← Chapters

ဝိညာဉ်မျိုးနွယ်

Vol. 99 Ch. 1377

ဝိညာဉ်မျိုးနွယ်

Vol. 99 Ch. 1377

မဟာနတ်ဘုရားမျိုးနွယ်သည် ကမ္ဘာဦးခေတ်တွင် အင်အားအကြီးဆုံး မျိုးနွယ်တစ်ခု ဖြစ်ခဲ့သည်။ မဟာနတ်ဘုရားအတတ်ကလည်း အသုံးပြုသူ၏ ခန္ဓာကိုယ်ကို ပိုသန်မာလာစေပြီး အင်အားကို မြှင့်တင်ပေးသည်။ ကမ္ဘာဦးခေတ်မှ မဟာနတ်ဘုရားမျိုးနွယ်ဝင်များသည် ပြိုင်ဘက်ကင်းပင်။ သူတို့က ပြန်မတိုက်ဘဲ ရပ်နေမည် ဆိုလျှင်ပင် အသတ်ခံရမည် မဟုတ်ချေ။

ထို့ကြောင့်လည်း အခြားစွမ်းအားကြီးမျိုးနွယ် ရာကျော်သည် အင်အားပူးပေါင်းကာ ရှေးဟောင်းခေတ်၌ မဟာနတ်ဘုရားမျိုးနွယ်ကို ရှင်းပစ်ခဲ့ကြခြင်းပင်။

ကျန်းရီက ထိုအကြောင်းများကို ဖတ်ထားခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်အထိ မဟာနတ်ဘုရားမျိုးနွယ်၏ အကြွင်းအကျန် မျိုးဆက်များကို ရှာမတွေ့ခဲ့ပေ။ အကယ်၍ ထိုမျိုးနွယ်ဝင်တစ်ယောက်ယောက် အသက်ရှင်ကျန်နေသေးလျှင် သူတို့၏ ထူးခြားသော ဝိသေသလက္ခဏာများကြောင့် ချက်ချင်း သတိပြုမိခံရမည်ဖြစ်သည်။

ကျန်းရီသည် လူဟုန်ကို လျစ်လျူရှုကာ အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် သူ့ဘာသာ ရေရွတ်နေခဲ့သည်။ ထို့နောက် သူသည် သူ့ကိုယ်တွင်းကို အာရုံခံကာ နဝမမြောက် ကြယ်စက်လုံးထဲရှိ ထူးဆန်းသော အဝါရောင်စွမ်းအင်ကို အတည်ပြုလိုက်သည်။ ၎င်းက အစစ်အမှန်ဖြစ်ပြီး မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနေရင်း ထွက်ပေါ်လာခြင်းဖြစ်သည်။ မှားစရာ မရှိပေ။

“အဲ့ဒါက တကယ်ပဲ မိုးမြေစွမ်းအား ဖြစ်နေမလား။ ဒါပေမဲ့ ဘာလို့ အဲ့စွမ်းအင်က နတ်ဘုရားအမြုတေထဲမှာ ထွက်ပေါ်မလာဘဲ နဝမမြောက် ကြယ်စက်လုံးထဲမှာ ထွက်ပေါ်လာရတာလဲ။ အဲ့ဒါ ထူးဆန်းတယ်...”

ကျန်းရီသည် အခြေအနေကို နားမလည်နိုင်ပေ။ သို့သော် သူသည် ၎င်းအဝါရောင်စွမ်းအင်ကို မိစ္ဆာသတ်ဖြတ်စံအိမ်ထဲ၌ ထုတ်ပြမည် မဟုတ်ချေ။ တစ်ခဏကြာပြီးနောက် သူ အသိပြန်ကပ်လာပြီး လူဟုန်ကို ကြည့်ကာ မေးလိုက်သည်။

“ကောင်းကင်ကြယ်တာရာနယ်နမိတ်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ”

ကျန်းရီက ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် သုံးရက် နေနေခဲ့သည်။ ယင်းမှာ အနိမ့်ဘုံတွင် ရက်သုံးရာ ကုန်ဆုံးသွားခဲ့ပြီဆိုသော အဓိပ္ပာယ်ပင်။ ထိုအချိန်အတွင်း ရလဒ်အချို့ ထွက်နေသင့်ပြီ မဟုတ်လော။

လူဟုန်က ခေါင်းညိတ်ကာ ပြောသည်။

“အမဲလိုက်တမန်တော်တစ်ယောက်က သတင်းလှမ်းပို့ပါတယ်။ ကောင်းကင်ကြယ်တာရာနယ်နမိတ်နားမှာ တိရှစံအိမ် ပိုင်တဲ့ နတ်ဘုရားလှေတစ်စီး ရောက်နေပါတယ်တဲ့။ ကျွမ်းကျင် လက်မှုပညာရှင်တွေက အမှန်ပဲ အစီအရင်ကြီးတစ်ခုကို တည်ဆောက်နေကြပါတယ်။ အဲ့အစီအရင်က မကြာခင် ပြီးတော့မှာပါ။ အရှင်အမဲလိုက်တမန်တော် မစိုးရိမ်ပါနဲ့။ တိရှစံအိမ်အတွက် သေမျိုးဘုံလေးတစ်ခုကို ကူညီချင်ရင် အရမ်းလွယ်ပါတယ်”

“ကောင်းကင်ကြယ်တာရာနယ်နမိတ်နားမှာ နတ်ဘုရားလှေတစ်စီး ရောက်နေတာလား...”

ကျန်းရီက စိတ်ဝင်တစား မေးလိုက်၏။

“ကောင်းကင်ကြယ်တာရာနယ်နမိတ်က တိရှဘုံနဲ့ ဝေးပါသလား။ ကျွန်တော် နတ်ဘုရားလှေကို စီးသွားမယ်ဆိုရင် ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်နိုင်တာလား”

“အဲ့ဒါက မဖြစ်နိုင်ပါဘူး...”

လူဟုန်က ခါးသက်သက် ပြုံး၍ ရှင်းပြသည်။

“အနိမ့်ဘုံကနေ အထက်ဘုံကို တက်လာဖို့က လွယ်ပါတယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားက လုံလောက်တဲ့အဆင့်ကို ရောက်ရင် တက်လှမ်းနိုင်မှာပဲ။ ဒါပေမဲ့ အထက်ဘုံကနေ အနိမ့်ဘုံကို ပြန်ဆင်းဖို့က ခက်ပါတယ်။ ဒီကလူတွေအကုန်လုံးက နတ်ဘုရားအရှိန်အဝါတွေ ရှိကြပြီး အနိမ့်ဘုံရဲ့ အာကာပြင်က မတည်ငြိမ်ပါဘူး။ တကယ်လို့ နတ်ဘုရားတစ်ပါးက အတင်းဆင်းသွားမယ်ဆိုရင် အနိမ့်ဘုံကို ဖျက်မိသလို ဖြစ်သွားပါလိမ့်မယ်...”

“အဲ့ကျရင် အဲ့နတ်ဘုရားကို မိုးမြေစည်းမျဉ်းက ချက်ချင်း သတ်ပစ်မှာပါ။ ပြီးတော့ အတင်းဆင်းသွားဖို့ကလည်း အရမ်းခက်ပါတယ်။ အပြင်ကနေ တိုက်ရိုက်သွားလို့ မရပါဘူး... အနိမ့်ဘုံထဲကို တည်နေရာပြောင်းရွှေ့နိုင်မဲ့ အထူးအစီအရင်တစ်ခုကို တည်ဆောက်ရမှာပါ။ အဲ့စည်းမျဉ်းတွေက အနိမ့်ဘုံက သေမျိုးတွေကို ကာကွယ်ဖို့ မိုးမြေက သေချာရေးဆွဲထားတဲ့ စည်းမျဉ်းတွေ ဖြစ်နိုင်ပါတယ်”

“တစ်ခုခုတော့ မှားနေတယ်”

ကျန်းရီက သံသယဖြင့် ဆက်မေးသည်။

“အရင်တုန်းက ကျွန်တော်တို့ ဘုံက တမလွန်ဘုံအရှိန်အဝါရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ အဲ့က ဂိုဏ်းကြီးတစ်ဂိုဏ်းက တမလွန်ဘုံရဲ့ ထိန်းချုပ်မှုကို ခံခဲ့ရတယ်။ နောက်တော့ ကျွန်တော်တို့ အဲ့ဂိုဏ်းကို ရှင်းပစ်လိုက်ပေမဲ့ သူတို့က မသေခင် အစီအရင်တစ်ခု ဖွင့်ပြီး တမလွန်ဘုံစစ်သူကြီးတစ်ယောင်ကို ဆင့်ခေါ်ခဲ့ပါတယ်။ အဲ့တမလွန်ဘုံစစ်သူကြီး အသတ်ခံရပြီးတော့လည်း မကြာခင် တမလွန်ဘုံစစ်တပ် ရောက်လာလိမ့်မယ်လို့ တစ်ယောက်ယောက်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ လက်ထောက်စံအိမ်အရှင် ပြောပုံအရဆိုရင် တမလွန်ဘုံက စစ်တပ်တစ်ခုလုံး ရောက်လာရင်တောင် သူတို့က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို အလွယ်တကူ ရှင်းမပစ်နိုင်ဘူးဆိုတဲ့ သဘောပေါ့.. ဟုတ်လား...”

“အဲ့ဒါက ကွာပါတယ်”

လူဟုန်က ဆက်ရှင်းပြသည်။

“အရှင်အမဲလိုက်တမန်တော်ရဲ့ ဘုံက တမလွန်ဘုံအရှိန်အဝါရဲ့ တိုက်ခိုက်မှုကို ခံထားခဲ့ရတာပါ။ အဲ့ဒါကြောင့် တမလွန်ဘုံစစ်သူကြီးတစ်ယောက်က အရှင့်ရဲ့ဘုံထဲကို ဝင်လာနိုင်ခဲ့တာပါ။ ပြီးတော့ အဲ့တမလွန်ဘုံစစ်သူကြီးမှာ အရမ်းသန့်စင်တဲ့ တမလွန်ဘုံအရှိန်အဝါ ရှိလောက်ပါတယ်။ အရှင့်ရဲ့ဘုံက တမလွန်ဘုံအရှိန်အဝါနဲ့ ရင်းနှီးနေပြီမလို့ အဲ့တမလွန်ဘုံစစ်သူကြီး ရောက်လာတဲ့အခါမှာ ပျက်စီးမသွားခဲ့တာပါ...”

“ဥပမာပြရရင် အရှင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ကဆိုတော့ ကောင်းကင်ကြယ်တာရာနယ်နမိတ်က အရှင့်ရဲ့ အရှိန်အဝါကို မှတ်မိပါတယ်။ တကယ်လို့ တစ်နေ့ကျရင် အရှင် မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကို ရောက်သွားပြီး ကောင်းကင်ကြယ်တာရာနယ်နမိတ်ကို ပြန်ဆင်းသွားမယ်ဆိုရင်တောင် အဲ့နယ်နမိတ်က ပျက်စီးသွားမှာ မဟုတ်ပါဘူး။ အရှင် အဲ့နယ်နမိတ်ထဲကို လွတ်လွတ်လပ်လပ် ဝင်နိုင်ပါတယ်။ အရှင် လုပ်ဖို့လိုတာက နတ်ဘုရားအစီအရင်ဆင်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲ တည်နေရာပြောင်းရွှေ့နိုင်မဲ့ အစီအရင်တစ်ခု တည်ဆောက်ပေးခိုင်းရုံပါပဲ။ အမဲလိုက်တမန်တော်တွေမှာ အခွင့်ထူးတချို့ ရှိတယ်ဆိုပေမဲ့ အနိမ့်ဘုံဆီ တည်နေရာပြောင်းရွှေ့နိုင်တဲ့ အစီအရင်တစ်ခုကို တည်ဆောက်ခိုင်းဖို့က အရမ်းခက်ပါတယ်... အဲ့ဒါက နတ်ဘုရားအမြစ်တွေ အများကြီးလည်း လိုအပ်ပါတယ်”

“အဲ့လိုကိုး...”

ကျန်းရီသည် အရာအားလုံးကိုတော့ နားမလည်လိုက်ပေ။ သို့သော် မီးနဂါးဓားထဲရှိ ဆန်းကြယ်သော အဘိုးအိုက သူ့ကို လိမ်ခဲ့ခြင်း မဟုတ်ကြောင်းတော့ အတည်ပြုနိုင်လိုက်သည်။ ကျန်းရီသည် ခေတ္တမျှ တွေးတောပြီးနောက် တစ်စုံတစ်ခု မှားနေသည်ဟု ထပ်မံ ခံစားလိုက်ရပြန်သည်။ ရီဖျောင်ဖျောင်က နတ်ဘုရားမျိုးနွယ်တစ်ခုမှ မဟုတ်လော။ သူမသည် ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲကို တစ်ခေါက်မှ မရောက်ဖူးခဲ့ပေ။ သို့ဆိုလျှင် သူမ ဆင်းလာခဲ့သောအခါ အဘယ်ကြောင့် ကောင်းကင်ကြယ်တာရာနယ်နမိတ်က ပျက်စီးမသွားခဲ့ရသနည်း။

သို့ဖြင့် ကျန်းရီသည် မဟာနတ်ဘုရားအတတ်ကိစ္စကလည်း ရီဖျောင်ဖျောင်နှင့် တစ်နည်းနည်း သက်ဆိုင်နေရလိမ့်မည်ဟု စတင် သံသယဖြစ်လာလေသည်။ ထိုအခိုက်တွင် ကျန်းရီ ‌မေးခွန်းများစွာ မမေးလိုပေ။ ကျန်းအိမ်တော်သို့ ပြန်၍သာ သူ့ဘာသာ ဆက်စုံစမ်းရပေမည်။ ကျန်းရီက ရှောင်လန်ကို ကြည့်ကာ ထရပ်၍ ပြောလိုက်သည်။

“ပြန်ကြစို့...”

ရှောင်လန် တိတ်တဆိတ် ထရပ်လိုက်ပြီး ကျန်းရီနောက်သို့ လိုက်သွားသည်။ ကျန်းရီသည် ဘေးဆောင်အပြင်သို့ ရောက်သောအခါ အခြားဘေးဆောင်တစ်ခုမှ ထွက်လာသော ကြော့ရှင်းသည့် ပုဂ္ဂိုလ်တစ်ယောက်နှင့် ဆုံ‌လေသည်။ ကျန်းရီ ရပ်တန့်လိုက်ပြီး လေးလေးစားစား ဦးညွှတ်ကာ ပြောလိုက်သည်။

“စံအိမ်အရှင်မကို နှုတ်ခွန်းဆက်ပါတယ်”

လူဟုန်ကလည်း ခပ်သွက်သွက် ဦးညွှတ်နှုတ်ဆက်သည်။ ရှောင်လန်ပင် ခပ်ရေးရေးပြုံးကာ ခေါင်းညိတ်၍ ပြောလိုက်သည်။

“သခင်မလေးရွှမ်ယွမ်ကို နှုတ်ခွန်းဆက်ပါတယ်”

ထွက်ပေါ်လာခဲ့သော ပုဂ္ဂိုလ်မှာ ရွှမ်ယွမ်လင်းယန်ပင်။ သူမက ကျန်းရီကို တစ်ချက်မျှ ကြည့်ပြီးနောက် ရှောင်လန်ကို ဆက်ကြည့်ကာ ပြောလိုက်၏။

“အရှင်ရှောင်လန်ကို နှုတ်ခွန်းဆက်ပါတယ်”

ရွှမ်ယွမ်လင်းယန်သည် ရှောင်လန်ကို နှုတ်ဆက်ပြီးနောက် ကျန်းရီကို ပြန်ကြည့်၍ ပြောသည်။

“အမဲလိုက်တမန်တော်.. အဆင့်အတန်းအရဆို ရှင့်ရဲ့အဆင့်အတန်းက ကျွန်မထက် မြင့်ပါတယ်။ နောက်ကျ ရှင် ကျွန်မကို ဦးညွှတ်ဖို့ မလိုတော့ပါဘူး။ ပြီးတော့ ရှင်က မြို့အရှင်လေ...”

ထို့နောက် ရွှမ်ယွမ်လင်းယန်က လူဟုန်ကို ဆက်ကြည့်ကာ ပြောသည်။

“လူဟုန်... ကျွန်မ တိရှမြို့ကို သွားလိုက်ဦးမယ်။ ကျွန်မ မရှိတဲ့အချိန်မှာ ရှင် တာဝန်ယူထားပါ”

ရွှမ်ယွမ်လင်းယန်သည် ပြောဆိုပြီးနောက် ကျန်းရီနှင့် ရှောင်လန်တို့ကို အရေးမစိုက်ဘဲ ထွက်သွားလေသည်။ ကျန်းရီ ခပ်ဖြည်းဖြည်း ခေါင်းခါလိုက်သ်။ ထိုမိန်းမပျိုက တိရှမြို့ရှိ မျိုးနွယ်ကြီးတစ်ခုမှ သခင်မလေးတစ်ယောက် ဖြစ်နိုင်သည်။ ဤစံအိမ်အရှင်ရာထူးကို ယူထားသည်မှာလည်း အတွေ့အကြုံနှင့် ဂုဏ်သတင်း ရရန် ဖြစ်လောက်သည်။ မဟုတ်လျှင် မည်သည့်စံအိမ်အရှင်က မိမိ၏ စံအိမ်ကို ပစ်ထား၍ တိရှမြို့သို့ မကြာခဏ အလည်သွားပါမည်နည်း။

ရွှမ်ယွမ်လင်းယန်က မည်သူဖြစ်ကြောင်းကို ရှောင်လန် သိလောက်သည်။ သို့သော် ကျန်းရီသည် ထိုကိစ္စကို စိတ်မဝင်စားပေ။ ရွှမ်ယွမ်လင်းယန်က သူ့ကို အထင်သေးသဖြင့် သူကလည်း သူမကို အခြားလူများကဲ့သို့ မျက်နှာချိုသွေးမနေလိုပေ။

ရှောင်လန်သည် ကျန်းရီကိုခေါ်၍ နတ်သိမ်းငှက်မြို့ထဲရှိ ကျန်းအိမ်တော်သို့ ပျံသန်းသွားလိုက်၏။ မြို့က အလွန်အေးချမ်းနေသည်။ တပ်မှူးလျှို၊ ဟဲဝေနှင့် ဂူမူတို့ကလည်း အရာအားလုံး အဆင်ပြေကြောင်း တင်ပြပေသည်။

တိရှစစ်တပ်ကို အပြည့်အဝ ထိန်းချုပ်ပြီးသွားပေပြီ။ ထို့ပြင် ရှောင်လန် ရှိနေသ၍ မည်သူမှ ပြဿနာရှာဝံ့မည် မဟုတ်ချေ။ ကျန်းရီကို အံ့အားသင့်စေသည်မှာကား သုံးရက်အတွင်း ကောက်ခံ၍ ရခဲ့သော အခွန်ခက နတ်ဘုရားအမြစ် တစ်သိန်းနီးပါး ရှိနေခြင်းပင်။ သို့သော် သူသည် ထိုအခွန်များထဲမှနေ၍ တိရှစစ်တပ်နှင့် ကျန်းအိမ်တော်မှ အလုပ်သမားများကို လခများ ပေးရပေသည်။ ကျန်းအိမ်တော်တွင် အလုပ်သမားများစွာ ရှိပြီး သူကလည်း ကိုယ်ပိုင်စစ်တပ်တစ်တပ် ထူထောင်လိုနေ၍ ထိုနတ်ဘုရားအမြစ်တစ်သိန်းနီးပါးက ကုန်လုလု ဖြစ်နေပြီဖြစ်သည်။ ယခုတွင် နတ်ဘုရားအမြစ် နှစ်သောင်းလောက်သော ကျန်တော့ပေသည်။

သုံးရက်လျှင် နတ်ဘုရားအမြစ်နှစ်သောင်း ဆိုသည်မှာ တစ်ရက်လျှင် ပျမ်းမျှ နတ်ဘုရားအမြစ်ခုနစ်ထောင်ရသည်ဆိုသော အဓိပ္ပာယ်ပင်။

ကျန်းရီ အတန်ငယ် စိတ်လှုပ်ရှားလာသည်။ ဤပုံစံအရ သူသည် တစ်နှစ်အတွင်း နတ်ဘုရားအမြစ် သုံးသန်းလောက် ရှာနိုင်ပေလောက်သည်။ ထို့ပြင် အချိန်ကြာလာသည်နှင့်အမျှ သူ၏ကိုယ်ပိုင်စစ်တပ်က အရင်းအနှီးများစွာ လိုတော့မည် မဟုတ်ချေ။ သူက ထိုစစ်တပ်ကို တာဝန်များလည်း စေခိုင်းနိုင်သေးသည်။ ထိုနည်းနှင့်ဆိုလျှင် သူ၏ ဝင်ငွေက ပို၍ပင် တိုးလာမည်ဖြစ်သည်။

တပ်မှူးလျှိုက စာရင်းမှတ်တမ်းအားလုံးကို ကျန်းရီထံ ပို့ပေး၏။ ကျန်းရီက လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဒါတွေကို ကြည့်ဖို့ မလိုပါဘူး။ ကျွန်တော် တပ်မှူးလျှိုကို ယုံပါတယ်။ ကောင်းပြီ.. အားလုံး ထွက်သွားကြတော့။ ဂူမူတော့ နေခဲ့ပါ။ ကျွန်တော် ခင်ဗျားကို ကိစ္စတချို့ မေးစရာရှိတယ်”

“ဟုတ်ကဲ့ပါ အရှင်...”

တပ်မှူးလျှိုသည် အထက်လူကြီး၏ ယုံကြည်မှုကို ခံရသဖြင့် ငယ်ပေါင်းကြီးဖော်တစ်ယောက်အတွက် အသေခံရန် အဆင့်သင့်ဖြစ်နေသည့် လူကြီးလူကောင်းတစ်ယောက်အလား အလွန်ရင်ထဲထိသွားပေသည်။ ကျန်းရီသည် အမှန်လည်း ထိုစာရင်းမှတ်တမ်းများကို မကြည့်လိုက်ပေ။ အကယ်၍ တပ်မှူးလျှိုသာ အကြံအဖန်လုပ်လိုပါက အလွယ်တကူ လုပ်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ဟဲဝေ ဝင်ပြောလိုသည်။ သို့သော် ကျန်းရီက အလုပ်များနေပုံပေါ်၍ ပါးစပ် မဟလိုက်တော့ချေ။

အားလုံး ထွက်သွားကြပြီးနောက် ကျန်းရီက ဂူမူကို ချက်ချင်း မေးလိုက်၏။

“ဂူမူ... ခင်ဗျား သူတော်စင်ဝိညာဉ်ဘုံကို သိလား”

“သိပါတယ်...”

ဂူမူက အလွန်သေချာစွာ ဖြေသည်။

“တိရှဘုံမှာ သူတော်စင်ဝိညာဉ်ဘုံအကြောင်းကို မသိတဲ့သူဆိုလို့ သိပ်မရှိပါဘူး။ သူတော်စင်ဝိညာဉ်ဘုံက အထက်ဘုံတွေထဲမှာ နံပါတ်(၁)ဘုံပါ။ မင်ရည်တောင်ပံမျိုးနွယ်ကို ထည့်မတွက်ရင် သူတော်စင်ဝိညာဉ်ဘုံက အင်အားအကြီးဆုံးလို့ သတ်မှတ်ကြပါတယ်။ မင်ရည်တောင်ပံမျိုးနွယ်က မင်ရည်တောင်ပံဆန်းကြယ်နယ်မြေထဲမှာ နေပြီး အပြင်ထွက်လာခဲပါတယ်။ လူတစ်ယောက်က နတ်ဘုရားဘုရင်အဆင့်ကိုမှ မရောက်သေးဘူးဆိုရင် မင်ရည်တောင်ပံမျိုးနွယ်ကို သိမှာ မဟုတ်ပါဘူး...”

“ဒါပေမဲ့ သူတော်စင်ဝိညာဉ်ဘုံကတော့ ကွဲပြားပါတယ်။ အဲ့ဘုံက စက္ကူပေါ်မှာတော့ အင်အားအကြီးဆုံး ဘုံပါ။ သူတော်စင်ဝိညာဉ်ဘုံရဲ့ ဘုံအရှင်က အရမ်းထူးခြားတဲ့ နတ်ဘုရားမျိုးနွယ်တစ်ခုကပါ။ ဝိညာဉ်မျိုးနွယ်လို့ ခေါ်ပါတယ်။ အဲ့မျိုးနွယ်က လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ အတော်ဆုံးပါပဲ။ အထက်ဘုံတွေထဲက အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေကလွဲလို့ သူတို့က တစ်ယောက်ယောက်ကို ပစ်မှတ်ထားလိုက်ပြီဆိုတာနဲ့ အဲ့လူက သေချာပေါက် သေမှာပါပဲ။ နတ်ဘုရားဘုရင်အဆင့်ကို ရောက်နေတဲ့သူတွေလည်း လွတ်မှာ မဟုတ်ပါဘူး...”

“အာ...”

ကျန်းရီ မှင်တက်သွားသည်။ သို့သော် ဂူမူ၏ စကားများအရ ထိုဝိညာဉ်မျိုးနွယ်က မဟာနတ်ဘုရားမျိုးနွယ်နှင့် လုံးဝမသက်ဆိုင်ပုံပင်။ မသက်ဆိုင်သည့်အပြင် အတော်လေးလည်း ကွဲပြားသည်။ သို့ဆိုလျှင် အဘယ်ကြောင့် ကျန်းရီက မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံရနိုင်ရခြင်းနည်း။

***

All Chapters