယ်လေးတစ်ယောက်က ကလေးမလေးတစ်ယောက်လို ပြုမူနေရတာလဲ။ သိမ်းငှက်ဧကရီက မင်းကို မင်ရည်တောင်ပံမျိုးနွယ်ဆီ ခေါ်မသွားချင်တာ မဆန်းတော့ပါဘူး။ သူက မင်းလိုကောင်လေးတစ်ယောက်ကို ပြန်ခေါ်သွားလိုက်ရင် မင်းသမီးက လူရယ်စရာ ဖြစ်သွားမှာပေါ့...”

“မင်းက ယောက်ျားအစစ်အမှန်တစ်ယောက်ဆိုရင် အရှေ့ကိုပဲ ကြည့်ပြီး ကြိုးကြိုးစားစား ကျင့်ကြံသင့်တယ်။ မင်း ပိုသန်မာလာတာနဲ့ သိမ်းငှက်ဧကရီနဲ့ သိမ်းငှက်စိမ်းဘုရင်တို့က မင်းကို အထင်သေးနိုင်‌တော့မှာ မဟုတ်ဘူး။ လေးစားမှုဆိုတာ တခြားသူတွေက မင်းကို ပေးတဲ့အရာ မဟုတ်ဘူး။ မင်းဘာသာမင်း တိုက်ယူရတဲ့ အရာပဲ။ မင်း နားလည်လား”

‘လေးစားမှုဆိုတာ သူများက ကိုယ့်ကိုပေးတဲ့အရာ မဟုတ်ဘူး။ ကိုယ့်ဘာသာ တိုက်ယူရတဲ့ အရာပဲ’

ကျန်းရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက ကလေးမလေးတစ်ယောက်ကဲ့သို့ ပြုမူနေခဲ့ခြင်း မဟုတ်ပေ။ အရာအားလုံးကို ယာယီ စိတ်မဝင်စားတော့ခြင်းသာ။ ထိုအခိုက်တွင်မူ ရှောင်ဟုန်၏ စကားများက သူ့ကို စိတ်ပြန်စုစည်းနိုင်သွားစေသည်။ သူ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းကာ ထရပ်လိုက်သည်။ သို့သော် မည်သို့ ပြောရမည်ကို မသိ၍ ရှောင်ဟုန်ကိုသာ မရေရာဟန်ဖြင့် ငေးကြည့်နေလိုက်သည်။

“အင်း... အခုမှ ယောက်ျားတစ်ယောက်နဲ့ ပိုတူသွားပြီ”

ရှောင်ဟုန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထို့နောက် အဆောင်တံခါးဘက်သို့ အော်ပြောလိုက်သည်။

“ရှောင်လန် ဝင်လာခဲ့”

ဝှစ်...

သွေးအေး၍ ရက်စက်ပုံပေါ်သော အသက်လတ်ပိုင်းအရွယ် လူထွားကြီးတစ်ယောက်က ခပ်သုတ်သုတ်ဝင်လာ၏။ သူက အနက်ရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပေသည်။ အထဲသို့ ရောက်သောအခါ သူ ဒူးတစ်ဘက်ထောက်၍ ပြောလိုက်သည်။

“မျိုးနွယ်ခေါင်းဆောင်...”

ရှောင်ဟုန်က ကျန်းရီကို လက်ညှိုးညွှန်၍ ဆို၏။

“‌အခုလောလောဆယ် မင်း ကျန်းရီနဲ့ အတူနေပြီး သူ့ကို ကာကွယ်ပေးရမယ်။ တကယ်လို့ သူ တစ်ခုခု ဖြစ်သွားရင် မင်းလည်း ပြန်လာစရာ မလိုတော့ဘူး။ ကျန်းရီ... အရှင်မိုက မင်းကို နတ်သိမ်းငှက်မြို့အရှင်ရာထူး ပေးလိုက်ဖို့ ပြောသွားတယ်။ ဒါပေမဲ့ မင်းကို တိရှစံအိမ်ထဲဝင်ဖို့တော့ ငါတို့က အတင်းဖိအားပေးမှာ မဟုတ်ပါဘူး။ မင်း နတ်သိမ်းငှက်မြို့အရှင် ဖြစ်သွားရင် အရင်းအမြစ်အများကြီး ပိုင်ဆိုင်လာလိမ့်မယ်။ အဲ့အရင်းအမြစ်တွေက မင်းရဲ့ ကျင့်ကြံခြင်းလမ်းခရီးမှာ အများကြီး အ‌ထောက်အကူ ဖြစ်မှာပါ။ မင်း နတ်သိမ်းငှက်မြို့ထဲမှ အေးအေးချမ်းချမ်း ကျင့်ကြံနေနိုင်ပါတယ်။ တကယ်လို့ မင်း တစ်ခုခု လိုအပ်ရင် ရှောင်လန်ကို ငါ့ဆီ ဆက်သွယ်ခိုင်းလိုက်ပေါ့။ အင်း.. မင်း ငါ့မျက်နှာကို ထောက်ပြီး နတ်သိမ်းငှက်မြို့မှာ ပြဿနာမရှာဖို့ ငါ မျှော်လင့်ပါတယ်. မင်း ပြဿနာရှင် ငါ့အတွက် ခက်ခဲရလိမ့်မယ်”

ရှောင်ဟုန်သည် ပြောပြီးနောက် ကျန်းရီကို ပခုံးပုတ်ကာ ချက်ချင်း လှည့်ထွက်သွားလိုက်သည်။ ကျန်းရီကို မြင်နေလျှင် ရှောင်တိ သေသွားပုံကို ပြန်အမှတ်ရကာ သူ့ကို စိတ်မသက်မသာ ဖြစ်စေပေသည်။ သို့သော် ဤတစ်ခေါက်တွင် သူ ကျန်းရီကို ကူညီရပေမည်။ သို့ဖြစ်၍ ထိုအခိုက်တွင့် သူ့ရင်ထဲ၌ မည်သို့ ခံစားနေရမည်ကို တွေးကြည့်နိုင်ပေသည်။

“အရှင်ကျန်း...”

ရှောင်ဟုန်က အတန်ငယ် ရုပ်ဆိုး၏။ ထို့ပြင် သူသည် အဆောင်ထဲရောက်ကတည်းက အလွန် မျက်နှာမည်းမှောင်နေခဲ့သည်။ ထိုအခိုက်တွင် သူ၏ နှုတ်ခွန်းဆက်စကားကပင် ရေခဲတမျှ အေးစက်နေပေသည်။ ကျန်းရီသည် ယင်းကို အရေးမထားပေ။ သူ အတန်ငယ် အံ့အားသင့်နေရုံသာ။ အဘယ်သို့ သူက ရုတ်တရက်ကြီး နတ်သိမ်းငှက်မြို့အရှင် ဖြစ်သွားရသနည်း။

“အရှင်ကျန်း... ကျုပ်တို့ ဒီမှာ ခဏလောက် ဆက်နေဦးမလား ဒါမှမဟုတ် နတ်သိမ်းငှက်မြို့ကို ပြန်ကြတော့မလား”

ရှောင်လန်၏ စကားက ကျန်းရီကို အသိပြန်ကပ်လာစေသည်။ ကျန်းရီ လှည့်ပတ်ကြည့်လိုက်ပြီး အတန်ငယ် မူးဝေစွာဖြင့် ခေါင်းခါလိုက်၏။

“ပြန်သွားကြစို့... ကျွန်တော် ဒီမှာ နောက်တစ်စက္ကန့်တောင် ဆက်ရှိမနေချင်တော့ဘူး”

ခြင်္သေ့ပြာမျိုးနွယ်စုထဲတွင် တစ်ရက်ဆက်နေလေလေ၊ ကျန်းရှောင်နူကို တစ်ရက်ပို၍ သတိရလေလေပင်။ ကျန်းရီသည် သူသန်မာလာရမည်ဟု သူ့ကိုယ်သူ အားပေးနေရပေသည်။

ကျန်းရီသည် နတ်သိမ်းငှက်မြို့အရှင်ရာထူးကို မငြင်းလိုက်ချေ။ ယင်းရာထူးက ရှောင်ဟုန်ရော မိုလင်းချိုးကြောင့်ပါ ရခဲ့သော ရာထူးမဟုတ်ပေ။ ကျန်းရှောင်နူ၏မျက်နှာကြောင့်သာ ရခဲ့သော ရာထူးဖြစ်သည်။ သူသည် ထိုရာထူးကို ငြင်းရလောက်အောင် မတုံးသေးပေ။ ယခု သူအလိုအပ်ဆုံးအရာမှာ အရင်းအမြစ်များဖြစ်သည်။ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရန် သူ အစွမ်းကုန် ကြိုးစားကျင့်ကြံရပေမည်။ ထိုမှသာ သူ၏ကံကြမ္မာကို သူကိုယ်တိုင် ပဲ့ကိုင်နိုင်ပေလိမ့်မည်။

“သွားမယ်”

ကျန်းရီသည် အဆောင်ကို နောက်ထပ်တစ်ခေါက် ကြည့်ပြီးနောက် အပြင်သို့ လျှောက်သွားလိုက်သည်။ ရှောင်လန်က သူ့အနောက်မှ ကပ်လိုက်လာသည်။ ကျန်းရီသည် ရှောင်လန်က မည်မျှစွမ်းအားကြီးကြောင်း အတိအကျမသိသော်လည်း သေချာပေါက် လောရှန်းနှင့် လော့ဖူတို့ထက်တော့ ပိုစွမ်းအားကြီးမည်ဖြစ်ကြောင်း ခံစားရပေသည်။ သူ၏ အဆင့်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် ညီလောက်သည်။

“ဂုဏ်သရေရှိ အရှင်နှစ်ပါးကို နှုတ်ခွန်းဆက်ပါတယ်”

ရှောင်လန်က တိရှစံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်းပင်။ သူ့ချပ်ဝတ်ပေါ်မှ ပန်းသီးပန်းတံဆိပ်၏ ပန်းပွင့်များက သာမန်နှင့် ကွဲပြားပေသည်။ တိရှစံအိမ်မှ လူအားလုံးသည် ထိုတံဆိပ်ကို သိကြ၏။ ထိုအတန်ငယ်ကွဲပြားသော တံဆိပ်မှာ တိထျန်းအဆင့်၏ အမှတ်အသားဖြစ်သည်။ ထို့ကြောင့် တည်နေရာပြောင်းရွှေ့အစီအရင်မှ လူများက တရိုတသေ အရိုအသေပေးလိုက်ကြပေသည်။ ရှောင်လန်က အမိန့်ပြားတစ်ပြားကို ထုတ်၍ ‌အေးစက်စက် ပြောလိုက်သည်။

“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးလိုက်”

တည်နေရာပြောင်းရွှေ့အစီအရင်က လင်းလက်လာပြီး အလင်းတန်းတစ်တန်းက ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ကျန်းရီနှင့် ရှောင်လန်တို့သည် နတ်သိမ်းငှက်မြို့ဆီသို့ စတင် တည်နေရာပြောင်းရွှေ့ကြပေပြီ။ သို့သော် ကျန်းရီ၏ စိတ်ဝိညာဉ်က မသန်မာ၍ ခုနစ်ကြိမ်၊ ရှစ်ကြိမ် တည်နေရာပြောင်းရွှေ့ပြီးတိုင်း ရပ်နားကြရသည်။ သူတို့သည် နားလိုက်၊ သွားလိုက်ဖြင့်သာ ခရီးဆက်ကြသည်။ အနိမ့်ဘုံအချိန်သုံးရက် ကြာပြီးနောက်တွင် ကျန်းရီနှင့် ရှောင်လန်တို့က နတ်သိမ်းငှက်မြို့သို့ ရောက်လာကြလေသည်။

နတ်သိမ်းငှက်မြို့ထဲတွင် လူများစွာ ရှိနေသည်။ ရှောင်လန်က လူများကို မြို့ရင်ပြင်တွင် စုဝေးနေရန် အစောကတည်းက သတင်းပို့ထားခဲ့ပြီးပြီဖြစ်ကြောင်း ထင်ရှားပေသည်။ ထိုအခိုက်တွင် မြို့ရင်ပြင်ထဲ၌ လူတစ်သောင်းနီးပါး ရှိနေ၏။ လော့မျိုးနွယ်၊ လောမျိုးနွယ်၊ မြို့ထဲရှိ အခြား မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များအားလုံး၊ နတ်သိမ်းငှက်မြို့မှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ လက်ထောက်စံအိမ်အရှင်၊ တပ်မှူးလျှို၊ လောမေ့နှင့် အခြားသူများအားလုံး ရှိနေကြသည်။ ရှောင်လန် လာနေပြီဆိုသော သတင်းကို သူတို့အားလုံး ရထားကြသည်။ ထို့ပြင် မြို့အရှင်အသစ်လည်း ပါလာကြောင်း သိထားကြသည်။

“ဒါက...”

ရှောင်လန်က ရှောင်မျိုးနွယ်၏ စွမ်းအားကြီး သိုင်းသမားများထဲမှ တစ်ယောက်ဖြစ်သည်။ လူများစွာသည် သူ့ကို မြင်ဖူးကြ၏။ သို့သော် ကျန်းရီက ရှောင်လန်နှင့်အတူ ပါလာခဲ့၍ လူများ အံ့အားသင့်သွားကြသည်။ မဟုတ်မှလွဲ မြို့အရှင်အသစ်ဆိုသည်မှာ ကျန်းရီ ဖြစ်နေသည်လော။

***

All Chapters