ရှေးဦးဆန်းကြယ်နယ်မြေ *
Vol. 99 Ch. 1375
‘သူ့မှာ အင်အားကြီး ကျောထောက်နောက်ခံ ရှိတာလား’
ကျန်းရီ မျက်မှောင်ကြုတ်လိုက်၏။ သူသည် ရွှမ်ယွမ်လင်းယန်ကို တတ်နိုင်သမျှ ခပ်ခွာခွာနေရမည့် သူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးဖြစ်သည်။ အေးစက်ခက်ထန်ကာ အဆင့်အတန်းနှင့် ကြွယ်ဝမှုရှိသည့် မိန်းမများကို သူ မကြိုက်ပေ။ တတ်နိုင်လျှင် သူသည် ထိုရွှမ်ယွမ်လင်းယန်နှင့် ထပ်မတွေ့လိုတော့ချေ။
သို့သော် အရှင်ပါးသည် ရွှမ်ယွမ်လင်းယန်၏ အပြုအမူကို စိတ်ထဲထားပုံ မပေါ်ပေ။ သူသည် ရွှမ်ယွမ်လင်းယန် ထွက်သွားပြီးနောက် ကျန်းရီနှင့် ခေတ္တမျှ စကားစမြည်ပြောကာ ကျန်းရီကို တောက်ပသော အနာဂတ်ရှိသည့် လူစွမ်းကောင်းတစ်ယောက်ဟု ချီးကျူးလိုက်သည်။ ကျန်းရီသည် ရှောင်ထွက်သွား၍လည်း မရသဖြင့် အရှင်ပါးနှင့် စကားစမြည် ပြောပေးနေရသည်။ သို့သော် စိတ်ထဲတွင်တော့ ချက်ချင်း ထွက်သွားလိုစိတ် ပေါက်နေပေသည်။ ကျန်းရှောင်နူသာ မင်ရည်တောင်ပံမျိုးနွယ်မှ မင်းသမီး မဟုတ်လျှင် အရှင်ပါးသည် ကျန်းရီကို မျက်လုံးချင်းဆုံအောင်ပင် ကြည့်မည် မဟုတ်ချေ။ သို့သော် ဤလောကသည် ဟန်ဆောင်မှုများနှင့် ပြည့်နှက်နေသော လောကတစ်ခု မဟုတ်ပါလား။ ကျန်းရီသည် ယင်းကို အသားကျနေပေပြီ။
အရှင်ပါးသည် ခေတ္တမျှ စကားစမြည် ပြောပြီးနောက် မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ပြန်သွား၏။ ကျန်းရီသည် တပ်မှူးလျှိုအား အရှင်ပါးကို လိုက်ပို့စေလိုက်သည်။ ထို့နောက် သူ ဟဲဝေကို မေးလိုက်သည်။
“အမဲလိုက်တမန်တော်က ဘာလုပ်ရတာလဲ”
“ငါလည်း သေချာမသိဘူး...”
ဟဲဝေလည်း ရှင်းရှင်းလင်းလင်း မသိပေ။ ထို့ကြောင့် ကျန်းရီသည် ဟဲဝေအား စုံစမ်းမှုအချို့ လုပ်ရန် ခိုင်းလိုက်သည်။ မကြာခင်တွင် ဟဲဝေပြန်လာသည်။ သူသည် သူနှင့်အတူ ရင်းနှီးသောလူတစ်ယောက်ကို ခေါ်လာသည်။ ထိုလူမှာ ဂူမူပင်။ သူသည် ဒူးထောက်၍ ပြောလိုက်လေသည်။
“သခင်... ကျွန်တော် အသက်ရှင်ရက် ပြန်လာခဲ့ပါပြီ”
“ဟင်းဟင်း...”
ကျန်းရီ ပြုံးလိုက်၏။ ဂူမူက သူ၏ ဝိညာဉ်ကျွန်တစ်ယောက်ဖြစ်ပြီး ယခင်တွင် သူ၏ရန်သူ ဖြစ်ခဲ့သော်လည်း ဂူမူနှင့် အချိန်တစ်ခုကြာအောင် အတူနေခဲ့ပြီးနောက် သူ၏ ဂူမူအပေါ်ထားသော ရန်လိုမှုက ပျောက်ကွယ်သွားခဲ့ပေသည်။ ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ခင်ဗျား ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာ ကောင်းတယ်။ အခု အိမ်တော်ထဲမှာပဲ စိတ်အေးလက်အေး နေပေါ့။ ခင်ဗျားက အိမ်တော်တွင်း ကိစ္စတွေကို တာဝန်ယူရမယ်။ အနက်ရောင်နတ်ဘုရားကိုတော့ ပြန်ပြီး ကျင့်ကြံနေခိုင်းလိုက်တော့မယ်...”
“အနက်ရောင်နတ်ဘုရား...”
ကျန်းရီက အော်ခေါ်လိုက်ရာ အနက်ရောင်နတ်ဘုရား လျှောက်ဝင်လာသည်။ ထို့နောက် ကျန်းရီ အမိန့်ပေးလိုက်သည်။
“ခင်ဗျားက အေးအေးချမ်းချမ်း သွားကျင့်ကြံနေလိုက်ပါတော့။ အိမ်တော်ကိစ္စအကုန်လုံးကို ဂူမူလက်ထဲ လွှဲပေးခဲ့လိုက်။ အရင်ဆုံး ခင်ဗျား မိစ္ဆာနတ်ဘုရားအဆင့်ကို ရောက်အောင် တက်လှမ်းပေါ့”
“နားလည်ပါပြီ သခင်လေး”
အနက်ရောင်နတ်ဘုရားက ခေါင်းညိတ်လိုက်ပြီး ဂူမူကို သူနှင့်အတူ ခေါ်သွားကာ သူ၏တာဝန်အားလုံးကို ဂူမူအား လွှဲပြောင်းပေးလိုက်သည်။ အနက်ရောင်နတ်ဘုရားတို့ ထွက်သွားပြီးနောက် ဟဲဝေက ပြောသည်။
“ကျန်းရီ... အဲ့ အမဲလိုက်တမန်တော်ဆိုတာက နာမည်ကောင်းရုံကလွဲပြီး တခြားဘာမှမဟုတ်ဘူး။ အဲ့ဘွဲ့နာမည်နဲ့ဆိုရင် မင်းက တိရှဘုံထဲမှာရှိတဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ခွဲတိုင်းကို သွားလို့ရတယ်။ တကယ်လို့ အဲ့စံအိမ်ခွဲတွေမှာ အမှားတစ်ခုခု တွေ့ရင် တိရှဘုံရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ တိုက်ရိုက် တင်ပြခွင့်ရှိတယ်။ အဲ့ဒါအပြင်တော့... တခြားဘာအခွင့်အာဏာမှ မရှိသလို ဘာလုပ်စရာမှလည်း မရှိဘူး...”
“အို့..အို့...”
ကျန်းရီသည် ထိုသို့ဖြစ်ရန် မျှော်လင့်ထားပြီးဖြစ်သည်။ သူက အလွန်အားနည်းနေသေးသည်။ ထိုဘွဲ့ကို ရခဲ့ခြင်းမှာလည်း ကျန်းရှောင်နူကြောင့် ဖြစ်နိုင်သည်။ သူက နတ်သိမ်းငှက်မြို့အရှင် ဖြစ်လာပြီး မိစ္ဆာသတ်ဖြတ်စံအိမ်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သော်လည်း ယင်းမှာ ရေခဲပြင်ပေါ်တွင် လမ်းလျှောက်ရသကဲ့သို့ အချိန်မရွေး ခြေကျွံကျသွားနိုင်ပေသည်။
“ကောင်းပြီ... ကျွန်တော် မျိုးနွယ်စုထဲကို သွားပြီး ကျင့်ကြံလိုက်ဦးမယ်။ ဒီကကိစ္စတွေ အကုန်လုံးကိုတော့ အစ်ကိုဟဲရဲ့ လက်ထဲပဲ ထည့်ခဲ့ပြီ”
ကျန်းရီသည် မည်သည့်အရာကိုမှ အရေးစိုက်မနေတော့ပေ။ သူက ဟဲဝေကို စကားအနည်းငယ် ပြောပြီးနောက် အပြင်ထွက်သွားလိုက်သည်။ သို့သော် ဟဲဝေသည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။
“မင်းက ဘာလို့ မျိုးနွယ်စုထဲကို သွားပြီး ကျင့်ကြံမှာလဲ။ မင်းမှာ တိုက်ပွဲအမှတ်တစ်သိန်းရှိနေပြီပဲ... အခု မင်းက မိစ္ဆာသတ်ဖြတ်စစ်ဘုရင်ဖြစ်သွားပြီ။ ပြီးတော့ အမဲလိုက်တမန်တော်ဆိုတဲ့ ဘွဲ့ကိုလည်း ရထားသေးတယ်။ အခုဆို မင်း တစ်နှစ်တစ်ကြိမ် ရှေးဦးဆန်းကြယ်နယ်မြေထဲ ဝင်လို့ရပြီ။ အဲ့နယ်မြေထဲမှာလည်း သုံးရက်တောင် နေလို့ရတယ်။ ရှေးဦးဆန်းကြယ်နယ်မြေထဲက မိုးမြေဝိညာဉ်စွမ်းအင်က အရမ်းသိမ်းသည်းတယ်။ အဲ့က စွမ်းအင်က မြို့ထဲမှာရှိတဲ့ အကောင်းဆုံး လျှို့ဝှက်ကျင့်ကြံခြင်းအခန်းထဲက စွမ်းအင်ထက်တောင် ပိုသိပ်သည်းသေးတယ်”
“ရှေးဦးဆန်းကြယ်နယ်မြေလား...”
ကျန်းရီ မျက်တောင်ခတ်၍ မေးလိုက်သည်။
“အဲ့ရှေးဦးဆန်းကြယ်နယ်မြေက ဘယ်မှာလဲ။ ကျွန်တော် အဲ့ထဲကို အလကားဝင်လို့ ရတာလား။ အဲ့နယ်မြေက အန္တရာယ်များလား”
“အဲ့နယ်မြေက လုံးဝလုံခြုံတယ်”
ဟဲဝေ ရှင်းပြ၏။
“ရှေးဦးဆန်းကြယ်နယ်မြေက ဘယ်မှာလဲတော့ ငါမသိဘူး။ ဒါပေမဲ့ မင်း အဲ့ကို မိစ္ဆာသတ်ဖြတ်စံအိမ်ကနေပြီး တိုက်ရိုက် တည်နေရာပြောင်းရွှေ့နိုင်တဲ့ပုံပဲ။ မင်း တပ်မှူးတစ်ယောက်ယောက်ကို မေးကြည့်လိုက်ပါ။ သူတို့က ဘာလုပ်ရမယ်ဆိုတာကို သိပါလိမ့်မယ်”
ကျန်းရီ စိတ်လှုပ်ရှားလာပြီး ဟဲဝေအား တပ်မှူးတစ်ယောက်ကို ဆင့်ခေါ်စေလိုက်သည်။ ခေတ္တကြာပြီးနောက် တပ်မှူးချန်ဟု အမည်ရသော တပ်မှူးတစ်ယောက် ရောက်လာသည်။ ကျန်းရီသည် တပ်မှူးချန်ကို မေးမြန်းပြီးနောက် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သိသွားလေသည်။
ကျန်းရီတစ်ယောက် အလွန်စိတ်အားတက်ကြွလာ၏။ အထက်ဘုံမှ လူများက အလွန်သန်မာနေကြသည်မှာ အံ့အားသင့်စရာ မရှိတော့ပေ။ အထက်ဘုံ၌ ထူခြားဆန်းကြယ်သော နေရာများစွာ ရှိနေသည် မဟုတ်ပါလား။
အထက်ဘုံတွင် ဆန်းကြယ်နယ်မြေများစွာ ရှိသည်။ သို့သော် ဆန်းကြယ်နယ်မြေအားလုံးကို အဖွဲ့အစည်းအသီးသီးက ခွဲဝေ သိမ်းပိုက်ထားကြသည်။ ထို့ကြောင့် သာမန်လူများက ထိုနယ်မြေများထဲသို့ ဝင်နိုင်မည် မဟုတ်ပေ။
ရှေးဦးဆန်းကြယ်နယ်မြေမှာ အဆင့်အနိမ့်ဘုံး ဆန်းကြယ်နယ်မြေဖြစ်သည်။ သို့သော် နတ်ဘုရားအမြစ် မည်မျှရှိပါစေ ထိုဆန်းကြယ်နယ်မြေထဲ ဝင်နိုင်မည် မဟုတ်ချေ။ တိုက်ပွဲအမှတ်များ ရှိမှသာ ဝင်နိုင်မည်ဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင်များကမူ တစ်နှစ်လျှင်တစ်ကြိမ် အခမဲ့ဝင်နိုင်ကြသည်။ သို့တစေ ဆန်းကြယ်နယ်မြေထဲ၌ သုံးရက်သာ နေခွင့်ရှိပေသည်။
ရှေးဦးဆန်းကြယ်နယ်မြေက လောကကို စတင်ဖန်တီးခဲ့သည့် အချိန်မှာပင် တည်ရှိနေခဲ့ပြီဖြစ်သည်။ ယင်းမှာ ရှေးအကျဆုံး နယ်မြေတစ်ခုပင်။ ၎င်းနယ်မြေထဲတွင် အံ့အားသင့်ဖွယ် အရာများ အများအပြားရှိသည်။ တပ်မှူးချန်သည် အသေးစိတ်မပြောပြဘဲ ကျန်းရီကို ကိုယ်တိုင်ဝင်ကြည့်ရန်သာ ပြောသည်။ ထိုနယ်မြေထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အပြင်လောကထက် အဆတစ်သိန်း ပိုသိပ်သည်းသည်။ အထဲတွင် တစ်ရက်ကျင့်ကြံခြင်းက အပြင်တွင် ရက်တစ်သိန်းကျင့်ကြံခြင်းနှင့် ညီသည်။ ယင်းနယ်မြေက အလွန်စွမ်းအားကြီးပေသည်။ နတ်ဘုရားဘုရင်များစွာသည် ရှေးဦးဆန်းကြယ်နယ်မြေထဲ ဝင်နိုင်ရန်အတွက်နှင့်ပင် တာဝန်များစွာ ယူ၍ တိုက်ပွဲအမှတ်များကို စုဆောင်းကြပေသည်။
ဆိုးသည်မှာ ထိုနယ်မြေထဲသို့ ဝင်နိုင်ရန် တိုက်ပွဲအမှတ်များစွာ လိုအပ်ခြင်းပင်။ တစ်ကြိမ်ဝင်ကြေးက တိုက်ပွဲအမှတ် ငါးသိန်းဖြစ်သည်။ မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်သည်ပင် ထိုတိုက်ပွဲအမှတ် ပမာဏကို ရရန် အကြာကြီး စုဆောင်းရပေလိမ့်မည်။ တိုက်ပွဲအမှတ်များကို အခြား နေ့စဉ်လိုအပ်ချက်များအတွက်လည်း သုံးရသေးသည် မဟုတ်ပါလား။
“သွားကြမယ်...”
ကျန်းရီ ရင်ခုန်မြန်နေသည်။ ထိုဆန်းကြယ်နယ်မြေထဲသို့ အလကားဝင်ခွင့်ရမည့် အခွင့်အရေးကို သူ မည်သို့ လက်လွတ်ခံနိုင်ပါမည်နည်း။ ကျန်းရီသည် ညွှန်ကြားစရာရှိသည်များကို ညွှန်ကြားခဲ့ပြီးနောက် ကျန်းအိမ်တော်ထဲမှ ထွက်သွားလိုက်၏။ ရှောင်လန်က တစ္ဆေတစ်ကောင်အလား သူ့အနောက်မှ ပျံလိုက်လာပြီး သူ့ကို ကာကွယ်ပေးနေပေသည်။
ကျန်းရီသည် ရှောင်လန်ကို အရေးမစိုက်ဘဲ ဆက်သွားလိုက်သည်။ သို့သော် လမ်းတစ်လျှောက်တွင် လူများစွာက သူ့အား မိစ္ဆာတစ်ကောင်ကဲ့သို့ ငေးကြည့်နေကြကြောင်းကို သူ သတိပြုမိလိုက်၏။ လူအများစုသည် သူ့ကို မြို့အရှင်အဖြစ် အသိအမှတ်ပြုထားပြီးဖြစ်ပြီး သူ့ကို တွေ့သောအခါ ကြောက်ရွံ့တကြီး ဒူးထောက်ကြသည်။ ကျန်းရီသည် အတော်ကြာ လျှောက်ပြီးနောက် ရှောင်လန်အား သူ့ကို ခေါ်၍ ပျံသန်းသွားဖို့ တောင်းဆိုရန် ဆုံးဖြတ်လိုက်သည်။ ရှောင်လန်၏ အမြန်နှုန်းက အလွန်လျင်မြန်သည်။ လူများသည် သူတို့ကို ကောင်းကောင်းပင် တွေ့လိုက်ရမည် မဟုတ်ချေ။ သို့ဖြင့် သူတို့သည် မြို့ထဲမှ ပျံသန်း၍ ထွက်သွားကြကာ အောက်ဘက်ရှိ နတ်သိမ်းငှက်မျိုးနွယ်စုသို့ သွား၍ မိစ္ဆာသတ်ဖြတ်စံအိမ်၏ ရဲတိုက်ထဲသို့ ဝင်လိုက်ကြလေသည်။
“အရှင်အမဲလိုက်တမန်တော်ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီနှင့် ရင်းနှီးသည့် တံခါးစောင့် အဘိုးပုက နှုတ်ဆက်လိုက်၏။ အဘိုးပုသည် ကျန်းရီကို မြင်သည်နှင့် ဒူးပင် ထောက်လိုက်သည်။ သို့သော် ကျန်းရီက ခပ်ရေးရေး ပြုံး၍ အဘိုးပုကို ပြန်ထူလိုက်၏။
“အခုကစပြီး အဘိုးပု ကျွန်တော့်ကို အဲ့လိုနှုတ်ဆက်ဖို့ မလိုပါဘူး။ ပြီးတော့ ကျွန်တော့်ကို ကျန်းရီလို့ ခေါ်ရင် ရပါပြီ။ ကျွန်တော် ရှေးဦးဆန်းကြယ်နယ်မြေထဲ ဝင်ချင်လို့ပါ။ အဲ့ဒါ အရှေ့က လမ်းပြပေးပါ”
“ဒီဘက်ကို ကြွပါ အရှင်”
အဘိုးပုသည် ကျန်းရီကို အဘယ်သို့ အမည်တပ်၍ ခေါ်ဝံ့ပါမည်နည်း။ သူသည် ခံစားချက်များ ပြည့်နှက်နေသော မျက်နှာထားဖြင့် ကျန်းရီကို အတွင်းအကျဆုံး စင်္ကြံလမ်းဆီသို့ ခေါ်သွားလိုက်သည်။ သူတို့ မဝင်ရသေးခင်တွင် လူဟုန်က သူတို့ကို မီလာသည်။ ထို့နောက် လူဟုန် တလေးတစား ပြောလိုက်သည်။
“အရှင်အမဲလိုက်တမန်တော်က ရှေးဦးဆန်းကြယ်နယ်မြေထဲဝင်ပြီး ကျင့်ကြံဖို့ လုပ်နေတာပါလား”
“ဟုတ်ပါတယ်... အဲ့ဒါက ပြဿနာရှိလို့လား”
ကျန်းရီ မေးလိုက်သည်။
“မရှိပါဘူး...”
လူဟုန်က ခပ်ရေးရေးပြုံးကာ ရှင်းပြသည်။
“အရှင်အမဲလိုက်တမန်တော်... အရှင်က တိုက်ပွဲအမှတ်တစ်သိန်းရလိုက်ပြီး မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့်ကို တန်းတက်သွားတာဆိုတော့ အဲ့ဆန်းကြယ်နယ်မြေထဲကို တစ်နှစ်တစ်ကြိမ် အလကားဝင်ခွင့် ရှိပါတယ်။ ပြီးတော့ အခု အရှင်က အမဲလိုက်တမန်တော်ဘွဲ့လည်း ရထားပြီဆိုတော့ တစ်နှစ်မှာ နောက်ထပ်တစ်ကြိမ် အလကားဝင်ခွင့် ထပ်ရပါတယ်။ ဒါပေမဲ့ ရှေးဦးဆန်းကြယ်နယ်မြေထဲ ဝင်ရမဲ့အခွင့်အရေးက အရမ်းအဖိုးတန်တော့ အရှင့်အနေနဲ့ အဲ့နယ်မြေထဲကို မဝင်ခင် အပြင်မှာပဲ ကျင့်ကြံခြင်းအဆင့်ကို မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို ရောက်တဲ့အထိ ကျင့်ကြံဖို့ ကျုပ် အကြံပေးချင်ပါတယ်။ မဟုတ်ရင် ဝင်ခွင့်ကို ဖြုန်းပစ်လိုက်သလို ဖြစ်နေပါလိမ့်မယ်”
လက်ရှိတွင် ကျန်းရီသည် သူ၏အင်အားကို အသည်းအသန် မြှင့်တင်လိုနေပေသည်။ ထို့ကြောင့် သူ့တွင် တစ်နှစ်လျှင် အလကားဝင်ခွင့်နှစ်ကြိမ်ရှိကြောင်း ကြားလိုက်ရသောအခါ ဆက်တုံ့ဆိုင်းမနေတော့ဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ကျွန်တော် အခုပဲ ဝင်ချင်တယ်။ လိုက်ပို့ပေးဖို့ကို လက်ထောက်စံအိမ်အရှင်လူကိုပဲ ဒုက္ခပေးရတော့မှာပဲ”
“အဲ့လိုဆိုလည်း ကောင်းပါပြီ”
လူဟုန်က ခေါင်းသာညိတ်လိုက်နိုင်တော့သည်။ သူသည် ကျန်းရီကို ဘေးဆောင်တစ်ခုထဲ ဝင်သွားလိုက်သည်။ ထိုဘေးဆောင်ထဲတွင် မည်သည့်ပရိဘောဂမှ မရှိဘဲ ဧရာမတည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုသာ ရှိသည်။ ထိုအစီအရင်ကို မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်က စောင့်ကြပ်နေပေသည်။ အစောင့်သည် လူဟုန်ကို မြင်သောအခါ ချက်ချင်း ဦးညွှတ်လိုက်၏။ ထို့နောက် ကျန်းရီနှင့် ရှောင်ဟုန်တို့ကိုလည်း ဆက်၍ ဦးညွှတ်လိုက်သည်။
“တည်နေရာပြောင်းရွှေ့အစီအရင်ကို နှိုးဖို့ ပြင်ဆင်ပါ”
လူဟုန်က အမိန့်ပေးလိုက်၏။ ထို့နောက် သူ ကျန်းရီကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“အရှင်.. ရှေးဦးဆန်းကြယ်နယ်မြေထဲမှာ စကားကျယ်ကျယ်ပြောလို့ မရပါဘူး။ ဘာတိုက်ခိုက်မှုကိုမှလည်း ထုတ်လွှတ်လို့မရပါဘူး။ ပြီးတော့ ဆန်းကြယ်နယ်မြေထဲက တခြားသူတွေကို နှောင့်ယှက်လို့ မရပါဘူး။ မဟုတ်ရင် နယ်မြေကို ကာကွယ်နေတဲ့ စွမ်းအားကြီး သိုင်းသမားတွေက အရှင့်ကို ချက်ချင်း သတ်ပစ်ပါလိမ့်မယ်။ အရှင် အထဲကို ရောက်သွားရင် တတ်နိုင်သလောက် အစွမ်းကုန် ကျင့်ကြံပြီး အထဲက မိုးမြေဝိညာဉ်စွမ်းအင်ရဲ့ အနှစ်သာရအစစ်အမှန်ကို သိမြင်နားလည်အောင် ကြိုးစားပါ။ အထဲမှာ စက္ကန့်တိုင်းက အဖိုးမဖြတ်နိုင်ပါဘူး။ သုံးရက်ပြည့်သွားတာနဲ့ အရှင် အလိုလို အပြင်ကို တည်နေရာပြောင်းရွှေ့ ခံရပါလိမ့်မယ်”
ကျန်းရီ ခေါင်းညိတ်လိုက်၏။ ပြီးနောက် ခေတ္တမျှ တွေးတောကာ မေးလိုက်သည်။
“အို့...ဒါနဲ့.. လက်ထောက်စံအိမ်အရှင်တို့မှာ ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို လှမ်းထောက်လှမ်းနိုင်မဲ့ နည်းလမ်းတစ်ခုလောက် ရှိလား။ အဲ့နယ်နမိတ်က ဘေးကင်း၊ မကင်း ကျွန်တော် အတည်ပြုချင်တယ်”
လူဟုန်သည် တစ်ခဏမျှ တွေးတော၍ ပြန်ပြော၏။
“အဲ့ဒါက လွယ်ပါတယ်။ တိရှဘုံရဲ့ မိစ္ဆာသတ်ဖြတ်စံအိမ်ဆီ သတင်းပို့ပြီး တောင်းဆိုရုံပါပဲ။ တခြားအမဲလိုက်တမန်တော်တွေက အဲ့ကိစ္စကို စုံစမ်းပေးပါလိမ့်မယ်။ အရှင်က အမဲလိုက်တမန်တော်ဘွဲ့ကို ရထားတော့ အဲ့လိုလုပ်ခွင့်ရှိပါတယ်။ အဲ့ကိစ္စကို ကျုပ်ကိုင်တွယ်လိုက်ပါမယ်။ အရှင်က စိတ်အေးအေးနဲ့သာ ကျင့်ကြံပါ”
“ကောင်းပါပြီ”
ကျန်းရီသည် လူဟုန်၏ စကားကြောင့် လုံးဝစိတ်အေးသွားပြီး တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်သွားလိုက်သည်။ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား အစောင့်က အစီအရင်ကို နှိုးလိုက်ပြီး ရှောင်လန်က အစီအရင်အရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ စောင့်ကြပ်နေလိုက်သည်။ ထိုအစီအရင် ပျက်စီးသွားလျှင် ကျန်းရီက ပြန်လာနိုင်တော့လောက်မည် မဟုတ်ချေ။ ရှေးဦးဆန်းကြယ်နယ်မြေက တိရှဘုံထဲတွင် မဟုတ်ပေ။ အကယ်၍ အစီအရင် ပျက်စီးသွားပြီး ကျန်းရီက အခြားဘုံတစ်ခုကို ရောက်သွားပါက ရှောင်လန်သည် တာဝန်ပေါ့လျော့မှုဖြင့် အပြစ်ပေးခံရပေလိမ့်မည်။ သူသည် တိရှစံအိမ်ဝင်ယောက်ဖြစ်သော်လည်း မိစ္ဆာသတ်ဖြတ်စံအိမ်၏ ပိုင်နက်ထဲ၌ တင်ပျဉ်ခွေထိုင်နေရခြင်းကို အရေးမထားပေ။ မိစ္ဆာသတ်ဖြတ်စံအိမ်ကလည်း သူ့ကို မည်သို့မှ မပြောဝံ့လောက်ချေ။
ရွှီး...
ကျန်းရီသည် အဖြူရောင်အလင်းတန်း တစ်တန်းကြောင့် မျက်စိကျိန်းသွား၏။ ထို့နောက် လှိုင်းမူသကဲ့သို့ ခေါင်းမူးဝေလာသည်။
အဖြူရောင်အလင်းက အနိမ့်ဘုံအချိန် လေးနာရီကျော်ကြာအောင် တောက်ပနေခဲ့သည်။ ကျန်းရီသည် သတိလစ်မလို ဖြစ်သွားချိန်တွင် အဖြူရောင်အလင်းက ပျောက်ကွယ်လာကြောင်း သတိပြုမိလိုက်၏။ ထို့နောက် ထူးဆန်း၍ ခြောက်ကပ်သော အရှိန်အဝါတစ်ခုက သူ့ကို လာရောက်လွှမ်းခြုံသဖြင့် သူ ရင်ခုန်မြန်သွား၏။ သူက ဒဏ္ဍာရီလာ ရှေးဦးဆန်းကြယ်နယ်မြေထဲ ရောက်လာပြီ ဖြစ်ရပေမည်။
***