လောကထဲမှ အရယ်ရဆုံးဟာသ
Vol. 99 Ch. 1373
လောရှန်း၊ လော့ဖူနှင့် အဖော်များ၏ သေဆုံးမှုက နတ်သိမ်းငှက်မြို့ကို လှုပ်ခတ်သွားစေခဲ့သည်။ ထို့ပြင် မျိုးနွယ်နှစ်ခုလုံးမှ ကျန်နေသေးသော မျိုးနွယ်ဝင်များသည် သူတို့၏ မျိုးနွယ်ခေါင်းဆောင်များကို မည်သူက သတ်သွားခြင်းဖြစ်ကြောင်း သိခွင့်မရှိပေ။ သူတို့သည် သူတို့၏ မျိုးနွယ်ခေါင်းဆောင်များက သေသွားပြီဖြစ်ကြောင်းသာ သိခွင့်ရခဲ့သည်။ မျိုးနွယ်ခေါင်းဆောင်များ၏ အလောင်းများကိုပင် ပြန်မသယ်နိုင်ခဲ့ကြချေ။
မျိုးနွယ်နှစ်ခုလုံးမှ နတ်ဘုရားဘုရင်အများစုသည် သူတို့၏ မျိုးနွယ်ခေါင်းဆောင်များနှင့်အတူ ကျဆုံးသွားခဲ့ကြသည်။ မျိုးနွယ်အိမ်တော်များတွင် နတ်ဘုရားဘုရင်အချို့သာ ကျန်တော့သည်။ ဤတစ်ကြိမ်တွင် မျိုးနွယ်နှစ်ခုစလုံးသည် အလွန်ကြောက်ရွံ့တုန်လှုပ်နေကြပြီး မြို့ထဲရှိ အခြား မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်များကလည်း စိတ်မသက်မသာ ဖြစ်နေကြသည်။ မျိုးနွယ်ကြီးနှစ်ခုမှ မျိုးနွယ်ခေါင်းဆောင်နှစ်ယောက်နှင့် စွမ်းအားကြီး သိုင်းသမားများ သေဆုံးသွားခြင်းမှာ နတ်သိမ်းငှက်မြို့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်ပေသည်။ ယခုတွင် နတ်သိမ်းငှက်မြို့သည် ပြောင်းလဲမှုများနှင့် ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ထို့ကြောင့် မြို့အရှင်အသစ် လာနေပြီဆိုသော သတင်းကို ရလိုက်သည်နှင့် မြို့ထဲရှိ အရေးကြီးပုဂ္ဂိုလ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အားလုံးသည် မြို့အရှင်အသစ်က မည်သူဖြစ်ကြောင်း တွေ့လိုနေကြသည်။ သူတို့သည် ထိုမြို့အရှင်အသစ်ကို တတ်နိုင်သမျှ အမြန်ဆုံး မျက်နှာလိုမျက်နှာရ လုပ်ကာ အရောဝင်ရပေမည်။ နတ်သိမ်းငှက်မြို့က တိရှဘုံထဲတွင် ဖြစ်ပြီး နယ်ခံအစိုးရအင်အားများကို တိရှစစ်တပ်နှင့် ဖွဲ့စည်းထားခြင်း မဟုတ်ပါလား။ မြို့အရှင်ဆိုသည်မှာ စက္ကူထက်မှ တရားဝင်အုပ်ချုပ်သူ ဖြစ်သည်။
ရှောင်လန်က ကျန်းရီကို သူနှင့်အတူ ခေါ်လာခဲ့လိမ့်မည်ဟု မည်သူမှ မထင်ခဲ့ပေ။ ထိုရှောင်လန်က မြို့အရှင်အသစ်လော။
လူများစွာ၏ ခေါင်းထဲတွင် ထိုအတွေး ထွက်ပေါ်လာ၏။ သို့သော် ထိုအတွေးကို လျင်မြန်စွာ ပယ်ရှားလိုက်ကြသည်။ နတ်သိမ်းမြို့ကဲ့သို့ မြို့ငယ်လေးသည် တိထျန်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်အတွက် မလုံလောက်ပါပေ။ အချို့လူများသည် ကျန်းရီက မြို့အရှင်အသစ် ဖြစ်နိုင်ကြောင်း တွေးလိုက်ကြသည်။ သို့သော် ထိုအတွေးက သူတို့ကို ရုတ်ခြည်း ကြောက်ရွံ့သွားစေပေသည်။ သာမန်နတ်ဘုရားလေးက မည်သို့ မြို့အရှင် ဖြစ်နိုင်မည်နည်း။ မဟုတ်လျှင် ယင်းက လောကအတွင်းမှ အရယ်ရဆုံးဟာသ ဖြစ်သွားပေလိမ့်မည်။
ရှောင်လန်က မြို့ရင်ပြင်ထဲရှိ လူအားလုံးကို အေးစက်စက် ကြည့်လိုက်၏။ လူအများစုက ဒွိဟဖြစ်နေကြကြောင်း တွေ့လိုက်သောအခါ သူ၏ အတော်အတန် ရုပ်ဆိုးသော မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် သူ နှာမှုတ်ကာ ပြောလိုက်သည်။
“မင်းတို့ အကုန်လုံး ကန်းနေကြလား။ မြန်မြန် မြို့အရှင်အသစ်ကို နှုတ်ဆက်လိုက်ကြ”
လောမျိုးနွယ်နှင့် လော့မျိုးနွယ်မှ သိုင်းသမားများ၏ မျက်နှာများက ရုတ်ခြည်း ဖြူဖျော့သွားကြသည်။ ကျန်လူများ၏ မျက်ဝန်းများထဲတွင်လည်း အံ့အားသင့်သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သို့သော် အချို့က ချက်ချင်း တုံ့ပြန်၍ ဒူးထောက်ကာ ပြောလိုက်ကြ၏။
“အရှင်ရှောင်လန်ကို နှုတ်ခွန်းဆက်သပါတယ်၊ မြို့အရှင်ကို နှုတ်ခွန်းဆက်သပါတယ်”
‘အဲ့ကျန်းရီက ဘယ်လိုလုပ်ပြီး မြို့အရှင်အသစ် ဖြစ်သွားတာလဲ’
လောမေ့သည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွားပြီး လဲကျမလိုပင် ဖြစ်သွားသည်။ သူမသည် မိစ္ဆာသတ်ဖြတ်စံအိမ်တွင် တာဝန်ယူရသည့် လောမျိုးနွယ်မှ သူလျှိုတစ်ယောက်ပင်။ ဤတစ်ကြိမ်တွင် ကျန်းရီသည် သူ၏တာဝန်မှနေ၍ အသက်ရှင်လျက် ပြန်လာနိုင်တော့မည် မဟုတ်ဟု သူမ ထင်ခဲ့သည်။ သို့သော် လက်တွေ့တွင် လောမျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားအားလုံး သေဆုံးသွားပြီး ကျန်းရီက မြို့အရှင်အသစ် ဖြစ်သွားပေသည်။
လော့မျိုးနွယ်နှင့် လောမျိုးနွယ်မှ သိုင်းသမားများသည် သူတို့ ကြားလိုက်ရသော စကားကို မယုံနိုင်ကြသေးပေ။ တပ်မှူးလျှိုတို့မှာမူ မည်သည့်ကိစ္စ ဖြစ်ပျက်ခဲ့ကြောင်းကို မသိကြသော်လည်း အလွန်ဝမ်းမြောက်သွားကြသည်။ ကျန်းရီက မိစ္ဆာသတ်ဖြတ်စံအိမ်၏ တရားဝင်တပည့်တစ်ယောက် မဟုတ်ပါလား။ ယခုတွင် သူက နတ်သိမ်းငှက်မြို့၏ မြို့အရှင် ဖြစ်လာပေပြီ။ သို့ဖြစ်၍ နတ်သိမ်းငှက်မြို့တွင် မိစ္ဆာသတ်ဖြတ်စံအိမ်၏ ဩဇာအာဏာက သိသိသာသာ တိုးတက်လာတော့မည်ဖြစ်သည်။ ထိုအခါ မိစ္ဆာသတ်ဖြတ်စံအိမ်က တိရှစံအိမ်နှင့် စစ်နတ်ဘုရားစံအိမ်ကို ဖိနှိပ်ကာ အာဏာရှင်အသစ် ဖြစ်လာနိုင်ပေသည်။
မိစ္ဆာသတ်ဖြတ်စံအိမ်၏ အခြေအနေက အမြဲ ဘေးကြပ်နံကြပ်ဖြစ်ခဲ့သည်။ စစ်နတ်ဘုရားစံအိမ်ထက် သူတို့ထက် များစွာပို၍ အင်အားကြီးပြီး တိရှစံအိမ်က တိရှဘုံ၏ အာဏာရှင်ဖြစ်သည်။ ထို့ကြောင့် တိရှဘုံထဲရှိ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများသည် အမြဲ ကျွဲနှစ်ကောင်ခတ်သည့်ကြားမှ မြေစာပင်ကဲ့သို့ ဖြစ်နေခဲ့ပြီး လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ကြချေ။ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲများစွာသည် တိရှစံအိမ်ခွဲများနှင့် စစ်နတ်ဘုရားစံအိမ်ခွဲများ၏ ဖိနှိပ်မှုကို ခံခဲ့ကြရပြီး ခေါင်းမထောင်နိုင်ခဲ့ကြပေ။
ကျန်းရီသည် သူ့အရှေ့ရှိ ဒူးထောက်နေသော လူအုပ်ကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် ဝမ်းမြောက်သည့် အရိပ်အယောင် မရှိချေ။ ကျန်းရီသည် မည်သည့်အခါကမှ ဩဇာအာဏာကို တပ်မက်ခဲ့သူတစ်ယောက် မဟုတ်ပေ။ မဟုတ်လျှင် သူသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်၏ မဟာဧကရာဇ် ဖြစ်နေပြီးပေပြီ။ ကျန်းရီအတွက် အင်အားအစစ်အမှန်ကသာ အရေးကြီးဆုံးဖြစ်သည်။ အင်အားမရှိလျှင် သူက တိရှအရှင်ရာထူးကို ရလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
“အားလုံး ထကြပါ”
ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ ထို့နောက် သူ တပ်မှူးလျှိုကို ကြည့်ကာ ဆက်ပြောလိုက်သည်။
“မိစ္ဆာသတ်ဖြတ်စံအိမ်က လူတွေ နေခဲ့ပါ။ ကျန်တဲ့သူတွေက ပြန်သွားကြပါ”
ဩဇာမတည်ဆောက်ရသေးသဖြင့် ကျန်းရီ၏ အသံက မကျယ်ပေ။ ထို့ကြောင့် လူအများစုက ဆက်၍ ဒူးထောက်နေကြပြီး မည်သို့ဆက်လုပ်ရမည်ကို တုံ့ဆိုင်းနေကြသည်။ ထိုစဉ် ရုတ်တရက် ရှောင်လန်က သတ်ဖြတ်အရှိန်အဝါဖြင့် အော်ပြောလိုက်သည်။
“မင်းတို့တွေက သေချင်နေကြတာလား။ မြို့အရှင်ကျန်းကို အရှင်မိုလင်းချိုးကိုယ်တိုင် ရာထူးခန့်အပ်ထားတာ။ မြို့အရှင်ကျန်းရဲ့ အမိန့်ကို ဆန့်ကျင်တဲ့သူက အရှင်မိုရဲ့ အမိန့်ကို ဆန့်ကျင်တာနဲ့ အတူတူပဲ။ ထွက်သွားကြစမ်း...”
ရှောင်လန်သည် ကျန်းရီ၏ မြို့အရှင်ရာထူးကို ရှောင်ဟုန်က ပေးထားခြင်းဖြစ်ကြောင်းကို မသိပေ။ သူသည် ရှောင်ဟုန်ပြောခဲ့သည့်အတိုင်း ပြန်ပြောလိုက်ခြင်းသာ။
ထိုအော်သံက အားလုံးကို လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွားစေသည်။ မိုလင်းချိုးဆိုသည်မှာ မည်သူနည်း။ သူက တိရှအရှင်၏ ပြောရေးဆိုခွင့်ရသူဖြစ်ပြီး တိရှဘုံရှိ စွမ်းအားအကြီးဆုံး သိုင်းသမားများထဲမှ တစ်ယောက်ဖြစ်သည်။ လူတစ်သောင်းနီးပါးသည် ရုတ်ခြည်းဆိုသလို ထရပ်လိုက်ကြပြီး အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြ၏။ စက္ကန့်ပိုင်းအတွင်းမှာပင် နတ်သိမ်းငှက်မြို့မှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ လက်ထောက်စံအိမ်အရှင်နှင့် တပ်မှူးလျှိုအပါအဝင် မိစ္ဆာသတ်ဖြတ်စံအိမ်တပ်မှူး ရှစ်ယောက်တို့မှလွဲ၍ ကျန်လူများအားလုံး မြင်ကွင်းမှ ပျောက်ကွယ်သွားကြလေသည်။
မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်က မြို့တွင် ရှိမနေပေ။ ထို့ကြောင့် လက်ထောက်စံအိမ်အရှင်လူဟုန်နှင့် တပ်မှူးလျှိုတို့သာ ရောက်လာခဲ့ကြခြင်းဖြစ်သည်။ ယခုတွင် သူတို့သည် ကျန်းရီအား မည်သို့ခေါ်ရမည်မသိ ဖြစ်နေကြသည်။ ကျန်းရီ၏ အဆင့်က သူတို့ထက် အလွန်နိမ့်ပြီး မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ပင် မရောက်သေးသည် မဟုတ်လော။ သို့သော် ယခု သူက နတ်သိမ်းငှက်မြို့အရှင် ဖြစ်နေပေပြီ။
လူဟုန်သည် ခေတ္တမျှ တွေးတောပြီးနောက် ဦးညွှတ်ရန် ဆုံးဖြတ်လိုက်၏။ သို့ဖြင့် သူ ဦးညွှတ်ကာ ပြောလိုက်သည်။
“ဒီမြို့ရဲ့အရှင် ဖြစ်လာတဲ့အတွက် မြို့အရှင်ကျန်းကို ဂုဏ်ပြုပါတယ်။ အဲ့ဒါက မိစ္ဆာသတ်ဖြတ်စံအိမ်အတွက် ကောင်းချီးပါပဲ။ ကျုပ် ဒီသတင်းကို တိရှဘုံရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်ဆီ တင်ပြပြီး မြို့အရှင်ကို ဆုလာဘ်ချီးမြှင့်ပေးဖို့ တောင်းဆိုပေးပါမယ်။ အဲ... တကယ်လို့ မြို့အရှင်ကျန်းက မိစ္ဆာသတ်ဖြတ်စံအိမ်ကထွက်ပြီး တိရှစံအိမ်ထဲ ဝင်ချင်တယ်ဆိုရင်လည်း ကျုပ်တို့တားမှာ မဟုတ်ပါဘူး”
“မလိုပါဘူး”
ကျန်းရီက လက်ဝှေ့ယမ်းကာ တပ်မှူးလျှိုကို ကြည့်လိုက်၏။
“အဲ့နေ့တုန်းက တပ်မှူးလျှိုနဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က ကျွန်တော့်ရဲ့ ညီနောင်တွေက ကျွန်တော့်အသက်ကို ကယ်ပေးခဲ့တယ်။ အဲ့ကတည်းက ကျွန်တော်က မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက်အဖြစ်ပဲ ရှင်သန်မယ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်တစ်ယောက်အဖြစ်ပဲ သေမယ်လို့ သစ္စာဆိုခဲ့ပါတယ်။ အခု နတ်သိမ်းငှက်မြို့ကို ဘယ်လို အုပ်ချုပ်ကြမယ်ဆိုတာကို ဆွေးနွေးဖို့ ကျွန်တော်နဲ့အတူ လိုက်ခဲ့ကြပါ။ ကျွန်တော် အားလုံးဆီက အကြံဉာဏ်တွေ တောင်းချင်ပါတယ်”
နတ်သိမ်းငှက်မြို့နှင့် နတ်သိမ်းငှက်မျိုးနွယ်စုက အနိမ့်ဘုံစံနှုန်းနှင့်ဆိုလျှင် ဧရာမကြီးဟု ဆိုရပေလိမ့်မည်။ ကျန်းရီသည် ထိုမျှကြီးသော မြို့ကြီးတစ်မြို့ကို မည်သို့ စီမံခန့်ခွဲရမည်ကို မသိပေ။ စီမံခန့်ခွဲလိုစိတ်လည်း မရှိချေ။ ထို့ကြောင့် သူသည် ထိုတာဝန်ကို မိစ္ဆာသတ်ဖြတ်စံအိမ်လက်ထဲသို့ လွှဲပေးလိုက်မည်ဖြစ်သည်။ သူက မိစ္ဆာသတ်ဖြတ်စံအိမ်မှ လူများကို ယုံပေသည်။
သို့သော် နေရန်အတွက်မူ ကျန်းရီသည် ယခုမှစ၍ မည်သည့်နေရာ၌ နေရမည်ကို မသိပေးပေ။ သူ ရှောင်လန်ကိုကြည့်ကာ မေးလိုက်သည်။
“အရှင်ရှောင်လန်... ကျွန်တော် ဘယ်နေရာမှာ နေရမှာလဲ”
“မြို့အရှင် ကျုပ်ကို ရှောင်လန်လို့ပဲ ခေါ်နိုင်ပါတယ်။ ကျုပ်က မြို့အရှင်ရဲ့ ကိုယ်ရံတော်ပါ။ ကျုပ်ကို ‘အရှင်’လို့ ခေါ်စရာ မလိုပါဘူး”
ရှောင်လန်က လေးလေးစားစား ပြန်ပြောသည်။ ထို့နောက် သူသည် လောမျိုးနွယ်အိမ်တော်ကို လှမ်းကြည့်၍ ပြောလိုက်သည်။
“အခု အရှင်က မြို့အရှင် ဖြစ်သွားပြီဆိုတော့ မြို့အရှင်အိမ်တော်မှာပဲ နေရမှာပေါ့။ လောမျိုးနွယ်က အဲ့အိမ်တော်မှာ နေခွင့်မရှိတော့ပါဘူး။ ပြီးတော့ လောမျိုးနွယ်နဲ့ မြို့အရှင်ကျန်း ကြားမှာ ရန်ငြိုးရှိတယ်မလား။ လောရှန်းတို့က သေသွားပြီဆိုတော့ မြို့အရှင်ကျန်းအနေနဲ့ ကျုပ်မျက်နှာကို ထောက်ထားပြီး ကျန်တဲ့ လောမျိုးနွယ်တွေကို ချမ်းသာပေးနိုင်မလား။ လောမျိုးနွယ်ဆိုတာ ရှောင်မျိုးနွယ်ရဲ့ လက်အောက်ခံပဲမလား”
လောရှန်း၊ လောချင်းယန်၊ လော့ဖူနှင့် အခြားသူများ သေသွားပြီးနောက်တွင် ကျန်းရီ၏ ထိုမျိုးနွယ်နှစ်ခုအပေါ် ထားသော အမုန်းတရားများ ပျောက်ကွယ်သွားခဲ့သည်။ ထို့ပြင် ကျန်းရီက သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ ကလေးများနှင့် အမျိုးသမီးများကို သတ်တတ်သူ မဟုတ်ပေ။ ထိုသူများကို သတ်မည်ဆိုလျှင် ရှောင်လန်နှင့် မိစ္ဆာသတ်ဖြတ်စံအိမ်တို့၏ အကူအညီကို ယူရမည်ဖြစ်သည်။ ကျန်းရီက အခြားသူများအပေါ် မှီခိုတတ်သူလည်း မဟုတ်ချေ။ ထို့ကြောင့် သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ... လောမျိုးနွယ်က လူတွေကိုသာ ထွက်သွားခိုင်းလိုက်ပါ။ တပ်မှူးလျှို.. တပ်မှူးတို့က ကျွန်တော်နဲ့အတူ မြို့အရှင်အိမ်တော်ထဲ လိုက်ခဲ့ကြပါ”
“ဟုတ်ကဲ့ပါ”
တပ်မှူးလျှို၏ မျက်နှာက တောက်ပနေ၏။ ထိုနေ့တွင် ကျန်းရီ၏အသက်ကို ကယ်လိုက်ခြင်းက သူ့အတွက် ဤကဲ့သို့ ကောင်းချီးတစ်ခု ဖြစ်နေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။
မျှော်လင့်ထားသလိုပင် အားလုံး မြို့အရှင်အိမ်တော်ထဲ ဝင်ပြီးနောက် ကျန်းရီ ထုတ်လိုက်သော ပထမဆုံးအမိန့်မှာ တပ်မှူးလျှိုကို လက်ထောက်မြို့အရှင်ရာထူး ပေးအပ်ခြင်းဖြစ်ပြီး မြို့၏ ကိစ္စအဝဝကို တာဝန်ယူစေခြင်းဖြစ်သည်။
လူဟုန်သည် တပ်မှူးလျှိုကို အားကျဟန်ဖြင့် ကြည့်ကာ အတိတ်တွင် ကျန်းရီကို ပို၍ဂရုစိုက်မပေးခဲ့မိသည့်အတွက် နောင်တရနေလေသည်။ မဟုတ်လျှင် လက်ထောက်မြို့အရှင်ရာထူးက တပ်မှူးလျှိုအစား သူ့ထံသို့ ရောက်လာမည် မဟုတ်ပါလား။
ကျန်းရီသည် လူဟုန်နှင့် အခြားသူများကို မသိပေ။ ထို့ကြောင့် လောမျိုးနွယ်ကိစ္စကို ကိုင်တွယ်ရန် ရှောင်လန်ကိုသာ စေလွှတ်လိုက်သည်။ ပြီးနောက်မှ သူ လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။
“ကျန်တဲ့သူတွေက ပြန်သွားလိုက်ကြပါဦး။ လောလောဆယ် တပ်မှူးလျှိုပဲ နေခဲ့ပါ”
လူဟုန်နှင့် အခြားတပ်မှူးများက အင်တင်တင်ဖြင့် ပြန်သွားကြသည်။ ထို့နောက် ကျန်းရီသည် နားထင်နှစ်ဘက်ကို လက်ဖြင့်ဖျစ်ကာ ထိုင်လိုက်ပြီး တပ်မှူးလျှိုကို ကြည့်၍ ပြောလိုက်သည်။
“ကျွန်တော်တို့က မိစ္ဆာသတ်ဖြတ်စံအိမ်ဆိုတော့ နတ်သိမ်းငှက်မြို့ကို ထိန်းချုပ်နိုင်ဖို့ ပြဿနာရှိလောက်လား။ တိရှစစ်တပ်က တပ်သားတွေက ကျွန်တော်တို့ရဲ့ အမိန့်အာဏာကို နာခံကြပါ့မလား”
“ဘာပြဿနာမှ မရှိပါဘူး”
တပ်မှူးလျှိုက အလွန်ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“တိရှစစ်တပ်နဲ့ တိရှစံအိမ်က သီးခြားပါ။ တိရှစစ်တပ်က မြို့အရှင်ရဲ့ အမိန့်ကိုပဲ နာခံတာပါ။ သူတို့က မြို့အရှင်က မိစ္ဆာသတ်ဖြတ်စံအိမ်ကလား၊ စစ်နတ်ဘုရားစံအိမ်ကလားဆိုတာကို ဂရုစိုက်ကြမှာ မဟုတ်ပါဘူး။ တိရှစစ်တပ်ကို ထိန်းချုပ်ထားနိုင်ရင် ကျန်တဲ့အရာတွေကို ထိန်းချုပ်ဖို့က မခက်တော့ပါဘူး။ ပြီးတော့ မြို့အရှင်ကို အရှင်မိုလင်းချိုးကိုယ်တိုင် ခန့်အပ်ခဲ့တာဆိုတော့ ဘယ်သူက မြို့အရှင်ကို ဆန့်ကျင်ရဲပါ့မလဲ”
“အဲ့လိုဆို ကောင်းတယ်”
ကျန်းရီ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“နတ်သိမ်းငှက်မြို့ကို အမြန်ဆုံး အပြည့်အဝ ထိန်းချုပ်ပေးပါ။ ပြီးတော့.. မြို့အရှင်ဖြစ်လာရင် ဘာအကျိုးအမြတ်တွေ ရသလဲ”
“...”
တပ်မှူးလျှိုက လူကောင်သေးသူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်ပေါက်ကလည်း ကျဉ်းသည်။ ထိုအခိုက်တွင် သူ မျက်မှောင်ကြုတ်လိုက်ရာ မျက်စံကိုပင် မမြင်ရတော့ချေ။ သူသည် ကျန်းရီစကားကြောင့် အတော်လေး ဆွံ့အသွားပေသည်။ ခေတ္တနေမှ ပြန်ဣန္ဒြေဆည်၍ ပြောလိုက်သည်။
“တစ်မြို့လုံးက မြို့အရှင်ရဲ့ အပိုင်ပါ။ တခြားအကျိုးအမြတ်တွေကို မပြောနဲ့ဦး နေ့စဉ်အခွန်နဲ့တင် အနည်းဆုံး နတ်ဘုရားအမြစ်တစ်သောင်းလောက် ရနေပါပြီ။ နတ်ဘုရားအမြစ်တွေသာ ရှိရင် မြို့အရှင်ကြိုက်တဲ့ ကျင့်ကြံခြင်းရတနာတွေကို ဝယ်လို့ရပါတယ်၊ စွမ်းအားကြီး ဆန်းကြယ်နယ်မြေတွေထဲ ဝင်လို့ရပါတယ်။ ပြီးတော့ ကိုယ်ပိုင်တပ်သားတွေလည်း စုဆောင်းပျိုးထောင်လို့ရပါတယ်...”
“တစ်နှစ်အတွင်းမှာ မြို့အရှင်ရဲ့ ကိုယ်ပိုင်စစ်တပ်ရှိလာအောင် ကျုပ် ကူညီပေးပါမယ်။ ပြီးတော့ မြို့ထဲမှာရှိတဲ့ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်တွေက စီးပွားရေးလုပ်ဖို့ မြို့အရှင်ရဲ့ ခွင့်ပြုမိန့်တွေ လိုပါတယ်။ အနှေးနဲ့အမြန်ဆိုသလို မျိုးနွယ်ခေါင်းဆောင်တွေက မြို့အရှင်ဆီ ရောက်လာကြပါလိမ့်မယ်။ အဲ့ကျရင် မြို့အရှင် လက်ဆောင်တွေ လက်ခံရတာနဲ့တင် ပင်ပန်းနေတော့မှာပါ...”
***