ထူးဆန်းသော အရာတစ်ခု
Vol. 99 Ch. 1376
ရှေးဦးဆန်းကြယ်နယ်မြေက ကျန်းရီကို စိတ်မပျက်စေခဲ့ပေ။ သူ ဤနေရာထဲသို့ ကိုယ်တိုင်ဝင်မလာခဲ့လျှင် ဤနေရာက မည်သို့ပုံစံရှိကြောင်း တွေးကြည့်၍ ရနိုင်မည် မဟုတ်ချေ။
ယခုတွင် ကျန်းရီက လေထဲတွင် မျောနေသော ဧရာမကျောက်တုံးကြီး တစ်တုံးပေါ်၌ ရပ်နေသည်။ ထိုကျောက်တုံးသည် တစ်တုံးလုံး မည်းနက်နေပြီး သတ္တုကဲ့သို့ မာကြောကာ ငါးကီလိုမီတာ ကျယ်ပေသည်။ ထိုအခိုက်တွင် ထိုကျောက်တုံးပေါ်၌ အနည်းဆုံး လူတစ်ထောင်လောက် တင်ပျဉ်ခွေထိုင်နေကြသည်။ သူတို့အားလုံးက မိစ္ဆာသတ်ဖြတ်စံအိမ်၏ စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားကြသည်။ ဤနယ်မြေထဲသို့ မိစ္ဆာသတ်ဖြတ်စံအိမ်ဝင်များမှလွဲ၍ အခြားသူများ ဝင်ခွင့်မရှိကြောင်း ထင်ရှားပေသည်။
လူတစ်ထောင်လောက်ထဲတွင် အင်အားအနည်းဆုံးသူပင် မိစ္ဆာသတ်ဖြတ်စစ်ဘုရင်အဆင့် ရှိသည်။ မြင်ကွင်းထဲတွင် မိစ္ဆာသတ်ဖြတ်စစ်သူကြီးတစ်ယောက်မှ ရှိမနေပေ။ ထို့ပြင် ထိုလူများထဲမှ တစ်ဝက်လောက်က မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားများ ဖြစ်ကြသည်။ အချို့က တင်ပျဉ်ခွေထိုင်၍ ကျင့်ကြံနေကြပြီး အချို့မှာ ကောင်းကင်သို့ ငေးမောနေကြသည်။ အခြားလူများမှာ ခြေကားရားလက်ကားရာ လှဲလျောင်းနေကြသည်။ အချို့မှာမူ လှဲ၍ အိပ်နေကြသည်။ သို့သော် မည်သူကမှ အသံတစ်ချက် မပြုပေ။ ပတ်ဝန်းကျင်က ကြောက်စရာကောင်းလောက်အောင်ပင် တိတ်ဆိတ်နေသည်။
ဧရာမကျောက်တုံးကြီးက ထူးဆန်းသော အာကာပြင်ထဲတွင် မျောနေခြင်းပင်။ ပတ်ဝန်းကျင်က အတော်လေး မှေးမှိန်နေသည်။ ကောင်းကင်၌ နေရော၊ လပါ မရှိချေ။ မှေးမှိန်သော အာကာပြင်ကိုယ်တိုင်က အလင်းတန်း ဖျော့ဖျော့လေးများကို ထုတ်လွှတ်နေပုံပေါ်သည်။ တိမ်မီးခိုးများကလည်း တလိမ့်လိမ့် ရွေ့လျားနေကြသည်။
ဤနယ်မြေထဲရှိ မိုးမြေဝိညာဉ်စွမ်းအင်က အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သိပ်သည်းသည်။ ထို့ပြင် နယ်မြေထဲ၌ အတော်လေး ခြောက်ကပ်ကာ ရှင်းပြ၍ မရနိုင်သော ထူးခြားသည့် အရှိန်အဝါတစ်ခုလည်း ရှိနေသည်။ ကျန်းရီသည် ကျောက်တုံးပေါ်တွင် ရပ်နေရင်းဖြင့် သူက ကျယ်ပြောသော မိုးမြေအတွင်းရှိ သဲတစ်မှုန်ကဲ့သို့ ခံစားနေရသည်။ သူက သေးငယ်ကာ မထင်ရှားပေ။
ကောင်းကင်ထက်ရှိ တိမ်မီးခိုးများက တိမ်အစစ်ကဲ့သို့ပင်ဟု ကျန်းရီ ခံစားနေရသည်။ ၎င်းတို့ထဲတွင် အကြွင်းမဲ့ မိုးမြေစည်းမျဉ်းများ ရှိနေသလိုပင်။ ၎င်းတို့ကို ကြည့်မိသည်နှင့် ရင်ခုန်မြန်လာပေသည်။ ထိုခံစားချက်က အလွန်နက်ရှိုင်းကာ ဤလောကြီးမှာ အကန့်အသတ်မရှိ ကျယ်ပြောသည်ဟု ခံစားမိစေပေသည်။ ကျန်းရီသည် ဤနယ်မြေ၌ သူ အသက်ပင် မရှူနိုင်ဟု ခံစားနေရပေသည်။
လူအချို့သည် ကျန်းရီကို လှမ်းကြည့်လိုက်ကြ၏။ ရုတ်ခြည်းပင် သူတို့၏ မျက်နှာထားများက ထူးဆန်းသွားသည်။ ထို့နောက် သူတို့သည် ခပ်လှောင်လှောင်ပြုံးကာ အကြည့်လွှဲ၍ ကျန်းရီကို လျစ်လျူရှုလိုက်ကြသည်။ ကျန်းရီလည်း လှည့်ပတ်ကြည့်လိုက်ပြီး ကျောက်တုံးအလယ်တွင် ရပ်နေသော အဘိုးအိုတစ်ယောက်ထံတွင် အကြည့်ရပ်လိုက်လေသည်။
ထိုအဘိုးအိုက ဧရာမကျောက်တုံးကြီး၏ အလယ်အကျဆုံး အပိုင်းတွင် ရပ်နေခြင်းပင်။ သူသည် မျက်လုံးများ မှိတ်ထားပြီး သူ့အရှေ့တွင် ဓားတစ်ချောင်းကို အဖြောင့်စိုက်ထားသည်။ ကျန်းရီသည် ထိုအဘိုးအိုက ဓားအိမ်ထဲမှ ရတနာဓားတစ်ချောင်းကဲ့သို့ပင်ဟု ခံစားနေရ၏။ ဓားကို ဓားအိမ်ထဲမှ ထုတ်လိုက်သည်နှင့် ဤနေရာရှိ လူအားလုံး သေရပေလိမ့်မည်။
‘အဲ့အဘိုးကြီးက ရှေးဦးဆန်းကြယ်နယ်မြေကို စောင့်ကြပ်နေတဲ့ စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်ရမယ်။ ဘယ်လောက်တော် စွမ်းအားကြီးလိုက်တဲ့ အရှိန်အဝါလဲ။ အဲ့အရှိန်အဝါက မိုလင်းချိုးရဲ့ အရှိန်အဝါထက်တောင် ပိုအားကောင်းသေးတယ်’
ကျန်းရီသည် စိတ်ထဲမှ ခန့်မှန်းလိုက်ပြီး ရုတ်တရက် စိတ်လှုပ်ရှားလာ၏။ ဤနေရာတွင် စက္ကန့်တိုင်းက အဖိုးတန်သဖြင့် ဆက်အချိန်ဖြုန်းနေ၍ မဖြစ်တော့ပေ။ သူ ချက်ချင်း တင်ပျဉ်ခွေထိုင်ချ၍ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေသို့ ဝင်ကာ ကောင်းကင်စွမ်းအားကို စတင်ကျင့်ကြံလိုက်လေသည်။
ကျန်းရီသည် စတင်ကျင့်ကြံလိုက်သည်နှင့် ကွဲပြားသော တစ်စုံတစ်ခုကို ရုတ်ခြည်း ခံစားလိုက်ရ၏။ သူ၏ နတ်ဘုရားအမြုတေထဲရှိ ကောင်းကင်စွမ်းအားများက လျင်မြန်သောနှုန်းဖြင့် ထိုးတက်လာ၏။ အရပ်မျက်နှာအနှံ့ရှိ သိပ်သည်းသော မိုးမြေဝိညာဉ်စွမ်းအင်များကလည်း သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာကြသည်။ သို့ဖြင့် သူ၏ရုပ်ခန္ဓာက ကြောက်မက်ဖွယ်နှုန်းဖြင့် သန်မာလာလေသည်။
‘ဘယ်လိုတောင် မှော်ဆန်တဲ့ ခံစားချက်လဲ။ ဘယ်လိုတောင် မှော်ဆန်တဲ့ နေရာတစ်ခုလဲ။ ဒါက ရှေးဦးဆန်းကြယ်နယ်မြေပဲ ရှိသေးတယ်။ တာအိုနယ်မြေ၊ ကမ္ဘာဦးဆန်းကြယ်နယ်မြေနဲ့ တခြားနယ်မြေတွေအများကြီး ကျန်သေးတယ်။ အဲ့နယ်မြေတွေက ဘယ်လောက်တောင် မှော်ဆန်လိမ့်မလဲ’
ကျန်းရီ တွေး၍ပင် မကြည့်နိုင်ပေ။ ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအောက်တွင် သူသည် သူ၏အာရုံကို ကောင်းကင်စွမ်းအား ကျင့်ကြံရန်နှင့် စည်းမျဉ်းဆန်းကြယ်စွမ်းရည်များ လေ့လာရန်ဟူ၍ နှစ်ပိုင်း ခွဲထုတ်နိုင်သည်။ သို့သော် ဤနေရာမှ လူအားလုံးလည်း ထိုသို့ လုပ်နိုင်ပေလိမ့်မည်။ မဟုတ်လျှင် ဤနေရာ၌ အိပ်နေသူများ ရှိမည် မဟုတ်ပေ။
‘ဒီရှေးဦးဆန်းကြယ်နယ်မြေထဲမှာရှိတြ့ အကြွင်းမဲ့ မိုးမြေစည်းမျဉ်းတွေနဲ့ ရှုပ်ထွေးတဲ့ စည်းမျဉ်းဆန်းကြယ်စွမ်းရည်တွေကို သိမြင်နားလည်နိုင်အောင် ကြိုးစားကြည့်တာပေါ့။ ငါ စွမ်းအားကြီး စည်းမျဉ်းဆန်းကြယ်စွမ်းရည်တချို့ကို သိမြင်နားလည်နိုင်လောက်မလား’
ကျန်းရီ ရင်ခုန်မြန်လာသည်။ စည်းမျဉ်းဆန်းကြယ်စွမ်းရည် တိုက်ခိုက်မှုများက အတွေ့ရ အများဆုံးဖြစ်သော်လည်း စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်လာရန် စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို မဖြစ်မနေ လေ့လာရမည်ဖြစ်သည်။ ကျန်းရီက ထူးခြားသော မျိုးနွယ်တစ်ခုမှ မဟုတ်သလို ထူးခြားသော ဆန်းကြယ်စွမ်းရည်များလည်း မပိုင်ဆိုင်ထားသည် မဟုတ်လော။ ထို့ကြောင့် သူက စည်းမျဉ်းဆန်းကြယ်စွမ်းရည်များအပေါ် မှီခိုရပေလိမ့်မည်။
ကျန်းရီသည် သူ၏စွမ်းအင်များကို ပတ်ဝန်းကျင်တွင် စုစည်းကာ သူ့အောက်ဘက်မှ ကျောက်တုံးကြီးနှင့် ဤနေရာ၌ တိုက်ခတ်နေသော လေများကို သိမြင်နားလည်နိုင်ရန် ကြိုးစားလိုက်၏။ သူသည် အထက်တွင် လွင့်မျောနေသော တိမ်မီးခိုးများကိုလည်း လေ့လာရန် ကြိုးစားလိုက်ပေသည်။
မိုလင်းချိုးက ကျန်းရီကို ကတိပေးကဲ့သည်။ သူကဲ့သို့သော လူတစ်ယောက်က လိမ်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် ယခုတွင် ကျန်းရီ အလွန်စိတ်အေးနေသည်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်က လုံခြုံနေသေးသ၍ သူ အထက်ဘုံ၌ စိတ်အေးလက်အေးဖြင့် ဆက်နေနိုင်ပေသည်။ သူက နတ်သိမ်းငှက်မြို့အရှင် ဖြစ်လာပြီး အခက်အခဲများစွာကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ယင်းမှာ အပေါ်ယံအောင်မြင်မှုသာ ဖြစ်ကြောင်း သူသိသည်။ စစ်မှန်သော အင်အားမရှိလျှင် သူက မည်သို့မှ အရေးမပါပေ။ သူက စိန်နားကပ်ရောင်ကြောင့် ပါးပြောင်နေခြင်းပင်။
ကျန်းရီသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်သို့ ပြန်သွားလိုပြီး အထက်ဘုံတွင် သွားလာကာ ရီဖျောင်ဖျောင်နှင့် ဆန်းကြယ်ဧကရာဇ်တို့ကို လိုက်ရှာလိုသည်။ ထို့ပြင် ကျန်းရှောင်နူကိုလည်း သွားရှာလိုသည်။ သို့သော် ထိုအရာများကို လုပ်နိုင်ရန် မိမိကိုယ်ကိုယ်သာ အားကိုးရမည်ဖြစ်ကြောင်း ကျန်းရီသိသည်။ အင်အားမရှိပါက သူ မိုလင်းချိုးအရှေ့၌ ဒူးထောက်မည်ဆိုလျှင်ပင် မိုလင်းချိုးက သူ့အား တစ်ချက်ပင် ကြည့်မည် မဟုတ်ချေ။
ထို့ပြင် ကျန်းရီက အခြားလူများအပေါ် များစွာမှီခိုတတ်သူတစ်ယောက် မဟုတ်ပေ။ သူက သူ့ကိုယ်သူ မှီခိုခြင်းတွင်သာ အသားကျနေပြီဖြစ်သည်။ သူသည် အခြားလူများက သူ၏ကံကြမ္မာကို ထိန်းချုပ်နေမှုအပေါ် စိတ်ကုန်နေပြီလည်းဖြစ်သည်။
***
ကျင့်ကြံနေလျှင် အချိန်များက ကုန်မှန်းမသိ ကုန်သွားတတ်သည်။ ကျန်းရီသည် ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် တစ်ရက်နှင့် နေ့တစ်ဝက်ကြာအောင် ဆက်တိုက်ကျင့်ကြံနေခဲ့သည်။ ထိုအချိန်မှာ အနိမ့်ဘုံတွင်ဆိုလျှင် နှစ်တစ်ဝက်နီးပါးဖြစ်သည်။
ကျန်းရီသည် နိုးထလာသောအခါ အချိန်မည်မျှ ကုန်သွားပြီဖြစ်ကြောင်း တွက်ချက်လိုက်၏။ တစ်ရက်နှင့် နေ့တစ်ဝက် ကုန်သွားခဲ့ပေပြီ။ ဤနယ်မြေထဲတွင် အချိန်က ပိုမြန်နေသကဲ့သို့ပင်။ ကျန်းရီသည် အချိန်များစွာ ကုန်သွားပြီဟု မခံစားခဲ့ရပေ။ အရေးအကြီးဆုံးမှာ သူ တစ်ရက်နှင့် နေ့တစ်ဝက် ကျင့်ကြံခဲ့သော်လည်း မည်သည့်အရာကိုမှ မသိမြင်နားမလည်သေးခြင်းဖြစ်ပေသည်။
‘ထူးဆန်းလိုက်တာ...’
ကျန်းရီ မျက်တောင်ခတ်လိုက်၏။ သူက ပါရမီထူးသူတစ်ယောက်ဖြစ်သည်။ သို့သော် အဘယ်ကြောင့် ဤမျှကြာအောင် ကျင့်ကြံပြီးသည်ပင် အောင်မြင်မှုတစ်ခုပင် မရသေးရသနည်း။ ဤနယ်မြေထဲ၌ ဆန်းကြယ်မှုများစွာ ရှိနေပြီး ကောင်းကင်တာအို၏ အနှစ်သာရအစစ်အမှန်ကလည်း နေရာအနှံ့တွင် ရှိနေကြောင်း သူ ခံစားလိုက်ရသည်။ သို့သော် သူသည် ၎င်းတို့ကို မဖမ်းဆုပ်နိုင်ပေ။
‘အရှင် အပြင်မှာ မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်ကို ရောက်အောင် ကျင့်ကြံပြီးမှ ဆန်းကြယ်နယ်မြေထဲ ဝင်သင့်ပါတယ်။ မဟုတ်ရင် ဝင်ခွင့်ကို ဖြုန်းပစ်သလို ဖြစ်နေပါလိမ့်မယ်’
ကျန်းရီသည် လူဟုန် ပြောခဲ့သော စကားကို ပြန်တွေးကာ အတန်ငယ် သဘောပေါက်သွား၏။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်နေသဖြင့် ဤနယ်မြေထဲရှိ နက်ရှိုင်းမှုကို နားမလည်နိုင်ခြင်း ဖြစ်ရမည်။ ကျန်းရီသည် သူ့ခန္ဓာကိုယ်ကို လေ့လာပြီးနောက် သူ၏ ကောင်းကင်စွမ်းအားများကမူ အလွန်ကောင်းသော နှုန်းဖြင့် တိုးပွားလာနေကြောင်းကို တွေ့လိုက်ရသည်။ မည်သည့်အနှောင့်အယှက်မှ မဝင်လျှင် သုံးရက်ကြာပြီးနောက်၌ သူ၏ကျင့်ကြံခြင်းအဆင့်က မိစ္ဆာသတ်ဖြတ်စစ်သူကြီးအဆင့်သို့ ရောက်သွားပေလိမ့်မည်။
‘ဆက်ကျင့်ကြံမယ်...’
ကျန်းရီသည် လူပြောသူပြောများကို မယုံသဖြင့် မျက်လုံးမှိတ်ကာ ထပ်မံ လေ့လာလိုက်သည်။ သူသည် ဤဆန်းကြယ်နယ်မြေထဲရှိ မရေမတွက်နိုင်သော နက်ရှိုင်းသည့် စည်းမျဉ်းများကို သိမြင်နားလည်လိုနေပေသည်။
သို့သော်...
နောက်တစ်ရက် ကုန်သွားပြီးနောက် ကျန်းရီတစ်ယောက် စိတ်ပျက်စွာဖြင့် မျက်လုံး ဖွင့်လိုက်၏။ သူ၏လက်ရှိ အင်အားနှင့် စိတ်ဝိညာဉ်အရ သုံးရက်မဆိုထားနှင့် သုံးနှစ်အချိန်ရမည်ဆိုလျှင်ပင် မည်သည်ကိုမှ မသိမြင်မနားလည်နိုင်လောက်ချေ။
‘ငါ့ရဲ့အဆင့်နဲ့ စိတ်ဝိညာဉ်က အရမ်းအားနည်းနေတယ်။ အဲ့ဒါက သဏ္ဌာန်သုံးဆင့်အသွင်ပြောင်းအဆင့် သိုင်းသမားလေးက ကောင်းကင်အဆင့် သိုင်းပညာတစ်ရပ်ကို လေ့လာနေသလိုမျိုးပဲ။ ရေတွင်းထဲက ဖားသူငယ်က ဘယ်လိုလုပ် လောကကြီးရဲ့ ကျယ်ပြောမှုကို နားလည်နိုင်မှာလဲ’
ကျန်းရီသည် ခါးသီးစွာ ပြုံးလိုက်ပြီး ဆက်မကြိုးစားတော့ရန် ဆုံးဖြတ်လိုက်၏။ သို့ဖြင့် သူသည် ကောင်းကင်စွမ်းအားကိုသာ ကျင့်ကြံရင်း ထိုင်နေလိုက်သည်။ ထိုအခိုက်တွင် မည်သို့ဆက်လုပ်ရမည်ကို သူမသိတော့ပေ။
မီးတောက်များကို လေ့လာရမည်လော။ ၎င်းကို လေ့လာရန် မည်သည့် ဉာဏ်အလင်းပွင့်မှုမှ မလိုပ။ သို့သော် စုန်းဧကရီ၏ မှော်အတတ်က ကျန်းရီကဲ့သို့သော လူတစ်ယောက်အတွက် အလွန်အားနည်းနေပြီဖြစ်သည်။ စည်းမျဉ်းဆန်းကြယ်စွမ်းရည်များကို လေ့လာရမည်လော။ သူသည် ကနဦးအဆင့်သို့ပင် မရောက်နိုင်ချေ။ သူ့တွင် ဆန်းကြယ်စွမ်းရည်ကျင့်စဉ်များကို မှတ်တမ်းတင်ထားသည့် လျှို့ဝှက်ကျမ်းများလည်း မရှိပေ။ သို့ဖြစ်ရာ ယခုတွင် သူ မည်သည်ကိုမှ သိမြင်နားလည်နိုင်တော့မည် မဟုတ်လောက်ချေ။
‘ဟုတ်သား... မဟာနတ်ဘုရားအတတ်...’
ကျန်းရီသည် လျှို့ဝှက်ကျမ်းများအကြောင်း တွေးရင်း မဟာနတ်ဘုရားအတတ်ကို အမှတ်ရသွား၏။ ယခုတွင် အခြားလုပ်စရာလည်း ရှိမနေသဖြင့် ထိုမဟာနတ်ဘုရားအတတ်မှနေ၍ ဆန်းကြယ်စွမ်းရည်တစ်ခု ဆွဲထုတ်နိုင်မည်၊ မနိုင်မည်ကို သူ စမ်းကြည့်လိုသွားသည်။
ကျန်းရီသည် မဟုတ်လျှင်လည်း အလကားထိုင်နေရသည်ဖြစ်၍ မဟာနတ်ဘုရားအတတ် လျှို့ဝှက်ကျမ်းကို ထုတ်၍ စတင် ဖတ်ရှုလိုက်၏။ သူသာ ထိုအတတ်မှနေ၍ ဆန်းကြယ်စွမ်းရည်တစ်ခု ဖန်တီးနိုင်လျှင် ထိုစွမ်းရည်က မဟာနတ်ဘုရားအတတ်ထက် ဆယ်ဆပို၍ အားနည်းမည်ဆိုလျှင်ပင် အလွန်စွမ်းအားကြီးသော ဆန်းကြယ်စွမ်းရည်တစ်ခု ဖြစ်နေဦးမည်သာ။
ကျန်းရီသည် အချိန်ဖြုန်းရန်သက်သက် ဖတ်ရှုနေခြင်းဖြစ်သော်လည်း တဖြည်းဖြည်း စိတ်နစ်ဝင်သွားသည်။ သုံးရက်ပြည့်သောအခါတွင် ကျန်းရီ အပြင်သို့ တည်နေရာပြောင်းရွှေ့ ခံလိုက်ရသည်။ ထိုမှ သူ အသိပြန်ကပ်လာလေသည်။
တည်နေရာပြောင်းရွှေ့ခံရခြင်းမှာ အလွန်နာကျင်သောအရာဖြစ်သည်။ ကျန်းရီသည် လေးနာရီကြာ နာကျင်မူးဝေနေပြီးမှ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ပြန်ရောက်သွားသည်။ ထို့နောက် သူ မျက်တောင်ပုတ်ခတ်၍ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် ဒယိမ်းဒယိုင်ဖြင့် ထိုင်ချလိုက်၏။ ထိုင်ပြီးနောက်တွင် သူသည် နေ့ဝက်ကြာအောင် စကားမပြောတော့ပေ။
“အရှင်အမဲလိုက်တမန်တော်”
တစ်ချိန်လုံး ကျန်းရီကို စောင့်ဆိုင်းနေခဲ့သော လူဟုန်သည် ဆက်၍ စိတ်မထိန်းနိုင်တော့ဘဲ အော်ခေါ်လိုက်၏။ သို့သော် ကျန်းရီက ပြန်မတုံပြန်ပေ။ ထိုအစား သူ့ဘာသာ ရေရွတ်နေလေသည်။
“မဟုတ်သေးဘူး... အဲ့ဒါက အဓိပ္ပာယ်မရှိဘူး။ ငါက အဲ့မျိုးနွယ်ဝင်မှ မဟုတ်တာ။ ဘာလို့ ငါက အဲ့အတတ်ကို ကျင့်ကြံနိုင်နေရတာလဲ။ ငါ့ရဲ့ သွေးကြောထဲမှာ အဲ့မျိုးနွယ်ရဲ့သွေးတွေ စီးဆင်းနေလို့များလား။ ဒါမှမဟုတ် ငါ့အမေရဲ့မျိုးနွယ်က အဲ့မျိုးနွယ်ရဲ့ မျိုးဆက်တွေလား”
ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်ခဲ့၏။ ကျန်းရီသည် သူက မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်နေကြောင်း သိခဲ့ရပေသည်။
***