← Chapters

ဖြုန်းတီးသူ

Vol. 99 Ch. 1378

ဖြုန်းတီးသူ

Vol. 99 Ch. 1378

ကျန်းရီသည် ဝိညာဉ်မျိုးနွယ်အကြောင်းကို အသေးစိတ်‌မေးလိုက်ပြီးနောက် ဝိညာဉ်မျိုးနွယ်မှာ မဟာနတ်ဘုရားမျိုးနွယ်နှင့် မသက်ဆိုင်ကြောင်း အတည်ပြုလိုက်သည်။

ဝိညာဉ်မျိုးနွယ်ဝင်များမှာ ရုပ်ခန္ဓာအပိုင်းတွင် သာမန်သာဖြစ်သည်။ သူတို့သည် အရပ် ပေသုံးဆယ်၊ လေးဆယ် မြင့်ကြသည့် မဟာနတ်ဘုရားမျိုးနွယ်ဝင်များကဲ့သို့ မဟုတ်ကြပေ။ ဝိညာဉ်မျိုးနွယ်ဝင်များ၏ ခန္ဓာကိုယ်က မသန်မာကြပေ။ သူတို့၏ အားသာချက်များမှာ ရှောင်ထွက်နိုင်စွမ်းနှင့် တိုက်ခိုက်စွမ်းအားတို့ ဖြစ်ကြသည်။ မင်ရည်တောင်ပံမျိုးနွယ်ဝင်များက အလွန်လျင်မြန်ပြီး စွမ်းအားကြီး စိတ်ဝိညာဉ်ပိုင်ဆိုင်ထား၍သာ မဟုတ်လျှင် မင်ရည်တောင်ပံမျိုးနွယ်သည် ဝိညာဉ်မျိုးနွယ်ကို ဖိနှိပ်နိုင်မည် မဟုတ်ချေ။

ဝိညာဉ်မျိုးနွယ်အကြောင်း ပြောနေရင်းဖြင့် ကျန်းရီသည် အတွေးတစ်ခုရကာ မေးလိုက်၏။

“သူတော်စင်ဝိညာဉ်ဘုံကို သွားဖို့က ခက်လား။ ကျွန်တော် အဲ့ကိုသွားပြီး လူတစ်ယောက်ရှာချင်လို့”

“အဲ့ဒါက ခက်ပါတယ်”

ဂူမူက ခေါင်းခါ၍ ပြောသည်။

“တခြားဘုံကို သွားဖို့က ခက်ပါတယ်။ သခင်က တိရှစံအိမ်၊ မိစ္ဆာသတ်ဖြတ်စံအိမ်၊ စစ်နတ်ဘုရားစံအိမ် တစ်ခုခုက အမဲလိုက်တမန်တော်မှ မဟုတ်ရင်၊ ဘွဲ့ထူးရ စစ်နတ်ဘုရားမှ မဟုတ်ရင် သွားနိုင်မှာ မဟုတ်ပါဘူး။ ပြီးတော့ သာမန်လူတွေက အာကာသကို တိုက်ရိုက် ဖြတ်မပျံနိုင်ပါဘူး။ သခင် သူတော်စင်ဝိညာဉ်ဘုံကို သွားချင်ရင် တိရှမြို့ကနေပြီး တည်နေရာပြောင်းရွှေ့သွားလို့ပဲ ရပါမယ်။ တခြားဘုံဆိုရင်တော့ လွယ်ချင် လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်ကကျ လူစိမ်းတွေကို ဘုံထဲ အလွယ်တကူ အဝင်မခံတတ်ပါဘူး။ သခင် ဝင်ချင်တယ်ဆိုရင် သာမန်ဘုံဝင်ခရဲ့ ဆယ်ဆကို ပေးရမှာပါ။ ပမဏက ဘယ်လောက်ရှိမလဲဆိုတာကို ကျွန်တော် အတိအကျ မသိပေမဲ့ ခန့်မှန်းပြောရရင် အနည်းဆုံး နတ်ဘုရားအမြစ် ဆယ်သန်းလောက် လိုပါလိမ့်မယ်”

“ဆယ်သန်း...”

ကျန်းရီ ပင့်သက်ရှိုက်လိုက်၏။ ယခုတွင် သူက မြို့အရှင်ဖြစ်နေပြီ ဖြစ်သော်လည်း တစ်ရက်လျှင် နတ်ဘုရားအမြစ် နှစ်သောင်းလောက်သာ ရှာနိုင်သေးသည်။ ထိုနှုန်းနှင့်ဆိုလျှင် တစ်နှစ်နေမှ နတ်ဘုရားအမြစ် သုံးသန်းလောက်သာ ရနိုင်သည်။ နတ်ဘုရားအမြစ်ဆယ်သန်းရအောင် စုဆောင်းရန် သုံးနှစ်ကျော် လေးနှစ်လောက် လိုပေလိမ့်မည်။ အထက်ဘုံမှ တစ်နှစ်က အနိမ့်ဘုံတွင် နှစ်တစ်ရာဖြစ်သည်။ ယင်းမှာ နတ်ဘုရားအမြစ် လုံလုံလောက်လောက် စုဆောင်းနိုင်ရန် သူ အနိမ့်ဘုံအချိန် နှစ်သုံးရာကျော် လေးရာနီးပါး လိုအပ်သည်ဆိုသော အဓိပ္ပာယ်ပင်။

ထိုအချိန်အတွင်းတွင် ရီချန်တို့အားလုံးက သေသွားလောက်ပေသည်။

ရီဖျောင်ဖျောင်က နတ်ဘုရားမျိုးနွယ်တစ်ခုမှ ဖြစ်သော်လည်း အချိန်များစွာကြာလျှင် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခု ဖြစ်သွားနိုင်သည် မဟုတ်လော။

“သူတော်စင်တစ်သောင်းနယ်နမိတ်(ဘုံ)ကို သွားမယ်ဆိုရင်ရော”

ကျန်းရီ ထပ်မေးလိုက်သည်။ ဂူမူက တွေးတောကာ ပြန်ဖြေသည်။

“သူတော်စင်တစ်သောင်းဘုံက သေးပါတယ်။ အဲ့ကိုသွားဖို့က ဈေးချိုပါတယ်။ နတ်ဘုရားအမြစ် သိန်းဂဏန်းလောက်ပဲ လိုပါလိမ့်မယ်”

ကျန်းရီ စိတ်ဝင်တစား ဆက်မေးလိုက်၏။

“ဘုံအသေးလေးလား... ဘယ်လောက်သေးလဲ”

ဂူမူက ရှင်းပြသည်။

“တိရှဘုံက သူတော်စင်တစ်သောင်းဘုံထက် အဆတစ်ရာ ပိုကြီးပါတယ်။ ကျွန်တော် မှတ်မိတာသာ မမှားဘူးဆိုရင် သူတော်စင်တစ်သောင်းဘုံက ဘုံကြီးတစ်ခုရဲ့ ဘုံအခွဲလေးပါ။ သခင်... အဲ့မှာ သခင့်ရဲ့ မိတ်ဆွေ ရှိလို့ပါလား”

“အဲ့လောက်တောင် သေးတယ်လား”

ကျန်းရီ၏ မျက်ဝန်းများထဲတွင် အတန်ငယ် စိတ်ပျက်သွားသည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဆန်းကြယ်ဧကရာဇ်က အတော်လေး အင်အားကြီးနေသည်ဟု သူ ထင်ခဲ့သည်။ ယခုတွင်မူ ဆန်းကြယ်ဧကရာဇ်က အင်အားမကြီးပုံပင်။ ဆန်းကြယ်ဧကရာဇ်သည် မြို့ငယ်လေးတစ်မြို့၏ မြို့အရှင်သာ ဖြစ်သည်။ ထိုရာထူးမှာ ယခု ကျန်းရီ၏ ရာထူးနှင့် အတူတူပင်။

“အို့... ဟုတ်သား...”

ကျန်းရီသည် အနိမ့်ဘုံသို့ သွားသည့်ကိစ္စကို တွေးမိသွား၍ ထပ်မေးလိုက်၏။

“ဝိညာဉ်မျိုးနွယ်ဝင်တွေက အနိမ့်ဘုံကို စိတ်ကြိုက်သွားလို့ရလား။ သေမျိုးဘုံတွေရဲ့ အာကာပြင်က အရမ်းမတည်မငြိမ် ဖြစ်နေကြတယ် မဟုတ်ဘူးလား။ ဝိညာဉ်မျိုးနွယ်က နတ်ဘုရားမျိုးနွယ်တစ်ခုဆိုတော့ သူတို့က အနိမ့်ဘုံကို ပျက်စီးမသွားစေနိုင်ဘူးလား”

ဂူမူသည် သက်ပြင်းလေးလေးတစ်ချက် ချကာ ပြန်ပြော၏။

“အဲ့ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ အားသာချက် နောက်တစ်ခုပါ။ သူတို့က ဘယ်ဆန်းကြယ်နယ်မြေ အသေးလေးတွေထဲမဆို၊ ဘယ်ဘုံအသေးလေးတွေထဲမဆို ဝင်နိုင်ပါတယ်။ သူတို့က အဲ့လိုနေရာတွေမှာ ပုန်းနေပြီး သူတို့ရဲ့ ရန်သူတွေကို အလစ်လုပ်ကြံကြတာ။ ပြီးတော့ သူတို့မျိုးနွယ်က သူတို့ရဲ့ အရှိန်အဝါကို လုံးဝဖျောက်ထားနိုင်ပါတယ်။ အုပ်ချုပ်သူအဆင့် စွမ်းအားကြီး သိုင်းသမားတွေတောင် သူတို့ကို ထောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ သူတို့က အဲ့လောက်ကို ကြောက်စရာကောင်းပါတယ်”

“အုပ်ချုပ်သူအဆင့်... သိမ်းငှက်စိမ်းဘုရင်က အုပ်ချုပ်သူအဆင့်မလား”

ကျန်းရီသည် သိမ်းငှက်စိမ်းဘုရင်အကြောင်းကို တွေးမိလိုက်၏။

“ဟုတ်ပါတယ်...”

ဂူမူက ခေါင်းညိတ်ကာ ပြောသည်။

“မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားအဆင့်ကို ရောက်ရင် စွမ်းအားကြီး သိုင်းသမား ဖြစ်သွားပါတယ်။ အဲ့အထက်မှာ ဘွဲ့ထူးရ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေရှိပါတယ်။ သူတို့ရဲ့ ဘွဲ့ထူး၊ ဂုဏ်ထူးတွေကို လူတွေက ပေးထားကြတာပါ။ အဲ့ဘွဲ့ထူးရ မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရားတွေက တကယ့် ထိပ်သီးတွေပါ။ ဥပမာအနေနဲ့ဆို မိုလင်းချိုးက ‘အေးစက်ဆောင်းဦး’ဆိုတဲ့ ဘွဲ့ထူးကို ရထားပါတယ်။ ပုံမှန်ဆိုရင် လူတွေက သူ့ကို အေးစက်ဆောင်းဦး တိထျန်းသိုင်းသမားလို့ ခေါ်ကြပါတယ်။ ဘွဲ့ထူးရ စစ်နတ်ဘုရားတွေရဲ့ အထက်မှာတော့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေ ရှိပါတယ်။ တိရှဘုံမှာ အဲ့အဆင့်ရှိတဲ့သူတွေက ဆယ်ယောက်မကျော်ပါဘူး”

“အို့...အို့...”

နောက်ဆုံးတွင် ကျန်းရီ နားလည်သွားပေပြီ။ ရီဖျောင်ဖျောင်က ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲသို့ ဝင်နိုင်ခဲ့ခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ပေ။ ယင်းက ဝိညာဉ်မျိုးနွယ်၏ ထူးခြားသော ဆန်းကြယ်စွမ်းရည်တစ်ခုသာ ဖြစ်သည်။ ကျန်းရီသည် အတော်ကြာအောင် အတွေးနက်နေ၏။ ထို့နောက် သူ ထရပ်ကာ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းသို့ သွားလိုက်လေသည်။ သူက မိုးမြေစွမ်းအားကို အမှန်တကယ် ကျင့်ကြံနိုင်ခဲ့ခြင်းလောကို စမ်းကြည့်ရပေမည်။

ကျန်းအိမ်တော်၏ လျှို့ဝှက်ကျင့်ကြံခြင်းအခန်းက အလွန်အဆင့်မြင့်သည်။ အထွတ်အထိပ်အဆင့် နတ်ဘုရားဘုရင် တစ်ယောက်သည်ပင် ၎င်းအခန်းကို အထဲမှ ဖျက်ဆီးနိုင်မည် မဟုတ်ချေ။ ကျန်းရီသည် အခန်းအကာအရံများကို နှိုးလိုက်ပြီး နဝမမြောက် ကြယ်စက်လုံးအတွင်းရှိ အဝါရောင်စွမ်းအင်ကို ချက်ချင်း လည်ပတ်စေကာ သူ့တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လိုက်သည်။

မိုးမြေစွမ်းအားက ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းလာ၏။ ရင်းနှီးသော ခံစားချက်တစ်ခုက သူ့တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွား၏။ ထိုခံစားချက်မှာ သူ အမြစ်ဆေးလုံး သောက်လိုက်၍ သူ့ခန္ဓာကိုယ်ထဲရှိ အရိုးများနှင့် ကြွက်သားများအားလုံးက ကြောက်မက်ဖွယ်နှုန်းဖြင့် ပိုသန်မာလာသည့် ခံစားချက်ကဲ့သို့ပင်။ သူ၏အရိုးများက အက်သံများ ထွက်လာပြီး ပြန့်ကားလာ၏။ ကျန်းရီ လက်သီးဆုပ်လိုက်၏။ ထိုအခိုက်တွင် သူ့၌ အကန့်အသတ်မဲ့သော စွမ်းအားအရင်းအမြစ်တစ်ခု ရှိနေပြီး သူ၏လက်သီးတစ်ချက်က အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီး တစ်ယောက်ကိုပင် သတ်နိုင်ပုံပင်။

‘ဒါက တကယ့်ကို မိုးမြေစွမ်းအားပဲ။ ငါ့ရဲ့ခန္ဓာကိုယ်က အနည်းဆုံး ဆယ်ဆကျော်လောက် ပိုသန်မာလာတယ်။ ငါ့ရဲ့ အင်အားလည်း ပိုတိုးလာတယ်။ အဲ့ဒါတောင် မိုးမြေစွမ်းအား နည်းနည်းကိုပဲ သုံးရသေးတယ်။ တကယ်လို့ ငါသာ မဟာနတ်ဘုရားအတတ်ကို ဆက်ကျင့်ကြံမယ်ဆိုရင် ငါ့ရဲ့ခန္ဓာကိုယ်နဲ့ အင်အားက အဆတစ်ရာလောက် တိုးတက်လာမှာပဲ’

ကျန်းရီ၏ မျက်ဝန်းများ လင်းလက်လာ၏။ ဖြစ်ပျက်နေသည့် အရာအားလုံးက မဟာနတ်ဘုရားအတတ်လျှို့ဝှက်ကျမ်းထဲတွင် ဖော်ပြထားသကဲ့သို့ပေ။ ကျန်းရီသည် ခြေလှမ်းပြင်၍ သူ့အရှေ့ရှိ နံရံဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် ပြေးသွားလိုက်၏။ နံရံဆီ ရောက်သောအခါ နံရံကို လက်သီးဖြင့် ထိုးချလိုက်လေသည်။

ဝုန်း...

နံရံက အတန်ငယ် တုန်ယင်သွားပြီး လျှို့ဝှက်ကျင့်ကြံခြင်းအခန်း၏ အကာအရံများက လင်းလက်သွား၏။ ကျန်းရီ၏ မျက်ဝန်းများ ထပ်မံ တောက်ပသွားသည်။ သူ၏အင်အားက အနည်းဆုံး အဆသုံးဆယ်ယောက် ပိုတိုးလာသည်။ သူ၏အမြန်နှုန်းကလည်း ပိုမြန်လာသည်။ သူက အမှန်ပင် မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်ခဲ့ခြင်းပင်။

ဝုန်း...ဝုန်း...ဝုန်း...

ကျန်းရီသည် ဆက်၍ စမ်းကြည့်လိုနေသဖြင့် နံရံကို အကြိမ်အနည်းငယ် ထပ်ထိုးလိုက်၏။ ထို့နောက် သူသည် သူ၏ တောက်ပနေသော လက်သီးကို ကြည့်ကာ အံ့အားသင့်သွားသည်။ သို့သော် သူ၏ အံ့အားသင့်မှုက စိတ်ဝင်စားမှုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွား၏။ မဟာနတ်ဘုရားမျိုးနွယ်ဝင်များသာ မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်သည်။ ယင်းမှာ အခြေခံဗဟုသုတပင်။ အဘယ်ကြောင့် ကျန်းရီက ထိုအတတ်ကို ကျင့်ကြံနိုင်ရသနည်း။

ရီဖျောင်ဖျောင်နှင့် မဟာနတ်ဘုရားမျိုးနွယ်က မည်သို့မှ ဆက်စပ်မှု မရှိပေ။ ကောင်းကင်ကြယ်တာရာနယ်နမိတ်ထဲတွင်သာ ကြီးပြင်းခဲ့သော ကျန်းပိုင်လီကိုမူ ထည့်၍ပင် ပြောနေစရာ မလိုချေ။ ထို့ကြောင့် ကျန်းရီ၏သွေးက မဟာနတ်ဘုရားမျိုးနွယ်နှင့် မသက်ဆိုင်ချေ။

‘အမည်မဲ့ကျင့်စဉ်ကြောင့်များလား’

ကျန်းရီသည် နတ်ဘုရားအမြုတေထဲတွင် မဟုတ်ဘဲ နဝမမြောက် ကြယ်စက်လုံးထဲတွင် ပေါ်လာသော မိုးမြေစွမ်းအားကို တွေးတောလိုက်၏။ ထိုနဝမမြောက် ကြယ်စက်လုံးက အမြဲ အလွန်ထူးဆန်းခဲ့သည်။ ၎င်းသည် ဝိညာဉ်လေများကို စုပ်ယူနိုင်ခဲ့ပြီး မီးတောက်များကို အလိုလို ပေါင်းစည်းနိုင်သည်။ ယခုတွင် ၎င်းက မိုးမြေစွမ်းအားကိုပင် ကျင့်ကြံနိုင်နေပေပြီ။ နဝမမြောက် ကြယ်စက်လုံးတွင် တစ်ခုခုတော့ ဖြစ်နေပေပြီ။

‘တစ်ခုခုတော့ မှားနေတယ်’

အမည်မဲ့ကျင့်စဉ်က ဆန်းကြယ်သော်လည်း ဆန်းကြယ်သော အဘိုးအို ဖန်တီးခဲ့သော ကျင့်စဉ်တစ်ခုသာ။ ထိုအဘိုးအိုက အလွန်စွမ်းအားကြီးကြောင်း မေးခွန်းထုတ်စရာ မရှိသော်လည်း မဟာနတ်ဘုရားမျိုးနွယ်ထက်တော့ ပိုစွမ်းအားမကြီးလောက်ချေ။ ဆန်းကြယ်သော အဘိုးအိုက မဟာနတ်ဘုရားမျိုးနွယ်လောက် စွမ်းအားမကြီးလျှင် အဘယ်သို့ သူ ဖန်တီးခဲ့သော ကျင့်စဉ်က မဟာနတ်ဘုရားအတတ်နှင့် ကိုက်ညီနေရသနည်း။ အဘိုးအိုက မဟာနတ်ဘုရားမျိုးနွယ်ထက် ပိုစွမ်းအားကြီးလျှင်မူ သူက အဘယ်သို့ သေခဲ့ခြင်းနည်း။ မည်သူက သူ့ကို သတ်နိုင်ခဲ့ခြင်းနည်း။

‘အဲ့ဒါတွေက အရေးမကြီးတော့ပါဘူး’

ကျန်းရီ ခေါင်းခါလိုက်၏။ အကြောင်းက မည်သို့ဖြစ်စေ အရေးအကြီးဆုံးအရာမှာ သူက မဟာနတ်ဘုရားအတတ်ကို ကျင့်ကြံနိုင်နေခြင်းပင်။ သူသာ ၎င်းအတတ်ကို ဆက်ကျင့်ကြံပြီး မဟာနတ်ဘုရားအတတ်၏ အမြင့်ဆုံးအဆင့်ကို ရောက်သွားလျှင် သူ၏ခန္ဓာကိုယ်က အဆတစ်ရာ၊ အဆတစ်ထောင် သို့မဟုတ် အဆတစ်သောင်းပင် ပိုသန်မာလာလောက်ပေသည်။

အဆတစ်သောင်း ပိုသန်မာသော ခန္ဓာကိုယ်က မည်မျှ သန်မာမည်နည်း။

ကျန်းရီ တွေး၍ပင် မကြည့်နိုင်ပေ။ သူ အမြစ်ဆေးလုံးကို သုံးခဲ့စဉ်က သူ၏ခန္ဓာကိုယ်က ဆယ်ဆပိုသန်မာလာခဲ့သည်။ ထိုမျှနှင့်ပင် သူက အထွတ်အထိပ်အဆင့် နတ်ဘုရားစစ်သူကြီးများနှင့် ယှဉ်နိုင်ခဲ့သည်။ အကယ်၍ သူ့ခန္ဓာကိုယ်က အဆတစ်သောင်း ပိုသန်မာလာမည်ဆိုလျှင် သူက မိစ္ဆာသတ်ဖြတ်စစ်နတ်ဘုရား တစ်ယောက်နှင့်ပင် တိုက်ရိုက်ယှဉ်နိုင်လောက်ပေသည်။

‘ကျင့်ကြံရမယ်...’

ကျန်းရီသည် အခြားမည်သည့်အရာကိုမှ အရေးမစိုက်လိုတော့ပေ။ သူသည် ချက်ချင်း တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မဟာနတ်ဘုရားအတတ်ကို စတင်ကျင့်ကြံလိုက်သည်။ ရှေးဦးစွာ သူ မဟာနတ်ဘုရားအတတ်၏ ပထမအဆင့်ကို အောင်မြင်အောင် ကျင့်ကြံရပေမည်။ ထိုအခါ သူ၏ အင်အားက အဆတစ်ရာ ပိုသန်မာလာမည်ဖြစ်သည်။

“အာ...”

သို့သော် အနိမ့်ဘုံအချိန် ဆယ်ရက်ကြာအောင် အခန်းအောင်း ကျင့်ကြံနေပြီးနောက်တွင် ကျန်းရီ ပြဿနာတစ်ခုကို ရှာတွေ့လိုက်သည်။ သူ၏ သိမြင်နားလည်နှုန်းက အလွန်နှေးနေသည်။ ဆယ်ရက်ကြာပြီးနောက်တွင်ပင် သူ အနည်းငယ် တိုးတက်ခဲ့သည်။ နှိုင်းပြရလျှင် သူ ရှေးဦးဆန်းကြယ်နယ်မြေထဲတွင် ကျင့်ကြံခဲ့စဉ်က သူ၏သိမြင်နားလည်နှုန်းက များစွာပိုမြန်ခဲ့ပေသည်။

‘ရှေးဦးဆန်းကြယ်နယ်မြေထဲမှာဆို သိမြင်နားလည်နှုန်းကလည်း ပိုမြန်လာတာလား’

ကျန်းရီ၏ အတွေးထဲတွင် မေးခွန်းတစ်ခု ထွက်ပေါ်လာ၏။ သို့ဆိုလျှင် ပြဿနာ ရှိလာပေလိမ့်မည်။ ကျန်းရီသည် ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ နောက်ထပ်တစ်ကြိမ်သာ အလကားဝင်နိုင်တော့မည် ဖြစ်သည်။ ထို့ကြောင့် သူ အလျင်စလို မဝင်ဝံ့တော့ပေ။ ရှေးဦးဆန်းကြယ်နယ်မြေမှာ အလွန်အဖိုးတန်သော နေရာတစ်ခု ဖြစ်သည်။ သူ၏အဆင့်က အလွန်နိမ့်နေသေးသည်။ ယခု ဝင်သွားမည်ဆိုလျှင် အလကားဝင်ခွင့်ကို ဖြုန်းတီးမိသလို ဖြစ်သွားပေလိမ့်မည်။

သို့သော် မဟာနတ်ဘုရားအတတ်ကို အပြင်လောကတွင် လေ့လာကျင့်ကြံမည်ဆိုလျှင် ကျန်းရီ၏ လက်ရှိသိမြင်နားလည်နှုန်းအရ ပထမအဆင့်ကို အောင်မြင်အောင် ကျင့်ကြံနိုင်ရန် တစ်နှစ်ကျော် နှစ်နှစ်လောက် လိုမည်ဖြစ်သည်။

အထက်ဘုံမှ တစ်နှစ်က အနိမ့်ဘုံမှ နှစ်တစ်ရာနှင့် ညီမျှသည်။

ကျန်းရီတွင် အချိန်မရှိပေ။ သူ ခေတ္တမျှ တွေးတောလိုက်ပြီး အံကြိတ်ကာ မိစ္ဆာသတ်ဖြတ်စံအိမ်သို့ ထပ်မံ သွားလိုက်လေသည်။

ကျန်းရီက လူဟုန်ကို သူ ရှေးဦးဆန်းကြယ်နယ်မြေထဲသို့ ထပ်မံဝင်လိုကြောင်း ပြောလိုက်သောအခါ လူဟုန် မျက်မှောင်ကြုတ်သွား၏။ ကျန်းရီက ဖြုန်းတီးသူတစ်ယောက် ဆိုလျှင်ပင် ဤဖြုန်းတီးမှုက တရားလွန်ပေသည်။ သာမန် မိစ္ဆာသတ်ဖြတ်စစ်ဘုရင် တစ်ယောက်အတွက် ထိုနယ်မြေထဲသို့ ဝင်နိုင်ရန် တိုက်ပွဲအမှတ် အလုံအလောက် စုဆောင်းနိုင်ဖို့ အနည်းဆုံး ဆယ်နှစ်လိုအပ်ပေသည်။

***

All Chapters