← Chapters

ရွှမ်ယွမ်လင်းယန်

Vol. 99 Ch. 1374

ရွှမ်ယွမ်လင်းယန်

Vol. 99 Ch. 1374

တပ်မှူးလျှို၏ စကားများက ကွက်တိပင်။ မကြာခင်မှာပင် မျိုးနွယ်များသည် မရေမတွက်နိုင်သော အဖိုးတန်လက်ဆောင်များ သယ်လာ၍ ကျန်းရီကို လာရောက် ဂါရဝပြုကြသည်။ ကျန်းရီသည် ဂါရဝလာပြုသူနှစ်ယောက်နှင့် တွေ့ဆုံပြီးသောအခါ ဆက်တွေ့ဆုံရန် စိတ်မပါတော့သဖြင့် တပ်မှူးလျှိုအား လက်ဆောင်များသာ လက်ခံထားပြီး လူများကို ပြန်လွှတ်လိုက်ရန် ပြောလိုက်သည်။ ကျန်းရီသည် ထိုသူများ၏ ရက်ရောမှုကိုတော့ ငြင်းပယ်မည် မဟုတ်ပေ။

တိရှစစ်တပ်ကို ထိန်းချုပ်ရန်ကိစ္စကလည်း အလွန်အဆင်ပြေချောမွေ့ခဲ့သည်။ ရှောင်လန် ရှိနေလျှင် မည်သူက ပြဿနာရှာဝံ့မည်နည်း။

သို့သော် နတ်သိမ်းငှက်မြို့ရှိ တိရှစစ်တပ်မှ တပ်မှူးအများစုက လောမျိုးနွယ်မှ ဖြစ်ကြသည်။ ထို့ကြောင့် စစ်တပ်ကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် အင်အားချိန်ခွင်လျှာကို ညှိပေးရမည်ဖြစ်သည်။ တပ်မှူးလျှိုသည် ကျန်းရီထံမှ ခွင့်ပြုချက်တောင်းပြီးနောက် တိရှစစ်တပ်ထဲသို့ မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပ်မှူးအနည်းငယ်ကို ထည့်လိုက်လေသည်။

တပ်မှူးလျှိုသည် လူဟုန်ကိုလည်း ဖိတ်ခေါ်ခဲ့သည်။ သို့သော် တပ်မှူးလျှိုက လက်ထောက်မြို့အရှင် ဖြစ်နေပြီဖြစ်၍ လူဟန်သည် သူ့အဆင့်သူသိကာ ငြင်းပယ်ခဲ့သည်။ မိစ္ဆာသတ်ဖြတ်စံအိမ်မှ တပ်မှူးအနည်းငယ်က တိရှစစ်တပ်ကို သိမ်းယူလိုက်ကြသည်။ သို့ဖြင့် နတ်သိမ်းငှက်မြို့သည် မိစ္ဆာသတ်ဖြတ်စံအိမ်အတွက် နိဗ္ဗာန်ဖြစ်လာလေသည်။ ထို့ကြောင့် လူဟုန်က တိရှစစ်တပ်တွင် ပါပါ၊ မပါပါ ကွဲပြားမှု မရှိတော့ပေ။

ရှောင်လန်သည် လောမျိုးနွယ်ကို နတ်သိမ်းငှက်မြို့မှ နယ်နှင်ဒဏ်ပေးခဲ့သည်။ သို့သော် လောမျိုးနွယ်မှ တပ်မှူးများကတော့ တိရှစစ်တပ်ထဲတွင် ကျန်ခဲ့သည်။ လော့မျိုးနွယ်က သိမ်းငှက်ပြာမြို့သို့ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခဲ့ကြသည်။ လက်ရှိတွင် လော့မျိုးနွယ်မှ စွမ်းအားကြီး သိုင်းသမားတစ်ယောက်က သိမ်းငှက်ပြာမြို့၏ စစ်နတ်ဘုရားစံအိမ်၌ လက်ထောက်စံအိမ်အရှင် ဖြစ်နေပေသည်။ ယခု လော့ဖူရော လောရှန်းပါ သေသွားပြီဖြစ်၍ မျိုးနွယ်နှစ်ခုသည် သူတို့ နတ်သိမ်းငှက်မြို့တွင် ဆက်နေပါက ကျန်းရီ၏လက်အောက်တွင် မတရားလုပ်ခံရလိမ့်ဟု တွေးကြသည်။ ကျန်းရီက သူတို့ကို မည်သို့မှ မလုပ်လျှင်ပင် သူတို့သည် ပြင်းထန်စွာ ဖိနှိပ်ခံရမည်ဖြစ်ပြီး မည်သည့်အခါမှ ပြန်ဦးမော့လာနိုင်ကြတော့မည် မဟုတ်ပေ။ ထို့ကြောင့် မျိုးနွယ်နှစ်ခုသည် ထွက်သွားခြင်းက ရှင်သန်နိုင်ခြေ ပိုများလိမ့်မည်ဟု ယူဆကြပေသည်။

ကျန်းရီသည် ထိုကိစ္စများကို အရေးမစိုက်ပေ။ သူက မျိုးနွယ်နှစ်ခုကို ချမ်းသာပေးရန် ဆုံးဖြတ်လိုက်ပြီးဖြစ်၍ သူတို့ ဒုက္ခရောက်အောင် အကွက်ဆင်နေမည် မဟုတ်ချေ။ လက်ရှိတွင် သူသည် လောမျိုးနွယ်အိမ်တော်(ယခု ကျန်းအိမ်တော်)ထဲတွင် လက်ဖက်ရည်သောက်ရင်း လူတစ်ယောက်နှင့် စကားပြောနေသည်။

“ကျွတ်..ကျွတ်... ကျန်းရီ အချိန်က လူတစ်ယောက်ကို ပြောင်းလဲစေတာပဲ။ အဲ့ဆိုရိုးက မင်းကို ညွှန်းတာပဲကွ။ မြို့အရှင်တဲ့... ငါ့အဖေက တိရှဘုံမှာ ရှိနေခဲ့တာ ‌တော်တော်ကြာပြီ၊ အဲ့ဒါကို တပ်မှူးအဆင့်ပဲ ရှိသေးတယ်။ မင်းကတော့ အထက်ဘုံကို တက်လာပြီး ရက်ပိုင်းအတွင်း မြို့အရှင် ဖြစ်သွားပြီ...”

ဟဲဝေသည် လှည့်ပတ်ကြည့်ကာ သက်ပြင်းချလိုက်၏။ ကျန်းရီက မြို့အရှင်အသစ်ဆိုသော သတင်းကို ကြားလိုက်စဉ်က သူ သူ့နားကိုသူ မယုံနိုင်ခဲ့ချေ။ တပ်မှူးတစ်ယောက်က သူ့ကို ဤအိမ်တော်ထဲ ခေါ်လာခဲ့ပြီး သူ ကျန်းရီနှင့် တွေ့လိုက်ရမှ ထိုသတင်းကို ယုံနိုင်သွားခဲ့သည်။

“ကျန်းရီ... မင်းနဲ့ အရှင်မိုလင်းချိုးတို့က ဆွေမျိုးတော်တာလား။ မင်း လောချင်းယန်ကို ဓားစာခံလုပ်ပြီးတော့ ဘာတွေ ဆက်ဖြစ်ခဲ့တာလဲ။ လောရှန်း၊ လော့ဖူနဲ့ သူတို့အဖော်တွေကရော ဘယ်လိုသေသွားခဲ့တာလဲ”

ဟဲဝေက မေးခွန်းများကို အဆက်မပြတ် မေးလိုက်သည်။ ကျန်းရီသည် ထိုကိစ္စများကို မပြောလိုပေ။ ထိုကိစ္စများကို ပြန်ပြောရခြင်းက သူ့ကို စိတ်ဓာတ်ကျစေသည်။ ထို့ကြောင့် လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“အဲ့အကြောင်းတွေ မပြောပဲ နေကြတာပေါ့။ အစ်ကိုဟဲ... အစ်ကိုနေချင်ရင် ဒီအိမ်တော်ထဲမှာ နေလို့ရပါတယ်။ တကယ်လို့ အစ်ကို ပျင်းလာရင် တပ်မှူးလျှိုကို သွားကူညီပြီး နတ်သိမ်းငှက်မြို့ကို စီမံခန့်ခွဲပေးပေါ့”

“အဲ့လိုဆိုရင် ငါ အားနာမနေတော့ဘူးနော်”

ဟဲဝေသည် ထိုကဲ့သို့ ကောင်းမွန်သော ကမ်းလှမ်းမှုတစ်ခုကို ငြင်းရန် စိတ်ကူးမရှိပေ။ ထို့ပြင် သူသည် အလွန်အကင်းပါးသူတစ်ယောက်လည်း ဖြစ်၍ ကျန်းရီ နတ်သိမ်းငှက်မြို့မှ ထွက်သွားပြီးနောက် ကိစ္စများကို ထပ်မမေးတော့ပေ။ သို့သော် သူ တစ်စုံတစ်ခုကို တွေးမိသွား၍ ပြောလိုက်သည်။

“ကျန်းရီ... မင်းက အကုန်လုံးကို တပ်မှူးလျှိုနဲ့ တခြားသူတွေလက်ထဲ လွှဲပေးလိုက်တာပဲ။ အဲ့ဒါက အဆင်မပြေရင် အခြေအနေတွေ ချက်ချင်းဆိုးသွားနိုင်တယ်နော်။ တချို့ကိစ္စတွေကိုတော့ မင်းကိုယ်တိုင် ကိုင်တွယ်မှ ရလိမ့်မယ်”

“ကျွန်တော့်မှာ အဲ့ကိစ္စတွေအတွက် အချိန်မရှိဘူး”

ကျန်းရီက ခေါင်းခါ၍ ပြောသည်။

“တကယ်တော့ ကျွန်တော်က မြို့အရှင်ဖြစ်ချင်တာ မဟုတ်ဘူး။ ကျင့်ကြံပြီးတော့ပဲ ပိုသန်မာလာအောင် လုပ်ချင်တာ။ ကျွန်တော်က ဒီနတ်သိမ်းငှက်မြို့ထဲမှာ အရိုးဆွေးတဲ့အထိ နေသွားဖို့ ဆန္ဒမရှိဘူး။ အို့..ဟုတ်သား ကျင့်ကြံခြင်းဆိုမှ... အစ်ကိုဟဲ ကျွန်တော် အစ်ကို့ကို အချက်အလက်တချို့ စုံစမ်းပေးဖို့ အကူအညီတောင်းရဦးမယ်။ ကျွန်တော့်ရဲ့ အင်အားကို ဘယ်လိုမြှင့်ရမယ်မှန်း ကျွန်တော် ရှင်းရှင်းလင်းလင်း မသိသေးဘူး”

“ကောင်းပြီလေ...”

ဟဲဝေက ခေါင်းညိတ်ကာ အပြင်ထွက်သွား၏။ ထို့နောက် အရင်ဆုံး တပ်မှူးလျှိုကို သွားရှာလိုက်ပြီး မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ဆက်သွား၍ လျှို့ဝှက်ကျမ်းများနှင့် ကျင့်ကြံခြင်းနှင့်ပတ်သတ်သော စာအုပ်များစွာကို ယူလာခဲ့လေသည်။

ကျန်းရီသည် စာအုပ်များကို ရသောအခါ အခန်းအောင်းလိုက်သည်။ မြို့ထဲတွင် ဖြစ်ပျက်နေသော မည်သည့်ကိစ္စကိုမှ သူ အရေးမစိုက်ပေ။ မြို့တွင်းမှ ကိစ္စများကို စီမံရန် တပ်မှူးလျှိုတို့ကို တာဝန်လွှဲပေးထားသည်။ ကျန်းအိမ်တော်ကို စီမံရန်မူ အနက်ရောင်နတ်ဘုရားကို တာဝန်ပေးထားပေသည်။ ထို့ပြင် ရှောင်လန်က အိမ်တော်ထဲမှာ ရှိနေသဖြင့် ကျန်းအိမ်တော်က အလွန်လုံခြုံနေပေသည်။

မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်နှင့် ညီသောအဆင့်ရှိသည့် စွမ်းအားကြီး သိုင်းသမားများ လာရောက်မတိုက်ခိုက်သေးသ၍ ကျန်းရီအတွက် အန္တရာယ်ရှိမည် မဟုတ်ပေ။ သို့သော် မိုလင်းချိုးနှင့် ရှောင်ဟုန်တို့က ကျောထောက်နောက်ခံအဖြစ် ရှိနေရာ မည်သည့် စွမ်းအားကြီး သိုင်းသမားက ပြဿနာလာရှာဝံ့ပါမည်နည်း။ ထို့ပြင် ကျန်းရီကို သတ်ရန်အတွက်လောက်နှင့် မည်သူက နတ်သိမ်းငှက်မြို့သို့ လာပါမည်နည်း။

နတ်သိမ်းငှက်မြို့သည် တဖြည်းဖြည်းဖြင့် ပြန်လည်အေးချမ်းလာသည်။ ကျန်းရီသည် အိမ်တော်ထဲ ရောက်ပြီးနောက် အပြင်တွင် မျက်နှာထပ်မပြတော့ပေ။ သူက မည်သည့် ထူးဆန်းသော လှုပ်ရှားမှုများကိုမှလည်း မလုပ်ချေ။ ထို့ကြောင့် မြို့တွင်းရှိ မျိုးနွယ်ကြီး၊ မျိုးနွယ်ငယ်အားလုံးသည် စတင်၍ ပြန်လည်တည်ငြိမ်လာကြလေသည်။

***

“အထက်ဘုံရဲ့ ကျင့်ကြံခြင်းအနှစ်သာရက တကယ်တော့ အနိမ့်ဘုံနဲ့ သိပ်မကွာဘူး။ အထက်ဘုံမှာ အားလုံးက ကျင့်ကြံသူရဲ့ ကောင်းကင်စွမ်းအားအပေါ်မှာ မူတည်တယ်။ ကောင်းကင်စွမ်းအားမရှိရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး။ စွမ်းအားကြီး သိုင်းသမား ဖြစ်လာဖို့ကတော့ စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေက အဓိကပဲ။ အဲ့ဆန်းကြယ်စွမ်းရည်တွေကို သိမြင်နားလည်မှ ပိုပြီး သန်မာလာနိုင်မှာ။ ဒါပေမဲ့ အထက်ဘုံမှာ ဆန်းကြယ်စွမ်းရည်တွေ အများကြီးရှိတယ်။ ကျင့်ကြံသူရဲ့ ကောင်းကင်စွမ်းအားက တိုးလာမယ်ဆိုရင် ဆန်းကြယ်စွမ်းရည် အနည်းငယ်ကို ပိုင်ဆိုင်နိုင်တယ်။ အဲ့ကျရင် တိုက်ခိုက်စွမ်းအားကလည်း တိုးတက်လာလိမ့်မယ်”

ကျန်းရီသည် ဟဲဝေယူလာပေးသော အချက်အလက်များကို နှစ်ရက်ကြာ ဖတ်ရှုပြီးနောက် အထက်ဘုံ၏ ကျင့်ကြံခြင်းကို နက်ရှိုင်းစွာ နားလည်လာသည်။ အထက်ဘုံတွင် စွမ်းအားကြီးလာရန် လွယ်လည်းလွယ်ကူနိုင်သလို ခက်လည်းခက်နိုင်သည်။ အရာအားလုံးက ကျင့်ကြံသူထံတွင် ကောင်းကင်စွမ်းအား မည်မျှရှိသနည်းဆိုသည့် အပေါ်တွင်သာ မူတည်သည်။

ကျယ်ပြောသော အထက်ဘုံတွင် ထူးဆန်းသော ဆန်းကြယ်စွမ်းရည်များ မရေမတွက်နိုင်အောင် ရှိသည်။ အကယ်၍ ကျင့်ကြံသူတစ်‌ယောက်က စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်တစ်ခုကို သိမြင်နားလည်သွားလျှင် သူ၏တိုက်ခိုက်စွမ်းအားက ဆတိုး တိုးတက်သွားမည်ဖြစ်သည်။ ဥပမာအနေဖြင့် မင်ရည်တောင်ပံမျိုးနွယ်၏ အမြန်နှုန်းနှင့် လက်သည်းများကို ကြည့်ပါ။ ၎င်းတို့က သူတို့ တိရှဘုံကို ကြီးစိုးထားနိုင်သည့် အကြောင်းဖြစ်သည်။ မင်ရည်တောင်ပံမျိုးနွယ်၏ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကတော့ ထိုမျှ စွမ်းအားမကြီးကြပေ။ သို့သော် သူတို့ ပုံစံပြောင်းလိုက်လျှင် သူတို့၏ အမြန်နှုန်းနှင့် တိုက်ခိုက်စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသွားသည်။ ထို့ကြောင့် သူတို့သည် မင်ရည်တောင်ပံကျင့်စဉ်မှလွဲ၍ အခြားကျင့်စဉ်များကို ကျင့်ကြံရန် မလိုအပ်ပေ။ သူတို့က မင်ရည်တောင်ပံကျင့်စဉ်ကို အဆင့်ကိုးအထိရောက်အောင် ကျင့်ကြံနိုင်မည်ဆိုလျှင် တိရှဘုံတစ်ခွင်လုံးကို ကြီးစိုးနိုင်မည်ဖြစ်သည်။

သို့သော်...

မင်ရည်တောင်ပံမျိုးနွယ်သာ ကျင့်ကြံနိုင်သော ဆန်းကြယ်စွမ်းရည်တစ်ခုလည်း ရှိသည်။ ယင်းမှာ မဟာနတ်ဘုရားမျိုးနွယ်သာ ကျင့်ကြံနိုင်သော မဟာနတ်ဘုရားအတတ်ကဲ့သို့ဖြစ်သည်။ လက်တွေ့တွင် စွမ်းအားကြီး ဆန်းကြယ်စွမ်းရည်များကို ရရှိရန် မလွယ်ကူပေ။ မိစ္ဆာသတ်ဖြတ်စံအိမ်၊ စစ်နတ်ဘုရားစံအိမ်နှင့် တိရှစံအိမ်တို့တွင် ကိုယ်ပိုင် အဆင့်မြင့် ဆန်းကြယ်စွမ်းရည်များ ရှိကြသော်လည်း သာမန်လူများသည် ထိုဆန်းကြယ်စွမ်းရည်များကို ဝယ်ယူ၊ လဲလှယ်နိုင်မည် မဟုတ်ပေ။ မျိုးနွယ်ဝင်များအတွက်ပင် ၎င်းတို့ကို ရရှိရန် တိုက်ပွဲအမှတ်များစွာ ရှိထားရမည်ဖြစ်သည်။ ထိုဆန်းကြယ်စွမ်းရည်များကို နတ်ဘုရားအမြစ်များနှင့် လဲလှယ်နိုင်မည် မဟုတ်ချေ။

‘အရင်ဆုံး ငါ ကောင်းကင်စွမ်းအားကို ကျင့်ကြံရမယ်။ ငါ့ရဲ့ ကောင်းကင်စွမ်းအားက နတ်ဘုရားစစ်သူကြီးအဆင့်ကို ရောက်သွားမှ စည်းမျဉ်းတွေနဲ့ ဆန်းကြယ်စွမ်းရည်တွေကို သိမြင်နားလည်နိုင်မဲ့ နည်းလမ်းတွေကို စဉ်းစားတာပေါ့’

ကျန်းရီသည် ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် ထရပ်ကာ အခန်းအပြင် ထွက်လိုက်၏။ ကောင်းကင်စွမ်းအားကို ကျင့်ကြံလိုလျှင် တိရှစံအိမ်၊ စစ်နတ်ဘုရားစံအိမ် သို့မဟုတ် မိစ္ဆာသတ်ဖြတ်စံအိမ်သို့ သွားရပေမည်။ သူက မြို့အရှင်ဖြစ်သော်လည်း တိရှစံအိမ်မှ မဟုတ်သဖြင့် မိစ္ဆာသတ်ဖြတ်စံအိမ်သို့သာ သွားရမည်ဖြစ်သည်။

ကျန်းရီ အပြင်သို့ ထွက်လိုက်သောအခါ ဟဲဝေက အပြေးအလွှားရောက်လာသည်။ ထို့နောက် လေသံတိုးတိုးဖြင့် တင်ပြလိုက်သည်။

“ကျန်းရီ.. စံအိမ်အရှင် ပြန်ရောက်လာပြီ။ သူက မင်းကို တွေ့ခွင့်တောင်းနေတယ်။ ပြီးတော့... သိမ်းငှက်ပြာမြို့က မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အထူးတမန်တော်လည်း ရောက်နေတယ်”

“စံအိမ်အရှင်လား”

ကျန်းရီ မျက်ခုံးပင့်လိုက်၏။ သူ မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ ဝင်ခဲ့စဉ်ကတည်းက တစ်ခါမှ နတ်သိမ်းငှက်မြို့ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင်ကို မတွေ့ရသေးပေ။ ယခုတွင် သိမ်းငှက်ပြာမြို့ မိစ္ဆာသတ်ဖြတ်စံအိမ်မှ အထူးတမန်တော်ပင် ရောက်နေသည်လော။ သူသည် အခြားလူများကို မတွေ့ရန် ငြင်း၍ရသော်လည်း ထိုနှစ်ယောက်ကိုတော့ တွေ့ရပေလိမ့်မည်။ ထို့ကြောင့် သူ လက်ဟန်ပြကာ ပြောလိုက်သည်။

“အရှေ့က လမ်းပြပါ”

ကျန်းရီနှင့် ဟဲဝေတို့သည် အကြီးဆုံး ဧည့်ခန်းဆောင်တစ်ခုထဲသို့ ခပ်သွက်သွက် ဝင်လိုက်ကြ၏။ တပ်မှူးလျှိုက ထိုဧည့်ခန်းဆောင်အပြင်တွင် စောင့်နေသည်။ ကျန်းရီသည် အထဲသို့ ‌ရောက်သောအခါ သိမ်မွေ့ကြော့ရှင့်သော ပုဂ္ဂိုလ်တစ်ယောက်ကြောင့် ရုတ်ခြည်း အံ့အားသင့်သွားလေသည်။ ဟဲဝေ၏အကြည့်ကလည်း ထိုပုဂ္ဂိုလ်ထံမှ မခွာတော့ပေ။ ထို့ပြင် သူ၏မျက်ဝန်းများက ဂနာမငြိမ်ပင် ဖြစ်လာသည်။

ဧည့်ခန်းဆောင်ထဲတွင် လူနှစ်ယောက် ရပ်နေ၏။ တစ်ယောက်က ကျန်းရီနှင့် ဟဲဝေတို့ကို ကျောပေးထားသည်။ ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်လှပသော ခန္ဓာကိုယ်ရှိသည်။ သူ၏ အတန်ငယ် ငဲ့စောင်းနေသော မျက်နှာကို ကြည့်လျှင် ပဝါစည်းထားကြောင်း သိရသည်။ ၎င်းပုဂ္ဂိုလ်မှာ အမျိုးသမီးတစ်ယောက်ပင်။ သူမ၏ မျက်နှာကို မမြင်ရသေးဘဲနှင့်ပင် သူမက အလွန်လှပသူတစ်ယောက်ဖြစ်ကြောင်း သေချာပေါက် ပြောနိုင်သည်။ ထို့ပြင် သူမက အလွန်ငယ်ရွယ်သည်ဟုလည်း ကျန်းရီ ခံစားနေရသည်။ သို့သော် သူမ၏ စွမ်းအားက မိစ္ဆာသတ်ဖြတ်နတ်ဘုရားဘုရင်အဆင့်တွင် ရှိလောက်ပေသည်။

“သူက ကျုပ်တို့ရဲ့ စံအိမ်အရှင်မ ရွှမ်ယွမ်လင်းယန်ပါ။ သူကတော့ သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က အထူးတမန်တော် အရှင်ပါးပါ”

တပ်မှူးလျှိုက ထိုနှစ်ယောက်နှင့် ကျန်းရီကို မိတ်ဆက်ပေးသည်။ ကျန်းရီ အတန်ငယ် အံ့အားသင့်နေ၏။ ထိုလှပသော အမျိုးသမီးက နတ်သိမ်းငှက်မြို့မှ မိစ္ဆာသတ်ဖြတ်စံအိမ်၏ စံအိမ်အရှင်လော။ ကျန်းရီသည် ခေတ္တမျှ ငိုင်နေပြီးနောက် လက်ဆုပ်ကာ ပြောလိုက်သည်။

“ကျန်းရီ အရှင်ပါးနဲ့ စံအိမ်အရှင်မရွှမ်ယွမ်ကို အရိုအသေပေးပါတယ်”

အရှင်ပါးက အတော်လေး အိုနေပြီဖြစ်သော အဘိုးအိုတစ်ယောက်ပင်။ သူက ခပ်သဲ့သဲ့ပြုံး၍ ခေါင်းဆတ်ပြသည်။ သို့သော် မည်သို့မှတော့ ပြန်မပြောဘဲ ရွှမ်ယွမ်လင်းယန်ကိုသာ ကြည့်လိုက်သည်။

ထိုအမျိုးသမီးသည် ခေါင်းလှည့်၍ ကျန်းရီ၏ မျက်ဝန်းများကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူမ ပြောလိုက်သည်။

“ကျန်းရီ... တိရှဘုံရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်က ရှင့်အကြောင်းကို ကြားပြီးသွားပါပြီ။ အခု အရှင်ပါးက မိစ္ဆာသတ်ဖြတ်စံအိမ်ကိုယ်စား လက်ဆောင်လာပို့ပေးတာပဲ။ ပြီးတော့ ရှင့်ကို မိစ္ဆာသတ်ဖြတ်စံအိမ်ရဲ့ အမဲလိုက်တမန်တော်ဆိုတဲ့ဘွဲ့ ပေးလိုက်ပြီ။ တိုက်ပွဲအမှတ်တစ်သိန်းလည်း ရမယ်။ ရှင် မိစ္ဆာသတ်ဖြတ်စံအိမ်အတွက် ဆက်ပြီး အမှုထမ်းနိုင်ပါစေလို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ မိစ္ဆာသတ်ဖြတ်စံအိမ်ကလည်း ရှင့်ကို ကောင်းကောင်း ဆက်ဆံမှာပါ”

ရွှမ်ယွမ်လင်းယန်သည် စကားပြောပြီးသည်နှင့် ချက်ချင်း ထွက်သွားလေသည်။ ကျန်းရီ ထပ်မံ၍ အံ့အားသင့်သွား၏။ ဤ နတ်သိမ်းငှက်မြို့၏ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင်မက တမူထူးသည့် အကျင့်စရိုက် ရှိပေသည်။ သိမ်းငှက်ပြာမြို့မှ အထူးတမန်တော် ရှိနေသေးသည်ပင် သူမက ထွက်သွားသည်လော။

“ဟင်းဟင်း...”

ဟဲဝေသည် ကျန်းရီ၏ အံ့အားသင့်နေသော မျက်ဝန်းများကို တွေ့လိုက်သောအခါ ခါးသက်သက် ပြုံး၍ ကျန်းရီထံ အသံပို့လွှတ်လိုက်၏။

“ကျန်းရီ... သိပ်အံ့ဩမနေပါနဲ့။ အရှင်းပါး မပြောနဲ့... သိမ်းငှက်ပြာမြို့ရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်အရှင် ရောက်လာရင်တောင် ငါတို့ရဲ့ စံအိမ်အရှင်မက အဲ့လိုပဲ လုပ်မှာပဲ။ အရင်တုန်းက ငါ့အဖေ ပြောပြခဲ့ဖူးတယ်... ငါ့တို့စံအိမ်အရှင်မမှာ အင်အားကြီး ကျောက်ထောက်နောက်ခံရှိတယ်တဲ့။ သူ့ရဲ့ နောက်ခံက မရှင်းလင်းဘူး။ အဲ့တော့ မင်း သူနဲ့ ပဋိပက္ခမဖြစ်မိအောင် ဂရုစိုက်ရမယ်”

***

All Chapters